book

Index 14

အပိုင်း(၁၄)

🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺


          ညဥ့်လေပြည်လေညင်းနှင့်အတူ...ညပိုးကောင်လေးတွေ၏အော်မြည်သံက လပြည့်ည၏အလှတရားကို ဖြည့်စွက်နေသည်။  


"သမ္ဘာ"


ဖက်တွယ်ထားမိသည့် လက်တွေက ပြေလျော့သွားကာ ငွေငါးလေး၏အသံက ရင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ 


"ငါးလေးကို ချစ်လားဟင်"


သောက်ရှူးကြယ်တမျှ ဝင်းလက်ရွှန်းတောက်နေသည့် ငွေငါးလေး၏ မျှော်လင့်ခြင်းတွေပြည့်လျှံနေသော မျက်ဝန်းလေးတွေကို သူ ငေးစိုက်ကြည့်လိုက်ပြီး၊


"အချစ်ဆိုတာကို မင်းဘယ်လောက်ထိနားလည်သလဲ ငွေငါး"


တိုစိပ်စိပ်မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး သူ့မျက်နှာကိုမော့ကြည့်လာသည့် ငွေငါးလေး။ ဘယ်လိုနေနေချစ်စရာကောင်းနေသလို ဖြူစင်သန့်ရှင်းသည့်ကောင်မလေး။ သူမလေးကို ညစ်နွမ်းလိုတဲ့ စိတ် လုံးဝမရှိသလို သူမဘဝလေးကို အရိပ်ဆိုးကြီးထဲကနေ ဆွဲထုတ်ပေးချင်မိ၏။ 


အဲဒီအခါကျရင် သူ့နှလုံးသား နာကျင်ရမှာ။ သမ္ဘာရင့်ဆိုတဲ့ လူတစ်ယောက်ကို မေ့ပျောက်သွားမှာကို သွေးပျက်အောင်ကြောက်မိပေမယ့် ချစ်ရသူလေးကို ဒီ ဝေဒနာကြီးနှင့် မကြည့်ရက်နိုင်။  ကိုယ်တို့ရဲ့ ကမ္ဘာလေးကို မင်း မေ့ပျောက်မသွားခင်နေ့အထိ မင်းဘေးနားမှာ ကိုယ်ရှိနေမှာပါ ငွေငါးရယ်။ 


တိတ်ဆိတ်သွားသည့် ငွေငါးလေးကို ငေးကြည့်ရင်း သမ္ဘာ ခိုးပြုံးလိုက်မိသည်။ ချစ်တယ် ချစ်တယ်ဟု တဆာဆာပူနေသည့် ငွေငါးလေးသည် အချစ်ကို နားလည်မလည်တော့မသိ မချစ်မိအောင်ထိန်းသိမ်းနေသည့် သူကတော့ နင့်နင့်နဲနဲကို ချစ်နေမိပြီ။


"ချစ်တယ်လို့ပါးစပ်ဖျားလေးက ပြောရုံနဲ့ အချစ်ဆိုတာ မဟုတ်သေးဘူးကွ"


"ငါးလေးက ပါးစပ်ဖျားလေးနဲ့ ပြောတာမဟုတ်ပါဘူးနော်...သမ္ဘာ့ကို ဟောဒီရင်ဘတ်ထဲက ချစ်တာ"


မျက်စောင်းလေးဝင့်လျက် ကလေးဆန်ဆန်လေးပြောလိုက်သည့် ငွေငါးလေး။ သူမရင်ထဲတွင် အနည်းငယ်အောင့်သွားရ၏။ အေးဆေးတည်ငြိမ်နေသည့် သမ္ဘာ့မျက်နှာမှာ သူမလိုချင်သည့် အရိပ်အယောင်တို့ပျောက်ဆုံးနေသည်။ 


"ဘာလဲ ငါးလေးကို မချစ်နိုင်ဘူးလား...ငါးလေးကို မချစ်နိုင်လို့ ဘောလုံးတစ်လုံးလိုသဘောထားပြီးပုတ်ထုတ်နေတာမို့လား"


ခံစားလွယ်တတ်သည့်နှလုံးသားက သမ္ဘာရဲ့အေးစက်စက်အမူအယာကြောင့် ရင်တစ်ခုလုံးနွမ်းလျကာ မျက်ရည်တို့က ပါးပြင်ထက် လိမ့်ဆင်းကုန်သည်။ ထိန်ထိန်သာနေသည့်လမင်းကြီးကို တိမ်စိုင်တို့ ဖုံးလွှမ်းသွားသဖြင့် တစ်ခဏ မှောင်ရိပ်ပျိုးသွားလေသည်။ 


