book

Index 16

အပိုင်း(၁၆)

🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺


"မှဲ့ကြီး...လာပြီ...ဟိုမှာ...ဟိုမှာ"


ကျွဲကြီး လက်ညှိုးညွှန်ပြသည့်နေရာကို အကြည့်ရောက်သွားတော့ မှဲ့ကြီးဆိုသူ၏ မျက်လုံးတွေ အလိုလိုကျဥ်းမြောင်းသွားလေသည်။ 


"ငါ ပြောသားဘဲ မှဲ့ကြီးရာ...ဒီကောင်က အသက်ရှည်ဆေးစားထားတဲ့ ဖိုးသက်ပျင်းပါလို့"


အသားမဲမဲ၊ဂင်တိုတိုနှင့် ဗလကောင်းသည့် လူကြီးက ကျွဲကြီးဆိုသည့် နာမည်နှင့် လိုက်ဖက်နေသည်။ 


"တောက်...ဒီကောင်က ဘယ်လိုဘယ်လို အသက်ရှင်နေသေးတာလဲ"


"အသက်ရှင်ရုံမကဘူး အနားမှာ အသက်ရှည်ဆေးလေးတောင်ရှိနေသေးတယ်ကွ"


ရွာထိပ်ချောင်းစပ်ရှိ ကနစိုပင်ကြီး အောက်တွင် ကွယ်ရပ်ရင်း အရက်ခိုးဝေနေသည့် နီစပ်စပ်မျက်လုံးတွေက တစ်နေရာတည်းမှာ စူးစိုက်လျက်။


"တောက်...ငါ့လက်စငါသိတယ် ကျွဲကြီး။ ဒီကောင်ဘယ်လောက်အသက်ရှည်နိုင်မလဲ ကြည့်ကြသေးတာပေါ့"


"ငါ ကြားတာတော့ ကောင်မလေးက ရူးနေတာတဲ့ကွ။ ဘယ်ကနေ ဘယ်လိုရောက်လာသလဲ မသိဘူး။ ကြည့်..ကြည့်လာပြီ"


ကျွဲကြီး လက်ကုတ်လိုက်တော့မှ တဖြည်းဖြည်းနီးလာတဲ့ သမ္ဘာရင့်တို့ကို မျက်တောင်မခတ်ကြည့်မိသွား၏။


အနီနှင့်အနက်ကို ရောစပ်ထားသည့် အကွက်ဆန်းဆန်းရှပ်အကျီကို အနက်ခံထဲမှာ အဖြူပွင့်လေးတွေရောနေသည့် ထဘီလေးနှင့်တွဲဖက်ဝတ်ဆင်ထားသည့် ကောင်မလေး။ အရပ်က သာမန်အရပ်ခပ်တိုက်တိုက်လေးမို့ သမ္ဘာရင့် ပခုံးလောက်ဘဲရှိသည်။ ဖြူဝင်းနေသည့် အသားအရည်လေးက တံတောင်ဆစ်အထိ လက်ခေါက်ဝတ်ထားသည့် ရှပ်အကျီအောက်မှာ ပေါ်လွင်နေ၏။


ညနေခင်း၏လေပြည်သွေ့သွေ့မှာ ပျော့အိအိဆံနွယ်လေးတွေက ကျောထက်မှာ ဝဲပျံ့နေလျက်။ရယ်မောလျက် သမ္ဘာရင့်လက်မောင်းကို မှီနွဲ့ကာ လှမ်းလျှောက်လာသည့် ကိုယ်ဟန်နွဲ့နွဲ့လေးက ဘယ်လိုကြည့်ကြည့် မိုးနတ်သူဇာတစ်ပါးလို လှပချောမွေ့နေသည်။ 


"အားပါးပါး....ဘုံကြိုးပြတ်တဲ့ နတ်ကညာလေးပါလား။ မင်း သတင်းက သေချာရဲ့လား ကျွဲကြီးရာ"


သွားတန်းလေးတွေပေါ်အောင်ရယ်မောလျက် စကားတွေကို မနားတမ်းပေါက်ပေါက်ဖောက်လာသည့် ကောင်မလေးကို စိတ်မနှံ့ပါဘူးလို့ ဘယ်သူထင်မလဲ။ 


"သမ္ဘာရင့် အိမ်မှာနေတာကွ။ တစ်ရွာလုံးကတော့ ဒီကောင်နဲ့ငြိနေတယ်လို့ပြောကြတာဘဲ။ ဖြစ်လည်းဖြစ်နိုင်တယ် ဟေ့ကောင်..သမ္ဘာရင့်ရဲ့ အစစ်အမှန်ပစ္စည်းလေးကွ"


"တိတ်...ဟိုမှာ နီးလာပြီ"


နီးလာသည့် သမ္ဘာရင့်ကို အံကြိတ်ကြည့်နေလျှင်၊


"သမ္ဘာနော်...အဲဒါ သမ္ဘာ့ကြောင့်"


"ဟောဗျာ....ကျွန်တော့်ကြောင့်ဟုတ်လား"


"ဟုတ်တယ်"


ချိတ်ထားသည့်လက်မောင်းကိုလည်း မလွှတ်ဘဲ ငွေငါးလေးက မျက်စောင်းလေးချီကာ သမ္ဘာ့ကို ရန်စွာနေသည်။ ပြီးတော့...ရွာထဲဘက်ကို လှည့်ကြည့်ပြီး၊


"သူများတွေ ပြောဆိုနေကြတာ သမ္ဘာမကြားဘူးလား"


"ကြားသားဘဲ..."


