book

Index 15

အပိုင်း(၁၅)

🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺


"အဟွန်း....ဟွန်း....ချစ်တာပေါ့ကွာ။ ကိုယ့်အချစ်ဆုံးက ချစ်လေးလေ..ဘာလဲ မယုံလို့လား"


ညစဥ်ညတိုင်းနှိပ်စက်နေသည့် အသံက ဆူးနှလုံးသားကို မွမွကြေစေပြီး နလန်ပင်မထူနိုင်တော့ပါ။ ကိုကိုရဲ့ညုနေတဲ့အသံတွေနှင့် ဝေးရာဆီထွက်ပြေးပြီး အားပါးတရငိုချင်ပေမယ့် ဆူး ဘဝကစိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ဘဝမို့။


သွေးစိမ်းရှင်ရှင်ကျနေသည့်နှလုံးသားကို ပွေ့ပိုက်ကာ မြင်နေကြားနေရသည့် အဖြစ်ကြီးကနေ ရုန်းထွက်ချင်နေမိပြီ။ 


"အင်း...ကြိုက်တယ်မို့လား...ချစ်လေးကြိုက်ဖို့က အဓိကပါ ပိုက်ဆံကအကြောင်းမဟုတ်ပါဘူး"


ဆူးကို ရှိတယ်လို့တောင်မထင်ဘဲ ဆိုဖာပေါ် သက်သောင့်သက်သာလှဲလျက် ပြောဆိုနေသည့် ရင့်မဟာမျက်နှာက သကာရည်လောင်းထားသလို ချိုမြနေလျက်။ 


ကြားရဖန်များလာတော့ ဆူးရဲ့ ယုံကြည်မှုတွေရိုက်ချိုးခံလိုက်ရပြီဆိုတာနားလည်လက်ခံလိုက်ရပြီ။ အစတုန်းက ကိုကို ဆူးကိုရွဲ့ပြီး တမင်လုပ်နေတယ်ဆိုပြီး ခံစားရတဲ့ကြားက ဖြေသိမ့်မိသေးတာ။ ရက်ပေါင်းများလာမှ အခြေအနေတစ်ခုကို လက်ခံလိုက်ရတော့မလိုလိုဖြစ်နေခဲ့လေပြီ။ 


ရွှေရေးချယ်တစ်ယောက်ကိုဘဲ ချစ်ခဲ့ပါတယ်ဆိုတဲ့ ကိုကိုသည် ဆူး မသိသော နောက်ကွယ်မှာ မထင်ထားတဲ့ အကွက်တွေရွှေ့နေခဲ့၏။ 


"ချစ်လေးတစ်ယောက်တည်း မနေရဲရင် အဖော်ခေါ်ထားလိုက်လေ"


ဆူးနဲ့ဆို တင်းမာကာစိမ်းတောက်နေတတ်သည့် ကိုကို့စကားလုံးတွေက ထူးခြားစွာနူးညံ့နေခဲ့သည်။


"ကိုယ်လား...အင်း တွေ့နေကြအချိန် တွေ့ကြတာပေါ့ကွာ။ ဘာလဲ ချစ်လေး ကိုယ့်ကိုလွမ်းနေပြီလား စောစောကမှ တွေ့ပြီးတယ်ကွာ"


အသည်းနှလုံးသားကထွက်လာသည့် ဝေဒနာ၏ရှေ့တော်ပြေးတို့က မျက်ဝန်းအိမ်မှ တဆင့် လျှံကျကာ နားထင်စပ်ရှိဆံနွယ်ကြားသို့ ထိုးစင်းသွားသည်။ ရှိုက်သံတွေ အပြင်ကိုထွက်မလာအောင် နှုတ်ခမ်းသားလေးကို ဖိကိုက်ထားလိုက်ပြီး ဘေးမှာ ချထားသည့် လက်နှစ်ဖက်က လက်သီးလေးတွေဖြစ်သွားတော့၏။


ဘေးတစ်စောင်းမြင်နေရသည့် ကိိုကို့ပုံရိပ်သည် မျက်ရည်များကြားမှာ ဝေဝါးလျက်ရှိနေပြီး တခြားမိန်းမအတွက် ပြုံးရွှင်နေသည့် ကိုကို့နှုတ်ခမ်းများက ဆူးအတွက် အဆိပ်တွေလူးလျက်။