"ငါးလေး သမ္ဘာနဲ့ဘဲ တစ်သက်လုံးနေမှာ...ငါးလေးကို နှင်မလွှတ်ပါနဲ့သမ္ဘာရယ်။ သမ္ဘာမရှိရင် ငါးလေးသေမှာ...သိလား"


ဟူး...သေမှာတဲ့လားငွေငါးရယ်။ ခဏတာ သံယောဇဥ်ပါ...မင်း ပြန်ကောင်းသွားတဲ့အခါ...သမ္ဘာရင့်ဆိုတဲ့ကောင်က အသည်းဗလပွနဲ့ ကျန်ရစ်ခဲ့ရမှာ မင်း ဘယ်သိပါ့မလဲ။ 


"သမ္ဘာ ငါးလေးလေ သမ္ဘာ့ကိုချစ်တယ်...သမ္ဘာနဲ့အတူရှိနေချိန်ဆို ရင်တွေ အရမ်းခုန်တယ်သိလား။ ပြီးတော့ ခြေဖျားလက်ဖျားတွေပါ အေးစက်ပြီး ကတုန်ကယင်ကြီးဖြစ်နေတာ။ သမ္ဘာအနားမရှိတဲ့အချိန်ဆို ငါးလေး ငိုချင်တာ အရမ်းဘဲ။ သမ္ဘာ့မျက်နှာကိုဘဲ တစ်ချိန်လုံးမြင်ယောင်ပြီး တစ်ခုခုလိုနေသလိုကြီးခံစားနေရတာ။သမ္ဘာရောဟင်...ငါးလေးလို ခံစားရတယ်မို့လား။ သမ္ဘာရော ငါးလေးကိုချစ်ပါတယ်လို့ဖြေပေးပါလား သမ္ဘာရယ်"


ပုလဲမျက်ရည်တွေခလျက် အင့်ခနဲငိုရှိုက်ကာ ရင်ခွင်ထဲနောက်တစ်ကြိမ်ပြိုဆင်းလာတော့..လက်တွေက အလိုလိုပွေ့ပိုက်မိလျက်သားဖြစ်နေပြန်သည်။ ရင်ခွင်ထဲကို စိတ်ကြိုက်တိုးဝင်လျက် လူတစ်ကိုယ်လုံးကို အရုပ်တစ်ရုပ်လိုပွေ့ဖက်ကာ ငိုရှိုက်နေသဖြင့် သမ္ဘာ့ အကျီရင်ဘတ်မှာ မျက်ရည်တို့ဖြင့် စိုစွတ်သွားရ၏။


ငွေငါးလေး၏ ရှိုက်သံလေးတွေက သူ့နှလုံးသားကို တဆစ်ဆစ်နာကျင်စေသည့် လက်နက်ပုံးတစ်ခုဖြစ်နေခဲ့သည်။ 


"ချစ်တယ်လို့ ကိုယ်ပြောလိုက်ရင် မင်းစိတ်ချမ်းသာသွားမှာလား ငွေငါး"


အတန်ကြာငြိမ်သက်နေမိကြရင်း သမ္ဘာဆီက အသံခပ်တိုးတိုးထွက်လာ၏။ထိုအခါ..သမ္ဘာ့ရင်ခွင်ထဲတိုးဝင်ကာ ခါးကို အသေသိုင်းဖက်ထားသည့် ငွေငါးလေး တစ်ယောက်မျက်ရည်တို့စိုလူးနေသည့် မျက်နှာလေးဖြင့် သူ့ကိုမော့ကြည့်လာကာ၊


"သမ္ဘာချစ်တာကို လိုချင်တာ...ငါးလေးကို သမ္ဘာရဲ့ချစ်သူတစ်ယောက်လိုယုယကြင်နာစေချင်တာပါ။ ဟင်..ငါးလေးကို ချစ်မယ်မို့လား"


ချစ်စကားတွင်တွင်ဆိုလျက် မေးဖျားကိုမော့နမ်းလိုက်တော့ ရင်ခုန်သံတွေဝုန်းဒိုင်းကြဲသွားရသည်။ မျက်နှာတစ်ပြင်လုံးဖျင်းခနဲဖြစ်သွားပေမယ့် သူမရဲ့အပြုအမူလေးကို ကြည်နူးသွားတာ သူမညာချင်ပါ။ 


"ငါးလေးကိုချစ်တယ်လို့ပြောပေးပါလား သမ္ဘာရယ်"


ရင်ခွင်တစ်ခြမ်းတွင်မှေးစက်ရင်း ငွေငါးလေးဆိုလိုက်သည့်အသံလေးက အလွန်တိုးလျတိမ်ဝင်နေပေမယ့် သမ္ဘာနှလုံးသားထဲအထိ ကျယ်လောင်စွာမြည်ဟီးသွားရသည်။ တင်းထားသမျှ အချစ်စိတ်တို့က သူမလေးကြောင့် လွတ်ထွက်တော့မည်။ 


"တစ်နေ့နေ့မှာ မင်း ကိုယ့်ရင်ခွင်ထဲကပျောက်ကွယ်ထွက်ပြေးသွားမှာကို ကိုယ်သေမလောက်ကြောက်တယ် ငွေငါး..."