သမ္ဘာက အရေးမစိုက်သလို ခပ်အေးအေးဆိုလိုက်တော့ ငွေငါးလေး မျက်နှာလေးပိုရဲသွားသည်။ 


"ကြားရဲ့သားနဲ့ သမ္ဘာ ဘာလို့ငြိမ်နေတာလဲ"


"ကိုယ်က ဘာပြောရမှာလဲကွာ...ကျစ်...သူတို့တွေကို တစ်ယောက်ချင်း လိုက်ရှင်းပြနေရဦးမှာလား"


"အို့...ရှင်းရမှာပေါ့။ သမ္ဘာနဲ့ ငါးလေးက သူတို့ပြောသလိုမှ မဟုတ်တာ။ ဟိုအဒေါ်ကြီးဆို ဘယ်လောက်အသည်းယားစရာကောင်းသလဲ"


"ပြောပါစေ...ရေသန့်ဗူးပါလိုက်ပေးလိုက်မယ်"


"ဟင်..."


ခြေစုံရပ်လျက် ငွေငါးလေးမျက်နှာမှာ ကောက်ကြောင်းတွေ ရှုပ်ယှက်ခတ်သွား၏။


"ရေသန့်ဗူးက ဘာလို့လိုက်ပေးမှာလဲလို့...သူတို့က ငါးလေးတို့နှစ်ယောက်ကို မဟုတ်မဟပ်တွေပြောနေတာလေ"


"အဲဒါကြောင့် ကိုယ်ပြောတာပေါ့ နောက်ကို အိမ်မှာဘဲ နေ ကိုယ့်နောက်လိုက်မလာနဲ့"


"လိုက်မှာဘဲ"


"လိုက်နေရင်တော့ အဲဒီလိုစကားတွေကြားနေရမှာလဲ ငွေငါး"


"ကြားရပါစေ...သမ္ဘာ့နောက်တော့ မလိုက်ဘဲ မနေနိုင်ပါဘူး"


ခေါင်းမာသည့် ငွေငါးလေးကို သမ္ဘာ ငုံ့မိုးကြည့်ရင်း သက်မ အသာချမိသည်။ အမြဲတမ်း လိုက်ပါနိုင်ပါစေလို့ ကိုယ်ဆုတောင်းနေပါတယ် ငွေငါးရယ်။ 


"လိုက်ပါဗျာ...ပုဆိုးစသာဆွဲပြီးလိုက်"


"ဘာလဲ ရွဲ့တာလား"


"ဟာကွာ...ရွဲ့စရာလား"


"မသိဘူးလေ...သူ့ပုံက သူများလိုက်လာတာကို မကြည်မလင်ဖြစ်နေတာကို"


"ပြောမိလို့လား"


"ပြောမှသိရမှာလား။ သမ္ဘာနော် ဘာလဲ သမ္ဘာ့ရည်းစားတွေ မြင်မှာစိုးလို့လား"


တမင်ဂျစ်တိုက်နေသည့် ငွေငါးလေးကို စချင်လာကာ၊


"ဟုတ်တယ်...ရည်းစားဟောင်းတွေရော နောက်ထပ်ရည်ရွယ်ထားတဲ့ ရည်းစားတွေပါ မင်းကိုမြင်သွားရင် လာဘ်ပိတ်မှာစိုးလို့"


သမ္ဘာ ငွေငါးလေးကို တမင်ညစ်ကျယ်ကျယ်လေး ဖြေလိုက်သည်။ ထိုအခါ သူ့လက်ကို ချိတ်ထားသည့်လက်ကိုငွေငါးလေးက ဖြုတ်ပစ်လိုက်တော့ သမ္ဘာ ရယ်ချင်စိတ်ကို မနည်းမြိုသိပ်လိုက်ရင်း၊


"လက်ကြီးကို အတင်းချိတ်ပြီး ရွာထဲပတ်နေတော့ ကိုယ်ဂွမ်းပြီပေါ့။ ကျွတ်...."


ကိုယ့်စကားကို ကိုယ်သဘောကျပြီး ကျိတ်ပြုံးမိပြီးမှ ငွေငါးလေး ပါမလာတာကို သတိထားမိသွားပြီး လှည့်အကြည့်။


"ငှငေါး..."


အံလေးကြိတ်လျက် ပုလဲသီးတွေ အပြိုင်ပြိုင်ခနေသည့် မျက်နှာလေးကို မြင်ရတော့ သမ္ဘာ သူ လွန်သွားပြီမှန်းသိလိုက်ရလျှင်၊


"ဟာကွာ...ကျစ်။ကိုယ်စတာပါငွေငါးရယ်..မငိုနဲ့နော် တိတ်"


မျက်ရည်များကို တယုတယသုတ်ပေးရင်း ချော့မော့နှစ်သိမ့်လိုက်မှ ဝမ်းနည်းတကြီး ငိုရှိုက်လာသည့် ငွေငါးလေး။ သမ္ဘာ ကိုယ့်ကိုယ်ကိုဘဲ ဒေါသဖြစ်မိ၏။ 


ငွေငါးလေး ငိုအောင် လုပ်ရတယ်လို့ကွာ မင်းအတော် အသုံးမကျတာဘဲ သမ္ဘာရင့်။ 


"တိတ်ပါကွာ...ကိုယ်တောင်းပန်ပါတယ် ငွေငါး။ တိတ်ကွာ...ကိုယ်ကြောင့် မငိုပါနဲ့။နောက်ဘယ်တော့မှ ကိုယ့်ကြောင့် မင်းမငိုရဘူးလို့ ကိုယ်ကတိပေးပါတယ် ငွေငါးရယ်။ မငိုနဲ့တော့ "


"သမ္ဘာမှာ ရည်းစားတွေရှိတယ်ပေါ့ ဟုတ်လား"


မျည်ရည်တွေကို လက်ခုံဖြင့် ပွတ်သုတ်ရင်း မေးလာသည့် ငွေငါးလေး၏ ချစ်စဖွယ်ဟန်ပန်လေးကြောင့် သမ္ဘာ့ ရင်ထဲ အတိုင်းမသိမြတ်နိုးခြင်းနှင့်အတူ ချမ်းမြေ့စွာပြုံးလိုက်ပြီး၊


"အများကြီးမရှိပါဘူးကွာ... တစ်သက်မှာတစ်ခါ၊တစ်ခါမှာ တစ်ပွင့်တည်းပွင့်တဲ့ ဘယ်တော့မှ မငြိုးမဲ့ထာဝရချစ်ပန်းလေးရဲ့ အရှင်သခင်မလေးလေးတစ်ယောက်ဘဲ ရှိတာပါ ငွေငါးရာ"


"ဟင် သခင်မလေးဟုတ်လား ဘယ်သူလဲ သူကဘယ်ကလဲ ပြော"


ချက်ချင်းမျက်နှာလေး ပျက်ကာ နှုတ်ခမ်းလေးစူသွားသည့် ငွေငါးလေး။ သဝန်တိုခြင်းကင်းသည့်အချစ်သည် ဆားမပါသော ဟင်းနှင့် အလားသဏ္ဍာန်တူသည်မို့ ငွေငါးလေး သူ့အပေါ်သဝန်တိုနေတာကို သမ္ဘာ့ ရင်ထဲအပျော်မြစ်တစ်စင်းဖြတ်ဆင်းသွားရသည်။


"ဘယ်သူရှိရမှာလဲ ဟောဒီ့ ကောင်မလေးပေါ့ကွ"


"အို"


ပခုံးလေးမှသိုင်းဖက်ကာ မျက်နှာချင်းပူးကပ်ပစ်လိုက်သဖြင့် ငါးလေး ရင်တစ်လှပ်လှပ်တုန်ကာ အချစ်၏ဖြားယောင်းမှုနောက် လိုက်ပါရင်း...။ 


လေတိုးသံသဲ့သဲ့နှင့် ကျေးငှက်သာရကာလေးများ၏ အော်မြည်သံက သာယာဖွယ်ကြားနေရဆဲပင်။ နွားရိုင်းသွင်းချိန်မို့ အနောက်အရပ်ဆီတိုးဝင်ပျောက်ကွယ်သွားပြီဖြစ်သော နေလုံးကြီး၏အလင်းရောင်က ခပ်ပျပျသာကျန်ရစ်၏။


"အမလေး ပလုတ်တုပ်"


အနီးကပ်ထွက်ပေါ်လာသည့် အသံကြောင့် နူးညံ့သည့်အချစ်ရေယဥ်ကျောမျောနေရာမှ သတိဝင်လာပြီး မျက်နှာချင်းအမြန်ခွာလိုက်သည်။ 


"မင်းတို့က ဒီမှာ လာချိန်းတွေ့နေကြတယ်ပေါ့လေ"


ရွာလယ်ပိုင်းက အပျိုကြီးဒေါ်လှစိန်နှင့်မှ တည့်တည့်တိုးရသည့် အဖြစ်။ အပျိုကြီးပေမယ့် အတင်းပြောသန်တဲ့နေရာမှာ နှစ်ယောက်မရှိ။ တစ်ရွာလုံးကို ပတ်ပြီး အတင်းပြောတတ်လွန်းလို့ ဆယ်နိုင်ငံ စလောင်းဟု နာမည်တွင်နေသူ။ ဒေါ်လှစိန်နှင့် လာတွေ့နေတော့ သမ္ဘာ မျက်နှာပျက်သွားကာ ဘေးမှာ ခေါင်းငုံ့ငြိမ်သက်နေသည့် ငွေငါးလေးကိုငဲ့အကြည့် သူမကလည်း သူ့ကိုရှက်ဝဲဝဲလေးမော့ကြည့်တာနှင့်ဆုံသွားတော့ ရင်ခုန်သံတွေက အစကပြန်သြဘာပေးလာပြန်၏။


နှင်းဆီတစ်ခင်းဖြန့်ခင်းထားသလို ရဲဗတောင်း ထနေသည့် ငွေငါးလေးမျက်နှာလေးကိုစိုက်ကြည့်ရင်း အရှက်သည်းနေသည့် သူမအဖြစ်ကို စာနာမိကာ လက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း သူမကိုယ်လေးကို အနီးဆုံးရောက်အောင်ဆွဲလိုက်ကာ ဒေါ်လှစိန်ကြီးကို တည့်တည့်ရင်ဆိုင်လိုက်သည်။ 


"ဒေါ်လေးစိန်ကရော ဒီအချိန်ကြီး ဘယ်ကပြန်လာတာလဲခင်ဗျာ့"


နှုတ်ခမ်းတွန့်ရုံပြုံးလျက် အရေးမစိုက်သလို ပြန်မေးလိုက်သည်။ ဒေါ်လှစိန်ကြီးက လွယ်တဲ့မိန်းမကြီးမဟုတ်..သူ့ရှေ့မှာ မူပျက်ပြနေရင် တစ်ရွာလုံးမောင်းခတ်လို့ပိုကောင်းသွားလိမ့်မည်။ 


"ဟိုဘက်ရွာကပြန်လာတာ တကယ်တည်းတော် လမ်းမကြီးပေါ်မှာဖြစ်ပျက်နေတာ။ငါမသိလို့မေးလိုက်ပါဦးမယ်... မင်းတို့က ရုပ်ရှင်ရိုက်နေကြတာလား သမ္ဘာရင့်"


မဲ့ရွဲ့ပြောနေသည့်ဒေါ်လှစိန်ကြီးကို ငါးလေး မကြည့်ရဲတော့ပါ။ ရှက်သည့်စိတ်ဖြင့် လူတစ်ကိုယ်လုံးအငွေ့ပျံပြေးချင်နေပြီ။ 


"ဆိုပါတော့...လက်ထပ်ဖို့ဆွေးနွေးနေတာဆို ပိုမှန်မယ် ဒေါ်လေးစိန်။ သွားလိုက်ပါဦးမယ်ခင်ဗျာ့"


ကြောင်ငေးနေသည့်ငွေငါးလေးလက်လေးကို တင်းတင်းဆုပ်ကိုင်ရင်း ဒေါ်လှစိန်ကြီးဘေးကနေ ခပ်တည်တည်ထွက်လာခဲ့သည်။ 


"သြော်...ဒေါ်လေးစိန်လည်း ကျွန်တော်တို့အတွက်လက်ဖွဲ့ကောင်းကောင်းလေးကြိုစဥ်းစားထားဦးနော်...အဟင်း.."


ကြည့်စမ်း...ပြောသွားလိုက်တာ။ ခပ်ထေ့ထေ့ပြုံးလျက် ကျောခိုင်းသွားသည့် သမ္ဘာရင့်ကျောပြင်ကိုကြည့်ပြီး မချင့်မရဲကျန်ရစ်ခဲ့သူက ဒေါ်လှစိန်။ 


"ခေတ်ကာလသားသမီးတွေများ ကဲလိုက်ကြတာ။ ယိုသူမရှက် မြင်သူရှက်ဆိုတာ ဒါမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ဒါသတင်းဦးသတင်းထူးဘဲ။ အချိန်ရှိတုန်း ရွာထဲလှည့်ပြောမှ"


ဒေါ်လှစိန်တစ်ယောက် မောရမှန်းပမ်းရမှန်းသတိမရတော့ပါ။ ထဘီတစ်စဆွဲလျက် ရွာဆီသို့သုတ်ခြေတင်လေတော့၏။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ကဲ...ဘယ်လိုလဲ ညွန့်စံ အရည်ပျော်စရာကျန်သေးလား"


"ဒီညလည်း ကိုညွန့်စံ၊ ခင်ဗျားအတွက် လမိုင်းမကပ်မပါလားဗျ"


"ဟုတ်ပါ့...စထိုင်ကတည်းက အကုန်ဘဲ"


"ကိုညွန့်...ခင်ဗျားက ငွေတွင်းဖင်ခုထိုင်ထားတာဘဲဗျာ ဘာမှုစရာလိုလဲ"


တစ်ယောက်တစ်ပေါက်ဝိုင်းပြောနေတာကိုလည်း ကြားတစ်ချက်မကြားတစ်ချက်။ ပါသမျှလည်းပြောင်နေပြီ။ 


ညွန့်စံ မျက်နှာကြီးမှာ အရက်ခိုးနှင့်ရောလျက် နီရဲနေပြီး ချွေးတွေစို့နေ၏။ ငွေမျောငွေနှင့်လိုက်တဲ့။ ဒီညကုန်သွားတဲ့ ငွေပမာဏက နည်းနည်းမဟုတ်။ ထပ်ထုတ်စရာလည်းမရှိတော့။ 


"ကဲ ဘယ်လိုလဲ ကိုညွန့်စံ"


အပြုံးတွေနှင့်မေးနေတာကို ညွန့်စံ မခံချင်။ 


"မိုးကြိုး...ငါ့ကို ဆယ်ပုံးလောက်ခဏကွာ"


ပါသမျှကုန်နေတဲ့အပြင်နေ့ဆက်ရှုံးနေတာမို့ အရှုံးနှင့်မပြန်ချင်။ ဒါကြောင့် တစ်ဝိုင်းလုံးနီးပါးသိမ်းနေသည့်မိုးကြိုးဆီ ငွေခဏချေးလိုက်တာ။


"ညွန့်စံရာ...မင်းသူဌေးမှ မရှိတော့တာ နည်းနည်းလောက်ရေဖျော်လိုက်ပေါ့ကွ။ ဘယ်သူသိတာမှတ်လို့"


"ဟုတ်သားဘဲ ကိုညွန့်...ခင်ဗျားသူဌေးဦးမဟာသွေးမရှိမှတော့ ဒီကပစ္စည်းတွေ ခင်ဗျားသဲ့ယူလိုက်ပေါ့ဗျာ"


"သူဌေးမှာ သားကျန်ခဲ့တယ်ကွ"


ညွန့်စံ၏အင်တင်တင်အသံကြီးကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်စပစ်လိုက်ကြ၏။


"ဟ...သားကျန်ခဲ့တော့ရော ဘာဖြစ်သေးလဲ ညွန့်စံရာ။ ဦးမဟာသွေးတုန်းကတောင် မင်းရအောင်ဖျောင်ခဲ့သေးတာဘဲ။ သူ့သားလောက်တော့ မှုစရာလား"


"ဦးမဟာသွေးသားကို မင်းမြင်ဖူးလား ညွန့်စံ"


နောက်တစ်ဝိုင်းစဖို့ထက် ဦးမဟာသွေး၏

အကြောင်းဆီဦးတည်သွားတော့၏။ 


"အင်း သူဌေးနာရေးတုန်းက မြင်ဖူးလိုက်တယ်"


"ဟုတ်လား ဘယ်နှယ့်လဲ"


မိုးကြိုးမျက်လုံးတွေက စိန်ပွင့်တွေလိုတလက်လက်တောင်ပနေလျက် ညွန့်စံ၏အဖြေကို နားစွင့်နေခဲ့သည်။


"ကောင်လေးက ကျောင်းတောင်မပြီးသေးဘူးကွ။ သူဌေးဆုံးသွားတော့ အဝေးသင်ပြောင်းပြီး အလုပ်တွေကိုဝင်ဦးစီးနေတယ်ကြားတာဘဲ"


"ဒါဆို အချဥ်လေးပေါ့ကွ။ စိတ်ကူးမလွဲနဲ့ ညွန့်စံ...ဒါ ကိုယ့်အခွင့်အရေးဘဲ။ခုချိန်မှာ မင်းသူဌေးလည်းမရှိတော့ဘူး။ ဒီမှာရှိတဲ့ ခြံတွေရဲ့ကာလပေါက်စျေးနဲ့တန်ကျေကို မင်းသိသားနဲ့။ အခွင့်အရေးဆိုတာ ဒုတိယအကြိမ်ရှိခဲတယ်နော်"


ပခုံးကိုပုတ်လျက် မိုးကြိုးက သွေးထိုးပေး၏။ ညွန့်စံ ပြုံးပြီး ငြိမ်သက်နေလိုက်သည်။


"မင်းတို့မိသားစု နတ်ရေကန်ထဲကျသွားသလို လုံးဝပြောင်းလဲသွားမဲ့အခွင့်အရေးက ဒီတစ်နည်းဘဲ ရှိတယ် ကိုညွန့် စိတ်ကူးမလွဲနဲ့ဗျ"


"သူဌေးရဲ့သားဆိုတဲ့ကောင်လေးက ရန်ကုန်မှာ။ ပြီးတော့ မင်းလောက်လည်း လုပ်ငန်းပိုင်းကိုကျွမ်းကျင်မတဲ့လား။ ဦးမဟာသွေးရဲ့လုပ်ငန်းတွေကို မျက်စေ့ကျနေတဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိတာကို မင်းအသိနော် ညွန့်စံ"


"ဟုတ်တယ် ကိုညွန့်...အောင်ပန်းမှာရှိတဲ့စီးပွားရေးလုပ်ကွက်တွေက ခင်ဗျားလက်ထဲမှာဘဲ ရှိနေတာ။ ခင်ဗျားသူဌေးကလည်း မရှိတော့ဘူး။ သူ့သားဆိုတာကလည်း ရန်ကုန်က အလုပ်တောင်မနည်းလုပ်နေရမှာ။ ဒီအချိန်က အချိန်ကောင်းဘဲ ကိုညွန့်"


"သူဌေးသားနာမည်က ဘယ်သူလဲ ညွန့်စံ"


"ရင့်မဟာ..."


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


🎼🎼 နောက်ဆုံးနေ့များဆီအထိ မေတ္တာတရားတွေ ငါ့အပေါ်ထားနိုင်မလား ငါမျှော်လင့်မိပါတယ် ငါယုံစားမိပါတယ် ငါပဲ ရူးနှမ်းခဲ့တာ အပြစ်ရှိသမျှ ငါ့အပေါ်ပုံချလိုက်ပါတော့ ဘယ်တော့မှ လှည့်မကြည့်နဲ့ ဘာတစ်ခုမှ မငဲ့ညှာနဲ့ လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တဆုံးလှည့်စားလိုက်တာတွေ...

လုပ်ပါ မင်း ငါ့အပေါ်ရက်စက်တာတွေ တဆုံးလှည့်စားခဲ့တာတွေ ...🎼🎼


လှေကားတစ်ဝက်ရောက်သည်နှင့် ဖြူဖြူ့သီချင်းသံက လာရိုက်ခတ်သည်။ ရင့်ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွားပြီး အတူပါလာသည့် မိခင်မျက်နှာကို ဖျတ်ခနဲကြည့်လိုက်မိ၏။


ထိုအခါ စူးစမ်းသလိုကြည့်လာသည့် ဒေါ်နွေးနွေးလှိုင်မျက်လုံးတွေကို ရင့်မဟာရှောင်တိမ်းလိုက်ရ၏။ စိတ်ထဲမှာ လိပ်ပြာမသန့်သလိုဖြစ်သွားပြီး သီးချင်းအကျယ်ကြီးဖွင့်ထားသည့် ဆူးခေတ်သစ်ကိုလည်း ဒေါသဖြစ်နေမိသည်။ 


"သမီးလေးက အစားမစားဘဲ တစ်ချိန်လုံးအခန်းအောင်းပြီး နေလို့ သားထမင်းကျွေးကြည့်ပါလားကွယ်။ သမီးက သားကျွေးရင်တော့ စားမှာ" တဲ့။ မေမေကိုယ်တိုင် ထမင်း၊ဟင်းတွေပြင်ဆင်ထည့်သိုထားတဲ့ ဗန်းလေးကိုကိုင်ပြီး တောင်းဆိုလာတော့ ရင့်မှာ ငြင်းဆန်ဖို့မဖြစ်နိုင်တော့ပါ။ မေမေစိတ်ကျေနပ်ဖို့ သူ လိုက်လာခဲ့တာ။ ခုတော့ ဒင်းက သီချင်းဖွင့်ပြီး ငြိမ့်နေလေရဲ့။


မေမေရှေ့ကတက်သွားတော့ ရင့် ကျန်နေလို့မရတော့။ လှေကားထစ်တွေကိုဆောင့်နင်းရင်း စိတ်ထဲကနေ ဆူးခေတ်သစ်ကို အပြစ်တင်နေမိသည်။


ခုလိုမေမေ့ဆန္ဒကိုလိုက်လျောလိုက်တာ ဟိုတလောက ဝှီးချဲလ်ပေါ်က ပြုတ်ကျတဲ့ကိစ္စနဲ့ပက်သက်ပြီး မေမေက သူ့အပြစ်မကင်းဘူးဆိုလို့ပါ။


🎼🎼 အခွင့်အရေးလည်း မရှိပါဘူး မင်းခြေလှမ်းတွေ တခြားနေရာသွားချိန်မှာ ဘယ်လိုငါက လိုက်ရှာမလဲ ဘယ်လိုငါ တားဆီးမလဲ ငါပဲစချစ်မိတာ အပြစ်ရှိသမျှ ငါ့အပေါ် ပုံချလိုက်ပါတော့ ဒါဟာ ကိုယ့်ထိုက်ကိုယ့်ကံဘဲ ငါဘာတစ်ခုမှ မတတ်နိုင်ခဲ့ လုပ်ပါ မင်းငါ့အပေါ်ရက်စက်တာတွေ တဆုံး လှည့်စားလိုက်တာတွေ..

လုပ်ပါမင်း ငါ့အပေါ်ရက်စက်တာတွေ တဆုံးလှည့်စားခဲ့တာတွေ🎼🎼


ခပ်ဟဟဖြစ်နေသည့်အခန်းတံခါးကနေ အထဲမဝင်သေးဘဲ လှည်းကြည့်လိုက်တော့ ဖွင့်ထားသည့်လိုက်ကာ ရှေ့မှာ ဝှီးချဲလ်ပေါ်ထိုင်နေသည့် ဆူးခေတ်သစ်က တံခါးဘက်ကိုကျောခိုင်းလျက်သားဖြင့် မေမေ့ပြောနေတာကို ငြိမ်နားထောင်နေသလား ဒါမှမဟုတ် သီချင်းကိုဘဲ နားစိုက်ထောင်နေသလား မသိ။


သီချင်းသံကိုနားစိုက်ထောင်ရင်း ရင့် ပြုံးလိုက်သည်။ ထိုအပြုံးက အသက်မပါတဲ့ မဲ့ပြုံးတစ်ခုဆိုတာကို ကိုယ့်ဘာသာသိနေ၏။


"သား...ဝင်ခဲ့လေ"


ဒေါ်နွေးနွေးလှိုင်က ရင့်ကိုမြင်သွားပြီး လှမ်းခေါ်လိုက်သည်။ ရင့် အနားကိုလျှောက်သွားတော့ ဆူးခေတ်သစ်က တစ်ချက်မော့ကြည့်ပြီး မျက်လွှာချငြိမ်သက်သွား၏။


ထိုအခါ သွယ်လျလျမျက်နှာလေးက မေးရိုးလေးငေါလျက် မျက်ကွင်းတွေချိုင့်ကာ ဖြူရော်ရော်ဖြစ်နေသလို နဂိုသွယ်သည့်ကိုယ်လုံးလေးက ပြားကပ်ကာ ပိန်သွားတာ သိသိသာသာ။အမြဲတမ်းပြုံးရယ်နေတတ်သည့် ကာလာခြယ်မျက်နှာလေးက ဘာမှ လိမ်းခြယ်ထားခြင်းမရှိဘဲ နွမ်းဖတ်ဖတ်လေးဖြစ်နေသည်။အဖြူရောင်ဂါဝန်လေးနှင့် အနွေးထည်အပါးလေးကို ထပ်ဝတ်ကာ ငြိမ်သက်နေသည့် ဆူးခေတ်သစ် ပုံစံကို ငုံ့မိုးကြည့်ရင်း ပြုံးလိုက်မိသည်။


ဒီလောက်နဲ့အရှုံးပေးလို့မရသေးဘူး ဆူးခေတ်သစ်။ မင်းအမေအတွက် ပြန်ယူရမဲ့ကြွေးတောင်မကျေသေးတာ မင်းပေးဆပ်ဖို့ရှိသေးတယ်။ 

 


🎼🎼 ဘယ်ဟာ အမှန်ဘယ်ဟာအမှား အချစ်အားကြီးတော့ခွဲခြားမရ သံကြိုးများလိုခိုင်မာတဲ့နှောင်ဖွဲ့ထားသမျှ မေတ္တာကို ငါဘယ်လိုဖြတ်မလဲ ...ရေး...ရေး...🎼🎼


ကိုယ့်ကိုကြည့်နေမှန်းသိပေမယ့် ဆူး သီချင်းသံနှင့်အတူ အပြင်ကိုငေးကြည့်ရင်း နာနာကျင်ကျင်ဖြင့်ပြုံးမိသည်။ လူက မွန်းကျပ် မူးနောက်ဆို့နစ်ကာ ငိုချချင်သည့်စိတ်ကို မငိုမိအောင် အနိုင်နိုင်ထိန်းထားသည်။


ကိုကိုပျော်တယ်ဆို ဆူးကျေနပ်ပါတယ်။ 


ရက်စက်တဲ့နှလုံးသားနဲ့ သင်ကြားပေးခဲ့တဲ့ ကိုကို့ကို ဆူး နှလုံးသားလေးက အသန့်စင်ဆုံးချစ်ခဲ့မိတယ်။ ကိုကို့ကို နာကြည်းပေမယ့် ဆူးချစ်တယ် ကိုကို။


"စားလိုက်ပါ သမီးရယ် မနက်စာလည်း မစားဘူး ခုညနေစာပါ မစားရင် ဆေးတွေဘယ်လိုသောက်မလဲကွယ်"


ထမင်းတွေပြင်ထားတဲ့ဗန်းကို ဆူးခေတ်သစ်ရှေ့မှာရှိနေတဲ့ စားပွဲပေါ်တင်ရင်း မေမေက လေပြည်လေးနှင့်ချော့နေသည်။ လုံးလုံးကလည်း အနားမှာ တောင့်တောင့်လေးရပ်ပြီး ငြိမ်သက်နေလျက် သူ့ကိုလည်းတစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်နေ၏။


"သမီး မစားချင်သေးဘူး မေမေနွေး"


ခေါင်းခါငြင်းတော့ မေမေက စစ်ကူခေါ်သလို သူ့ဆီကြည့်လာတော့ သူ မနေသာတော့ပါ။ 


"ဒီမှာ မင်းဆေးတွေသောက်နေရတာ အစာမစားရင် ဒုက္ခရောက်သွားမှာပေါ့ လူကြီးတွေစိတ်ပူရအောင်မလုပ်နဲ့။ စားလိုက်"


အပြင်ကပြန်လာတာမို့ မချွတ်ရသေးတဲ့ဂျာကင်က ရင်ခွဲဝတ်ထားတာသဖြင့် ခါးထောက်လိုက်တော့ ရင့်ပုံစံက ခပ်ရင့်ရင့်ဖြစ်သွား၏။


ဒေါ်နွေးနွေးလှိုင် သားကိုကြည့်ပြီး မျက်နှာပျက်သွားသည်။အပြောအဆိုဆိုးဝါးသည့် သားကြောင့် သမီးလေးရင်ထဲ အနာတစ်ခုထပ်တိုးမဲ့အဖြစ်မျိုး သူမ အဖြစ်မခံနိုင်ပါ။


"သား.."


သားကိုသတိပေးသလိုခေါ်လိုက်တော့ သားကမကြည့်ဘဲ ဆူးက မျက်ရည်တွေရစ်ဝဲနေသည့်မျက်လုံးလေးတွေဖြင့် မော့ကြည့်လျက်၊


"စိတ်ပူတဲ့အထဲမှာ ကိုကိုရော ပါသေးလား"


ရင့်မျက်နှာကြီး ရဲသွားကာ ပါးစပ်ပြင်ပြီးမှာ သူ့လက်မောင်းကိုဆုပ်ကိုင်ရင်း သတိပေးလိုက်တဲ့မေမေ့ကြောင့်ဘာမှ မပြောဖြစ်လိုက်။ဒါကို ဒင်းလေးက နားမလည်ဘဲ။


"ကိုကိုစားစေချင်တယ်မို့လား...ဒီထမင်းကို ဆူးစားရမယ်လို့ ကိုကို ပြောပါ"


တောက်...။ မစားလို့​သေသွားလည်း အေးရောဟု စိတ်ထဲက ပြောလိုက်သည်။ ဒါပေမယ့် အနားမှာမေမေရပ်နေတာကြောင့် စကားလုံးက အပြင်ထွက်မလာခဲ့။


"သမီးလေး ကိုကိုက စားစေချင်နေတာပါ သမီးရယ်။ စားလိုက်နော် ဟဲ့သား ပြောလိုက်လေ"


မေမေက ကြားကနေ ဝင်ပြောပြီး သူ့လက်မောင်းကိုလည်း မသိမသာတို့လိုက်သေးသည်။


"ကိုကိုစားလို့ အမိန့်ပေးလိုက်တာနဲ့ ဆူး ခေါင်းညိတ်ဖို့အသင့်ပါဘဲ"


ဘာအမိန့်လဲ မေမေရှေ့မှာမို့ ငါ့စကားနာခံသလိုလိုနဲ့ ပညာပြနေတာ မသိရင်ခက်မယ် ဆူးခေတ်သစ်။ ငါကဘဲ လူဆိုးကြီး၊မင်းကို အသားလွတ်နိုင်စားနေတဲ့ကောင်ဖြစ်အောင် မင်းလုပ်နေတာ။ 


"စား...ဒါမှ ကျန်းမာမှာ...မဟုတ်လား"


မေမေမရိပ်မိအောင် ရင့် စကားလှလှရွေးသုံးလိုက်သည်။ မင်း စားနိုင်မှ ငါပိုနှိပ်စက်လို့ရမှာ ဆူးခေတ်သစ်။ 


"ကဲ...သမီး စားလိုက်လေကွယ် သမီး ကိုကိုက သမီး ပိန်သွားတာကို ပြောနေတာ။ သြော်...သားကလည်း ဘာရပ်ကြည့်နေတာလဲ။ ဟင်းတွေထည့်ပေးလိုက်လေ"


အနားက ခွာမှာ မဟုတ်တဲ့မေမေကိုကြည့်ပြီး ရင့် သက်မ အကြိမ်ကြိမ်ချနေသည်။ ပေါက်ကွဲတော့မယ့်ဒေါသတွေကို ထိန်းချုပ်ရင်း သူမပန်းကန်ထဲ ဟင်းဆယ်ထည့်ပေးလိုက်ရသည်။


"စား သမီး များများစား ဒါမှ ကျန်းမာမှာ။ သားက သမီးကိုစိတ်ပူနေတာကွဲ့။ သမီးကို ထမင်းရောမှန်မှန်စားရဲ့လားဆေးရော သောက်ရဲ့လားလို့ တလစေမေးနေတာ"


ဘဝင်မကျတဲ့စိတ်က တဖြည်းဖြည်းအရှိုင်းဆန်လာရသည်။ တို့ကနမ်း၊ဆိတ်ကနမ်း စားနေသည့် ဆူးခေတ်သစ်ကိုကြည့်ပြီး အတွေးထဲလက်ခနဲဖြစ်သွားပြီး၊


"ဟုတ်တယ်...မင်းအရမ်းပိန်နေတာ ကိုကိုအားမရဘူး ဆူး။ စား...စား များများစား။ လုံးလုံး သွား...ထမင်းအုပ်နဲ့အပြည့်ထမင်းသွားထည့်ယူခဲ့ မြန်မြန်နော်"


"ဟဲ့ ဘာလုပ်မလို့လဲ"


မျက်လုံးပြူးမျက်စံပြူးနှင့် မေမေက မေးလိုက်တော့ ရင့် ပြုံးလိုက်သည်။


"မေမေ့သမီး အစားတွေမစားလို့ ပိန်နေတာ များများစားမှ ကျန်းမာမှာပေါ့...ဟုတ်တယ်နော်ဆူး။ စား စား ပန်းကန်ထဲကကုန်ရင်ထပ်ထည့်ပေးဦးမယ်။ မင်းဘဲ ကိုကိုကစားဆို စားဖို့အသင့်ဆို"


အပိတ်စကားနှင့်အနိုင်ပိုင်းရင်း ခပ်စူးစူးကြည့်လိုက်တော့ ဆူးခေတ်သစ်က ခပ်တွေတွေလေးကြည့်ပြီး ပန်းကန်ထဲက ဇွန်းကို ပြန်ကောက်ကိုင်နေသည်။ 


မှတ်ထား ဆူးခေတ်သစ်။ ရင့်မဟာကို မင်းအနိုင်ယူဖို့မစဥ်းစားနဲ့ မင်းကို အမြဲအနိုင်ယူမဲ့သူက ငါကိုယ်တိုင်ဘဲ။ 


"စားလေ"


ဆူး အံကြိတ်လိုက်ပြီး ခံစားချက်တွေကို မြိုသိပ်လျက် ဇွန်းအမောက်ထမင်းတွေ ခပ်ယူပြီး ပါးစပ်တစ်လုံးစားပစ်လိုက်သည်။


ခံစားချက်မဲ့နေသော မျက်နှာသေဖြင့် ထမင်းနှင့်ဟင်းတွေကိုရောနယ်ကာ တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေလိုက်သည်။ 


"ရပါပြီ အစ်ကိုလေး"


"ကဲ ရပြီ ထပ်ထည့်ဦး။ ရော့ စားစား"


လုံးလုံးသယ်လာတဲ့ ထမင်းအုပ်ထဲက ထမင်းတွေကို ရင့်ကိုယ်တိုင်ခပ်ထည့်ပေးလိုက်သည်။ 


"သမီး ရရဲ့လား"


ရင်ထဲပြည့်တက်ကာ ပျို့အန်ချင်လာပေမယ့် လက်ထဲကဇွန်းကို မလွှတ်ဘဲ နောက်ထပ်ဟင်းနှင့်ရောနယ်ကာ တစ်လုတ်ပြီးတစ်လုတ်ဝါးနေရင်း ပလုတ်ပလောင်းသံဖြင့်ပြန်ဖြေလိုက်သည်။


"ကောင်းတယ်မေမေနွေး...အရမ်းစားကောင်းတယ်"


စားရင်းစားရင်း ပျို့တက်လာကာ အန်ချင်စိတ်ကိုမြိုသိပ်လျက် ထမင်းကိုဆက်စားနေလိုက်တော့ မျက်နှာတစ်ပြင်လုံးချွေးတွေသီးလာသည်။ 


"သမီး..."


ဒေါ်နွေးနွေးလှိုင် စိုးရိမ်တကြီးမေးလိုက်တော့ ဆူးပြုံးပြရင်း၊


"အရမ်းစားကောင်းလို့ပါ မေမေနွေး"


ဖြေရင်းနောက်တစ်ဇွန်းခပ်စားတော့ ဘယ်လိုမှ မြိုသိပ်မရတော့ဘဲ ပျို့တက်လာသည်။ သို့သော်လည်း ထမင်းအစားလုံးဝမရပ်ဘဲ နောက်တစ်ဇွန်းထပ်ခပ်လိုက်သည်။


"သမီး တော်တော့"


မေမေက ဆူးခေတ်သစ်လက်ထဲက ဇွန်းကို လုယူတော့ ရင့် မျက်မှောင်ကြုတ်လိုက်သည်။ 


မင်း ငါ့ကိုရွဲ့နေတာပေါ့ ဆူးခေတ်သစ်။ 


"ထားလိုက် မေမေ။ ဆူး စားလို့ကောင်းလို့စားတာ စားပါစေ"


"သမီး မစားနဲ့တော့"


ဆူး တားဆီးသံတွေကို မကြားဟန်ပြုလျက် ထမင်းတစ်ဇွန်းခပ်ကာ စားလိုက်ချိန်မှာတော့ မခံမရပ်နိုင်အောင်ပျို့တက်လာလျှင်၊


"အု..."


"လုံးလုံး...သန့်စင်ခန်းထဲ မြန်မြန်...မြန်မြန်"


ဒေါ်နွေးနွေးလှိုင် လုံးလုံးကို အော်ပြောရင်း သူမကိုယ်တိုင် ဆူးကို တင်တွန်းကာ ရေချိုးခန်းထဲ ကသုတ်ကယက်ဝင်သွားတော့၏။


အခြေအနေတွေကို စူးစိုက်ကြည့်ရင်း ရင့် တောက်ခတ်လိုက်မိသည်။ 


"ဒီနေ့အတွက် မင်းပြန်ပေးရမယ် ဆူးခေတ်သစ်"


အပိုင်း(၁၇)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: