🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
ပင်ပန်းလှပါ၏။ ဆူးခေတ်သစ်ဆိုသော သူမဘဝတွင် ဤမျှ ပင်ပန်းလွန်းသော အလုပ်ကို မလုပ်ခဲ့ဖူးပါ။
"ကျစ်..."
ခြေတောက်က ကြွလို့မရဘဲ ချွေးတွေသာ ဒီးဒီးကျလာသည်။ ဆူး အခြေအနေက ထူးခြားမလာ။
လက်တန်းနှစ်ခုကိုအားပြုလျက် ထရပ်ကြည့်ပေမယ့် လှုပ်ရှားမလာသည့်ခြေတောက်တွေကြောင့် ဆူးပုံစံက ကိုးရို့ကားယားဖြစ်နေသည်။ ဘယ်လိုမှ စိတ်သွားတိုင်းကိုယ်မပါနိုင်သည့်ခြေတောက်ကို ဒေါသဖြစ်ရင်း ချွေးတွေသီးနေသည့် မျက်နှာလေးပါ နီရဲလာသည်။
အားလုံးအိပ်မောကျနေချိန်မို့ အိမ်ကြီးတစ်အိမ်လုံးက တိတ်ဆိတ်နေပြီး ဆူးရဲ့ မူမမှန်သည့် အသက်ရှူသံပြင်းပြင်းလေးတွေသာ အခန်းတွင်းပျံ့လွင့်နေ၏။
နာ့စ်ခေါ်မယ်လို့ ပြောတဲ့နေ့က ဆူး ခါးခါးသီးသီး ငြင်းဆန်လိုက်သည်။ အဲဒီကတည်းက နာ့စ်ခေါ်ဖို့အကြောင်းကို ကိုကိုမပြောတော့။ မေမေနွေးကတော့ ဆူးကို ခဏခဏ လာဖျောင်းဖျရှာသည်။ ဆူး လိုချင်တာ နာ့စ်တစ်ယောက်မှ မဟုတ်ဘဲလေ။
"ကျွတ်..."
ကိုယ်ကို အားပြုရင်း ဆရာဝန်ညွှန်ကြားမှုအတိုင်းလေ့ကျင့်ခန်းလုပ်ကြည့်နေသည့် ဆူး။
လုံးလုံးတစ်ယောက် ဒရင်းဘတ်လေးပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေပြီ။
ဤ ဝေဒနာကို ပျောက်ချင်လွန်းလို့ လေ့ကျင့်ခန်းတွေကိုနေ့ညမပျက် လေ့ကျင့်နေခဲ့တာ။
အံကြိတ်အားတင်းရင်း ဝေဒနာတစ်ရပ်က တဆစ်ဆစ်ထိုးအောင့်လာသည်။ ထိုအခါ မျက်ရည်တွေက မျက်ဝန်းအိမ်ဆီကနေ စိမ့်ထွက်လာကာ ပါးပြင်တစ်လျှောက်ဖြတ်ဆင်းသွား၏။
ပြဿနာဖြစ်ပြီးသည့် ညကတည်းက မေမေနွေး တစ်ချက်လွှတ်အမိန့်ချလိုက်သည်။ ညရေးညတာ ဆူးအတွက် အကူအညီဖြစ်ဖို့ လုံးလုံးကိုစောင့်အိပ်စေပြီး ဆူးတို့အောက်ထပ်ရွှေ့နေရသည်။ ကိုကိုကတော့ အရင်နေသည့်အခန်းကို တစ်ယောက်တည်း အပိုင်စားရသွား၏။
အရင်ကဆို အိမ်မကပ်သည့်ကိုကိုနှင့် သူများတကာလို သွားလာလှုပ်ရှားနိုင်ခြင်း မရှိသည့် ဆူးတို့ မျက်နှာချင်းဆိုင်ခွင့်ရတာ ညအိပ်ချိန်လေးဖြစ်သည်။ ဆူး အောက်ထပ်ပြောင်းပြီးထဲက ကိုကို့ကိုမြင်တွေ့ခွင့်လေးအလိုလို ဆုံးရှုံးသွားသည်။
ကိုကိုရဲ့ ဥပေက္ခာတွေကို ကြိတ်မှိတ်ခံစားရင်း ဆူး နှလုံးသားလေးပါ သေဆုံးလုလုဖြစ်နေပြီ။
ညဥ့်နက်မှ ပြန်လာတတ်သည့် ကိုကို့ကို မေမေနွေးကိုယ်တိုင်လည်း လက်လျော့လိုက်ပုံရသည်။
မေမေနွေး ကျိတ်ဆူနေတာကို ဆူးကြားပြီးပါပြီ။ ကိုကိုဘက်ကလည်း အကြောင်းပြချက်ကောင်း၏။ အလုပ်ကိစ္စကြောင့် နောက်ကျနေတာပါတဲ့လေ။ ကိုကိုတို့သူငယ်ချင်းတွေပေါင်းပြီး လုပ်ငန်းတစ်ခုလုပ်မယ်လို့ တစ်စွန်းတစ်စကြားပေမယ့် ဘာအလုပ်ဆိုတာ ဆူး မသိရပါ။ မေးရင်လည်း ဖြေမှာမဟုတ်မှန်းသိနေတော့ ဆူး ငြိမ်နေလိုက်မိသည်။
အိမ်ပြန်နောက်ကျတတ်သော ကိုကိုတစ်ယောက် စောစောကမှ ပြန်ရောက်တာကို ကိုကို့ကားသံက သက်သေထူနေ၏။ အပေါ်ထပ်တက်သွားသည့်ခြေသံကြားမှ ဆူး လေ့ကျင့်ခန်းကို ကြိုးစားလုပ်နေတာ။ အမြဲတမ်းပေါ့ပါးသွက်လက်ခဲ့သော ခြေတောက်တွေကို သတိရမိတော့ အံတင်းတင်းကြိတ်လိုက်သည်။
"ဝုန်း...."