"ကိုယ်လည်း လွမ်းတာပေါ့ကွာ...ဝိုင်ထက်ယစ်မူးစရာကောင်းတဲ့ မင်းနှုတ်ခမ်းလေးကို ပိုလွမ်းတယ် "


ပြောပြီး ခပ်ညုညုရယ်လိုက်သည့် အသံက ဆူးကို လာကလိနေခဲ့သည်။ 


"တကယ်....ခုထိ ကိုယ်ရင်ခုန်နေတုန်းဘဲ...ပြီးတော့ အိပ်လို့လည်းမပျော်ဘူးကွာ...တစ်ခုခုလစ်ဟာနေသလိုကြီး ခံစားနေရတာ"


ငံကျိကျိအရည်တွေကို ခံစားလိုက်မိမှ ဆူး ဖိကိုက်ထားသည့် နှုတ်ခမ်းလေးပေါက်သွားမှန်း ဆူး သတိထားလိုက်မိ၏။ သို့သော်...အပြင်က ဝေဒနာထက် ရင်ဘတ်ထဲက ဒဏ်ရာက ပိုပြင်းထန်နေသဖြင့် အပေါ်ယံအရေပြားနာကို ဥပေက္ခာပြုထားလိုက်သည်။


"ချစ်တာပေါ့....ကိုယ်ဘဝရဲ့ အရေးအကြီးဆုံး မိန်းကလေးက ချစ်လေးပါကွာ"


အရေးအကြီးဆုံးတဲ့လား၊အချစ်ဆုံးတဲ့လား ကိုကိုရယ်။ ဒဏ်ရာတွေ အထပ်ထပ်ပေးနေမဲ့အစား နှလုံးသားတည့်တည့်ကိုသာ ဓားနဲ့ထိုးလိုက်ပါတော့လား။ ဆူးကို နှိပ်စက်ဖို့ ကိုကို့သိက္ခာတွေ ကိုကို့မာနတွေထိပါးနေပါပြီ။ 


"လက်ထပ်မှာပေါ့ကွ...ကိုယ့်ချစ်လေးကိုဘဲ လက်ထပ်မှာစိတ်ချ။ လောလောဆယ် ကိုယ့်မေမေ့ကို ဖွင့်ပြောလို့မဖြစ်သေးဘူး။အင်းပါကွာ...အမြန်ဆုံးလက်ထပ်နိုင်အောင် ကိုယ်ကြိုးစားနေတာပါ ချစ်လေးရယ်"


အံကြိတ်လျက် လက်သီးဆုပ်တင်းခံထားသော်ငြား မျက်ရည်တို့က တာတမံကျိုးလျက်ရှိနေသည်။ အိပ်ပျက်ညတွေများနေသလို အစားပါကောင်းကောင်းမစားတော့ ရင်ထဲတလှပ်လှပ်ဖြစ်ကာ ချွေးစေးတွေပျံလျက် မူးဝေလာ၏။


"နိုး နိုး...အဲဒီအတွက် ချစ်လေး ခေါင်းရှုပ်မခံနဲ့။ မလွှဲသာလို့ တစ်ခန်းတည်း နေနေရတာ။ ကိုယ်က ဆိုဖာပေါ်မှာ အိပ်တယ် သူကခုတင်ပေါ်မှာ ဒါကလည်း ဒုက္ခိတမို့ လိုက်လျောပေးလိုက်တာ။ မေမေ့ကြောင့်လည်း ပါတယ် မဟုတ်ရင် တစ်မိုးအောက်တည်းဘယ်တော့မှ အတူမနေဘူး မသတီလွန်းလို့"


ကိုကိုလို့ အာခေါင်ခြစ်အော်လိုက်မိတဲ့ အသံက အပြင်ကို လျှံထွက်မလာဘဲ ရင်ဘတ်ထဲမှာ အကြိမ်ကြိမ်ပဲ့တင်ထပ်လျက်။ 


တစ်နေကုန် ခေါင်းတွေကိုက်ကာ အချမ်းတက်နေသည့် ကိုယ့်အဖြစ်ကို ကိုယ်ခဏမေ့ကာ ကိုကို့စကားလုံးတွေကသာအဆိပ်တစ်ခုလုံး ပျံ့နှံ့နေ၏။ အအေးမိကာ အဖျားဝင်နေတာမို့ ရောဂါက လက္ခဏာပြလေပြီ။


"ဟက်ချိုး....ဟင်ချိုး..."