ချစ်တယ်ဆိုသည့်စကားကိုကွေ့ရှောင်ကာ အက်ကွဲတုန်ရီသံဖြင့် သမ္ဘာပြောလိုက်သည်။ 


"ဟင်အင်း...ငါးလေးက ဘာကြောင့် သမ္ဘာဆီကထွက်သွားရမှာလဲ။ သမ္ဘာ့နားမှာ နေမှာ..သမ္ဘာဘယ်လောက်မုန်းမုန်း၊သမ္ဘာဘယ်လောက်မချစ်ဘူးဆိုဆို ငါးလေးကတော့ သမ္ဘာနဲ့ဘဲနေမှာ။ ဘယ်တော့မှ သမ္ဘာ့ကိုထားမသွားဘူး"


သူ ပြုံးလိုက်ရင်း..အသည်းယားယားနှင့် ငွေငါးလေး၏ကိုယ်လုံးလေးကို ဖျစ်ညှစ်လိုက်မိသည်။ 


"ဒါပေမယ့်...မင်းရဲ့အတိတ်ကိုသတိရသွားတဲ့အခါ...ဟောဒီရွာလေးနဲ့သမ္ဘာရင့်ဆိုတဲ့ကောင်က အလိုလိုမေ့ပျောက်သွားမှာပါ ငွေငါး"


"ဟင်အင်း...ဟင်အင်း....အဲဒီ့အတိတ်ကို ငါးလေးသတိမရချင်ဘူး...ငါးလေး သမ္ဘာ့ကိုချစ်တယ်။ သမ္ဘာနဲ့ဘဲနေမယ်...သမ္ဘာ့ကိုဘယ်တော့မှ မမေ့ဘူး"


သွေးရူးသွေးတန်းငြင်းဆန်နေသည့် ငွေငါးလေးတစ်ယောက်မျက်စိမျက်နှာလေးတွေပျက်လျက် သမ္ဘာ့ကိုယ်ကြီးကိုလည်း လွတ်ထွက်သွားမှာစိုးကာ မမှီမကမ်းဖြင့် တအားသိမ်းဖက်ထားသည်။


"တစ်နေ့မှာ...သတိရလာမှာပါ ငွေငါး...အဲဒီနေ့ရောက်ရင် မင်း အလိုလိုကိုယ့်ကိုမေ့သွားမှာပါ။ ဒါကြောင့်.."


"မပြောပါနဲ့...ငါးလေးမကြားနိုင်လို့ပါ။ ငါးလေး သမ္ဘာ့ကိုချစ်တယ် အဲဒီအတိတ်ဆိုတာကို ငါးလေးမှ မသိတာ။ တကယ်လို့သတိရလာတောင် ငါးလေး သမ္ဘာ့ကို မမေ့ဘူး...သမ္ဘာ့ကိုဘဲ ချစ်တယ်။ ငါးလေးကို မထားခဲ့နဲ့နော်"


ငိုရှိုက်ရင်း စကားတွေပြောနေပေမယ့် အားလုံးကို ပီပီသသကြားနေရ၏။


"ငါးလေးကို မချစ်နိုင်လို့ သမ္ဘာပြောနေတာမို့လားဟင်..."


သူ့ရင်ခွင်ထဲကရုန်းထွက်ပြီး မျက်ရည်တွေပြည့်နေသည့် မျက်ဝန်းလေးတွေဖြင့် သူ့ကို မလွှတ်တမ်းကြည့်ပြီး မေးခွန်းထုတ်လာတော့ သူ ဘာပြန်ဖြေရမှန်းမသိတော့ပါ။သူမပြောသလို မချစ်လို့ ကွေ့ရှောင်နေတာမဟုတ်ဘဲ ချစ်လွန်းလို့ ချစ်စိတ်တွေထိန်းမရတော့မှာစိုးလို့ ရှောင်ထွက်နေရသည့် အဖြစ်ပါ။


သူ့ဆီက အဖြေမရတော့ မျက်ရည်တွေအိခနဲပြိုကျလာကာ နှုတ်ခမ်းလေးကိုက်လျက် ထိန်းရင်း ငွေငါးလေး၏ ရှိုက်သံတွေ တဖြည်းဖြည်းစိပ်လာသည်။ အဖျားရှိန်ကြောင့် နွမ်းဖတ်ဖတ်လေးဖြစ်နေသည့်မျက်နှာလေးက ငိုချလိုက်တော့ နှာသီးဖျားလေးတွေနှင့် မျက်စပ်လေးတွေရဲသွား၏။