"အား..."
"ဟာ...မမလေး"
အိပ်ပျော်နေသည့် လုံးလုံး လန့်ဖျန့်ကာ နိုးလာသည်။မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးပြူးကျယ်သွားပြီး လဲကျနေသည့် ဆူးနားကို အပြေးအလွှားရောက်သွားကာ ပွေ့ထူဖို့ကြိုးစားလိုက်ပေမယ့် အေးစက်စက်အထိအတွေ့က လုံးလုံးလက်မောင်းလေးပေါ် တစ်ပေါက်ချင်းလာထိ၏။
"မမလေးရယ်"
ဝမ်းနည်းပက်လက်ငိုရှိုက်နေသည့်မမလေး ကို နှစ်သိမ့်ဖို့ ရုတ်တရက် စကားလုံးရှာမရ။ နာရီကိုလှမ်းကြည့်တော့ ဆယ့်နှစ်နာရီထိုးတော့မည်။ မမလေး လေ့ကျင့်ခန်း ထလုပ်မှန်းသိရတော့ လုံးလုံး စိတ်မကောင်းဖြစ်သွားရ၏။
"မမလေး...မမလေး အရမ်းနာသွားသလားဟင်"
ဆူးကို ဆွဲထူရင်း လုံးလုံးက လျှာခလုတ်တိုက်မတတ်မေးနေသည်။
ဘာကို စိတ်တိုမှန်းမသိ တိုနေကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း လက်လေးတွေက တဆတ်ဆတ်တုန်ခါနေလျက်။
"မမလေး...မငိုပါနဲ့ မမလေးရယ်။တဖြည်းဖြည်း လေ့ကျင့်လိုက်ရင် မမလေးပြန်ကောင်းလာမှာပါ"
ခံစားချက်နုသည့် မိန်းမသားတို့၏ သဘာဝအတိုင်း လုံးလုံးနှလုံးသားနုနုလေးက မမလေးရဲ့ အသည်းကြွေမတတ်ခံစားနေရသည့် ပုံကြောင့် သူမပါရောကာ မျက်ရည်ဝိုင်းလာရသည်။
"ဟင့်...ဟင့်...ငါ့ခြေတောက်...ငါ့ခြေတောက်တွေ ပြန်ကောင်းပါတော့မလား လုံးလုံးရယ် ဟင် ပြောစမ်းပါ။ ငါ့ဘဝကြီးက ဘာလဲ"
ယူကြုံးမရစွာ ပွင့်အံလာသည့် စကားလုံးတွေက နှလုံးသားအက်ကွဲလုလု။
"ပြန်ကောင်းမှာပေါ့ မမလေး...မမလေး ခြေတောက်တွေပြန်ကောင်းလာမှာပါ။ ဆရာဝန်ကြီးရဲ့ညွှန်ကြားချက်အတိုင်းလေ့ကျင့်နေတာ မမလေးပြန်ကောင်းလာမှာပါ မမလေးရယ်"
ထူမဖို့ကြိုးစားနေသူပါ လဲနေသူဘေး ကျုံ့ကျုံ့လေးဝင်ထိုင်ရင်း အားပေးနှစ်သိမ့်နေသည်။
"ငါ့ကို ငါ့ကို ပြန်ကောင်းအောင် မလုပ်နိုင်တော့ဘူးလား။ ဒီဘဝကြီးနဲ့ ငါ ဘယ်အထိ ရှင်သန်နေရဦးမှာလဲ လုံးလုံးရယ်။ ဟင့်...ဟင့်...ငါ့ကို ပျောက်အောင်မကုပေးနိုင်ကြတော့ဘူး"
ရှိုက်သံတို့နှင့် စကားတွေက ဗလုံးဗထွေးထွက်ပေါ်နေသည်။
"ငါ မတရားဘူးမို့လား..ငါက အတ္တသမား၊တစ်ကိုယ်ကောင်းသမား။ ငါ သူ့ကို မတရားအကျဥ်းချသလိုဖြစ်နေပြီ။ ဒါပေမယ့်..ငါ ငါ သူ့ကို စွန့်လည်းမစွန့်လွှတ်နိုင်ဘူးသိလား။ ငါ ဘာလုပ်ရမလဲ ငါ ဘာလုပ်သင့်သလဲ လုံးလုံး"
လုံးလုံးကို လက်မောင်းလေးတွေကို သူမကိုယ်သူမသတိမထားမိခင် အားကိုးတကြီး ဆုပ်ကိုင်နေမိပြီ။
"ငါ့လိုဘဝဆုံးနေတဲ့မိန်းမတစ်ယောက်နဲ့ပေါင်းသင်းနေရတာ သူ့အတွက်ခက်ခဲနာကျင်နေမှန်း ငါသိပါတယ်။ ဒါပေမယ့် သူ့ကိုငါလေ ငါ မျက်စေ့ အောင်ကတောင်အပျောက်မခံနိုင်အောင်ချစ်မိနေတာပါ။ သူ ငါနဲ့နေရင်မပျော်ဘူး။ သူ စိတ်ဆင်းရဲမှန်းငါ သိနေတယ်။ဒါကြောင့် သူဆန္ဒအတိုင်း ကွာရှင်းပေးဖို့ ငါ အကြိမ်ကြိမ်စဥ်းစားပါသေးတယ်။ ဒါပေမယ့်...ဒါပေမယ့်လေ.."
စကားမဆုံးခင် အင့်ခနဲရှိုက်လျက် မျက်ရည်တို့က ဆည်းကျိုးသလို တလဟောပြိုဆင်းလာပြန်သည်။ မျက်ရည်စက်တို့မဆဲသည့် ပါးပြင်ကို လက်ခုံဖြင့်ပွတ်တိုက်ရင်း ကြိတ်ရှိုက်လျက် ဝမ်းနည်းစိတ်ကို ထိန်းနေသည့် ဆူးကို ကြည့်ပြီး လုံးလုံးပါ ရင်ထဲ ဆို့ကျပ်ကျပ်ကြီးဖြစ်နေ၏။
" သူ့မျက်နှာကို ငါက မှန်လိုကြည့်နေပြီး သူ့အရိပ်အကဲကို အမြဲခတ်နေတော့ ငါသိပါတယ် လုံးလုံးရယ်။ သူလေ...သူ အရမ်းထိခိုက်ခံစားနေရတာဟ။သူ စိတ်မချမ်းသာလည်း ငါလည်း ဘယ်လို စိတ်ချမ်းသာပါ့မလဲ။ ငါက ချစ်နေရတဲ့သူလေ သူပျော်ရွှင်ဖို့ ဘာမဆို ငါလုပ်ပေးချင်ပါတယ်။ သူ.. သူ တောင်းဆိုလာရင်လည်း ကွာရှင်းပေးဖို့ အသင့်ပါ"
"မဟုတ်တာ မမလေးရယ် အစ်ကိုလေးလည်း မမလေးကို ချစ်ပါတယ်"
ဆူး နှုတ်ခမ်းမှာ အပြုံးလေးတစ်ပွင့်ဖြတ်ပြေးသွားသည်။ သို့သော် မျက်ရည်ကြားဝယ် ထိုအပြုံးက အသက်မဲ့လျက်။
"သူ ငါ့ကိုမချစ်ပါဘူး။ သူ့အချစ်၊သူ့နှလုံးသားကို အပိုင်စားရတဲ့မိန်းကလေးကို ငါအရမ်းအားကျတယ် သိလား။ ငါလောဘမကြီးပါဘူး လုံးလုံးရယ်။ အဲဒီမိန်းကလေးကို ချစ်တဲ့အချစ်လောက်လည်း မလိုချင်ပါဘူး။ပြိုင်ဆိုင်ပြီးလည်း မလုပါဘူး။ ပိုင်ရှင်ရှိနေတဲ့နှလုံးသားနဲ့ ဖေးမလာမယ့် အကြင်နာလေးရရင်ဘဲ ငါသေပျော်ပါပြီ"
"အို..."
လုံးလုံး မျက်လုံးလေးဝိုင်းသွားပြီး နုမွတ်လှပနေသည့် မမလေးကို သနားဂရုဏာသက်နေမိသည်။ ဤမျှ ချောမောလှပသော ကြွေရုပ်လေးကို အစ်ကိုလေးက မချစ်ဘူးတဲ့လား။ အစ်ကိုလေးချစ်တဲ့မိန်းမလေးကို မြင်တွေ့ချင်လိုက်တာ။
"သိတတ်စအရွယ်ကတည်းက ချစ်ခဲ့ရတဲ့ သူ့ကို စွန့်လွှတ်လမ်းခွဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူနဲ့ဝေးဖို့ စဥ်းစားကြည့်ရုံနဲ့ ငါ ရူးမတတ်ဘဲ။ သူဆီက တုံ့ပြန်လာမဲ့ ချစ်ခြင်းတရားတွေကိုလည်း မမျှော်လင့်ရဲတော့ဘူး။ ငါပေးဆပ်နိုင်သမျှ ပေးဆပ်သွားဖို့ ပြင်ဆင်ထားတယ်။ သူရဲ့ပျော်ရွှင်ခြင်းတွေကို ငါ့အသက်နဲ့ လဲလှယ်ရမယ်ဆိုရင်တောင် ငါ လဲပေးရဲပါတယ်"
နောက်ထပ်မျက်ရည်တွေ ထပ်ကျမလာသော်ငြား မျက်ဝန်းအစုံက မျက်ရည်ရောင်တို့ဖြင့်တလက်လက်တောက်နေကာ အသံတိတ်ရှိုက်နေလျက်။
အချစ်ကြီးလိုက်တာ မမလေးရယ်။
" သူဘယ်လောက်မုန်းမုန်း ငါမမှုဘူးသိလား။ ငါအမြဲချစ်နေဖို့ဘဲ လိုတာ မဟုတ်ဘူးလား။ သူဘာတွေလုပ်နေနေ ငါမငြိုငြင်ဘူး။ သူ ချစ်နေတဲ့သူအားလုံးကို ငါချစ်နိုင်အောင်ကြိုးစားတယ်။ အဟင်း...အဲဒီလိုလုပ်နေရတာ လွယ်တယ်လို့ ထင်သလားလုံးလုံး"
ငိုလိုက်ရယ်လိုက်နှင့် စကားတွေပြောကာ လှည့်မေးတော့ လုံးလုံး ခေါင်းရမ်းပြလိုက်သည်။
"ကိုယ့်အချစ်ဆုံးလူတစ်ယောက်က ကိုယ်မဟုတ်တဲ့မိန်းကလေးတွေကို တွယ်တာနေတဲ့အဖြစ်က ငါ့အသည်းကို မွမွကြေစေတယ်။ ဒါပေမယ့်...သူ လုပ်သမျှကို ငါခွင့်လွှတ်ကြည်ဖြူစိတ်အချိန်ကာလတစ်ခုအထိမွေးမြူထားတယ်။ အဲဒီအချိန်လေးက တိုတောင်းရင်လည်းတိုတောင်းနိုင်သလို ကြာချင်လည်းကြာလိမ့်မယ်"
နောက်ဆုံးစကားသံလေးက တိမ်ဝင်လျက် မျက်ရည်နှစ်သွယ်က ပါးပြင်ပေါ်စီးဆင်းသွားသည်။
"အစ်ကိုလေးက မမလေးကို ချစ်မှာပါ မမလေးက ဒီလောက်ချစ်ဖို့ကောင်းတဲ့ဟာ"
ဆူးရဲ့သွားတန်းလေးတွေဖွေးခနဲလက်သွားသည်။သို့သော် မချိပြုံးလေးသာဖြစ်နေခဲ့ပြီး၊
"သူချစ်လာမဲ့အချိန်ကို ငါမမျှော်လင့်ဘူး လုံးလုံး။ ငါ့ဘက်က အမြဲချစ်နေမှာ။ အရာရာကို အရှုံးပေးပြီးပေါ့။ အချိန်ကာလတစ်ခုအထိပေါ့။ အဲဒီကာလက သူငါ့ကိုထားသွားတဲ့နေ့ဒါမှမဟုတ်ရင် ငါသေဆုံးသွားတဲ့နေ့အထိပေါ့"
"အို မဟုတ်တာ..အဲဒီလိုမပြောပါနဲ့ မမလေးရယ် မမလေးက ဘာကြောင့်သေရမှာလဲ။ မမလေးပြန်ကောင်းလာအောင်လုံးလုံးပြုစုပေးမယ်။ အားမလျှော့ပါနဲ့မမလေးရယ်"
လုံးလုံး မျက်ရည်တွေ ကျကာ ဝမ်းနည်းတကြီးဆိုတော့ ဆူး လုံးလုံးလက်ဖဝါးလေးကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့ လုံးလုံး ငါ့ကိုသေလူလိုသတ်မှတ်ထားလိုက်ပါတော့.."
"မမလေးရယ်..."
"အို.."
လုံးလုံးရဲ့မချိတင်ကဲ အသံလေးရဲ့နောက်မှာ အသံခပ်အုပ်အုပ်လေးတစ်ခုက ခပ်ဟဟတံခါးနောက်ကွယ်မှ ထွက်ပေါ်လာသည်။
ဖြစ်မှဖြစ်ရလေ သမီးရယ်။ အသံကြားလို့ ဒေါ်နွေးနွေးလှိုင် အောက်ထပ်ဆင်းလာခဲ့တာ။ဆူးရဲ့အိပ်ခန်းတံခါးရှေ့ရောက်တော့ အထဲကစကားသံတွေကြောင့် အထဲမဝင်ဘဲ နားထောင်နေမိတာ။
တိတ်ဆိတ်သွားသည့် အခန်းရှေ့မှာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေရင်း ရင်ထဲ မချိအောင်နာလာ၏။ မျက်ရည်တွေကို သုတ်ရင်း အခန်းရှေ့မှ အလှည့်၊
"သား..."
ပါးစပ်ဖျားကနေ အသံလေးခပ်တိုးတိုးထွက်လာ၏။
ဘောင်းဘီအိတ်ထဲ လက်ထည့်လျက် ထမင်းစားခန်းဆီလှမ်းသွားသည့် သားရဲ့ကျောပြင်ကိုကြည့်ရင်း မျက်ခုံးတွေတွန့်ကွေးသွားရသည်။
ခုမှလှေကားပေါ်က ဆင်းလာတာ မဖြစ်နိုင်။ လှေကားနှင့်အလှမ်းကွာနေသည့် သားရဲ့ကျောခိုင်းရာက သူမရှိနေသည့် ဘက်တည့်တည့်ကြီးမို့ တစ်စုံတစ်ခုကို တွေးမိသွားရသည်။
စောစောကတည်းက သား သူမရဲ့အနောက်မှာရှိနေတာများလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"သမ္ဘာ..."
"ဗျာ..."
"ခဏ.."
"ဟုတ်ကဲ့ ကိုကြီးမိုးမြင့်"
မေးခိုင်ကာကွယ်ဆေးထိုးပေးပြီးကတည်းက ငွေငါးလေးကတော့ အိပ်သွားလေပြီ။ သမ္ဘာ ငွေငါးလေးအတွက်အခန်းကန့်ထားသည့် ထပ်သားနံရံကို ကျောမှီကာ သူမကိုစောင့်နေစဥ် မြို့ပေါ်ဆေးတက်ဝယ်သည့် မိုးမြင့်က အထုပ်အပိုးတွေဆွဲလျက် အိမ်ပေါ်တက်လာပြီး သမ္ဘာ့ကိုလှမ်းခေါ်လိုက်တာ။
"နွယ်ရော"
သမ္ဘာ မိုးမြင့်လက်ထဲက ဆေးထုပ်တွေကို လက်ပြောင်းယူလိုက်ပြီး ခုံပေါ်တင်လိုက်သည်။ ပြီးမှ၊
"မွေးလူနာရှိလို့သွားတယ်"
"သြော်..."
မိုးမြင့် အိမ်အတွင်းဘက်ကို တစ်ချက်ဝေ့ကြည့်ရင်း ပခုံးချိတ်ထားသည့် အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး ခုံမှာ ဝင်ထိုင်ကာ၊
"ငါးလေးရော မတွေ့ပါလား"
မိုးမြင့် သမ္ဘာ့မျက်နှာကို အကဲခတ်ရင်း ငွေငါးလေးကိုမမြင်တာနဲ့ မေးလိုက်သည်။
"ခြေတောက်ခိုင်းမိသွားလို့ ဆေးသောက်ပြီး အိပ်နေတယ် ကိုကြီး...မမနွယ်ကမွေးလူနာဆီသွားနေလို့ ကျွန်တော်စောင့်ပေးနေတာ"
"ဒါနဲ့ သမ္ဘာ ငါးလေးနဲ့ပက်သက်ပြီး မင်း ဘာတွေသိထားသေးလဲ"
"ဗျာ"
ကိုကြီးမိုးမြင့်အမေးကြောင့် သမ္ဘာ အိုးတိုးအမ်းတန်းဖြစ်သွားသည်။ ငွေငါးနဲ့သူရဲ့ ပက်သက်မှုကို သိထားတဲ့သူထဲမှာ ကိုကြီးမိုးမြင့်လည်း တစ်ယောက်အပါအဝင်ပါ။
ရုတ်တရက် မေးလာတော့ ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
"ငါးလေး ငါတို့ဆီရောက်လာတာ ငါးလကျော်ပြီနော်"
သူ ခေါင်းညိတ်ပြခြင်းဖြင့် ကိုကြီးမိုးမြင့်ရဲ့ အမေးကို အတည်ပြုလိုက်သည်။
"တိတိကျကျဆိုရင် ငါးလနဲ့ ဆယ်ရက်ရှိပြီ ကိုကြီး"
ကိုကြီးမိုးမြင့်မျက်နှာက ပြုံးဖြီးဖြီးကြီးဖြစ်သွားပြီးမှ၊
"ဟုတ်ပါပြီ ငါ့ညီရာ ဒေသစံတော်ချိန်တွေရော မှတ်မိသေးလားကွ"
သမ္ဘာ ပြုံးရုံပြုံးနေလိုက်၏။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမဟုတ်လား။
"အချစ်ဆိုတာ အလကားပါ အရူးထချင်းတစ်မျိုးလို့ပြောခဲ့တဲ့ ကောင်လည်း ချစ်တတ်နေပြီပေါ့...အဟား..ကောင်းပါတယ်ကွာ။ သမ္ဘာရင့်ဆိုတဲ့ကောင် ချစ်တတ်သွားတာကိုဘဲ ကျေနပ်ရမှာ"
ကိုကြီးမိုးမြင့် အားပါးတရ ပြောရယ်နေတာကို သူ နားမလည်။ အဲဒီလိုမျိုး သူပြောခဲ့ဖူးသလား။
"ကျွန်တော် အဲဒီလို ပြောခဲ့ဖူးသလား ကိုကြီးမိုးမြင့်"
"ပြောခဲ့ဖူးရုံဘယ်ကမလဲကွ..ထားလိုက်ပါတော့။ ငါ မင်းကို ပြစရာရှိတယ် သမ္ဘာ"
"ဘာလဲဗျ.."
"မင်း စိတ်ဝင်စားမယ်လို့ ငါထင်တယ် သမ္ဘာ..ပြီးတော့ ငါးလေးနဲ့လည်း သက်ဆိုင်နေနိုင်တယ်"
"ဘယ်လို ငွေငါးနဲ့သက်ဆိုင်တယ် ဟုတ်လား ကိုကြီး"
ငြိမ်သက်နေသည့် ခန္ဓာကိုယ်ကြီးက မီးပြင်းအတိုက်ခံလိုက်ရသလို ချက်ချင်းပူနွေးလျက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"အင်း...ဒီတစ်ခေါက် မင်းခိုင်းလို့မြို့တက်တာ ငါးလေးအတွက် ကံကောင်းမလား မသိဘူး။ ရော့... သတင်းစာတွေထဲက ငါးလေးနဲ့သက်ဆိုင်မယ်လို့ ယူဆရတဲ့ သတင်းတွေကို မှင်နီနဲ့တားထားတယ်"
ကိုကြီးမိုးမြင့်က အိတ်ထဲကနေ သတင်းစာသုံးလေးစောင်ထုတ်ပြီး ကမ်းပေးလာတော့ သူဘယ်လိုမှ ဟန်မဆောင်နိုင်ပါ။ ရင်ထဲမှာ အမျိုးအမည်ဖော်ရခက်သည့် ဆို့နစ်နစ် ဝေဒနာ ကြီးကို ရုတ်တရက်ခံစားရပြီး ကြော်ငြာတွေရှိသည့် စာမျက်နှာဆီလှန်နေသည့် သူ့လက်တွေ တဆတ်ဆတ်တုန်နေသည်။ ဒါကိုသိပေမယ့် ဘယ်လိုမှ ဟန်မလုပ်နိုင်။
"ထူးဆန်းတယ် ငါ့ညီ ကြော်ငြာနှစ်ခုက ကပ်လျက် ပြီးတော့ နာမည်ကလည်း တစ်ခုတည်းကွ"
ကြော်ငြာချပ်ဆီရောက်တော့ ကပ်လျက်သတင်းနှစ်ခုမှာ မှင်နီရာက ထင်ထင်ရှားရှား။ သူ အလောတကြီး ဖတ်လိုက်သည်။
သမီးရွှေရေးချယ်
ရောက်ရာအရပ်ကနေ အမြန်ဆက်သွယ်ပါ။
ဖေဖေနှင့်မေမေ
အသံထွက်ဖတ်ရင်း သူစိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရသည်။ထို့နောက် မျက်လုံးက ကပ်လျက်သတင်းဆီ ရွေ့သွားလျှင်၊
"ဟင်..."
သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး လက်ထဲမှာ ကိုင်ထားသည့် သတင်းစာက ကြမ်းပြင်ဆီလျောဆင်းသွားသည်။ သို့သော် စာလုံးတွေနှင့် ပုံရိပ်လေးကတော့ မျက်ဝန်းထဲမှာ ဆွဲထင်လျက်။
"ငါလည်း အရမ်းအံ့သြသွားတယ် ညီရာ။ လွန်ခဲ့တဲ့ငါးလကတည်းကလို့ အဲဒီလူပျောက်ကြော်ငြာမှာထည့်ထားတာဘဲ။ ဒီသတင်းဖတ်မိပြီး အံ့သြသွားတာကွ။ စံစမ်းကြည့်လိုက်တော့ လွန်ခဲ့တဲ့နှစ်လကနေစပြီး နေ့တိုင်းကြော်ငြာထည့်တာတဲ့။ အချိန်ကလည်း ငါးလေးရောက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ် သမ္ဘာ"
"ငွေငါးနဲ့ ဒီလူပျောက်ကြော်ငြာက သက်ဆိုင်နေတယ်လို့ ပြောချင်တာလား "
"လုံးဝအတိအကျကို သက်ဆိုင်နေတယ်လို့ ငါတော့ထင်တယ်။ ရွှေရေးချယ်ဆိုတဲ့ကောင်မလေးပျောက်ဆုံးနေတာ ငါးလရှိပြီ အေး ငါးလေး ငါတို့ဆီရောက်လာတာလည်း ငါးလဆိုတော့"
ဝမ်းနည်းခြင်း ဝမ်းသာခြင်းတို့ဖြင့် သမ္ဘာ ခံစားချက်တွေ ရှုပ်ထွေးလို့နေသည်။ တစ်ဖက်က ငွေငါးလေး ဘဝမှန်ကိုသိခွင့်ရတော့မှာမို့ ဝမ်းသာရသလို တစ်ဆက်တည်း သူမကို ဆုံးရှုံးမခံနိုင်သည့် စိတ်က ကြီးစိုးလာပြန်၏။
"တခြား ဘာတွေထပ်ထူးခြားတာရှိသေးလဲ"
အောက်ကျနေသည့် သတင်းစာကို ပြန်ကောက်ယူပြီး စားပွဲပေါ်ပြန်တင်ထားလိုက်သည်။ပြီးတော့ နောက်ထပ် နှစ်ဆောင်ကို ဖတ်ကြည့်ပြန်တော့လည်း ပထမသတင်းစာအတိုင်းပင်။
"ငါ့သူငယ်ချင်း ရဲအုပ်ကြည်ဇော်ကို တစ်ခါတည်း ဝင်စုံစမ်းလိုက်တော့ အဲဒီသတင်းကအမှန်ဘဲ သမ္ဘာ။ ကြည်ဇော်တို့ အလုပ်ရှုပ်နေတာကွ အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့လေ။ ရွှေရေးချယ်ဆိုတဲ့ ကောင်မလေးက သူဌေးကြီး ဦးနေသစ်နဲ့ ဒေါ်နဒီရွှေတို့ရဲ့ တစ်ဦးတည်းသော သမီးတဲ့။ မိဘတွေက ကုမ္ပဏီပိုင်ရှင်တွေ တကယ့်ထိပ်ထိပ်ကြဲတွေတဲ့ကွ။ အမေက စိန်တိုက်ပိုင်ရှင်ဆိုဘဲ။ ရွှေရေးချယ် ပျောက်သွားတဲ့အမှုက လူသတ်မှုနဲ့ ဆက်စပ်နေတယ်လို့ပြောတယ်"
"ဗျာ လူသတ်မှု ဟုတ်လား ကိုကြီး။ ဘယ်လိုဖြစ်တာလဲ ပြောပါဦး...ရွှေရေးချယ်က သတ်ပြီး ပြေးတာတဲ့လား"
သမ္ဘာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မိုးမြင့်ကို အလောတကြီး မေးလိုက်သည်။
"အဟင်း...ဖြည်းဖြည်းမေးပါ ငါ့ညီရာ။ မင်းထင်သလို မဟုတ်ပါဘူးကွ။ ကဲ..မင်းစောစောက သတင်းစာဖတ်တာ ဘာထူးခြားတာတွေ့လဲ"
သမ္ဘာ မျက်မှောင်ကျုံ့လိုက်ရင်း၊
"ဘာတွေ့ရမှာလဲ ရွှေရေးချယ်နဲ့ပက်သက်တဲ့ သတင်းနှစ်ပုဒ်ဘဲ တွေ့တာပေါ့"
ဘုစပ်စပ်ပြောလိုက်တော့ မိုးမြင့် ရယ်လိုက်ကာ သတင်းစာတွေကို ပြန်ဖွင့်ပြီး တစ်နေရာကို လက်ထောက်ပြသည်။
"နာရေးသတင်းကြီးဘဲ..ရွှေရေးချယ်ကိစ္စနဲ့ဘယ်လိုပက်သက်နေလို့လဲ"
လူပျောက်ကြော်ငြာနည်းတူ နာရေးကြော်ငြာမှာ မှင်နီနဲ့ဝိုင်းပြထား၏။ ပြီးတော့ ထိုနာရေးကြော်ငြာက သတင်းစာသုံးစောင်လုံးမှာ ပါဝင်နေခဲ့သည်။ ကျန်ရစ်သူမိသားစုက လွမ်းဆွေးတသခြင်းဖြင့် ထည့်လိုက်သည့်ကြော်ငြာ။ သေဆုံးသူ နာမည်က ရွှေတမံတဲ့။
အမည်ကို အကြိမ်ကြိမ်ရေရွတ်ကြည့်ရင်း မတင်မကျခံစားနေရသည်။ ရွှေရေးချယ်နဲ့ ရွှေတမံ ။နာမည်တွေက ခပ်ဆင်ဆင် ပြီးတော့ ဘယ်လိုပက်သက်နေတာလဲ။ ရွှေရေးချယ်ကရော ဘာကြောင့်ပျောက်သွားပြီး ရွှေတမံကရော ဘာကြောင့်သေဆုံးရသလဲ။ မေးခွန်းပေါင်းများစွာဖြင့် ခေါင်းထဲ နောက်ကျိလာသည်။
"အား...ကျွတ်.."
ခေါင်းထဲက တဆစ်ဆစ်ကိုက်လာသည်။ ငွေငါးလေးအတွက်စိုးရိမ်စိတ်သာ ကြီးစိုးလာရ၏။
"ဘာဖြစ်တာလဲ သမ္ဘာ "
"ဘာမှမဖြစ်ပါဘူး ကိုကြီး ဆက်ပြောပါ ကျွန်တော် အရမ်းသိချင်နေတယ်။ တကယ့်လို ငွေငါးနဲ့သာ သက်ဆိုင်နေခဲ့ရင် ဟာဗျာ"
ဆံပင်တွေကို ထိုးဖွရင်း ခေါင်းကို နောက်လှန်ချလိုက်ပြီးမှ၊
"ပြောပါ ကိုကြီးမိုးမြင့် ငွေငါးနဲ့သက်ဆိုင်မယ်လို့ထင်ရတဲ့ အတိတ်ကို ကျွန်တော် အားလုံးသိချင်တယ်။ သူ တကယ် လူသတ်ခဲ့တာ ဟုတ်မဟုတ် ကျွန်တော်သိပါရစေ။ ပြီးတော့သေဆုံးသွားတဲ့ရွှေတမံနဲ့ ရွှေရေးချယ်က ဘယ်လိုပက်သက်နေသလဲ။ သတ်ခဲ့တယ်ဆိုရင်တောင် ဘာကြောင့်သတ်ခဲ့တာလဲ"
"ဖြည်းဖြည်း.. မင်း မေးခွန်းတွေက များလိုက်တာကွာ။ ငါ ဘယ်ကစဖြေရမှန်းတောင်မသိတော့ဘူး"
ကိုကြီးမိုးမြင့်က ဟက်ခနဲရယ်လိုက်ပေမယ့် သူ မရယ်နိုင်ပါ။ ဒီအချိန်မှာ ချစ်သူအတွက် ပူပင်ရသည့် ဇောသာကပ်ငြိလျက်။
"ဒီလိုကွ မင်းစိတ်မကောင်းတော့မဖြစ်နဲ့နော် ညီလေး ရွှေတမံနဲ့ မင်းငါးလေးလို့ယူဆရတဲ့ရွှေရေးချယ်တို့ရဲ့ပက်သက်မှုက.."
"သူတို့က လင်မယားတွေများလား"
သမ္ဘာ အသံကကြားဖြတ်လျက်တုန်ခါထွက်လာသည်။
"လင်မယားတော့ မဟုတ်ဘူးကွ အရမ်းချစ်ကြတဲ့ သမီးရည်းစားလို့ပြောတာဘဲ"
"ဗျာ..."
အပိုင်း(၂၀)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း