နှာချီကာ မျက်လုံးတွေ ပူစပ်စပ်ဖြစ်နေပေမယ့် ကိုကိုက တစ်ချက်လေးတောင်လှည့်ကြည့်ဖော်မရ။ 


"ခု ချစ်လေးဖျားနေတာပေါ့ ဟုတ်လား။ ကိုယ် ပြန်လာတဲ့အထိတောင်အကောင်းကြီးကွာ။ အဲဒါကြောင့် ရေချိုးရင် စိမ်တည်မချိုးနဲ့လို့ကိုယ်ပြောတာပေါ့ကွ။ ခုရော...ဘယ်လိုနေလဲ"


ဟင်...ကိုကို့ကောင်မလေးလည်း ဖျားနေသတဲ့လား။ ဆူး ကိုကျတစ်ချက်လှည့်ကြည့်ဖော်မရတဲ့ ကိုကိုက ဟိုဘက်ကိုကျတော့ ပြာယာခတ်နေလိုက်တာ။ 


"ခေါင်းတွေမူးနေတယ်ဟုတ်လား..ကိုယ်လာခဲ့မယ်။ နွေးနွေးထွေးထွေးနေနော် ချစ်လေး။ မကြာဘူး ကိုယ် ခုဘဲ ထွက်လာခဲ့မယ်"


ရင့်မဟာ...ဆိုဖာထက်ကနေ ငေါက်ခနဲထရပ်ကာ ဗီရိုထဲကအဝတ်ကို ဆွဲယူပြီး ညဝတ်အကျီနှင့်လဲလှယ်ဝတ်ဆင်နေသည်။ မျက်ဝန်းထောင့်ကနေ မျက်ရည်တွေနှင့် နီရဲပျက်ယွင်းနေသည့် မျက်နှာကို မြင်နေရတော့ နှုတ်ခမ်းထက်မှာ မဲ့ပြုံးတစ်ခု ထင်ဟပ်သွားရ၏။ မင်း ခံနိုင်ရည်ရှိဖို့လိုတယ် ဆူးခေတ်သစ်...ပွဲဦးထွက်နဲ့တင် အဲဒီလောက်သွေးပျက်နေရင်တော့...အဟင်း။


ဆယ်နာရီဆိုတဲ့အချိန်က ညဥ့်သိပ်မနက်သေးပေမယ့် ဒီအချိန်ဆို မေမေ အိပ်နေပြီ။ အဝတ်လဲပြီးသွားတော့ ဖုန်းနဲ့ကားသော့ဆွဲယူကာကားသော့လေးကိုလက်ညှိုးလေးဖြင့် လှည့်ပတ်ကစားရင်း  ခုတင်နားကနေ ဖြတ်လျှောက်လိုက်သည်။ 


ဆူးဘက်ကို လှည့်ကြည့်ဖော်မရသည့် ကိုကို့ကို နာကျင်နေသည့်ကြားက ကြည့်ရင်း နောက်ဆုံးမျှော်လင့်ချက်လေးနှင့် ဆူး အားယူခေါ်လိုက်သည်။


"ကိုကို...."


ရင့်မဟာ ခြေလှမ်းများက တံခါးဆီဦးတည်နေပြီး ဆူး ခေါ်သံကို မကြားဟန်ပြုကာ တံခါးဖွင့်ထွက်လျှင်၊


"ကိုကို့... မသွားပါနဲ့..."


"ဝုန်း...."


"ကိုကို...ကိုကို မသွားပါနဲ့ ကိုကိုရယ်...ပြန်လာခဲ့ပါ"


လဲပြိုကျသံနှင့်အတူ အက်ကွဲတုန်ရင်နေသည့် အသံကိုကြားပေမယ့် ရင့်မဟာ ပြန်လှည့်ဖို့ အစီအစဥ်မရှိပါ။ ဆုံးဖြတ်ပြီးရင် ပြီးဆုံးအောင်လုပ်တတ်သည့်အကျင့်အတိုင်း နောက်ကပျံ့လွင့်လာသမျှ အသံတွေကို ဥပေက္ခာပြုလိုက်သည်။ 


ငါနာကျင်ခဲ့ရတာတွေထက်စာရင် မင်းက အများကြီး သက်သာသေးတယ် ဆူးခေတ်သစ်။ 


"ပြန်လာခဲ့ပါ ကိုကို...ဟီး...ဟင့်...ဟင့်..."


