🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
"ဘယ်လို ဘယ်လို"
နွယ်ဝေ ကိုယ့်နားကိုယ်မယုံနိုင်ဖြစ်သွားကာ မျက်နှာချင်းဆိုင်ထိုင်နေသည့် သမ္ဘာ့ကို မမြင်ဖူးသလို ပြူးပြဲကြည့်နေမိသည်။
"ကျွန်တော် ငွေငါးကို လက်ထပ်ချင်တယ် မမနွယ်"တဲ့။ အမြဲတမ်းတည်ကြည်နေတတ်သည့် ကိုယ့်မောင်မျက်နှာမှာ စနောက်ချင်တဲ့အရိပ်အယောင်တွေလည်း မတွေ့ပါ။ တကယ်ပဲ ငွေငါးလေးကို လက်ထပ်ချင်တာလား။
"ဟုတ်တယ် မမနွယ် ကျွန်တော် ငါးလေးကိုလက်ထပ်ချင်တယ်"
သမ္ဘာ မျက်နှာပူပူနှင့်ပင် မမနွယ်ကို ဖွင့်ပြောရတော့သည်။ မတတ်နိုင်ပါ ရှေ့မျက်နှာနောက်ထားပြီးဘဲ ပြောရတော့မည်။
"အဲဒါ မမနွယ်တို့က မိဘနေရာကနေစီစဥ်ပေးစေချင်တယ်"
မျက်နှာတစ်ပြင်လုံးထူထူပူပူကြီး ဖြစ်နေပြီး တစ်ခါမှ မတုန်လှုပ်တတ်သူက မမနွယ်မျက်နှာကိုတောင် ရဲရဲမော့မကြည့်ရဲတော့ပါ။
"ဗုဒ္ဓေါ... တကယ်ကြီးလား"
အဆမတန်ပြူးထွက်နေသည့် မျက်လုံးတွေနှင့် အံ့သြရိပ်တို့စွန်းထင်းနေသည့်မမနွယ်ရဲ့မျက်နှာသွင်ပြင်ကိုကြည့်ပြီး သမ္ဘာ မနေတတ်သလိုကြီးဖြစ်သွား သည်။ ထိုအခါ..ကုတ်ပိုးကို ပြန်ကုတ်ရင်း ရှက်ရယ်ရယ်လျက် မီးဖိုထဲမှာ အလုပ်ရှုပ်နေသော ငွေငါးလေးထံ မျက်လုံးတွေက မရည်ရွယ်ဘဲ ရောက်သွား၏။
ဆံပင်တွေကို မျှော့ကွင်းလေးနှင့်စည်းချထားပြီး မျက်နှာမှာ သနပ်ခါးအဖွေးသားနှင့် ငွေငါးလေးက သူတို့ကိုကျောပေးလျက် ချက်ပြုတ်နေသည်။ ကိုယ်လုံးပြည့်ပြည့်လေးက ချည်ထဘီလေးနှင့် ဘလောက်စ်အကျီပွပွလေးအောက်မှာ ထင်ရှားပေါ်လွင်နေပြီးသူမလှုပ်ရှားဟန်တွေက သိမ်မွေ့နေ၏။ တစ်ချက်တစ်ချက် သူတို့ထိုင်နေသည့် အိမ်ရှေ့ဘက်ဆီသို့ မျက်လုံးလေးဝင့်လာတတ်သေးသည်။
ရိုးသားဖြူစင်သည့် မျက်ဝန်းလေးတွေက သူတို့ဘာတွေပြောနေသလဲဟု စိတ်ဝင်စားသလိုလို အရိပ်လေးတွေပြည့်နှက်နေလျက်။
"သမ္ဘာ မင်း တကယ်ပြောနေတာလား"
ငွေငါးနှင့်အကြည့်ချင်းဆုံသွားတော့ နွေးနွေးလေးပြုံးပြလိုက်ပြီး မမနွယ်ရဲ့အမေးကိုပါ တဆက်တည်းဖြေလိုက်သည်။
"ကျွန်တော် တကယ်ပြောနေတာပါ မမနွယ်။ ငွေငါးလေးကို တင့်တောင်းတင့်တယ် လက်ထပ်ချင်တယ်။ အဲဒါ မမနွယ်ကို ကျွန်တော်တို့နှစ်ယောက်ရဲ့ မိဘနေရာထားပြီး ကျွန်တော် တိုင်ပင်တာ။ သိပ်အကျယ်ကြီးလည်း မလုပ်ချင်ဘူး ကျွန်တော့်ဆန္ဒကတော့ မဂ်လာဆွမ်းကျွေးလေးဘဲ လုပ်ချင်တယ် ဘယ်နှယ့်လဲ မမနွယ်"
"မင်းက တိုင်ပင်တာမှ မဟုတ်တာ မင်းစိတ်ကြိုက်စီမံပြီးမှ အသိပေးတာ မဟုတ်ဘူးလား"
"အဲဒီလိုလဲ မဟုတ်ပါဘူးဗျာ...မမနွယ်ကကျွန်တော်ရဲ့ အစ်မဆိုလည်းဟုတ်တယ် အမေဆိုလည်းမမှားပါဘူး။ ဒါကြောင့် မမနွယ်ဘဲ ကောင်းသလိုစီမံပေးပါ"
"လူလည်လေး မင်းဖြစ်ချင်တာကို ပြောပြီးမှ မမနွယ်စိတ်ကြိုက်စီမံပေးပါဆိုတော့ ငါ့သဘောငါ့ဆန္ဒနဲ့လုပ်လိုက်ရင် မင်း အပြစ်တင်ဦးမယ်မို့လား။ ဒါနဲ့ သမ္ဘာ...မင်းသေချာစဥ်းစားပြီးပြီလား"
မမနွယ် ဘာကိုရည်ရွယ်သလဲဆိုတာ သိနေတာမို့ ချစ်ရသူရဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း သူ ခေါင်ငြိမ့်လျက် အတည်ပြုလိုက်သည်။
"ဟဲ့ ငွေငါးလေးက ဝေဒနာသည်လေးနော်။ ပြီးတော့ ဘယ်ကနေရောက်လာမှန်းမသိ၊ဘယ်သူဘယ်ဝါမှန်းမသိနဲ့ ပြီးတော့.."
"တော်ပါတော့ မမနွယ်။အဲဒါတွေကို ကျွန်တော် အားလုံးနားလည်ပါတယ်။ သူ့အတိတ်မှာ ဘာတွေဖြစ်ခဲ့ပါစေ ကျွန်တော်လက်ခံနိုင်တယ်ဗျာ။ ဒီမှာဆက်နေဖို့ သူ့ဘဝကို ဘာအစွန်းအထင်းမှ မဖြစ်စေချင်ဘူး မမနွယ်။ ပတ်ဝန်းကျင်မှာ ပြောနေကြတာကိုလည်း မမနွယ်ကြားမှာပါ"
ငွေငါးလေးကို သိက္ခာပွန်းပဲ့စေမဲ့အဖြစ်မျိုး သူ လက်မခံနိုင်ပါ။ ကိုယ်ကြောင့်မနစ်နာစေချင်ပေမယ့် ဒီအတိုင်းဆက်နေလို့လည်း မဖြစ်တော့။ သူစိမ်းယောကျ်ားပျိုလေးနှင့်မိန်းမပျို အတူရှိနေသည့် အဖြစ်က ပတ်ဝန်းကျင်မှာ မေးငေါ့စရာဖြစ်သလို ငွေငါးလေးရဲ့အရှက်သိက္ခာအတွက်လည်းမကောင်းပါ။
"မင်းက ပတ်ဝန်းကျင်ကြောင့် ငါးလေးကိုလက်ထပ်ချင်တာလား သမ္ဘာ"
"အဲဒါလည်းပါတယ်မမနွယ်...ကျွန်တော့်သဘောဆန္ဒဆို ငွေငါးလေး အားလုံးကိုသတိရလာမှ သူရဲ့သက်ဆိုင်သူတွေဆီမှာ မိသားဖသားပီပီတောင်းရမ်းလက်ထပ်ချင်တာပါ"
"ဘာလဲ...ငါးလေးရဲ့အတိတ်မှာ မင်းမလိုလားတဲ့အရာတွေရှိနေမှာစိုးတာလား။ ငါးလေးမှာ သက်ဆိုင်သူရှိရင်ဆိုတဲ့ အသိက မင်းကိုခြောက်လှန့်နေလို့မို့လား"
မမနွယ်ရဲ့မေးခွန်းက အရှိုက်ကိုလာထိ၏။
"ဟုတ်တယ် မမနွယ် သူ့မှာပိုင်ရှင်ရှိနေမှာ ကျွန်တော်အရမ်းစိုးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဘဝလေး ကျွန်တော့်ကြောင့်မနစ်မွန်းစေချင်တာ။ကျွန်တော်တို့ကကောက်ရတဲ့သူတွေပါ မမနွယ်။ဒါကြောင့် တစ်နေ့မှာ ပိုင်ရှင်ပေါ်လာမှာဘဲ။အဲဒီအခါကျရင်သာ သူမလေးကို ပိုင်ရှင်ဆီလိပ်ပြာသန့်သန့်နဲ့ပြန်အပ်ချင်ခဲ့တာ ကျွန်တော်ရဲ့စိတ်ရင်းပါဗျာ..ဒါပေမယ့်.."
စကားလုံးတွေက လည်ချောင်းဝတွင်တစ်ဆို့သွားပြီး နာကျင်လွန်းသည့် ဝေဒနာကို မြိုသိပ်ရင်း ဖရိုဖရဲဖြစ်နေသည့် ကိုယ့်ခံစားချက်တွေကို မမနွယ်မြင်မှာစိုးကာ ခေါင်းငုံ့လိုက်မိသည်။
သူ့ရင်တွင်း ဒွိဟခံစားချက်တွေနှင့် လုံးထွေးနေခဲ့ပြီ။ ငွေငါးလေးမှာ ပိုင်ရှင်ရှိမရှိသိချင်လွန်းနေလို့ အတိတ်ကိုပြန်မှတ်မိစေချင်တဲ့စိတ်က တစ်ဖက်၊ အဲဒီလိုမှတ်မိသွားတဲ့အခါ သူထင်နေတဲ့အတိုင်းပိုင်ရှင်ကို ပြန်ပေးရတော့မဲ့ အဖြစ်ကိုစိုးရွံ့စိတ်က တစ်ဖက်ဖြင့် ရင်မှာ ဗလောင်ဆူနေ၏။
"အဲဒါနဲ့များ လက်ထပ်ဖို့ ဘာကြောင့်စဥ်းစားသေးလဲ"
စိုးရိမ်ဟန်ဖြင့် လှမ်းကြည့်နေသည့် ငွေငါးလေးကို ငေးကြည့်ရင်း ပြုံးလိုက်မိသည်။ ထိုအပြုံးက ခံစားမှုတွေရှုပ်ထွေးကာ အသက်မပါ။ မမနွယ်ရဲ့ စူးစမ်းတဲ့အကြည့်တွေကို ရှောင်တိမ်းရင်း ကုလားထိုင်ကျောမှီကို စိတ်ပျက်လက်ပျက်ဖြင့် မှီပစ်လိုက်သည်။ သို့သော်...မျက်ဝန်းအကြည့်တွေက ငွေငါးလေးထံ၌သာ။
"ကျွန်တော် သူ့ကိုစွန့်လွှတ်လိုက်ရမှာလား မမနွယ်"
အမေးကိုအမေးနှင့် အဖြေပေးလိုက်တော့ နွယ်ဝေ သက်ပျင်းငွေ့ငွေ့ရှိုက်သည်။
"အခက်သားကွယ်...မောင်လေးပြောသလို ကောက်ရတဲ့ပစ္စည်းဆိုတာ ပိုင်ရှင်ပေါ်ရင် ပြန်ပေးရမှာ ဓမ္မတာဘဲ။ ဟင်း...မမနွယ်လည်း ဘာပြောရမှန်း မသိတော့ပါဘူးကွယ်"
မမနွယ်ရဲ့စကားက သူ့စိတ်ကို ပိုပြီးလေးလံစေသည်။ ငွေငါးလေးရယ်...မင်းနဲ့ပက်သက်ပြီး ကိုယ့်ရင်ဟာ ဗလာကျင်းနေခဲ့ရင် အကောင်းသား။ ဟူး...ခုတော့ကွာ။
"ဘယ်လိုအခက်အခဲ၊အတားအဆီးမဆို ရင်ဆိုင်ရဲပါတယ်ဗျာ။ ဒါပေမယ့်...ပိုင်ရှင်ရှိနေခဲ့ရင်သာ..."
စကားတစ်ပိုင်းတစ်စဖြင့် သမ္ဘာ ကျောမှီပေါ် ခေါင်းလှန်ချလိုက်၏။ ထိုအခါ..အမြဲတမ်းစူးရှထက်မြက်နေတတ်သည့် သမ္ဘာ့မျက်ဝန်းတွေက အရောင်တစ်မျိုးကြောင့်ရွှန်းတောက်နေခဲ့သည်။
သမ္ဘာ ငိုနေသလားလို့ တွေးလိုက်မိပြီး နွယ်ဝေကိုယ်တိုင်လည်း မည်သို့နှစ်သိမ့်ရမည်မသိ။
"အရပ်ထဲမှာ သတင်းတွေပျံ့နေတယ် သမ္ဘာ။ ဒီအတွက်ကြောင့် လက်ထပ်ဖို့ဆုံးဖြတ်တာဆိုရင် မမနွယ်ကန့်ကွပ်ချင်တယ်"
သမ္ဘာ ထူးထူးခြားခြားတုန်လှုပ်ခြင်းမျိုးဖြစ်မသွားဘဲ မျက်လုံးတွေသာ နွယ်ဝေ့ထံရွေ့သွားပြီး၊
"ကျွန်တော် လက်ထပ်ဖို့ဆုံးဖြတ်ပြီးပြီဆိုရင်ရော..."
"သေချာပြန်စဥ်းစားလို့ မမနွယ်ပြောချင်တယ်"
"ကျွန်တော် ဆုံးဖြတ်ပြီးပြီ နောက်မဆုတ်တော့ဘူး"
"မင်းသိက္ခာနဲ့ အတင်းအဖျင်းတွေကြောင့်ဆိုရင်တော့ နောက်ဆုတ်လိုက်ပါ မောင်လေး။ ငါးလေးက မသိလို့မှားခဲ့တာ မောင်လေးတို့မမနွယ်တို့က အသိစိတ်ရှိနေတဲ့လူတွေပါကွယ်။ တစ်ချိန်မှာ ငါးလေးအတွက် အမည်းစက်တွေဖြစ်သွားမှာ မမ မလိုလားဘူး။ ငါးလေးကို မမရဲ့ ညီမအရင်းလေးလို ချစ်တယ် သူ့ဘဝအမှန်ကိုသတိရသွားတဲ့အခါ နောက်ဆံငင်စရာ၊ နာကြည်းမုန်းတီးစရာတွေမဖြစ်စေချင်ဘူး။ ပြီးတော့ မောင်လေးကို နောင်တတွေနဲ့လုံးထွေးနေမဲ့အဖြစ်မျိုး မမနွယ်မမြင်ချင်ဘူးကွယ်"
သမ္ဘာ ရင်ဘတ်ကြီးတစ်ခုလုံးမို့မောက်လျက် အသက်ပြင်းပြင်းရှူနေရသည်။
"ကျွန်တော် သူ့ဘဝလေးကိုလည်းဆွဲမနှစ်ရက်ဘူး မမနွယ်။ တစ်ဖက်ကလည်း ပတ်ဝန်းကျင်က ပြောစရာဖြစ်မှာကိုလည်း ပူတယ်။ ဟာဗျာ...ကျွန်တော်ရူးတော့မယ်"
ဆံပင်ကိုတိုတိုရှင်းရှင်းညှပ်ထားတော့ ချောမွေ့နေသည့် သမ္ဘာ့မျက်နှာက ရှင်းလင်းနေပြီး ဗြုန်းခနဲကြည့်ရင် နုဖတ်ကာ ချောမွေ့နေပေမယ့် နှုတ်ခမ်းမွှေး၊ပါးမြိုင်းမွှေးတွေက နှုတ်ခမ်းအထက်နှင့်မေးရိုးတစ်လျှောက်တွင် မည်းနက်နေတာမို့ ရင့်ကျက်တည်ကြည်နေပြန်သည်။
ခပ်ကျစ်ကျစ်ဝတ်ထားသည့် ပုဆိုးကွက်စွပ်က ခြေတစ်လုံးတစ်ဝက်သာသာ။ ထိုအခါ အရိုင်းဆန်နေသည့် ခြေသလုံးမွှေးတို့နှင့် ဖြူဖွေးနေသည့်ခြေခုံလေးတွေခြေချောင်းလေးပေါ်နေ၏။
ဘော်ဒီဖစ် စွပ်ကျယ်ကိုဝတ်ထားတော့ ကျစ်လျစ်တောင့်တင်းသည့် ကြွက်သားတို့နှင့်ကိုယ်လုံးက တင်းနေသည်။
အမြဲတမ်းဂျစ်တစ်တစ်နှင့် အရွဲ့ဆန်သည့် သမ္ဘာရင့်ဆိုသော ကောင်လေးသည် အပျိုလေးတွေကြား ရေပန်းစားခဲ့ပေမယ့် မိန်ကလေးဆို စိတ်မဝင်စားခဲ့ပါ။ ပေတေနေသည့် သမ္ဘာရင့်တစ်ယောက်ချစ်တတ်လာမှ အချစ်ရေးကံမကောင်းပါလား။
"အလောတကြီး မလုပ်တာ အကောင်းဆုံးဘဲ။ မောင်လေး ငွေငါးလေးကို ဘယ်လောက်မေတ္တာရှိတယ်ဆိုတာ မမနွယ်တို့သိပါတယ်။ ပြီးတော့ မောင်လေးနဲ့ငွေငါးလေးကို မမနွယ်ရဲ့ ဆွေမျိုးအရင်းအချာလိုသတ်မှတ်လို့ နှစ်ယောက်စလုံးကို မနာကျင်စေချင်ဘူး။ ငါးလေးရဲ့ဘဝမှန်ကို သိရတဲ့အခါမှ မောင်လေးတို့လက်ထပ်သင့်တယ်"
"ကျွန်တော် မစဥ်းစားတတ်တော့ပါဘူး မမနွယ်ရာ...ကျွန်တော် ဘာလုပ်သင့်သလဲ။ ကျွန်တော်.. ကျွန်တော် ငွေငါးကိုလက်ထပ်လည်းလက်ထပ်ချင်တယ် ၊ သူ့ဘဝကိုဆွဲနှစ်သလိုဖြစ်သွားမလားဆိုပြီး လက်ထပ်ဖို့တစ်ခါတွေဝေနေမိတယ် ကျစ်..."
စုပ်သပ်ရင်း စိတ်မရှုပ်သဖူးစိတ်တွေရှုပ်ထွေးကာ နဖူးကိုလက်ထောင်လျက် ခဏငြိမ်သက်နေမိသည်။
မီးပင်လယ်ကိုဖြတ်ရဖြတ်ရ၊ဓားတောင်ကိုဘဲ ကျော်ရ ကျော်ရ ငွေငါးလေးရယ် ကိုယ် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါတယ်။ ခက်နေတာက..ဘယ်လိုမှ မလူးသာမလွန့်သာမို့။
ကြိုးမဲ့တံခွန်လေးသာဖြစ်လိုက်ပါတော့ ငွေငါးရယ်။
"ငွေငါးလေးကို တကယ့်မေတ္တာစစ်၊မေတ္တာမှန်နဲ့မြတ်နိုးတာဆို အဖြေပေါ်တဲ့အထိ စောင့်ရမယ် မောင်လေး။ အဲဒီအခါကျရင်သာ မင်းအချစ်တွေ မယိမ်းယိုင်ပါစေနဲ့"
"မမနွယ် ဘာကိုဆိုလိုတာလဲ...ကျွန်တော်ပုံစံက အဲဒီလောက်ပေါ့ပျက်ပျက်ဆန်နေသလား။ ငွေငါးအပေါ် ထားတဲ့ ကျွန်တော့်မေတ္တာက ထုထည်ခိုင်မာတဲ့အဆောက်အအုံတစ်ခုဖြစ်သလို ဘာအရောင်မှမရောတဲ့ အဖြူထည်သက်သက်ပါ..ဒါကို မမနွယ်တို့မယုံကြည်လည်း မတတ်နိုင်ဘူး"
"အေး.. မင်းရဲ့အဲဒီစိတ်ထားတွေ တစ်ချိန်မှာ မပြောင်းလဲဖို့လိုတယ်"
"ဘာအကြောင်းနဲ့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး မမနွယ်။ တစ်နေ့..သူ့နေရာမှန်ကို ပြန်ရောက်သွားရင်တောင် ကျွန်တော်ကတော့ သူတစ်ယောက်တည်းကိုဘဲ ဆက်ချစ်နေမိမှာ"
သမ္ဘာ့အသံက အဖျားခတ်လျက် တုန်ခါသွားသည်။
"မင်းရဲ့မေတ္တာကို မမနွယ်ယုံပါတယ်ကွယ်။မင်းတို့ကိုလည်း မကွဲကွာစေချင်ဘူး။ ဒါပေမယ့်...ခုလက်ထပ်ဖို့ကိစ္စကိုတော့ မမ ကန့်ကွပ်ရလိမ့်မယ်"
ဧည့်ခန်းထဲမှာ စကားသံတွေ အကြာကြီးတိတ်သွားပြီးမှ၊
"မောင်လေးရဲ့ သိက္ခာကို မမနွယ်ယုံကြည်တယ်။ ငါ့မောင်လေးစိတ်ဓာတ်ကို သိပေမယ့် မမနွယ် ပြောချင်တယ်။ မမနွယ်ကိုလည်း အထင်မလွဲစေချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မောင်လေးက မမနွယ်ရဲ့ မောင်ဖြစ်သလို ငါးလေးကလည်း ခုချိန်မှာ မမနွယ်ရဲ့ညီမလေးဘဲ။ ဒါကြောင့် မောင်လေး ညီမလေးငါးလေးကို ဒီအတိုင်းလေးဘဲ မေတ္တာထားပေးပါနော်။ ငါ့မောင်လေးက ပညာတတ်လေးဘဲ ဒီလောက်ပြောရင် သဘောပေါက်ပါတယ်။မောင်လေးနဲ့ညီမလေးကို ဂုဏ်သိက္ခာရှိရှိလေးရပ်တည်စေချင်တယ်ကွယ်"
"ဟုတ်ကဲ့ ကျွန်တော် သဘောပေါက်ပါတယ်"
"အေး သဘောပေါက်ရင် ငါးလေးနဲ့လက်မထပ်ပါနဲ့ သမ္ဘာ"
"ခွမ်း..."
"ငွေငါး"
ပန်းကန်အကွဲအစတွေကြားထဲ ဖြတ်နင်းလျက် ငွေငါးလေး၏ အရိပ်လေးသူတို့ရှေ့ကနေ လှစ်ခနဲပြေးထွက်သွားတော့မှ သမ္ဘာ သတိဝင်လာသည်။
"ငွေငါး နေပါဦး ကိုယ်ရှင်းပြမယ်"
"ငါးလေး...ညီမလေး"
နွယ်ဝေကိုယ်တိုင်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အိမ်ပေါ်ကနေ ကမူးရှူးထိုး ပြေးထွက်သွားသည့် ငါးလေးကို လှမ်းခေါ်လိုက်သည်။
"ငွေငါး .."
သူမပြေးထွက်သွားသည့်အတိုင်း ဖယောင်းပုဆိုးပေါ် သွေးစတွေက စွန်းထင်းလျက်။
"ငွေငါး...အရမ်းမပြေးနဲ့လေ..ငွေငါး "
သမ္ဘာ သူမနောက်ပြေးလိုက်ရင်း ပါးစပ်ကနေ လှမ်းတားနေပေမယ့် ငွေငါးလေးက လုံးဝလှည့်မကြည့်။
"မပြေးနဲ့ ငွေငါး လဲမယ်...ကိုယ်ရှင်းပြတာ နားထောင်ပါဦးကွာ"
ပန်းခင်းတွေကို ဖြတ်ကျော်ပြေးနေသည့်ငွေငါးလေးရဲ့ဦးတည်ရာက ဘယ်ဆီကိုမှန်း သူရိပ်မိလိုက်ပြီ။
ပန်းခင်းတစ်ဖက်က ငှက်ပျော်ခြံကို ဖြတ်သွားရင် လမ်းမပေါ် အလိုလိုရောက်သွားမှာ။ ငွေငါးလေးကို မှီလုမှီခင်မှာ သူမဆီက စူးစူးဝါးဝါးအော်သံလေးထွက်လာကာ ရုတ်တရက် လဲကျသွားတော့၏။
"အား..."
"ငွေငါး...ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"
ခြေတောက်မှာသွေးတွေရဲဗတောင်းထကာ နေရာမှာတင် ဖင်ထိုင်လျက်သား ခွေကျသွားသည့် ငွေငါးလေးဘေးကို သမ္ဘာ အလိုလိုရောက်သွားပြီး၊
"ဘာဖြစ်တာလဲ ငွေငါး မင်းခြေတောက်ပြစမ်း"
"အား...ခြေတောက်...ခြေတောက် အား သေပါပြီ"
"ခြေတောက်ကိုထောင်လိုက် ငွေငါး..."
သူမဘေးနားမှာ ဒူးထောက်ထိုင်ချပြီး သမ္ဘာခြေတောက်လေးကို ဆွဲယူကြည့်လိုက်တော့ ပန်းကန်ကွဲရှထားသည့်ဒဏ်ရာရော လတ်တလတ်ဆတ်ဆတ်ငုတ်စူးသွားသည့် ဒဏ်ရာကိုပါ မြင်လိုက်ရသည်။
"ငုတ်စူးသွားတာ...အရမ်းနာနေသလား.."
"သွေး...သွေးတွေ..အား"
မျက်လုံးလေးပြူးလျက်သွေးတွေရွှဲနေသည့် ခြေတောက်ကို လက်ညှိုးထိုးကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် အော်နေသည့် ငွေငါး။
"ငွေငါး...ငွေငါး...ဟိတ်"
"သွေး...သွေးတွေ ကြောက်တယ်...ဟင်အင်း...မလာနဲ့ မလာကြနဲ့ သွား"
ဖက်တွယ်ထားသည့် လက်တွေကို အတင်းပုတ်ထုတ်ကာ နောက်ဆုတ်သွားသည့် ငွေငါးလေးရဲ့ မူမမှန်တဲ့ပုံလေးကြောင့် သမ္ဘာ ဘာကိုမှန်းမသိ နောင်တရသွားသည်။
"ကိုယ်လေ ငွေငါးရဲ့..သမ္ဘာလေ"
"ဟင်အင်း...သွား မလာနဲ့...ကြောက်တယ်...သွေးတွေ"
သူ့ကိုလုံးဝအထိမခံဘဲ မြေပြင်မှာ ဖင်တရွတ်တိုက်လျက် ကြောက်လန့်နေသည့် မျက်ဝန်းများဖြင့်ကြည့်ကာ နောက်ဆုတ် နောက်ဆုတ်ရွေ့သွားသည့် ငွေငါးလေး။
"ငွေငါး သတိထားလေ..ကိုယ့်ကိုကြည့်စမ်း ကိုယ် သမ္ဘာလေ"
"ဟင်အင်း...ဟင်အင်း...မလာနဲ့ သွား...မလာကြနဲ့"
"ငွေငါး"
သူ့ကိုထုရိုက်နေသည့် လက်တွေကို ဖမ်းချုပ်ရင်း ငွေငါးကိုယ်လေးကို ဆွဲဖက်ပစ်လိုက်ကာ၊
"ဒီမှာ ကိုယ့်ကိုကြည့်..ကိုယ့်ကိုကြည့်ဆို"
"မလာနဲ့...ဟင်အင်း...ကြောက်တယ်"
တွန်းထိုးရုန်းကန်နေသည့်ကြားက သူမကိုယ်လေးကို ခပ်တင်းတင်းပွေ့ဖက်ကာလက်နှစ်ဖက်ဖြင့်ပါးပြင်လေးကို အုပ်ကိုင်လိုက်သည်။ ပြီးမှ...
"ကိုယ့်ကိုကြည့်...ကိုယ် သမ္ဘာလေ ငွေငါး..မင်းနားမှာ ကိုယ်ရှိတယ်"
ချွေးတွေနစ်နေသည့်မျက်နှာလေးက သူ့လက်နှစ်ဖက်ကြားမှ ငြိမ်သက်သွားလျက် မျက်ရည်တို့ဖြင့် စိုလက်နေသည့်မျက်ဝန်းလေးတွေဆီ သူ့ဆီရောက်လာသည်။
"မကြောက်နဲ့နော် မင်းဘာမှ မဖြစ်ပါဘူး ငွေငါးရယ်..မင်းနားမှာ ကိုယ်ရှိတယ်"
"ဟီး...နာတယ်...အား.."
ပါးချင်းကပ်ကာ တတွတ်တွတ်ပြောနေစဥ် သူမရဲ့အော်သံလေးကြောင့် သမ္ဘာ လူချင်းခွာလိုက်သည်။ဖိနပ်မပါတဲ့ ငွေငါးလေး ခြေတောက်မှာ ပန်းကန်ကွဲအပြင် ငုတ်ပါ ထပ်စူးတာမို့ သွေးတွေက လှုပ်ရှားလိုက်တိုင်းထွက်နေသည်။
"လာ..ပြန်မယ်"
ပါးစပ်ကလည်း ခေါ်သလို လက်ကပါ တစ်ပါတည်း ပွေ့လိုက်ပြီး ခြေလှမ်းကျဲတို့ဖြင့် အိမ်ဘက်ကို ဦးတည်လှမ်းလိုက်သည်။
စောစောကလို ပြင်းပြင်းထန်ထန်မရုန်းတော့ပေမယ့် သူမအသားတွေ တဆတ်ဆတ်တုန်နေတာမို့ ကြောက်ရှိန်ပြေသေးပုံမပေါ်။
အိမ်ပြန်ရောက်တော့ ဒဏ်ရာကို ရေဆေးကာ နွယ်ဝေ ကြည့်ပေးရသည်။
"အား..စပ်တယ်...စပ်တယ် "
ဒဏ်ရာကိုဆေးထည့်နေသည့်တစ်လျှောက်လုံး ငွေငါးလေးရဲ့အော်သံက ဆူညံနေလျက် သမ္ဘာ့လက်ကို တအားဆုပ်ကိုင်ထားသည်။
နာလွန်းလို့မျက်ရည်တွေကျနေသည့်ငွေငါးလေးကို သမ္ဘာ ဘယ်လိုမှ မကြည့်ရက်။ သူမ ဆွဲဆိတ်ထားသည့် သူ့လက်မောင်းက ဝေဒနာကိုလည်း သတိမရ။
သူမလေး အငိုတိတ်အောင် ချော့ရင်း မျက်ရည်တွေသုတ်ပေးရတာ အမော။ သူမ ဝမ်းသာရင် သူလည်း ဝမ်းသာသည်။ သူမ ဝမ်းနည်းရင် သူလည်း ဝမ်းနည်းကာ မနေတတ်မထိုင်တတ်။
သူမ နာကျင်ရင် အဲဒီ ဝေဒနာထက် အဆပေါင်းများစွာ နာကျင်ရပါ၏။
ချစ်တဲ့သူရဲ့ မျက်နှာလေးပြုံးနေတာဘဲ မြင်ချင်ပါတယ် ငွေငါးရယ်။
အပိုင်း(၁၉)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း