"သမ္ဘာ ရက်စက်တယ်သိလား"


ငိုရှိုက်ရင်းဖြင့် ကြေကြေကွဲကွဲဆိုကာ မျက်ရည်တွေကို လက်ခုံဖြင့် ဖြစ်သလိုပွတ်သုတ်နေရင်း တစ်ချက်တစ်ချက်ရှိုက်နေသည့် ငွေငါးလေးကို ကြည့်ကာ​ ပွေ့ပိုက်ချော့မော့ချင်စိတ်တို့ဖြင့် နပန်းလုံးနေရသည်။သုတ်မနိုင်အောင် အဆက်မပြတ်ကျနေသည့်မျက်ရည်တို့ကို လက်ခုံနှင့်ပွတ်ဆွဲနေတော့ ပါးပြင်မို့မို့လေးတွေမှာ ရဲတွတ်လာ၏။မိန်းမတွေရဲ့လက်နက်က မျက်ရည်တဲ့...။ ဟုတ်မှာ...ငွေငါးလေး ငိုနေတာကိုကြည့်ရင်း သူပါ ရင်တွေနာကာ ဝမ်းနည်းနာကျင်လာရသည်။


"သမ္ဘာ ငါးလေးကို မချစ်ပါဘူး...သမ္ဘာရက်စက်တယ်သိလား။ ငါးလေးကို ခေါ်မထားချင်တော့လို့ တခြားကို ပုတ်ထုတ်နေတာမို့လား။ သမ္ဘာမကြည်ဖြူတော့တဲ့နေရာမှာ ငါးလေး မနေပါဘူး...ဒါပေမယ့်..ငါးလေး သမ္ဘာ့ကို အရမ်းချစ်တယ်..ဘယ်တော့မှ မမုန်းဘူး သိလား...ဟင့်...ဟင့်...သမ္ဘာကကျတော့ သိပ်ရက်စက်တာဘဲ။ သမ္ဘာ..မနေစေချင်တော့ရင် ငါးလေး ခုပဲ ထွက်သွားပေးမယ်"


"ဟာ..."


ကြေကွဲသံကြီးနှင့် သမ္ဘာ ပါးစပ်ဟောင်းလောင်းဖြစ်သွားရကာ ကွပ်ပျစ်ပေါ်က ဆင်းဖို့ဟန်ပြင်နေသည့် ငွေငါးလေးကို မြင်မှလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူမကို ဆွဲဖက်ပစ်လိုက်ရင်း မြိုသိပ်ထားသမျှ ရင်ဖွင့်ကြိုဆိုမိသွား၏။


"မသွားပါနဲ့ ငွေငါးရယ်...မသွားပါနဲ့..."


"ဟင်အင်း...သမ္ဘာ...ငါးလေးကို မချစ်ဘဲနဲ့"


ရုန်းကန်နေသည့် ငွေငါးလေး တစ်ကိုယ်လုံးချွေးစေးတို့ဖြင့် စိုကပ်ကာ အေးစက်လို့နေသည်။ ဒီကောင်မလေးကို သူ ဘယ်လိုမှ လက်မလွှတ်နိုင်တော့ဘူးဆိုတာ ပိုသေချာသွားရကာ နဖူးလေးကို သူ့ပါးပြင်နှင့်ထိကပ်ကာ ကိုယ်လုံးလေးကို တင်းကျပ်စွာပွေ့ပိုက်လျက် ချစ်စကားတွင်တွင်ဆိုမိသည်။


"ချစ်တယ်...သိပ်ချစ်တယ် ငွေငါး...ကိုယ့်ကို မထားခဲ့ပါနဲ့ကွာ...မင်း ထားသွားမှာကို ကိုယ်အရမ်းကြောက်တယ်"


အရူးတစ်ယောက်လို တတွတ်တွတ်ဆိုလိုက်ရင်း အပူငွေ့တို့ဖြင့်နွေးနေသည့် နဖူးလေးပေါ် မြတ်နိုးခြင်းများစွာဖြင့် ဖွဖွနမ်းရှိုက်လိုက်မိသည်။ 


"ဝမ်းသာလိုက်တာ သမ္ဘာရယ်...ငါးလေးလေ အရမ်းပျော်တာဘဲ သိလား"


ဝမ်းသာလှိုက်လှဲခြင်းတို့ဖြင့် တဆတ်ဆတ်တုန်ခါနေသည့် နှုတ်ခမ်းဖူးဖူးလေးကို ရုတ်တရက်အကြည့်ရောက်သွားတော့ ရင်ခုန်သံက ဒိန်းခနဲဖြစ်သွားသည်။ နှုတ်ခမ်းသားပြည့်ပြည့်လေးကို လက်မလေးဖြင့်ပွတ်သပ်လိုက်တော့ ငွေငါးလေး မျက်နှာလေးက စတော်ဘယ်ရီသီးလေးလိုရဲတွတ်သွားကာ ခေါင်းလေးငုံ့သွားတော့၏။


"အဟွန်း..."