ကိုကို အဲဒီမိန်းကလေးဆီမသွားရေးအတွေး ဆူး ကိုယ့်အခြေအနေကို ကိုယ်ခဏမေ့သွားလျှင် ခုတင်ပေါ်ကနေ ပြုတ်ကျသွားခဲ့သည်။ ဆူး နာကျင်နေသည့် ဝေဒနာကို မေ့ကာ ပုံလျက်သားအတိုင်း ထွက်သွားတဲ့ ကိုကို့ကျောပြင်ကို ကြည့်ကာ တဆာဆာခေါ်ရင်း ဝမ်းနည်းပက်လက်ငိုချလိုက်မိ၏။


"ကိုကို....ဆူး တောင်းပန်ပါတယ်...မသွားပါနဲ့ ကိိုကိုရယ်....ဟင့်...ဟင့်...ကိုကို့"


မောင်းထွက်သွားသည့် ကားစက်သံတွေက ဆူးနှလုံးသားကို နင်းချေသွားသည့်အလား။ 


"ကိိုကို....ပြန်လာခဲ့ပါ...ကိုကိုရေ...."


"မမလေး...မမလေး ဘာဖြစ်တာလဲ"


"သမီးလေး...သမီး"


ပြေးလွှားလာသည့်ခြေသံတွေနှင့် စိုးရိမ်တကြီးခေါ်သံတွေကြားရပြီး ဒေါ်နွေးနွေးလှိုင်နှင့် လုံးလုံးတို့ ဆူးအခန်းထဲ ရောက်လာကြသည်။


"သမီးလေး.."


မျက်ရည်အရွဲသားဖြင့် ခုတင်ဘေးတွင် လဲကျနေသည့် ဆူးကိုမြင်တော့ ဒေါ်နွေးနွေးလှိုင်တစ်ယောက်ရင်ဘတ်ဖိကာ ဆူးဘေးချက်ချင်းရောက်သွား၏။


"ဟီး...ကိိုကို...ကိုကို သွားပြီ...ကိုကို သွားပြီမေမေနွေး"


ကလေးငယ်လေးလို ရင်ခွင်တစ်ခုရှိလာတော့ ထိုရင်ခွင်တွင်းတိုးဝင်ကာ ဝမ်းနည်းတကြီး ငိုလိုက်သည်နှင့် ဒေါ်နွေးနွေးလှိုင် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားလျက်၊


"သား ဘယ်သွားတာလဲ ရင်ထိတ်လိုက်တာ သမီးရယ်။ မေမေ့ကို သေချာပြောပြစမ်းပါ"


"ကိုကိုရက်စက်တယ် မေမေနွေး...ဟင့်...ဟင့်...ကိိုကို့ကိုပြန်ခေါ်ပါ မေမေနွေးရယ် ပြန်ခေါ်ပေးပါ"


"အိုး...နှုတ်ခမ်းမှာလဲ သွေးတွေနဲ့။ ဘာဖြစ်ကြတာလဲ...သမီးကို သားဘာလုပ်လိုက်တာလဲ မေမေနွေးကိုပြောစမ်းပါ"


နှုတ်ခမ်းမှာသွေးတွေစို့လျက် ငိုရှိုက်နေသည့် ဆူးကို မြင်တော့ ဒေါ်နွေးနွေးလှိုင်ရင်တွေ တုန်သွားရသည်။ ကိုယ့်သား အကြောင်းသိနေတာမို့ သမီးလေးကို တစ်ခုခုများလုပ်လိုက်သလားဆိုပြီး ရင်တွေထိတ်နေရ၏။ လုံးလုံးတစ်ယောက်ကတော့ ရင်ကွဲပက်လက်ငိုနေသည့် ဆူးကိုကြည့်ပြီး မျက်ရည်တွေဝိုင်းကာ အနားမှာ တောင့်တောင့်လေးရပ်နေသည်။


"ဟင်အင်း...ကိုကို့ကိုပြန်ခေါ်ပေးပါ ကိိုကို့ကို မသွားစေနဲ့ မေမေနွေး"


"သားက ဘယ်သွားတာလဲ...သမီးကိုဘာလုပ်သွားသေးလဲ ပြောစမ်း မေမေကိုယ်တိုင် ဆုံးမစမ်းမယ်။ သမီးလေးကို ရိုက်ဟယ်ပုတ်ဟယ်လုပ်သွားတယ်မို့လား "


ကိုယ့်အိမ်က အလုပ်သမားရှေ့တွင် ရှက်မနေနိုင်တော့ပါ။


"မလုပ်ပါဘူး...ဆူးကို ဘာမှမလုပ်ပါဘူး မေမေနွေး"


"မေမေ့ကို သေချာရှင်းပြစမ်းပါ သမီးရယ်။ သားကရော ဒီအချိန်ကြီး ဘယ်သွားတာလဲ"


"ဟီး.....မေမေနွေး....ဟင့်....ကိုကို...ကိုကို ရက်စက်တယ်..."


"သမီးရယ်"


မေးကာမှ မျက်ရည်တွေပြိုင်ပြိုင်ကျလျက် ကလေးလေးလို ရှိုက်ကြီးတငင်ငိုနေတာမို့ ဒေါ်နွေးနွေးလှိုင် ဘယ်လိုဖြေရှင်းရမှန်းမသိတော့။ 


"လုံးလုံး...နင့်မမလေးကို တစ်ဖက်ကလာတွဲပါဦး"


"ဟုတ်...ဟုတ်ကဲ့ မေမေကြီး"


လုံးလုံး ပြူးပြူးပြာပြာဖြင့် တစ်ဖက်က ဝင်တွဲလိုက်ကာ ဆူးကို ခုတင်ပေါ် ဝိုင်းတင်လိုက်သည်။


"မမလေး...ဒူးပြဲသွားပြီ...ကြည့်စမ်း"


"ဟုတ်ပါရဲ့ကွယ်...နှစ်ဖက်စလုံး သွေးတွေစို့နေပြီ။ လုံးလုံးရေ ဆေးသေတ္တာသွားယူစမ်းပါကွယ်"


 ဒေါ်နွေးနွေးလှိုင် စိုးရိမ်တကြီး ညွှန်ကြားကာ ခုတင်တစ်ဖက်စွန်းဝင်ထိုင်ပြီးဆူးခေတ်သစ်ရဲ့ မျက်ရည်တွေကို တယုတယသုတ်ပေးလာရင်း၊


"သမီးလေး ဘာဖြစ်တာလဲကွယ်...သားကရော ဘယ်သွားတာလဲ"


 မျက်ရည်တွေ အိခနဲပိုကျသွားပြီး ဆူး ပြောလိုက်သည့် စကားတွေကြောင့် ဒေါ်နွေးနွေးလှိုင် မျက်လုံးတွေပြာသွားတော့၏။


"မေမေနွေး...ကိုကိုလေ...ကိုကို...ဟင့်...ဟီး...ကိုကို မိန်းမတစ်ယောက်ဆီသွားတယ်။ အဲဒီမိန်းမကို ဆူးတို့မသိအောင် တိတ်တိတ်လေး တွေ့နေတာ"


"မြတ်စွာဘုရား..."


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"အန်တီ..."


"သမီးကြီး...."


"နေ လာလေ သမီး ထိုင်"


"ဟုတ်ကဲ့.."


ကိုယ့်သောကနှင့်ကိုယ်ဆိုပေမယ့် အားကိုးစရာမရှိတော့တဲ့ ဒေါ်နဒီရွှေတို့လင်မယားဆီ နေကောင်းကင် ရောက်သွားတော့ ညှိုးငယ်ရိပ်တို့ဖြင့် ဒေါ်နဒီရွှေက မျက်ရည်တွေသုတ်ရင်း နေ ရောက်လာတာကို အားရှိသွားပုံရ၏။


"အန်တီတို့နေကောင်းတယ်မို့လား"


"လူကတော့ ကောင်းပါတယ် သမီးရယ် စိတ်ကသာ"


ဒေါ်နဒီရွှေက မျက်နှာတစ်ဖက်လှည့်ကာ မျက်ရည်ကျိတ်ကျနေတော့ ဦးနေသစ်ကဘဲ ဖြေသွားသည်။ နေကောင်းကင် ဘယ်လိုနှစ်သိမ့်ရမှန်းမသိတော့။ 


"ညီမလေးရေးကို တာဝန်ရှိတဲ့သူတွေလည်း စုံစမ်းနေပါတယ်။ ညီမလေး တစ်နေ့နေ့တော့ပြန်လာမှာပါ အန်တီရယ် အငယ်လေး ကသာ..."


အားပေးတဲ့သူကိုယ်တိုင် အသံက အဖျားခတ်တိမ်ဝင်သွားကာ ပျောက်ဆုံးသွားပြီး မျက်နှာကျက်ကိုမော့ကြည့်လျက် ငြိမ်သက်သွားသည်။ ရွှေရေးချယ် ပျောက်ဆုံးသွားတဲ့အမှုကို လိုက်နေတဲ့ ရဲအရာရှိတွေလည်း အတော်ခေါင်းစားနေပြီ။ 


ထို့နောက် အပြစ်ကင်းကင်းနှင့်လွတ်လပ်စွာရယ်မောနေသည့် ရွှေရေးချယ်၏ ပုံတူပန်းချီကားကိုကြည့်ပြီး နေကောင်းကင်၏ပါးပြင်ထက်သို့မျက်ရည်တစ်ပေါက်ကြွေဆင်းသွားသည်။ အငယ်လေးသိပ်ချစ်တဲ့ မိန်းကလေး...တစ်နည်းဆိုရရင် အငယ်လေးအပေါ် အနွံနာခံပြီး အငယ်လေးကို သိပ်ချစ်တဲ့မိန်းကလေး။ 


အဖြစ်ဆိုးလိုက်တာ မောင်လေးနဲ့ညီမလေးရယ်။ ဖေဖေတို့ဆီ လိုက်မသွားခဲ့ရင် မောင်လေးတို့ ခုလိုဖြစ်မှာမဟုတ်ဘူးနော်။ အငယ်လေးကိုလွှတ်တဲ့နောက် ညီမလေးရွှေရေးချယ်ကပါ လိုက်သွားခဲ့တာ ခုတော့ အဖြစ်ဆိုးကြီးနှင့်ကြုံခဲ့လေပြီ။ မောင်နှမနှစ်ယောက်တည်းရှိတဲ့ နေတို့မိသားစုမှာ အသက်လည်းကွာတော့ ရွှေတမံကို မောင်လေး၊အငယ်လေးလို့ ကြုံသလိုခေါ်နေခဲ့တာ။ ချစ်စနိုးနှင့် အငယ်လေးလို့ခေါ်တာက ပိုများခဲ့၏။ ခုတော့... ။


မောင်လေးရွှေတမံ အလောင်းကို ပဲခူးဆေးရုံကနေပြန်သယ်ပြီး ရေဝေးမှ ကောင်းကောင်းမွန်မွန်သချိုင်းပေးနိုင်ခဲ့ပေမယ့် ညီမလေးရွှေရေးချယ်၏သတင်းကတော့ ခုချိန်အထိ အစအနပင်မရခဲ့။


"သမီးလေးကို ညကအိပ်မက်မက်တယ်... သူ သူ ပြန်လာချင်တယ်တဲ့ သမီးနေရယ်.."


ဒေါ်နဒီရွှေ၏ခံစားချက်ကို ကိုယ်ချင်းစာသလို နေကောင်းကင်တို့လည်း ထပ်တူခံစားနေရပါသည်။ ရွှေရေးချယ်ဆိုတာ နေတို့လက်ပေါ်မှာ ကြီးခဲ့သူမို့ ညီမအရင်းလေးလို ချစ်ခဲ့ရတာ မဟုတ်လား။


"စိတ်မကောင်းမဖြစ်ပါနဲ့ အန်တီ...ညီမလေးရေးက ပြန်လာမှာပါ။ သူတစ်နေရာရာရောက်နေလို့ဖြစ်မှာ။ အန်တီတို့ဆီ သူပြန်လာမှာ ပါ အန်တီရယ်"


"သမီးလေး ဘယ်နေရာမှာ ဘာတွေဖြစ်နေသလဲ မသိပါဘူးကွယ်"


"ပဲခူးရဲစခန်းကလည်း စုံစမ်းနေပါတယ် အန်တီ။ အဲဒီလပိုင်း အဲဒီအချိန်မှာ မိန်းကလေးနဲ့ပက်သက်ပြီး ဘာအမှုအခင်းမှာ မရှိဘူး။ ညီမလေးက ကားပေါ်ကနေ လွင့်ကျပြီး တစ်နေနေရာရာရောက်သွားတာဘဲနေမှာ"


"သမီးလေး ဘာတွေဖြစ်နေသလဲ အန်တီ အရမ်းစိတ်ပူတာဘဲ သမီး။ သူ အသက်ရှင်နေရင် အန်တီတို့ဆီဆက်သွယ်ရမှာပေါ့...သူ တစ်ခုခုများဖြစ်နေသလား"


"သူ အကြောင်းတစ်စုံတစ်ရာကြောင့် မဆက်သွယ်သေးတာ နေမှာပါ အန်တီ။မောင်လေးရဲ့ကိုယ်ပွားလေး အနေနဲ့ ညီမလေး အသက်ရှင်နေမယ်လို့ နေ ယုံကြည်တယ် အန်တီ။ ညီမလေးရေး အချိန်ကျလာရင် နေတို့ဆီပြန်လာမှာပါ"


"အန်တီလည်း အဲဒီလိုပဲ ယုံကြည်တယ် သမီး။သမီးလေးတို့အဖြစ်က ဆိုးလိုက်တာကွယ်...အန်တီ့သမီးလေး ပြန်လာတဲ့အခါ..ဘယ်လောက်ခံစားလိုက်ရမလဲ။ သမီးလေးက သားလေးတမံကို သိပ်ချစ်တာ"


ဒေါ်နဒီရွှေ၏ စကားအဆုံး သုံးယောက်စလုံး မျက်ရည်တွေ ကျလာသည်။ ဦးနေသစ်က ယောကျ်ားရင့်မာကြီးမို့မျက်ရည်တွေကျနေသည့်ကြားက တင်းထားရင်း အက်ကွဲနေသော အသံကြီးဖြင့်ဆိုလာ၏။


"သမီးလေးသာ ပြန်ရောက်လာရင် အရူးတစ်ပိုင်းခံစားရမှာ။သမီးလေး ပြန်မရောက်လာတဲ့အကြောင်းရင်းက သားတမံအဖြစ်ဆိုးကို သိသွားလို့များ..."


နေကောင်းကင် ခံစားချက်တွေကို တင်းထားလို့မရတော့ပေ။ ကိုယ့်က မောင်တစ်ယောက်ဆုံးရှုံးရသလို သူတို့ဘက်ကလည်း တစ်ဦးတည်းသောသမီးလေး ဆုံးရှုံးခဲ့ရသည်လေ။


"သားလေးတမံ သေဆုံးသွားတာ အန်တီတို့လည်း ရင်ကွဲမတတ်ခံစားရပါတယ် သမီးနေရယ်။ သားလေးကို ဟိုးအရင်ကတည်းက အန်တီ့သားအရင်းလေးလို သဘောထားခဲ့တာသမီးတို့အသိဘဲလေ။ ခု အန်တီတို့သမီးလေး အနားမရှိပေမယ့် သမီးနေကလည်း အန်တီတို့သမီးကြီးပါဘဲ"


"အန်တီရယ်..."


နေကောင်းကင် ဒေါ်နဒီရွှေ၏ရင်ခွင်တွင်း တိုးဝင်လျက် အားပါးတရငိုချလိုက်မိသည်။ မေမေတို့ရှေ့မှာဆို မေမေတို့ ပိုခံစားရမှာစိုးသဖြင့် နေ့ခံစားချက်တွေကို ဖုံးဖိသိုဝှက်လျက် ရှေ့ကနေ မားမားရပ်ခဲ့ရသမျှ အန်တီရင်ခွင်မှာ ခိုဝင်ခြင်း စိတ်တွေလျော့ချလိုက်တော့ ခံစားချက်တွေ အရည်ပျော်လေပြီ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"အင်း...ပဲပြုတ်နဲ့ထမင်းရောမွှေမယ် ဟုတ်ပြီ"


သမ္ဘာရင့် မီးဖိုထဲတွင် အလုပ်ရှုပ်နေသည်။ မျိုးကျော်တို့ကျော်မြင့်တို့ဆီကနေ စားဖိုမှူးအတတ်ပညာကို အချိန်ရတိုင်းဆည်းပူးထားတော့ အချိန်တိုအတွင်းမှာ အစားအစာအချို့ကို ကိုယ်တိုင်စီမံနိုင်နေပြီ။ 


ခုမနက်လည်း ထမင်းအိုး တစ်အိုးထတည်ပြီး ဒေါ်ပုမ ပဲပြုတ်နှင့် ထမင်းကြော်ကြော်နေတာ။ သိပ်မကြာခင် စားရတော့မည်။ 


"အင်း...ကြက်သားကြော်ထားတာလည်း ရှိတယ်။ ကြက်ဥလေးပါကြော်လိုက်မယ်"


စွပ်ကျယ်တစ်ထည်နှင့် ပုဆိုးကိုပေါ့ပေါ့ပါးပါးဝတ်ဆင်ကာ ချုပ်ပြုတ်နေသည့် သူ့အဖြစ်ကို သူငယ်ချင်းတွေသာမြင်လျှင် ဝါးလုံးကွဲအောင်ရယ်ကြမှာ။ရယ်ကြပါစေ...ဘာဖြစ်သေးလဲ။ သမ္ဘာရင့်...ကိုယ့်ချစ်သူကို ချက်ကျွေးတာ တစ်လောကလုံးလှောင်ရယ်ပါစေ ဂရုမစိုက်သေး။


"ထမင်းကြော်အိုးတော့ကျက်ပြီ...ငွေငါးလေး နိုးပြီလား မသိဘူး"


မနက်မိုးလင်းလို့ နိုးတာနဲ့ မမနွယ် သူ့အတွက်ချက်ပြုတ်ထည့်သိုပေးသည့် ချိုင့်ကိုဆွဲပြီး ငွေငါးလေးတစ်ယောက် သူ့အိမ်ရောက်လာနေကြ။ ဒီနေ့မှ ထူးထူးခြားခြား သူကိုယ်တိုင်ချက်ပြုတ်နေတာ။


"ငွေငါး..."


ထမင်းကြော်ကို ပန်းကန်ထဲ ထည့်နေစဥ် မျက်လုံးတွေကို လက်ဖဝါးနုနုလေးနှင့်လာပိတ်တော့ သူပြုံးလိုက်ရင်း ငွေငါးလေးကိုခေါ်လိုက်သည်။


"ဟာ...ဘာလဲ။ ငါးလေးကို ဘာလို့သိနေတာလဲ...သမ္ဘာနော် "


ခြေလေးဆောင့်လျက် ငွေငါးလေးက ငြူစူစူလေးဆိုလာတော့ ထမင်းကြော်ပန်းကန်ကို မီးဖိုခုံပေါ်တင်ပြီး သမ္ဘာ ငွေငါးလေးနှင့်မျက်နှာချင်းဆိုင်လှည့်လိုက်ကာ၊


"သိတာပေါ့...ကိုယ့်ချစ်သူလေးရဲ့ အသားအရည်၊ ကိုယ်သင်းနံ့၊ ခြေသံ...အားလုံး အားလုံး အလွတ်ရပြီးသား"


"ဟင်းနော်...သူ့လက်မှာ ဆီတွေနဲ့ကို"


ပါးလေးကို ဆွဲညှစ် ​လိုက်တော့ ငွေငါးလေး နှုတ်ခမ်းစူသွားသည်။


"မပေပါဘူးကွာ..."


"မသိဘူး သမ္ဘာ့လက်မှာဆီတွေနဲ့။ သွား လာမထိနဲ့"


"ချစ်လို့"


"ကြည့်စမ်း....သမ္ဘာနော်"


မကြိုက်ပါဘူးဆိုနေမှ နှာသီးဖျားလေးကိုဆွဲလိုက်တော့ ငွေငါးလေး ထအော်တော့သည်။ ငွေငါးလေး၏ စိတ်ဆိုးမာန်ဆိုးပုံလေးကိုဘဲ သမ္ဘာက သဘောကျကာ ပြုံးလျက် ခါးကနေ သိမ်းပွေ့လျက်မွှေ့ရမ်းပစ်လိုက်၏။


"သမ္ဘာ....ဘာလုပ်တာလဲ"


"အဟွန်း....ဟွန်း...."


"ချပေးဆို သမ္ဘာနော်"


ကြောက်ကြောက်လန့်လန့်ဖြင့် သမ္ဘာလည်ပင်းကို သိုင်းဖက်ရင်း ငွေငါးလေးပြောနေပေမယ့်...သမ္ဘာက ကြည်နူးစွာရယ်မောလျက်၊


"ဆင်းတတ်ရင် ဆင်း..."


"သွား...အမေ့"


သူ့ရင်ဘတ်ကိုထုမလို့လက်ရွယ်ပြီးမှ သမ္ဘာက ခါးကလက်လေးကိုရွှေ့လိုက်တော့ ငွေငါးလေးလန့်ကာ လက်တွေက သူ့လည်ပင်းဆီ အလိုလိုပြန်ရောက်သွားရသည်။ ထိုအခါ...ချစ်သူနှစ်ဦး၏ ကြည်နူးရင်ခုန်စွာရယ်မောသံက နံနက်ခင်း၏ အလှတစ်ပါးဖြစ်သွားတော့၏။


အပိုင်း(၁၆)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: