🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
"ရင့်...မင်းကိုယ်မင်းဘာတွေလုပ်နေတယ်ဆိုတာရော သိရဲ့လား"
လွတ်နေတဲ့ခုံကို တမင်အသံမြည်အောင်ဆွဲပြီးမှ အရက်ပုလင်းနှင့်ခေါင်းစိုက်နေသည့် ရင့်မဟာကို မျက်မှောင်ကြုတ်ကြည့်ပြီး ဓနရှင်က ခုံမှာဝင်ထိုင်သည်။
"ဒေါက်"
လက်ထဲကခွက်ကို စားပွဲပေါ်ချပြီး ရင့်မဟာမျက်လွှာပင့်လာ၏။ထိုအခါ ရီဝေဝေမျက်ဝန်းတွေက ဓနရှင်၏ ရင်ဘတ်နေရာတွင်စူးစိုက်သွားလျက် ခပ်လွန့်လွန့်ပြုံးကာ၊
"အရက်သောက်နေတာလေ အဟင်း မင်းရောသောက်ဦးမလားဓန"
အရက်ခိုးဝေနေသည့်မျက်နှာထက်က အပြုံးသည် မပီပြင်သလို ခေါင်းကိုမနည်းထူမတ်နေရသည့်ပုံကို ကြည့်ပြီး ဓန သက်မချမိ၏။
"ငါ သောက်ဖို့လာတာမဟုတ်ဘူး ရင့်။ မင်း ပုံကိုလည်းမင်းပြန်ကြည့်ဦး"
"ငါကဘာဖြစ်နေလို့လဲ"
"မင်း အရက်သမားပုံဖြစ်နေပြီ ရင့်.."
နောက်ပါးဆီက အသံကြောင့် ရင့်နှင့်ဓန လှည့်ကြည့်လိုက်တော့ ခေတ်သစ်နှင့်သီဟ။ ဓနရဲ့ဘေးမှာ ဝင်ထိုင်ပြီး စားပွဲပေါ်က ဖရိုဖရဲမြင်ကွင်းကိုကြည့်ကာ သီဟက စိတ်ပျက်သလို ခေါင်းခါလျှင်၊
"ရင့် မင်းဘာတွေဖြစ်နေတာလဲ"
အမြဲတမ်းတက်ကြွနေတတ်သည့် ရင့်မဟာက ဆံပင်ဘုတ်သိုက်နှင့် ပုလင်းထောင်နေတော့ သူတို့အားလုံးစိတ်မချမ်း။ဘာဖြစ်တာလဲ မေးတော့လည်း ရေရေရာရာမဖြေဘဲ အရက်တွေဖိသောက်နေသည့် ရင့်ကို ဘယ်လိုဖြောင်းဖျရမှန်းမသိတော့။
"သေချာစဥ်းစားသင့်ပြီ ရင့်..."
သီဟက တွေးတွေးစစနှင့်ပြောလိုက်ပေမယ့် ဓနနှင့်ခေတ်သစ်က ရင့်ပုံစံကိုသာ မမှတ်မသုန် ကြည့်ပြီး အတွေးကိုယ်စီဖြင့်ငြိမ်နေကြသည်။
"ငါက ဘာကိုသေချာစဥ်းစားရမှာလဲ သီဟ..အေ့...ဘာမှ စဥ်းစားဖို့မရှိဘူး"
အာလေးလျှာလေးနှင့်ပြန်ပြောရင်း ဖန်ခွက်ထဲကို ပုလင်းထဲကလက်ကျန်အရက်ထပ်ဖြည့်နေသည့် ရင့်။ ငယ်ပေါင်းတွေမို့ တစ်ယောက်အကြောင်းတစ်ယောက်သိထားပြီးသား။
ရင့်မဟာဆိုတာ အေးဆေးတည်ငြိမ်သည့် ကောင်။ အရှုပ်အရှင်းကင်းပြီး လေးယောက်ထဲမှာ ခြေအငြိမ်ဆုံးမဟုတ်လား။ အရင်ကဆို အရက်ကိုအနံ့တောင်မခံနိုင်တဲ့ကောင်က ခုလိုဖြစ်နေတော့ သူတို့တွေ နားမလည်နိုင်တော့ပေ။
"မင်း အဲဒီလောက်ခံစားနေရရင်လည်း ငြိမ်းချမ်းရေးယူလိုက်ပါလား ရင့်ရာ။ နှစ်ယောက်လုံးနာကျင်နေရတာ "
စားပွဲပေါ်တံတောင်တစ်ဖက်ထောက်တင်ပြီး ကိုယ်ကိုခပ်လျောလျောမှီထိုင်နေသည့် ဓနဆီက အသံထွက်လာတော့ ရင့်က ဟက်ခနဲတစ်ချက်ရယ်ပြီး၊
"ဘာလဲ ဘာတွေလာပြောနေတာလဲ ဓန။ ငါ့ရင်ထဲမှာလောင်ကျွမ်းနေတာက တခြားကွ"
ဓနနှင့်သီဟ မျက်လုံးချင်းဆုံသွားသည်။
"နေစမ်းပါဦး မင်းပုလင်းထောင်ရတဲ့ကိစ္စက ဆူးခေတ်သစ်ကြောင့်မဟုတ်ဘူးလား"
"ဖျန်း..."
ခေတ်သစ်ရဲ့စကားမဆုံးခင် ရင့်က စားပွဲ ကို လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး မေးကြောတွေထောင်တက်သွားသည့်အထိ အံကြိတ်ပစ်လိုက်သည်။
"သွားစမ်းပါ ငါ့ဘဝမှာ အဲဒီကဝေမကြောင့် ဘယ်တော့မှ အရက်မသောက်ဘူး။ အေး သောက်ဖြစ်ခဲ့ရင်တောင် အောင်ပွဲခံတဲ့အနေနဲ့ဘဲ သောက်မယ်ကွ။ သူ့ကြောင့် ငါ့ဘဝကြီးပျက်စီးရတာ။ သူ့အမေကြောင့် ငါ့အမေထိခိုက်ခံစားရတာ။ သူ့ကြောင့် ဖေဖေသေရတာ။ ငါ့ဘဝကြီး ခုလိုဆုပ်ပြတ်သတ်အောင် အဲဒီကဝေမကသူ့အတတ်ပညာတွေနဲ့ လှည့်ဖြားခဲ့တာကွ အဲဒါမင်းတို့သိလား"
ရင့်မဟာ မူးမူးနှင့်ပေါက်ကွဲတော့ သီဟက ပတ်ဝန်းကျင်ကို အားနာသလိုလှည့်ပတ်ကြည့်၏။ ခေတ်သစ်က မသက်မသာဖြင့် ရင့်ကိုစူးစိုက်ကြည့်လျက်ငြိမ်သက်နေပြီး ဓနရှင်ကတော့ ပေါက်ကွဲလုလုဗုံးတစ်လုံးကို ရင်ခွင်မှာပိုက်လျက် ရှိနေသည်။
"အဲဒါတွေက အတိတ်မှာ ပြီးခဲ့ပြီမဟုတ်ဘူးလား ရင့်"
သီဟက ရင့်ကိုင်လိုက်တဲ့ပုလင်းကိုလှမ်းကိုင်တားဆီးရင်း မေးလိုက်သည်။
"အတိတ်ဟုတ်လား..."
ရင့်ရဲ့ခြောက်ကပ်ကပ်ရယ်သံနှင့် နီမြန်းနေသည့်မျက်နှာကိုကြည့်ပြီး ဓန ခေါင်းခါလိုက်ကာ၊
"အတိတ်ကို ပြည်ဖုံးကားချလိုက်သင့်ပြီလို့ ငါတို့ထင်တယ် ရင့်။ အန်တီတောင် အေးဆေးနေနိုင်သေးတာဘဲကွာ။ မင်းဘဝကို အမုန်းတရားတွေထဲမှာ နှစ်မနေသင့်တော့ဘူး"
"ဓန ပြောတာဟုတ်တယ် တစ်ဖက်ကမိန်းကလေးကို ငဲ့ညှာသင့်ပြီရင့်။ ခုချိန်မှာ သူက မင်းဇနီးတစ်ယောက်ဖြစ်နေပြီ။ ဆူးခေတ်သစ်အမေကျူးလွန်ခဲ့တဲ့အမှားမှာ ကောင်မလေးနဲ့ဘာမှ မဆိုင်ဘူးလို့ ငါထင်တယ် ရင့်။ ပြီးတော့ ကောင်မလေးက ဒုက္ခိတဖြစ်နေပြီ"
ခေတ်သစ်က ရင့်ပုံစံကိုကြည့်ပြီး ဆွယ်တရားဟောနေပေမယ့် ရင့်က ခပ်လွန့်လွန့်ပြုံးလျက်၊
"ငါက အဲဒီထက်ခံစားစေချင်တာ"
"အဲဒါတော့ မင်းယောကျ်ားမပီသတာဘဲ"
ဓနအသံက ခပ်ဆတ်ဆတ်ထွက်လာသည်။
"ဘာ..."
နှုတ်ခမ်းနားရောက်နေသည့် အရက်ခွက်ကို စားပွဲပေါ်ပြန်ချပြီး အရက်ရှိန်ကြောင့်ရီဝေနီမြန်းနေသည့်ရင့်မျက်လုံးများက ဓနမျက်နှာဆီစူးစိုက်သွားသည်။
"မိန်းကလေးတစ်ယောက်ကို မဖြစ်စလောက်လေးနဲ့ အညှိုးထားတာ ယောကျ်ားကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူးကွ"
"ဘာကွ...ဓန မင်း မင်း"
"ဟေ့ကောင်တွေ တော်ကြာတော့"
ဝရုန်းသုန်းကားဖြစ်ကုန်တော့ သီဟနှင့်ခေတ်သစ်ဝင်ဆွဲရတော့သည်။
"သူငယ်ချင်း အချင်းချင်းကိုကွာ မင်းတို့ကလည်း"
"ငါက ကောင်းစေချင်လို့ပြောတာကွ မင်း မကျေနပ်ရင် ထိုးလိုက်ရင့်။ ကိုယ့်သူငယ်ချင်း ပျက်စီးသွားမဲ့အဖြစ်မျိုးကို ငါတို့လက်ပိုက်ကြည့်မနေနိုင်ဘူးကွ"
ဓန မျက်နှာက နီရဲနေကာ ရင့်ကို ယူကြုံးမရသလိုကြည့်ရင်း အံကြိတ်ထားလျက်၊
"ဘော်ဒါအရင်းကြီးတွေမို့ ပြောနေတာ။ မင်းလုပ်ရပ်တွေကို သေချာပြန်စဥ်းစားသင့်တယ် ရင့်။ မင်းမိထွေးကြောင့် မင်းအဖေနဲ့အမေလည်းမကွဲခဲ့ပါဘူး။ ငါ ကိုယ်ချင်းမစာလို့ပြောနေတာ မဟုတ်ဘူးရင့်..မင်းမိထွေးလည်းရှိတော့တာ မဟုတ်ဘူး။ ပြီးတော့ ဆူးခေတ်သစ်ကိုလည်း မင်းလက်တုံ့ပြန်သင့်သလောက်ပြန်ပြီးပြီဘဲ။ ကိုယ့်ကိုယ်ကို အမှောင်ထဲမှာ ပိတ်လှောင်မထားသင့်ဘူး ရင့် ကောင်မလေးဘက်ကို စာနာသင့်တယ်"
"သွားစမ်းပါ...ဘာကိုစာနာပေးရမှာလဲ မင်းတို့ကပါ ကဝေမဘက်က ပါနေပြီလား အဲဒီကဝေမရဲ့ ဆယ့်နှစ်ကြိုးမှာ မိကုန်ကြပြီလား။ အသည်းတစ်ခြမ်းပြာကျပြီး ဘဝတစ်ခုလုံးစုပ်ပြတ်သတ်နေတာ ဟောဒီကောင်ပါ...မင်းတို့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကွ"
ရင်ဘတ်ကို တဘုန်းဘုန်းထုပြရင်း အာလေးလျှာလေးသံဖြင့် ပြောနေသည့် ရင့်။သူ့ရင်ထဲက သယံဇာတတွေကို ဘယ်သူမြင်နိုင်မှာလဲ။
"ငါတို့မြင်သလောက်တော့ မင်း ဘဝကြီးကမပျက်စီးသေးပါဘူးကွာ။ မင်းကိုယ်မင်း နှစ်နေတယ်လို့ဘဲ ငါတို့ထင်တယ်။ ရင့်...မင်းခံစားနေရတာထက် ပိုပြီးခံစားနေရတဲ့သူကို မင်းကိုယ်ချင်းစာသင့်တယ် သူငယ်ချင်း"
"အဟ....ငါ့ကို ပြက်လုံးတွေလာထွင်ပြမနေနဲ့ ခေတ်သစ်။ ငါ့ထက် ခံစားရတဲ့သူဟုတ်လား...အဟင်း...ဟင်း ခေါ်ခဲ့စမ်းပါ ရင့်မဟာဆိုတဲ့ကောင်ထက် ပိုခံစားနေရတဲ့ကောင်ရှိရင် ဝေဒနာချင်း အပြိုင်စိန်ခေါ်လိုက်ချင်တယ်..အေ့"
"တော့ပြီ ရင့် မင်းများနေပြီ"
အရက်ခွက်ကို ဓန ဆွဲယူပြီး ရင့်နှင့်ဝေးရာရွှေ့ပစ်လိုက်ကာ သူ့ကို မကြည်မလင်ဖြင့် ခပ်စိုက်စိုက်ကြည့်နေသည့် ရင့်နှင့်မျက်နှာချင်းဆိုင်ပစ်လိုက်ပြီး၊
"မင်း ဘဝပျက်မဲ့အဖြစ်မျိုးကို ငါ အားမပေးနိုင်ဘူး ရင့်"
"ဘဝပျက်မယ်ဟုတ်လား... တော်စမ်းပါ ဓနရာ ရင့်မဟာဘဝကဘယ်တော့မှ မပျက်ဘူးကွ ဟိုမိစ္ဆာမဘဝကိုသာ ပျက်စီးအောင် ငါက ကြိုးကိုင်မှာ"
လက်ပိုက်လျက်ဖြင့် ခုံကိုမှီထိုင်ရင်း သီဟက ခေါင်းခါလျက် ဓနကိုမျက်စပစ်ပြသည်။ ဓန ကိုယ့်ရင်ဘတ်ထဲက ဋီကာကို မဖွင့်ချင်တော့ပါ။ တကယ်ဆို ကိုယ်ဟာ ပန်ဆင်ပြီးသားပန်းကိုမှ လက်ကမ်းမိသူမို့...။
ဒါကြောင့် ဓန ကိုယ့်စိတ်ကိုကိုယ်ဖြေဖျောက်လျက် တိမ်းညွှတ်မိသည့်အချစ်ကို လူမမြင်အောင်ဖျောက်ဖျက်ပစ်နေရတာ။ သူငယ်ချင်းပေါ်သစ္စာစောင့်ရသလို အိမ်ထောင်ရှင်မိန်းကလေးတစ်ယောက်အပေါ် မပြစ်မှားသင့်တာကို နားလည်ပါ၏။
ဒါပေမယ့် စိတ်ဆိုသည်မှာလည်း အခက်သား။ ကိုယ်မြတ်နိုးမိသည့် ပန်းကလေးကို တစ်ပါးသူက ရက်ရက်စက်စက်ခြွေမွနေသည့်အဖြစ်ကြီးကို လက်ပိုက်ကြည့်နေလို့မရ။ နှလုံးသားက နာကျင်လျက် သူမကို လက်ဆွဲကာ ကမ္ဘာတစ်ဆုံးပြေးထွက်သွားချင်မိသည်။
အဲဒီလို အတွေးတွေဝင်လာတော့ ရင့်အပေါ်မတရားမှန်း သိပေမယ့် ရင့်ရဲ့တစ်ဖက်သတ်စွဲချက်တွေနဲ့ နှိပ်စက်မှုတွေကိုလည်း သူ့နှလုံးသားက လက်မခံနိုင်။
"ငါတော့ ဆူးခေတ်သစ်နဲ့ဘာမှမဆိုင်ဘူးထင်တယ်။ ကောင်မလေး ဒီလောက်အထိသည်းခံနေတာကွာ အတိတ်ကို ခဝါချလိုက်ပါတော့"
သီဟ လေပြည်လေးနှင့်ပြောနေပေမယ့် ရင့်မျက်နှာက နာနာကျင်ကျင်မဲ့လျက်၊
"သည်းမခံလို့ရော ရမလား သူ့အပြစ်တွေအတွက် ပြန်ပေးဆပ်ရတာဘဲ။ ဘာမှ သနားဖို့မရှိသလို ခွင့်လွှတ်ဖို့လည်း မရှိဘူး သီဟ။ အဲဒီမိန်းမ မဟန်နိုင်လို့ ခေါင်းမထောင်နိုင်တာကွ သိလား"
ခေတ်သစ် ခေါင်းကိုလေးပင်စွာခါရမ်းရင်း ဓနကို လှမ်းကြည့်လိုက်သည်။
"အဲဒီလို ခေါင်းမထောင်နိုင်တာ ဦးကျိုးနေတာရော မဖြစ်နိုင်ဘူးလား ရင့်"
သီဟက ရင့်မျက်လုံးတွေထဲ စိုက်ကြည့်လျက်မေးလိုက်တော့ ခေတ်သစ်ကပါ ခေါင်းဆတ်ထောက်ခံပြီး၊
"မင်းလုပ်သမျှ ခါးစည်းခံနေတာ သူ့ရင်ထဲမှာ မင်းအပေါ်လေးနက်တဲ့ချစ်ခြင်းတွေကြောင့်လို့ ငါထင်တယ် ရင့်။ သေချာပြန်စဥ်းစားပေါ့ကွာ။ အဓိကကတော့ မင်းရင်ထဲကို မင်းမြင်အောင်အရင်ကြည့်သင့်တယ်။ ခုလိုဖြစ်နေတော့ မင်းလည်း မပျော်ရဘူး မဟုတ်လား"
"အဟ....ဘာမပျော်ရမှာလဲ ပျော်လွန်းလို့...သူ နာကျင်ရလေ ငါကျေနပ်လေဘဲကွ "
သေသေသပ်သပ်ဖြီးသင်ထားသည့် ဆံပင်တွေထဲ လက်ထိုးဖွပြီးရင့်က ခေါင်းမော့ရယ်၏။ ရီတီတီနှင့် မူးရိပ်နေပေမယ့် သူ့အသိတွေလုံးဝမပျောက်သေးပါ။ လည်ချောင်းထဲ ပူဆင်းသွားပြီး အဝင်ဆိုးသည့် အရည်တွေကို သောက်ချနေပေမယ့် ရင်ဘတ်ထဲက ဒဏ်ရာက လျော့ပါးသက်သာခြင်းမရှိ။
"ပျော်လွန်းလို့ ဒီလိုပုံဖြစ်နေတာပေါ့ ဟုတ်လား"
ဓန တမင် အရွဲ့ဆန်ဆန်ပြောပစ်လိုက်သည်။
"ဒီလောက်အဝင်ဆိုးတဲ့ အရည်တွေကို ဘာကြောင့် ငါမြိုချနေတယ် ထင်သလဲဟင် "
ပြိုကျချင်နေသည့်ခေါင်းကို အနိုင်နိုင်ထိန်းရင်း ပြောလိုက်တဲ့သူ့စကားသံက ခြောက်ကပ်နေမှန်း သူ့ဘာသာ သိနေသည်။
"ပျော်လို့နေမှာပေါ့..."
ခေတ်သစ်ကရိ၏။ ဓနကပါ အားကျမခံ..
"အမုန်းဆုံးမိန်းမ ဒုက္ခိတဖြစ်နေတဲ့အထိ လက်စားချေနိုင်လို့ အားရကျေနပ်နေတာဘဲနေမှာ"
"အဟား...ဟား...ပျော်လို့ဟုတ်တယ် ပျော်လို့ကွ"
သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက်ဝိုင်းပြောနေကြတာ ရွဲ့နေကြမှန်း သိနေတော့ အားရပါးရရယ်မောလိုက်သည်။ သို့သော် ရယ်သံက အသက်မပါ။ နှလုံးသားအက်ကွဲသံလို့သာ သူထင်၏။
"ရင့်ရာ...မင်း ဒီလောက်ထိခံစားနေရတာကိုများကွာ "
ရင့်ရဲ့ ပျက်ယွင်းနေသည့်ပုံစံကို ကြည့်ပြီး ခေတ်သစ် မချင့်မရဲဆိုမိသွား၏။
"ကိုယ့်မိန်းမဖြစ်နေပြီဘဲ သူငယ်ချင်းရယ် နည်းနည်းပါးပါးညှိနှိုင်းကြပါလား။ ပြီးတော့ ဆူးခေတ်သစ်လည်း ကျန်းမာတာမဟုတ်ဘူး။ ကိုယ့်နှလုံးသားကို မလိမ်ညာသင့်ဘူး ရင့်"
"နှလုံးသားဟုတ်လား အဲဒီနှလုံးသားကြီးကို ရှေ့တန်းတင်ခဲ့လို့ အသည်းတွေ မွမွကြေခဲ့ရတာ မင်းတို့မှ မသိကြဘဲ။ ငါ့နှလုံးသားတစ်ခုလုံးကြေမွနေတာကွ သိရဲ့လား"
ခေါင်းအငိုက်မှာ မျက်ရည်တစ်စက်က လက်ခနဲကြွေဆင်းသွား၏။ ဒါကို ဓနတို့မြင်ဖြစ်အောင်မြင်လိုက်သည်။
ရင့်က ကိုယ့်ခံစားချက်နှင့်ကိုယ်ပြောရင်း ပြောင်လက်နေသည့်စားပွဲထက်မှာ စွဲလမ်းခဲ့သည့်မျက်နှာလေးကတရေးရေး မြင်ယောင်လာသည်။ ရေးရယ် ကိုယ်ရူးတော့မယ်။ ကိုယ့်အဖြစ်ကို မြင်လှည့်ပါတော့လား။
"ဒါနဲ့များကွာ ကိုယ့်ကိုယ်ကိုညှင်းဆဲနေရသေးတယ်။ ယုယကြင်နာလိုက်တော့ ရင့် သူ့အတွက်မင်းက အလိုအပ်ဆုံးဘဲကွ ငါတို့ရဲရဲကြီး အာမခံနိုင်တယ်"
ရင့်ရင်ထဲက ဝေဒနာအစစ်ကို မမြင်တဲ့ ခေတ်သစ်တို့က ရင့်နှင့်ဆူးခေတ်သစ်ကို အမြန်ပြေလည်ရေး ဦးတည်နေကြသည်။
"ငါ့နှလုံးသားက ဒီကမ္ဘာမှာ မရှိတော့ဘူးကွ"
ရင့်စကားကြောင့် ဓနတို့သုံးယောက် ခေါင်းတွေထောင်သွားသည်။
"ကိုယ်အချစ်ဆုံးမိန်းကလေးကို ပြန်သတ်မိတဲ့ ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်ဘူးသိလား ငါ ငါကွာ.."
"ဟာ...ရင့် မလုပ်နဲ့.."
မူးမူးနှင့်စားပွဲကို ထိုးချလိုက်တော့ဓနတို့ ဝိုင်းဆွဲရင်း ဆိုင်ထဲကနေ ဆွဲထုတ်လာကြရသည်။ဒါတောင် မောင်မင်းကြီးသားက မူးမူးနှင့် ပါးစပ်က မနား။
"ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ ရေးရယ်...ရေး.."
လွဲနေသည့် ဆုံမှတ်တွေကို ဘယ်လို တည့်ရမှန်း မသိတော့။ လွဲတော့လွဲနေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"သမ္ဘာရေ..."
ဟင်...။ နှင်းဆီပင်တွေကို အစာကျွေးနေရင်းအသံစူးစူးလေးကြောင့် သမ္ဘာ့တစ်ကိုယ်လုံးတောင့်တင်းသွားကာ လက်ထဲက နွားချေးတွေထည့်ထားသည့်ပုံးကို လွှတ်ချမိသွားသည်။
"ငွေငါး..."
နှင်းဆီခြံကို လိုက်ချင်တယ်ဆိုလို့ ခေါ်လာလိုက်တာ ရောက်တာနဲ့ တစ်ခြံလုံးလှည့်ကြည့်ပြီး ကလေးတစ်ယောက်လို ပျော်မြူးနေသည့် ငွေငါးလေး။
အလုပ်သမားတွေနဲ့ နှင်းဆီပင်တွေ အစာကျွေးဖို့လုပ်နေတုန်းက အနားမှာ ရှိနေပါသေးတယ်။ နွားချေးတွေကို အထူးအဆန်းသဖွယ်ကြည့်ပြီး နောက်ပျောင်ကြည်စယ်နေသည့် ငွေငါးလေးကို အပင်တွေ အစာကျွေးတော့ သူခဏ မေ့သွားတာ။
သူမအသံစူးစူးလေးကြောင့် သတိရသွားပြီး လှည့်ကြည့်တော့ ငွေငါးတစ်ယောက် သူ့အနားမှာ မရှိတော့ပါ။
"ငွေငါး..."
စိုးရိမ်စိတ်က ငယ်ထိပ်တက်ဆောင့်ကာ လူက ထူထူပူပူ ကြီး ဖြစ်သွားပြီး ခြေလှမ်းတွေက အသံလာရာ ခြံအနောက်ဘက်သို့ တလွှားလွှားရွေ့သွားသည်။
"သမ္ဘာ့..."
အာခေါင်ခြစ်အော်လိုက်သည့်အသံက စူးစူးရှရှ။ သမ္ဘာ ပန်းခင်းတွေကို ဖြတ်ကာ ခြံအနောက်ဘက်ကို တအားပြေးသွားမိသည်။ ငွေငါးလေး အန္တရာယ်တစ်ခုခုတွေ့နေပြီဆိုတာကို စိတ်ထဲက အလိုလိုသိနေပြီ။
"ငွေငါး"
ငွေငါးလေး ပြေးလာပုံက ကသောကမောနှင့်။ သမ္ဘာကလည်း ပြေးအလာ လမ်းခုလပ်မှာ ဆုံမိပြီး သူမကို ရင်ဖွင့်ကြိုမိလျက်သားဖြစ်သွားကာ ငွေငါးလေးက သူ့ရင်ခွင်ထဲ တိုးဝင်ပြီး အသားတွေ တဆတ်ဆတ်တုန်နေသည်။
"ဘာဖြစ်တာလဲ ငွေငါး...ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောစမ်းပါ"
"နောက်...နောက်မှာ လိုက်လာတယ် သမ္ဘာ"
ချွေးတွေ ရွှဲနစ်လျက် နောက်ကို ထိုးပြ နေသည့် ငွေငါးလေးပုံစံက ထိတ်ထိတ်ပြာပြာနှင့်။
"ဘယ်သူလဲ ဘာလိုက်လာတာလဲ"
ကမူးရှူးထိုးဖြင့် သူမေးတာ မဖြေဘဲ ခါးကိုဖက်ကာ ကျောနောက်ဝင်ပုန်းနေသည့် ငွေငါးလေးကြောင့် သမ္ဘာ မျက်မှောင်ကြုတ်လိုက်ပြီး ခြံအနောက်ဘက်ကိုလှည့်အကြည့်။
"ဒေါ်လေးရွှေ"
"ဟုတ်တယ် ငါပဲ...သမ္ဘာ မင်းကောင်မလေးကို မင်းမထိန်းဘူးလား"
"ဗျာ"
ထဘီတိုတိုနှင့်မျက်နှာမှာ သနပ်ခါးတွေမှုန်နေအောင်လိမ်းလျက် သူ့နားရောက်လာသူက ရွာထဲမှာ ဒေါ်ကပ်စီးဟု အမည်တွင်နေသည့် ဒေါ်အရွှေ။ လက်ထဲမှာလည်း တုတ်တစ်ချောင်းကိုင်လျက် မျက်နှာတည်မျက်နှာထားဖြင့် သမ္ဘာတို့နားရောက်လာကာ၊
"ဘယ်မှာလဲ ငါ့မာလကာသီးတွေ...ဟေ့ကောင်မလေး ပြန်ပေးစမ်း"
အော်လိုက်တဲ့အသံက ခပ်စူးစူးနှင့်ဟိန်းထွက်သွားတော့ သမ္ဘာ့ကျောနောက်က ငွေငါးလေး အသားတွေ တဆတ်ဆတ်တုန်နေပြီ။
"ဗျာ"
မာလကာသီးဆိုမှ သူ့ခါးကို ဖက်တွယ်ထားသည့်လက်တွေကို ငုံ့အကြည့် မာလကာသီး အလုံးကြီးတွေကို လက်နှစ်ဖက်ထဲမှာ တစ်ဖက်တစ်လုံးဆုပ်ကိုင်လျက်သား မြင်လိုက်ရ၏။
"ငါ့မာလကာသီးတွေကို ဝင်ခိုးသွားတာ မှတ်လောက်အောင်ဆုံးမရမယ်"
"ဗျာ သူခိုးမဟုတ်ပါဘူး ဒေါ်လေးရွှေ။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ မာလကာသီးဖိုးလည်း လျော်ပေးပါ့မယ်"
ကိုယ်ချစ်တဲ့သူကို ကိုယ်ရှေ့တွင် စီးစီးပိုးပိုးကြီးပြောနေတော့ သမ္ဘာ့ ရင်ထဲအောင့်သွားရပြီး မခံမရပ်နိုင်စွာ ဝင်ပြောလိုက်သည်။
"ဘာသူခိုးမဟုတ်ဘူးလဲ ငါဒီလောက်အော်နေတဲ့ကြားထဲက ငါ့မာလကာသီးတွေကို ရအောင်ခိုးသွားသေးတယ်။ ဟဲ့ ကောင်မထွက်လာခဲ့စမ်း...ခုမှ ပုန်းမနေနဲ့"
"ဟာဗျာ... မာလကာသီးဖိုး ကျွန်တော်ဘယ်လောက်ပေးရမလဲ ပြော"
ကျောပြင်မှာ မျက်နှာလေး ထိကပ်နေသဖြင့် ဒေါ်အရွှေ အော်လိုက်တိုင်း တုန်တက်သွားတတ်သည့် ငွေငါးလေး ဘယ်လောက်ကြောက်နေမှန်း သူ သိနေတော့ ကြောက်အောင်အော်ဟစ်နေသူကို ဒေါသထွက်လာကာ ဂျစ်တစ်တစ်ပြောပစ်လိုက်သည်။
ဒေါ်အရွှေ မျက်နှာကြီး မည်းသွားပြီး ခါးကြီးထောက်ကာ သူ့ကို စူးစူးဝါးဝါးကြည့်လျက်၊
"အောင်မာ...ငွေစကားမပြောနဲ့ သမ္ဘာရင့်။ ငါ ငွေလိုချင်လို့ပြောနေတာ မဟုတ်ဘူး နှမ်းခိုးစားတဲ့မင်းသားတောင်ရိုက်နှက်ပြီး ဆုံးမရသေးတာ ။ သူခိုးကို ဆုံးမရမှ ကျေနပ်မယ်"
"ခင်ဗျားနော် သူခိုးမဟုတ်ပါဘူးဆိုဗျာ.. ခင်ဗျားမာလကာသီးက ဘယ်လောက်တန်သလဲ ပြော။ ခုချက်ချင်းလျော်ပေးလိုက်မယ်"
"အောင်မာ...အောင်မာ လိုက်လည်းလိုက်ပါ့ မင်းကများ တောက်။ ငါ့ခြံထဲခိုးဝင်ပြီး ငါ့အသီးတွေကို ခူးစားသေးတယ် မင်းတို့ကလည်းစော်ကားမော်ကားပြောသေးတယ် လိုက်လည်းလိုက်ပါ့။ ဒီမှာ လူပါးဝတဲ့အရူးမကို ငါဆုံးမရမှ ကျေနပ်နိုင်မယ်ဟေ့"
"ခင်ဗျား...ခင်ဗျား လွန်လာပြီနော်"
သမ္ဘာ ဆတ်ဆတ်ခါအောင်နာသွားရသည်။ အရူးတဲ့...ငွေငါးလေးရဲ့အားနည်းချက်ကို ထိတော့ သူ မခံမရပ်နိုင်အောင်နာ၏။
"အရူးမို့အရူးပြောတာ မင်းကနာသလား ဒီမှာ မင်းကောင်မက အရူးမဟုတ်လို့ ဘာလဲ။ တောက် အရူးက စော်ကားတာ ငါအနာဆုံးဘဲဟေ့...ဟဲ့ကောင်မ ရှေ့ထွက်ခဲ့စမ်း။ ဘာခုမှ ပုန်းမနေနဲ့"
"မထိနဲ့နော်...ခင်ဗျား"
ဒေါ်အရွှေက ရှေ့တိုးလာပြီး သူ့ခါးမှာဖက်ထားသည့် ငွေငါးလေးကို ဆွဲထုတ်ဖို့ကြိုးစားသည်။ သမ္ဘာ သူမကို ကိုယ်လုံးနှင့်ကွယ်ပစ်ပြီး အတင်းဆွဲထုတ်နေသည့်ဒေါ်အရွှေရဲ့လက်တွေကိုပါ တွန်းထုတ်ပစ်လိုက်ရင်း၊
"ဒီမှာ... ဒေါ်လေးရွှေရဲ့မာလကာပင်က ခြံနှစ်ခြံကြားမှာရှိနေတာ။ ငွေငါးက မသိလို့ခူးမိတာ သူ့မှာ အပြစ်မရှိပါဘူး။ ရွာထဲက ကလေးတွေလည်း ဒီလိုပဲ ခူးနေကျ။ ငွေငါးကျမှ သူခိုးဖြစ်ရတယ်လို့။ အစကတည်းက မခူးစေချင်ရင် ခင်ဗျားခြံကို လုံအောင်ခတ်ထားပါလား"
"ကြည့်စမ်း..ကြည့်စမ်း မင်းတို့ လူပါးဝလှချည်လား။ မင်းကပါ မဆုံးမတဲ့အပြင် ဒီအရူးမဘက်က ကြံရာပါ ပါလား။ အံ့ပါရဲ့ အရိုင်းအစိုင်းနဲ့ အရူးနဲ့လိုက်လည်းလိုက်ပါ့"
"ဒေါ်အရွှေ.."
သမ္ဘာအသံကြီးက ဟိန်းသွားလျက်မေးကြောတွေထောင်တက်သည့်အထိ အံကြိတ်လိုက်သည်။
ထိုအခါ ခြံထဲက အလုပ်သမားတွေရော အနီးအနားခြံတွေကပါ သူတို့ရှိနေသည့်ခြံအနောက်ဘက်ဆီစုပြုံရောက်လာကြသည်။
"မာလကာသီးဖိုး ဘယ်လောက်လဲ ပြော။ နောက်တစ်ခါ အရူး၊သူခိုးလို့ထပ်ပြောခေါ်ကြည့် တရားရုံးတစ်ခါတည်းရောက်သွားမယ်။ သတ္တိရှိရင်တော့ စမ်းကြည့်လိုက်"
အလုပ်သမားတွေကလည်း အလုပ်ရှင် သမ္ဘာ့ကို ဘာမှ ဝင်မပြောရဲ။ဒေါ်အရွှေကို လက်ညှိုးထိုးလျက် ပြောဆိုပစ်လိုက်သည်။
"မင်း...မင်းကများ တောက်...အရိုင်းအစိုင်းကောင် ဇာတိက ပြလာပြီ။ အမယ်လေး အရပ်ကတို့ရဲ့ကြားလို့မှ ကောင်းကြသေးရဲ့လား မယားလုပ်တဲ့အရူးက သူများမာလကာသီးကို ဝင်ခိုးသေးတယ် လင်လုပ်တဲ့သူက ကတ်ကတ်လန်အောင်ရန်ထောင်နေတာ"
"ဟာဗျာ...ခင်ဗျား..."
"ဟာ သမ္ဘာ မလုပ်နဲ့"
သမ္ဘာ မျက်နှာကြီး နီရဲကာ ခြံထောင့်က တံတောင်လောက် ဝါးရင်းတုတ်ကိုပြေးဆွဲတော့ အလုပ်သမားတွေ ဝိုင်းဆွဲကြသည်။
"လူပါးဝတာ ကြည့်စမ်း ကြည့်စမ်း...မင်းကများ ငါ့ကိုရိုက်ချင်သေးတယ် လာစမ်းပါ အရွှေတဲ့တစ်ရွှေဘဲ ရှိတယ်ဟေ့"
ဒေါ်အရွှေကလည်း ထဘီတစ်စဆွဲလျက် ကဆုန်ပေါက်နေသည်။
"မိမရှိဖမရှိ အရိုင်းအစိုင်းတွေ"
"ခင်ဗျားပါးစပ်ပိတ်ထားရင် ကောင်းမယ်နော် ဒီတစ်ခါဆို ခင်ဗျားခေါင်းအကွဲဘဲ။ မိမရှိဖမရှိတော့ ဘာဖြစ်သေးလဲ။ ခင်ဗျားတောင် ရိုင်းစိုင်းသေးတာ သမ္ဘာရင့်ဆိုတဲ့ကောင်ရိုင်းတာ ဘာဖြစ်လဲ"
"သူခိုးတွေက လူပြန်ဟစ်နေတာ ကြည်စမ်း။ မင်းတို့ကို အုပ်ကြီးနဲ့သွားတိုင်မယ်ဟဲ့ အရူးမနဲ့ဇယားတွေရှုပ်ပြီး ငါ့ကိုလာကိုက်နေတာ။ နင်တို့နဲ့ တုဖြစ်ရတာ သနတယ်သိလား"
"ဟာကွာ...ဒီမိန်းမကြီး"
စောစောက မကောက်ဖြစ်လိုက်တဲ့ ဝါးရင်းပိုင်းကို ပြေးဆွဲကာ လှည့်လိုက်တော့ ဒေါ်အရွှေတစ်ယောက်ထဘီမလျက် တစ်ဖက်ခြံထဲသို့ သုတ်ခနဲပြေးဝင်သွားပြီ။
"ဒီမှာ ဒေါ်လေးရွှေ ခင်ဗျား ကျွန်တော့်ခြံထဲက နှင်းဆီတွေ ခိုးခူးတာတွေရော ငှက်ပျော်ခိုင်တွေ သဘော်သီးတွေခိုးရောင်းတာတွေရော တရားစွဲပစ်လိုက်မယ် ဘာမှတ်နေလဲ။ မာလကာသီးနှစ်လုံးနဲ့ ခင်ဗျားယူထားတဲ့တန်ကြေး ဆကြည့်ပေါ့။ မကျေနပ်ရင် အချိန်မရွေး ရှင်းလို့ရမယ်။ ကျွန်တော့်ဘက်က အမြဲအသင့်ဘဲ"
ဝါးရင်းပိုင်းကို ပစ်ချပြီး လှမ်းအော်လိုက်တော့ ကြည့်နေကြတဲ့သူတွေ ပြုံးစိစိဖြစ်ကုန်ကာ ရှဲသွားကြသည်။ ဒေါ်အရွှေတစ်ယောက်ကတော့ အရိပ်အယောင်လေးတောင်မမြင်ရတော့ပေ။
ထိုအခါမှ သူ့ခါးကိုတစ်ချိန်လုံးမလွှတ်တမ်း ဖက်ထားသည့်ငွေငါးလေးကို သတိရသွားပြီး ခါးကလက်ကိုဖယ်ချကာ မျက်နှာချင်းဆိုင်လိုက်တော့ ငွေငါးလေးက မျက်လုံးရွဲကြီးတွေနှင့် သူ့ကိုမော့ကြည့်ကာ၊
"ငါးလေး မစားတော့ပါဘူး လွှတ်ပစ်လိုက်ပါပြီ။ ငါးလေးကို မဆူနဲ့နော်"
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး လက်ဖဝါးချင်းပွတ်လျက် ဆိုလိုက်သည့်ငွေငါးလေးရဲ့ချစ်စဖွယ်အမူအရာလေးကြောင့် စောစောက ဖြစ်နေသည့်ဒေါသတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။
"ငါးလေး လမ်းလျှောက်ရင်းနဲ့ ကလေးတွေခူးနေတာတွေ့လို့နှစ်လုံးတောင်းလိုက်မိတာ ငါးလေးမခူးပါဘူးသမ္ဘာရယ်။ သမ္ဘာ မကြိုက်ဘူးမို့လား။ ငါးလေး မစားတော့ဘူးနော်"
မျက်လွှာလေးချလျက် ဆိုလိုက်တော့ ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ။ နင့်နင့်နည်းနည်းကြီး ခံစားလိုက်ရသည်။
သူ့ဆီက အသံမကြားရတော့ ငွေငါးလေးက မျက်လွှာပင့်ကြည့်ရင်း သူ့ခါးကိုသိုင်းဖက်လိုက်ကာ၊
"အဲဒီလိုကြီး မနေပါနဲ့ သမ္ဘာရယ်။ ငါးလေးကို မကျေနပ်ရင် ဆူလိုက်ပါ ငါးလေး သမ္ဘာမကြိုက်တာကို နောက်မလုပ်တော့ပါဘူး နော်..နော်"
ရင်ခွင်ထဲတိုးဝင်ကာ ချွဲနွဲ့နေသည့် ဒီကောင်မလေးကို ဘယ်တုန်းကမှ စိတ်အဆိုးရက်ခဲ့ပါ။ သူမကို ထိခိုက်နစ်နာစေသည့်စကားလုံးတွေအတွက် သူရင်ထဲ နာနာကျင်ကျင်ကြီးခံစားနေရသည့် အဖြစ်ကို သူမကမသိ။
ရင်ခွင်ထဲကနေ သူမကိုယ်လေးကို အသာဖယ်ရင်း တစ်နေရာစီလွင့်သွားသည့် မာလကာသီးအလုံးတွေကို လိုက်ကောက်လိုက်ပြီး သူမလက်ထဲထည့်ပေးလိုက်သည်။
"မဆူပါဘူးကွာ.."
ဖျတ်ခနဲ ဝင်းတက်သွားသည့်မျက်နှာလေးက အံ့သြရိပ်တို့ဖြင့် လင်းခနဲလက်သွားပြီး၊
"တကယ် တကယ်လားဟင်..."
ချွေးစတို့ဖြင့်ပန်းရောင်ပြေးနေသည့် မျက်နှာလေးကို ငုံ့မိုးကြည့်ရင်း ဆံနွယ်တွေကို နားရွက်နောက်သိမ်းတင်ပေးရင်း သူ ပြုံးလိုက်မိ၏။
"ကိုယ် ဘယ်တုန်းက ညာခဲ့ဖူးသလဲ"
"ဝမ်းသာလိုက်တာ သမ္ဘာရယ်...အဲဒါကြောင့်ချစ်တာ"
"အဟက်...အလည်မလေး"
ရွှင်မြူးသွားသည့် ငွေငါးလေးက သူ့မေးဖျားကိုခြေဖျားလေးထောက်လျက်နမ်းလိုက်တာမို့ ရင်ထဲ နွေးလျလျဖြင့် ခုန်ပေါက်သွားကာ ကြည်ကြည်နူးနူးလေးပြုံးမိသွားသည်။
"သမ္ဘာ့ကိုချစ်တယ်"
မမေးဘဲ အမြဲတမ်း"သမ္ဘာ့ကိုချစ်တယ်"ဟု ဖြေတတ်သော ငွေငါးလေးရဲ့ပန်းရောင်ပြေးနေသည့် ပါးပြင်မို့မို့လေးတွေနှင့်နှုတ်ခမ်းသားပြည့်ပြည့်လေးကို ကြည့်ပြီး ဗလောင်ဆူလာသော ရင်ခုန်သံတွေကို ထိန်းရင်း သူမခေါင်းလေးကိုဆွဲယူကာ ရင်ခွင်မှာ အပ်ထားလိုက်မိ၏။
အပိုင်း(၁၈)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း