ချစ်သူလေး၏ရှက်စနိုးဟန်ပန်လေးကို သဘောကျကာ ရယ်မောမိသွားပြီး သူမ နှုတ်ခမ်းထက်က လက်လေးကို ဖယ်လိုက်သည်။ ထို့နောက်...ချွေးတွေစို့နေသည့် မျက်နှာလေးတစ်ဝိုက်ကို အပေါ်ထပ်ထားသည့် အကျီစဖြင့် တို့သုတ်ပေးပြီး အကျီကို ချွတ်ပစ်လိုက်သည်။ သူ လှုပ်ရှားနေသမျှကို ငွေငါးလေးက မျက်လုံးအဝိုင်းသားဖြင့် လိုက်ကြည့်နေ၏။


"လက်လျှိုလိုက်..."


ရှပ်အကျီလေးကို ဖြန့်ကိုင်ကာ ငါးလေးကို ဝတ်ခိုင်းနေတော့ ရင်မှာကြည်နူးစိတ်တို့ဖြင့် အတိုင်းအဆမရှိ ချမ်းမြေ့သွားရပြီး အကျီကို လက်လျှိုဝတ်လိုက်သည်။ 


"အပြင်မှာလေတွေတိုက်နေတာ အိမ်လည်းပြန်လွှတ်လို့ ရမှာမဟုတ်တော့ ကိုယ့်အကျီထပ်ဝတ်ထားတာ အကောင်းဆုံးဘဲ"


ရယ်ကျဲကျဲလေးဆိုလျက်..စွပ်ကျယ်အကျီလေးနှင့် သမ္ဘာက ကွပ်ပျစ်ပေါ် ပက်လက်လှဲချလိုက်ကာလက်တစ်ဖက်ကို ကွေးလျက်ခေါင်းအုံးပြီး အပေါ်မှာ အုပ်မိုးနေသည့် ကြယ်ဖွေးဖွေးကောင်းကင်ကြီးကို မော့ကြည့် ငြိမ်သက်သွား၏။  


ငါးလေးကိုယ်တိုင်လည်း အလိုက်တသိငြိမ်သက်သွားပေမယ့် သူ့မျက်နှာချောချောကို အကြည့်မလွှဲနိုင်...။


ချောမွေ့နေသည့်မျက်နှာက ရိတ်သင်ပြီးစ စိမ်းညှို့ညှို့ပါးမြိုင်းမွှေးတွေသာ ရှိမနေရင် မိန်းကလေးတစ်ယောက်လို ကြည်သန့်ချောမွေ့နေမှာ။ ဖြူဖွေးနေသည့် အသားအရေကို စွပ်ကျယ်နက်ပြာလေးက ဘောင်ခပ်ထားသလိုဖြစ်နေပြီး ပုဆိုးကွက်စိပ်လေးနှင့် သမ္ဘာ့ပုံစံက တည်ကြည်ခန့်ညားနေလျက်။


ငါးလေးကြည့်နေဆဲ သူ့အကြည့်တွေ သူမဆီဖျတ်ခနဲရွေ့လာကာ နွေးနွေးလေးပြုံးပြလျက်၊


"ဘယ်လိုလဲ ကိုယ့်မျက်နှာက အဲဒီလောက် ချောလား"


"သွား.."


သူ စလိုက်တော့ ငါးလေးရှက်သွားပြီး မလုံမလဲဖြင့် သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် မနာအောင်ထုချလိုက်သည်။ 


"အဟက်...ကောင်မလေးတစ်ယောက် ခိုးရှိုးနေတာ ရှက်လည်းမရှက်ဘူး"


"သမ္ဘာနော်"


နှုတ်ခမ်းစေ့လျက် မပွင့်တပွင့်ပြုံးနေသည့် သမ္ဘာကိုငေးကြည့်ရင်း ရင်ထဲတမျိုးကြီးဖြစ်သွားရသည်။ သွားမပေါ်အောင်ပြုံးလိုက်သည့် ထိုနှုတ်ခမ်းတွေကို မြင်တော့ ရင်းနှီးနေသလိုလို၊တစ်စုံတစ်ခုကို သတိရသလိုလိုဖြင့် ဆွတ်ကျင်ကျင် ခံစားလိုက်ရ၏။


သူမကိုပြုံးစစဖြင့် ကြည့်နေသည့် သမ္ဘာမျက်နှာကို ငုံ့မိုးကြည့်ရင်း ငါးလေး ငြိမ်သွားတော့...သမ္ဘာက ဘယ်လက်ကို ဘေးသို့ဆန့်ထုတ်​ပြီး ကွပ်ပျစ်ကိုလက်ဖြင့်ပုတ်ပြရင်း၊


"လာ...ဒီမှာလှဲလိုက်"


ဟု ခေါ်တော့ ကွပ်ပျစ်အစွန်းလေးကနေ သူ့ဘယ်ဘက်နံဘေး နေရာလွတ်လေးသို့ ငါးလေး ရွှေ့ထိုင်လိုက်သည်။


"ဒီကို ခေါင်းလာအုံး..."


သူ့လက်ကိုဆန့်ထုတ်လျက်ဖြင့်...သမ္ဘာက မျက်လုံးတွေမှေးစင်းကာခေါ်နေ၏။


"ဟင်..."


မထင်မှတ်ထားတဲ့ အပြုအမူမို့ ငါးလေးရှက်ရွံ့ကာ ပူထူသွားရပြီး၊


"ဟင်အင်း..."


ခေါင်းခါငြင်းလိုက်မိ၏။ 


"ကိုယ် ဘာမှမလုပ်ပါဘူးကွာ..စိတ်ချ။လာပါ...ကိုယ့်ကိုရှက်နေလို့လား"


ငါးလေး မျက်နှာသွေးရောင်လွှမ်းသွားပြီး..ခေါင်းခါလိုက်မိသည်။


"ကြယ်လေးတွေဝိုင်းရံနေတဲ့ လမင်းကြီးကို ခုလိုကြည့်ရတာ အရသာသိပ်ရှိတာ။ လှဲချလိုက်ကွာ"


စောစောကနဲ့လုံးဝဆန့်ကျင်ကာ နူးညံ့နေသည့် သမ္ဘာကြောင့် ငါးလေး ကြည်နူးနေရသည်။ အကြည်ဓာတ်တစ်မျိုးလေးဖြင့် ရွှန်းရွှန်းစိုနေသည့် သူ့မျက်ဝန်းတွေကြောင့် ရင်ထဲနွေးမြနေလျက်။


"ဟိတ်...ကြာတယ်"


ထပ်သတိပေးတော့ ငါးလေး လက်ဖဝါးချင်းပြန်ပွတ်လိုက်ကာ၊


"ဟို...သမ္ဘာ့လက်နာနေမှာပေါ့"


"ကိစ္စမရှိဘူး...ကိုယ့်ချစ်သူအုံးတာဘယ်လောက်ကြည်နူးစရာကောင်းလဲ"


မြူးကြွကြွလေး ဆိုလိုက်တော့ ငွေငါးလေးက မရဲတရဲဟန်လေးဖြင့် သူ့ဘေးနားတွင်အသာလှဲလျောင်းကာ သူ့လက်မောင်းပေါ်ခေါင်းလေးအုံးလာ၏။ 


"ပက်လက်လှဲလိုက်လေ...ကိုယ်ကိုက်မစားပါဘူး..."


တစောင်းလေးလှဲနေသည့် ငွေငါးလေးကို ခေါင်းငဲ့ကြည့်ရင်း ဆိုလိုက်တော့ ရှက်ပြုံးလေးဖြင့် သူမကိုယ်လေး ပက်လက်ပြောင်းသွားကာ လက်လေးနှစ်ဖက်ကို တင်းတင်းဆုပ်လျက် ရင်ဘတ်လေးပေါ်တင်ထား၏။ 


"သွား...ပေါက်ကရလေးဆယ်တွေ ပြောတော့မယ်"


"ပေါက်ကရလေးဆယ်..."


ငွေငါးလေးရဲ့စကားကို သံယောင်လိုက်ရေရွတ်လိုက်မိသည်။ အထူးအဆန်းစကားလေးမို့ထင်သည်..ရင်ထဲတစ်မျိုးလေးလှုပ်ခတ်သွား၏။


သူတို့ပေါ်အုပ်မိုးနေသည့် ကောင်းကင်ကြီးကို ကြည့်ရင်း နှစ်ယောက်စလုံးငြိမ်သွားရသည်။ ထိုအချိန်တွင် မီးရောင်လေးတစ်ချက်ဝေ့လျက် နွယ်ဝေတစ်ယောက် လာကြည့်သွားတာကိုလည်း သူတို့မသိလိုက်ကြ။ 


ဝိုင်းဝိုင်းစက်စက်သာနေသည့်လမင်းကြီးနှင့်ကြယ်ပေါင်းစုံဝိုင်းရံနေသည့် လပြည့်ည၏အလှတရားကို ချစ်သူနှစ်ဦး အပြည့်အဝခံစားလျက်ရှိကြသည်။


လေတိုးသံသဲ့သဲ့လေးသာ ပတ်ဝန်းကျင်မှာ ပျံ့လွင့်လျက်။ သြော်..ခုတော့လည်း လောကကြီးတစ်ခုလုံး သာယာမှုအပေါင်းခညောင်းလျက်ပါလား။ 


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ခွမ်း..."


ကျယ်လောင်စွာမြည်ဟီးသွားသည့် အသံကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ ဆူး လန့်နိုးသွားရသည်။ မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ရေချိုးပြီးစပုံစံဖြင့် လန်းဆန်းရှင်းသန့်နေသည့် ကိုကိုက မှန်တင်ခုံရှေ့မှာ မတ်တပ်ရပ်လျက်..ကိုကိုခြေတောက်နားတွင်တော့ အစိပ်စိပ်အမွှာမွှာကွဲနေသည့် ရေမွှေးပုလင်း။ တစ်ခန်းလုံးလှိုင်သွားသည့်ရေမွှေးနံ့တွေထက် ကိုကို့ကိုမြင်လိုက်ရတော့ ဆူး ရင်ထဲအေးချမ်းလုံခြုံသွားသလိုခံစားလိုက်ရ၏။


"ကိုကို့ခြေတောက်ထိသွားဦးမယ်...ဂရုစိုက်"


ဘယ်လိုမှ အကူအညီမပေးနိုင်တဲ့ ကိုယ့်အခြေအနေကို အားမလိုအားမရဖြစ်ကာ ကိိုကို့အတွက် စိတ်ပူပြီး သတိပေးလိုက်တော့ ကိုကိုမျက်နှာက ဆူးဘက်လှည့်လာသည်။ 


"ကိုကို.."


လှောင်ရိပ်တို့စွန်းထင်းနေသည့် မျက်နှာကို မြင်လိုက်ရတော့ ဆူး ရင်နင့်သွားရကာ...ကိိုကို့ကို ကြေကြေကွဲကွဲလေးခေါ်လိုက်မိ၏။


"အဟား...ဟား....ဟား..."


ရုတ်တရက်ရယ်ကျလိုက်သည့် အသံကြီးက နည်းနည်းနောနောမဟုတ်ပါ။ ညဥ့်နက်နေပြီမို့ ပတ်ဝန်းကျင်ကြားမှာစိုးကာ ဆူး ထိတ်ထိတ်ပြာပြာဖြစ်သွားသလောက် ရင့်ကတော့ အူလှိုက်သည်းလှိုက်ရယ်မောနေသည်။


"ဟာသတွေသိပ်မပြောစမ်းနဲ့ ဆူးခေတ်သစ်...မင်းလိုဒုက္ခိတတစ်ယောက်က ကိုယ့်ကိုယ်ကိုဘဲ စိတ်ပူစမ်းပါ"


"ကိုကို့..."


ဆူး တအားဆောင့်အော်လိုက်မိရင်း မျက်ရည်တို့က ပါးပြင်ပေါ်တလဟောပြိုဆင်းသွားရသည်။ ကိုကို့ဆီက ရင့်သီးတဲ့စကားလုံးတွေကို ဆူး ဘယ်လိုမှ ခံနိုင်ရည်မရှိပါ။ ကိုယ့်ဘဝကိုယ့်အခြေအနေကို နားလည်ပေမယ့် ကိိုကိုခုလိုပြောလိုက်တာကို ဆူး မခံစားနိုင်။ 


" ဒုက္ခိတမို့ ဒုက္ခိတပြောတာ နာသလား။ အဟင်း...ဘာလဲ မင်းက လူကောင်းလား။လူကောင်းဆို ငါ့ဆီလျှောက်လာခဲ့လေ ဘယ်လိုလဲ"


မထိတထိအပြုံးတို့ဖြင့် ဆူး ရင်နာစေတဲ့စကားလုံးတွေပစ်သွင်းကာ နောက်ဆုံး မျက်ခုံးပင့်လျက် မခိုးမခန့်ပြုံးလိုက်ပုံက ဆူးနှလုံးသားကို နင်းခြေလိုက်သလိုပါဘဲ။ အားနည်းချက်ကို တိုးနှက်လာတဲ့သူက ဆူးအချစ်ဆုံးကိုကိုဖြစ်နေခဲ့သည်။ 


အောင်ပန်းကိုအသွားမှာဖြစ်ခဲ့တဲ့ ကားတိုက်မှုမှာ ဆူး အောက်ပိုင်းသေခဲ့ရပြီး ကိုကိုကတော့ပွန်းပဲ့ကာ ခေါင်းကွဲရုံအပြင် ဘာမှ မဖြစ်ခဲ့။ *ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ* ဆိုသည့်စကားက ဆူးအတွက် မှန်ကန်နေသည်။


"ဒုက္ခိတတစ်ယောက်နဲ့ အတူတူနေရတာ ငါ့အတွက်တော့ ငရဲဘဲဆူးခေတ်သစ်။ ဒါပေမယ့်...မင်း ဘယ်တော့မှ မလွတ်မြောက်ဘူး။မင်းကို လွတ်မြောက်ခွင့် ဘယ်တော့မှ မပေးဘူး...မင်းတစ်ဘဝလုံး နာကျင်မှုတွေနဲ့ သေဆုံးစေရမယ်...ဒါက ငါ့ကျိန်စာဘဲ"


မျက်ရည်အိုင်ထွန်းနေသည့်မျက်နှာကို နာနာကြည်းကြည်းစိုက်ကြည့်ပြီး ရင့် ပြောချလိုက်သည်။ ခုလို ဒုက္ခိတဘဝရောက်ရတာလည်း သူမတို့ အပြစ်တွေအတွက် ဝဋ်လည်တာဟုဘဲ ထင်သည်။ ဒါကြောင့် နည်းနည်းလေးတောင်မသနားမိပါ။ 


"ရတယ် ကိုကို...နောက်ဘဝအထိ ဆူးသယ်မသွားဘဲ။ ခုဘဝတင် ကိုကိုစိတ်ကြိုက် လုပ်လိုက်ပါ"


ချိုရှရှအသံလေးနှင့် မျက်နှာငယ်လေးကို ကြည့်ပြီး ရင့် မဲ့လိုက်မိသည်။ အလကား...မူယာမာယာတွေ။


"အဟင်း....ကြိုက်သလိုလုပ်ဆိုပြီးလည်စင်းပေးနေတဲ့သူက ဒီလောက်နဲ့ အတော်ပျော့နေပါပြီလား။ မင်း အားမွေးထားသင့်တယ် ဆူးခေတ်သစ်။ ခုချိန်ထိ မင်းထိခိုက်နာကျင်အောင် ငါ ဘာမှ အားမစိုက်ရသေးဘူး။ ငါ အကြွေးပြန်ယူဖို့ မင်းဒီထက်သန်မာနေသင့်တယ်"


ကိုယ့်ဘက်က မဟာစီမံကိန်းကြီးပြင်ဆင်ထားပေမယ့် ဘာမှ မလုပ်ရသေးခင်..သူမက သူ့အကုသိုလ်နဲ့သူဖြစ်နေတာ။ အသံတိတ်ငိုနေသည့် ဆူးခေတ်သစ်ကို ကျောခိုင်းလိုက်စဥ်၊


"ကိုကို..."


"ဘာလဲ"


ထူးလိုက်သံက လုံးဝ မညင်သာ။


"ဆူး သန့်စင်ခန်းသွားချင်လို့..."


"သွားပါလား..."


ပက်ခနဲပြန်ပြောပြီးမှ ဆူးခေတ်သစ်ကို လှည့်ကြည့်လိုက်မိတော့ မျက်ရည်တွေပြည့်အိုင်နေသည့် မျက်လုံးလေးတွေနှင့်ဆူးခေတ်သစ်ကို မြင်လိုက်ရသည်။


"ဆူး ကိုယ့်ဘာသာကိုယ်မှ မသွားနိုင်တာ...ကိုကိုရယ်"


ငိုသံလေးနှင့်ဆိုလိုက်ပေမယ့်...သူ နည်းနည်းမှ မသနားမိ။


"အဟင်း...ဘာလဲ ငါကလိုက်ပို့ရမှာလား။ လုံးဝဘဲနော်...မင်းလို ဒုက္ခိတနဲ့မေမေ့ကြောင့် တစ်ခန်းထဲ အတူတူနေနေတာတောင် အတော်လွန်နေပြီ။ မင်း ဝေယျာဝစ္စတွေကို ငါ ဘာမှ လုပ်မပေးနိုင်ဘူး။ မင်း ဘာသာ သွားနိုင်ရင်သွား"


"ကိုကို့"


ရက်စက်လိုက်တာလို့တောင် ဆူး မပြောနိုင်တော့ပါ။ မျက်ရည်လည်ရွဲနှင့် ဆူး ကို ကျောခိုင်းကာ ဆိုဖာပေါ် သက်သောင့်သက်သာဟန်ဖြင့် လှဲလိုက်ရင်း ရှေ့စားပွဲထက် ခြေတောက်လှမ်းတင်ကာ ရင့် ငြိမ်သွား၏။


"ဟဲလို.....ချစ်လေး"


မျက်ရည်တွေကြားမှ ဆူး ခေါင်းထောင်သွားရပြီး နားတွေက အလိုလိုစွင့်ပြီးသားဖြစ်သွား၏။ချစ်လေးတဲ့...။ ဘာတွေလဲ...ကိုကို ဘယ်သူနဲ့ဖုန်းပြောနေတာလဲ။ 


အပိုင်း(၁၅)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: