🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺
"တောက်....စည်းမရှိကမ်းမရှိ"
ကားထွက်မည်ဆိုကာမှ ရှေ့တွင်ပိတ်ရပ်ထားသော ကားကိုကြည့်ပြီး နေကောင်းကင် ဒေါသဖြစ်သွားကာ ဟွန်းကို အဆက်မပြတ်တီးပစ်လိုက်သည်။
ဟွန်းသံရှည်ရှည်ပေးသည့်တိုင်အောင် ကားဆီသို့လာသည့် လူရိပ်လူယောင် တစ်စွန်းတစ်စပင်မတွေ့ရသေး။
"နောက်ကသာ ပိတ်တိုက်ပစ်လိုက်ချင်တယ် တောက်..."
နေ ကားပေါ်ထိုင်ပြီး အကုသိုလ်ပွားနေသလောက် ရှေ့ကားပိုင်ရှင်က ဘယ်ချောင်သွားနေသလဲပင်မသိ။
ဘယ်လောက်ဟွန်းတီးတီး ထွက်မလာတဲ့ကားပိုင်ရှင်ကြောင့် ကားပါကင်စောင့်တဲ့ လူကို လှမ်းခေါ်လိုက်ရသည်။
"ကားပိတ်နေလို့လား အစ်မ"
ဝန်ထမ်းမှာ နေကောင်းကင်ကားအနီးလျှောက်လာပြီး ခါးကိုင်းလျက်မေးလာသည်။
"ဟုတ်တယ်...ဒီကားပိုင်ရှင်ဘယ်သွားတာလဲ သိလား"
"ဟုတ်ကဲ့ သုံးလွှာကို ကိစ္စရှိလို့လာတာတဲ့ မကြာဘူး ပြန်ဆင်းလာမယ်လို့ပြောတာဘဲ"
"တောက်....အဲဒီလိုစည်းမဲ့ကမ်းမဲ့လုပ်လို့ရသလား"
ဘယ်နှကြိမ်မှန်းမသိအောင် တက်တွေခတ်နေမိသည်။ နေ့မျက်နှာ တင်းမာနေကာ နာရီတကြည့်ကြည့်ဖြစ်နေပြီ။ မေမေ့ကို ဆေးခန်းသွားပြဖို့ ရှိနေတာကြောင့် အလုပ်ကိစ္စတောင် လွှဲထားခဲ့ရတာ။ ယခုတော့...ရှေ့မှာ ပိတ်ရပ်နေသည့်ကားကြောင့် ဒေါသက ထုထည်ကြီးမားလျက်။
အငယ်လေးဆုံးသွားပြီးကတည်းက မေမေ့ကျန်းမာရေး ချူချာလာသလို နေကိုယ်တိုင်လည်း ဒေါသတွေအလိုလိုထွက်တတ်နေပြီ။ မထင်ရင်မထင်သလို ပြောဆိုပစ်ခဲ့တာ ခုနောက်ပိုင်းမှ နေရဲ့ ကာရိုက်တာပြောင်းသွားခြင်းပင်။
"ကျွန်တော် သွားခေါ်လိုက်မယ်"
"မြန်မြန်...ဒီမှာ တို့အရေးကြီးနေလို့ ကားလာဖယ်ပေးပါလို့"
"ဟုတ်ကဲ့ ခင်ဗျာ"
မေမေ့ကို ဆေးခန်းပြဖို့အချိန်က နီးနေပြီမို့ နေ စိတ်မရှည်ချင်တော့။ စိတ်တိုတိုနှင့် နောက်ကသာ တိုက်ပြီး ထွက်သွားလိုက်ချင်သည်။တာဝန်ကျဝန်ထမ်းလေး ခပ်သွက်သွက်ထွက်သွားတာကိုကြည့်ရင်း အနီရောင်နှုတ်ခမ်းပါးက အလိုလိုတည်တင်းနေရသည်။
သိပ်မကြာလိုက် ဝန်ထမ်းလေး ခပ်သုတ်သုတ်ပြန်ရောက်လာတာမို့၊
"ဘာတဲ့လဲ"
နေ ခေါင်းအပြင်ထုတ်ပြီး စိတ်မရှည်သလိုမေးလိုက်သည်။
"နောက်မှာ ထွက်လာပါပြီ အစ်မ"
နေကောင်းကင် ပိုက်ဆံအိတ်ထဲက ငါးထောင်တန်တစ်ရွက်ထုတ်ပြီး ပေးလိုက်တော့ တရိုတသေလှမ်းယူကာ၊
"ဟိုမှာ ထွက်လာပါပြီ အစ်မ"
"ဟင်..."
ထိုလူညွှန်ပြရာကိုကြည့်ပြီး ထူနက်နက်မျက်ခုံးလေးတွေ တွန့်ကုတ်သွားကာ မျက်လုံးတွေပါ စူးတောက်သွားရ၏။ ဘယ်တော့မှ မေ့တော့မှာ မဟုတ်တဲ့ မျက်နှာနှင့် ပုံပန်းသဏ္ဍာန်။
ဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထည့်လျက် လေချွန်ကာ ခပ်နွဲ့နွဲ့လျှောက်ထွက်လာတဲ့ သူ။ခိုပြာရောင်တောက်နေသည့်မျက်မှန်အောက်က မျက်လုံးတွေကို မမြင်ရပေမယ့် ပြုံးမလိုတည်မလို ခပ်ကွေးကွေးနှုတ်ခမ်းအစုံကိုကြည့်ပြီး နေ နှုတ်ခမ်းသားကို ဖိကိုက်ပစ်လိုက်မိရင်း၊
"သူ သေချာလား"
"ဗျာ..."
နေကောင်းကင် စကားကို နားမလည်သလို ဝန်ထမ်းက ပြူးကြောင်ကြောင်နဲ့ထူးလိုက်သည်။
"ဒီကားပိုင်ရှင်က အဲဒီလူသေချာသလားလို့ မေးတာ"
ဘောင်းဘီအိတ်ထဲက လက်တစ်ဖက်ကိုထုတ်လျက် မျက်မှန်ကိုပင့်တင်ကာ နေနဲ့ ဝန်ထမ်း စကားပြောနေတာကို လှမ်းကြည့်လာတဲ့ စူးရဲရဲမျက်လုံးတွေကြောင့် နေတစ်ယောက် ဒေါသထောင်းခနဲထွက်သွားရ၏။
ဒင်းနဲ့မှ...။ အနီရောင်ပြိုင်ကားကိုကြည်ပြီး နေ လက်သီးဆုပ်ပစ်လိုက်မိသည်။ ကားပြောင်းသွားတော့ ဒင်းကို သတိမထားလိုက်မိတာ။ ဓနရှင်...မင်းနဲ့ငါ တွေ့ပြီ။
မှန်တစ်ဝက်ချထားသည့် ကားထဲကိုလှမ်းကြည့်နေသည့် ဓနရှင် မျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွားပြီး လှမ်းလက်စခြေလှမ်းတွေ ခဏရပ်တန့်သွားတာကိုကြည့်ပြီး နေ့ကို သူလည်းမှတ်မိသွားပြီဆိုတာ ရိပ်မိလိုက်ပြီ။
ထို့နောက်..တွန့်ကွေးသွားသည့်နှုတ်ခမ်းထက်ကခပ်မဲ့မဲ့နှင့် အနိုင်ယူလိုသည့် အပြုံးသည် နေ့ဒေါသကို ဝုန်းခနဲပေါက်ကွဲဖို့ လောင်စာဖြည့်လိုက်သလိုပင်။ ဒေါသ၏နောက်တော်ပါးတွင် ထပ်ချပ်မခွာပါလာသည့် စိတ်တစ်ခုက ဘာမှမစဥ်းစားနိုင်တော့ဘဲ လျှပ်တပြက်လှုပ်ရှားပစ်လိုက်သည်။
"ဂျိုင်း...ဒုန်း..."
"ဟာ..."
"ဟေ့....ခင်ဗျား..."
ကားပါကင်ဝန်းထမ်းရော ဓနရှင်ပါ မျက်လုံးပြူးသွားရသည်။ နောက်ကနေ အသားလွတ်ပစ်ဆောင့်လိုက်တော့ သူ့ကားလေးရှေ့ကိုရောက်သွားပြီးရှေ့ကားကိုတဆင့်ထပ်တိုက်သွားကာ အသံတွေဆူညံသွားရ၏။တောက်....ဒီမိန်းမတော့။ ခံပြင်းနာကျင်စွာတက်ခတ်လိုက်မိသည်။
ဓနရှင် ဘာမှပြန်ပြောချိန်မရလိုက်ခင်..နေကောင်းကင် ကားမောင်းထွက်လာခဲ့သည်။ မာနကြီးသော...အထက်စီးဆန်သော ထိုမျက်နှာကိုမြင်ယောင်မိတော့ ကျေနပ်စွာပြုံးလိုက်မိ၏။
လပေါင်းများစွာတင်းခဲနေသည့် အစိုင်အခဲတစ်ခုက အနည်းငယ်သက်သာရာရသွားခဲ့ပြီ။
နေရဲ့လုပ်ရပ်ကို မထင်မှတ်ထားသလို အငိုက်မိကာ ပျက်ယွင်းအိုစာသွားသည့် ဓနရှင်ရဲ့မျက်နှာ ဟန်ဆောင်ဖို့တောင်သတိမရလိုက်။ ဒီလောက်နဲ့ မကျေသေးဘူး ဓနရှင်...နောက်ထပ် မင်းပြန်ပေးဆပ်ရမယ်။
သူ့ကိုမြင်လိုက်ရတော့ နှုတ်ခမ်းအစုံက ထူပူနာကျင်သွားသလိုခံစားလိုက်ရကာ အမုန်းတွေနှစ်ဆတိုးလာရ၏။
"ဟင်"
နောက်ကြည့်မှန်မှာ ပေါ်လာသည့်ကားကိုမြင်တော့ နေ့မျက်နှာလေး ပိုတင်းသွားရကာ ကားရှိန်ကိုမြှင့်လိုက်သည်။
ထက်ချပ်မခွာလိုက်လာသော ကားလေးက ဓနရှင်ကားပင်။ နောက်ကကားတွေကို ကွေ့ဝိုက်လျက် နေ့ကားနောက် လိုက်လာပုံက တကယ့် ဝရုန်းသုန်းကား။ ကားတွေ ဟွန်းသံတွေစည်လျက် ကျန်ခဲ့တာကို နည်းနည်းမှ အရေးစိုက်ပုံမရ။
တောက်လျှောက်လိုက်လာတဲ့ကားကို မြင်လိုက်ကတည်းက နေ ကားကို လမ်းကြောင်းပြောင်းကာ လှည့်ပတ်ရှောင်ထွက်ဖို့ကြိုးစားလိုက်သည်။
"တောက်...."
ဒီကောင်လေးနဲ့ပက်သက်ပြီး နေ ခဏခဏစိတ်တိုနေရသည်။ ဘယ်လိုမှ မျက်ခြေဖြတ်မရဘဲ လိုက်ကနေ လိုက်လာတဲ့ကားကို နေ ဘယ်လိုမှ ရှောင်ပြေးလို့မလွှတ်တော့။ ကြည့်လေ...နေ့ကိုသက်သက် ကလိနေတာ။
ကျော်တက်သွားလို့ရပါလျက်နှင့် နောက်ကနေ ကပ်လျက်ပါလာပုံက ခပ်အေးအေး။ အကြိုက်ပြေးစမ်း...ငါ့လက်ကမလွတ်ပါဘူးဟု ပြောနေသလိုလို။
ဆေးခန်းဖွင့်ချိန်ရောက်နေပြီမို့ နေ ကိုယ့်စိတ်အတိုင်းရှောင်ထွက်လို့မဖြစ်တော့ပေ။ ကိုယ့်အိမ်သိသွားတော့လည်း ဘာဖြစ်သေးလဲ။ နေကောင်းကင်ဆိုတာ ရှောင်ပြေးတတ်တဲ့မိန်းမမှ မဟုတ်တာ။ ကိုယ့်စိတ်ကိုယ်တင်းရင်း အိမ်ရာဝန်းဘက်ကို ပြန်လှည့်လိုက်သည်။
နေ တွက်ထားတဲ့အတိုင်း သူ့ကားက နောက်ကနေ ပါလာရာမှ ဘေးချင်းယှဥ်လာသည်။
"တိုက်ပစ်လိုက်ရရင် မကောင်းရှိတော့မယ်"
မှန်အလုံတင်ထားသည့် နေ့ကားကို မော့ကြည့်လာသည့် မျက်ဝန်းတစ်စုံနှင့် မထိတထိပြုံးနေသည့်နှုတ်ခမ်းပါးများက လူကို အခံရခက်စေ၏။
နောက်ချန်နေလိုက်၊ဘေးချင်းယှဥ်မောင်းလိုက်၊ရှေ့ကနေ လမ်းပိတ်မောင်းလိုက်နှင့် တမင်နှောက်ယှက်နေသည့် ဓနရှင်။
အိမ်နားနီးလာတော့ တမင်နောက်ချန်နေခဲ့သည်။ ထိုအခါ...သူ့ကားက ဘေးချင်းယှဥ်လာပြီး နောက်ကနေ ကပ်လျက်ပါလာပြန်၏။
"ရွှတ်..."
ခြံဘက်ကွေ့ကာ ဟွန်းတီးလိုက်စဥ်...နောက်ဘက်ကနေ ရွှတ်ခနဲအသံထွက်လာတော့ နေ့မျက်လုံးတွေ နောက်ကြည့်မှန်ဆီရောက်သွားရသည်။
"တောက်...."
နေ့မျက်နှာတစ်ပြင်လုံးရဲတက်သွားရကာ မဆင်မခြင်ကြည့်မိသည့် ကိုယ့်မျက်လုံးကိုကိုယ်ပြန်ကျိန်ဆဲမိသွားသည်။ ကားအပြင်ကိုခေါင်းထုတ်လျက် မျက်စိတစ်ဖက်မှိတ်ပြပြီးမှ လက်သေနတ်လုပ်ကာ နှစ်ချက်သုံးချက်ပစ်လျက် ဓနရှင်တစ်ယောက် ကားကို ဝေါခနဲမောင်းထွက်သွားသည့်မြင်ကွင်းကနေ့မျက်ဝန်းအိမ်မှာ ဆွဲထင်ကျန်ရစ်၏။
မျက်တောင်တစ်ဖျတ်ခဏအတွင်းမှာ အနိုင်ပိုင်းသွားသည့် ဓနရှင်၏ အပြုအမူကြောင့် တုံ့ပြန်ခွင့်မရလိုက်ဘဲ နေ ဒေါသတွေနှင့်လုံးထွေးနေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှင်သန်ခြင်းနှင့်သေဆုံးခြင်း။ သည်နှစ်ခုကြားမှာ လမ်းပျောက်နေတဲ့ ဆူးအဖြစ်က အသက်ရှင်နေသည့်ရက်တွေက အဓိပ္ပါယ်မဲ့နေလျက်။
"မမလေး...ဒါလေးစားပြီး ဆေးသောက်ရအောင်"
သိသိသာသာချောင်ကျသွားသည့် ကိုယ်လုံးလေးနှင့် မျက်တွင်းလေးတွေပါ ကျကာ ညိုနေသည့် ဆူးခေတ်သစ်ပုံလေးက တကယ့်ပိုးဟပ်ဖြူမလေးလို ချိနဲ့နေလျက်။
"နင့်အစ်ကိုလေးပြန်ရောက်နေပြီလား လုံးလုံး"
"ဟို...ဟို"
လုံးလုံးရဲ့အမူအယာလေးတွေကိုကြည့်တာနဲ့ ကိုကိုပြန်မရောက်သေးဘူးဆိုတာသေချာနေသည်။
"ထားလိုက်တော့...လုံးလုံး"
"ဟုတ်ကဲ့ မမလေး"
လုံးလုံးထည့်ယူလာပေးသည့် ထမင်းနှင့်ဟင်းကို တာဝန်တစ်ခုလို စားသောက်ရတာ ဆူးအတွက် ပင်ပန်းလွန်းပါ၏။ စိတ်ချမ်းသာခြင်း မြူတစ်မှုန်စာတောင်မရှိသည့် ကိုယ့်ဘဝက ဘာကြောင့်ရှင်သန်နေသေးတာလဲ။ အချစ်ကြောင့်တဲ့...။
ဆူး ကိုကို့ကိုချစ်လို့ ရှင်လျက်သေနေရတဲ့ ဘဝကြီးကို ဖက်တွယ်နေမိတာပါ။ တစ်ချိန်က အကြိုက်ဆုံးဟင်းလျာတွေပင် ခုချိန်မှာ ဆူးကို မဆွဲဆောင်နိုင်တော့ပေ။
ဆေးတွေသောက်ရဦးမှာဆိုတော့ မနည်းနှစ်ဖျစ်၍ ထမင်း သုံးလေးဇွန်းစား ဝင်အောင်စားလိုက်ကာ ဇွန်းကို ပြန်ချလိုက်ပြီး၊
"သိမ်းလိုက်တော့ လုံးလုံး"
ဟင်းလေးနည်းနည်းနဲ့ထမင်းလေးသုံးဇွန်းလောက်စားပြီး အရာမယွင်းထမင်းပန်းကန်ကိုကြည့်ကာ လုံးလုံး သက်မမောကိုချလိုက်မိသည်။ မမလေး အဖြစ်က သနားစရာ။ ကြောင်စာလောက်တောင်မကုန်တော့ တစ်နေ့တစ်ခြား ပိန်သွားလိုက်တာ လေတိုက်ရင်တောင်လဲသွားနိုင်သည်။ အစာစားပြန်တော့လည်း ဝတ်ကျေတန်းကျေသဘောမျိုးနဲ့ နည်းနည်းလေးဘဲစား၏။
"မမလေး..."
ရေဖန်ခွက်လေးထဲကရေကို မော့သောက်နေသည့် ဆူး၏ဖြူရော်ရော်ပုံလေးကို ငေးကြည့်ရင်း လုံးလုံးတစ်ယောက်မဝံ့မရဲခေါ်လိုက်သည်။ ထိုအခါ...ဆူးကဖန်ခွက်လေးကို အသာပြန်ချပြီး မျက်လွှာလေးပင့်ကြည့်လာ၏။ ကော့နက်နေသည့်မျက်တောင်ရှည်တွေပင့်ကပ်ကာ ဝိုင်းစက်စက်မျက်လုံးလေးတွေက မိန်းမလှတစ်ယောက်ရဲ့ မျက်လုံးလှလှလေးတွေဖြစ်နေပေမယ့် ထိုမျက်ဝန်းတွေက တက်ကြွခြင်းတွေဆိတ်သုန်းလျက် အားငယ်ဖျော့တော့သည့် အရိပ်အယောင်တွေပြည့်နှက်နေတာကို လုံးလုံးမြင်နေရသည်။
ပါးလွှာနေသည့်နှုတ်ခမ်းပါးလေးက ဘာဆေးသားမှ မတင်တာတောင် ပန်းရောင်လေးပြေးနေကာ လုံးစင်းနေသည့် နှာတံလေးကထုဆစ်ထားသလို လက်ရာမြောက်လွန်းနေသည်။ မျက်ခုံးလေးတွေကျပြန်တော့လည်း လှနေလိုက်တာ။ ဘယ်လိုကြည့်ကြည့် မမလေးက မိန်းမလှလေးတစ်ယောက်ပင်။
လုံးလုံး ဒီကိုစရောက်တော့ မမလေးမျက်နှာမှာ စိတ်ဓာတ်ကျကာ ခံစားချက်မဲ့နေသလိုနှင့် ဘာအခြယ်အသမှ မရှိပေမယ့် အလွန်ကြည့်ကောင်းနေသေးသည်။ အရင်ကဆို ဘယ်လောက်များလှလိုက်မလဲဟု လုံးလုံးတွေးကြည့်ခဲ့ဖူးသည်။ နောက်တော့ မမလေးဓာတ်ပုံတွေကို မြင်လိုက်ရတော့ ပြောစရာမရှိအောင်လှပသည့် နတ်မိမယ်လေးတစ်ပါးဖြစ်နေခဲ့၏။
"လုံးလုံး..."
အားအင်ချိနဲ့နေသလို တိုးလျသည့်ခေါ်သံလေးကြောင့် လုံးလုံးသတိပြန်ဝင်လာကာ၊
"ရှင် မမလေး"
"နင် ငါ့ကိုသနားနေတာလား"
"ရှင်..."
ရုတ်တရက် မေးလာသည့် မမလေးရဲ့မေးခွန်းက မှန်နေတာမို့ လုံးလုံး မျက်နှာကို ပြင်ဆင်ချိန်မရလိုက်။
"ငါက သနားစရာ ကောင်းနေတာလား လုံးလုံး"
"မ...မဟုတ်ပါဘူး မမလေး"
နှုတ်ခမ်းလေးမသိမသာကွေးလျက် ပြုံးလိုက်သည့် မမလေးရဲ့အပြုံးတွေကြောင့် စိတ်ထဲ တမျိုးကြီး ခံစားလိုက်ရသည်။
"မှန်မှန်ဖြေစမ်းပါ.. ငါ့ကိုသနားသလား မသနားဘူးလား"
"ရှင်...လုံးလုံး လုံးလုံးဘာပြောရမလဲ မမလေး"
သနားပါတယ်လို့ လုံးလုံး အမှန်ဘယ်ပြောရဲပါ့မလဲ မမလေးရယ်။
"နင့်စိတ်ထဲရှိတဲ့အတိုင်းသာဖြေ...ငါကသနားစရာကောင်းနေလား...ရွံ့စရာကောင်းနေသလား"
"အို...ဘယ်နှယ့် ရွံ့စရာဖြစ်ရမှာလဲ မမလေးရယ်..."
"အင်း...ဒါဆို ငါကသနားစရာကောင်းနေသေးတာပေါ့နော်...လုံးလုံး ဟုတ်လား"
"အယ်..."
လွှတ်ခနဲဖြေပြီးမှ စကားမှားသွားပြီမှန်းသိလိုက်ရကာ ပါးစပ်လေးကို အမြန်ပိတ်လိုက်ရသည်။ မဝံ့မရဲနှင့်မမလေးကို ကြည့်လိုက်တော့ သူမစကားကို စိတ်ဆိုးသွားတဲ့အရိပ်အယောင်လုံးဝရှိမနေပါ။ စားပွဲထက်ထောင်ထားသည့် ဓာတ်ပုံဆီ အကြည့်တွေစိုက်ကျလျက် နှုတ်ခမ်းဖျားလေးက မသိမသာလှုပ်ခတ်လာ၏။
"ငါက သနားစရာကောင်းတယ်လို့ ခုချိန်ထိ မထင်သေးတဲ့လူတစ်ယောက်ရှိတယ် လုံးလုံး။ ဘယ်သူ့ဆီကမှ အသနားမခံချင်တဲ့ငါက အဲဒီလူဆီက သနားတာလေးတော့ မျှော်လင့်မိတယ်...အဲဒါဘာကြောင့်လဲ နင်သိလားလုံးလုံး"
"ရှင်...မ..မသိပါဘူး မမလေး"
မျက်ရည်ရောင်လေးတွေနှင့်ရွှန်းတောက်နေသည့် မျက်လုံးတွေကို လုံးလုံး မကြည့်ရဲတော့ပါ။
"အချစ်က သနားခြင်းကစသတဲ့..ငါကြားဖူးတာပြောတာပါ။ အဲဒီလိုကြားဖူးခဲ့တာမို့ သူ့ဆီက သနားညှာတာမှုလေးကို ငါမက်မောတယ်။ သူ သနားလာမဲ့အချိန်ကို ငါစောင့်မျှော်နေမိတာ ငါရူးနေသလားဟင်...ပြောစမ်းပါ"
"မရူး...မရူးပါဘူး မမလေးရယ်။ မမလေးက ဒီလောက်လှတာ အစ်ကိုလေးက မမလေးကိုချစ်ပါတယ်။ ညဘက်ဆို ပြန်ရောက်တာနဲ့ မမလေးကိုတန်းမေးတာသိလား။ မမလေး ထမင်းရောစားရဲ့လား ဆေးရောသောက်ရဲ့လားနဲ့... မမလေးထမင်းမစားတဲ့နေ့ဆို လုံးလုံးကိုဆူလိုက်တာပြောမနေပါနဲ့။ အစ်ကိုလေးက မမလေးကို ဂရုစိုက်ပါတယ်။ ခုလည်း မမလေးက ထမင်းမစားတော့ ဘယ်စိတ်ကောင်းပါ့မလဲ..စားလိုက်နော် မမလေး"
ထမင်းပန်းကန်ကိုရှေ့တိုးပေးကာ ရေပတ်မဝင်အောင် စကားတွေပြောသွားသည့် လုံးလုံးကိုကြည့်ပြီး ဆူး ပြုံးလိုက်သည်။ စိတ်ချမ်းသာအောင်ရှာကြံပြောလာသည့် လုံးလုံးရဲ့စေတနာမေတ္တာလေးကို မြင်လိုက်ရတော့ ကြည်နူးစိတ်လေးနှင့် မျက်ရည်စို့လာရ၏။ ကိုကိုရယ်...ဆူးလိုချင်တာ ကိုကို့ဆီက အကြင်နာတွေပါ..တခြားသူတွေဆီက မဟုတ်ပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝိုင်းဝိုင်းစက်စက်သာနေသည့် လပြည့်ဝန်းကြီးကိုကြည့်ပြီး သမ္ဘာတစ်ယောက်တည်း အတွေးနယ်ချဲ့နေမိသည်။
သမ္ဘာ့ရင့်ဆိုသည့်သူ့ဘဝမှာ တွယ်တာစရာဆိုလို့ မမနွယ်၊ကိုကြီးမိုးမြင့်နှင့်သူငယ်ချင်းများသာရှိသည်။ ခြံလုပ်ငန်းတွေနှင့်ဝက်ရှော့ခ်အငယ်စားလေးကိုလုပ်ကိုင်ရင်း အတန်အသင့် ချောင်လည်သည့် စီးပွားရေးရှိနေသည်။
တစ်ကိုယ်ရည်တစ်ကာယသူ့ဘဝထဲကို ရုတ်တရက်ဝင်ရောက်လာသည့် မိန်းကလေးကြောင့် သူ့စိတ်တွေ လေးလံထိုင်းမှိုင်းကာ တစ်ခုခုမှာတွဲငြိနေမိပြီ။ ဖြတ်တောက်ဖို့ကြိုးစားကာမှ ပိုတိုးရစ်ပတ်နေတဲ့ သံယောဇဥ်ကြိုးတစ်ချောင်းကို သူ ဘယ်လိုဖြတ်ရပါ့။
ငွေငါးလေးရဲ့ စွတ်တရွတ်အပြုအမူလေးတွေက သူ့နှလုံးသားမှာ အထပ်ထပ်နှောင်တွယ်လို့နေပြီ။ အချိန်တန်ရင် ပိုင်ရှင်ဆီပြန်အပ်ရမဲ့ ပစ္စည်းလေးတစ်ခုလို မကွဲမရှနှင့်လက်ရာမပျက်အောင် စောင့်ထိန်းချင်တာ သူ့စေတနာအမှန်ပါ။
ခက်နေတာက အတန်တန်သတိထားပါလျက်ဖြင့် ဖောက်ပြန်နေသည့်သူ့စိတ်တွေပင်။ မချစ်မိအောင်ကြိုးစားလေ အချစ်စိတ်က အင်အားပိုကြီးလေ။
"သမ္ဘာ..."
ကွပ်ပျစ်ပေါ် ပက်လက်လှဲကာ မိုးကောင်းကင်ကြီးကို မော့ကြည့်နေသည့် သမ္ဘာ...တိုးလျသည့်ခေါ်သံလေးနှင့် အဖြူရောင်အရိပ်လေးကြောင့် လူကဆတ်ခနဲဖြစ်သွားရသည်။ အဖြူရောင်အနွေးထည်လေးကို ထပ်ဝတ်လျက် အနည်းငယ်နွမ်းလျနေသည့် ငွေငါးလေး၏ မျက်နှာလေးကို လရောင်အောက်ဝယ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်မြင်လိုက်ရ၏။
"မင်းနေမကောင်းဘဲနဲ့ ဘာလို့အပြင်ထွက်လာတာလဲ။ အပြင်မှာ လေစိမ်းတွေတိုက်နေတယ်လေ"
သမ္ဘာ စိုးရိမ်မကင်းသံဖြင့်ဆိုရင်း ထထိုင်လိုက်တော့ ငွေငါးလေးက ကွပ်ပျစ်အစွန်းတစ်ဖက်မှာဝင်ထိုင်လိုက်၏။
"လမင်းကြီးသာနေတာ လှလိုက်တာနော်...အေးချမ်းနေတာဘဲ"
အပူအပင်ကင်းတဲ့ရုပ်လေးနှင့် ထိန်ထိန်သာနေသည့်လမင်းကြီးကိုမော့ကြည့်ကာ ဆိုလိုက်တော့ ငွေငါးလေး၏ အပြစ်ကင်းစင်သည့် မျက်နှာလေးကို သူ တမေ့တမောငေးမိသွားသည်။ မော့မော့လေးငေးနေသည့် ငွေငါးလေးမျက်နှာလေးက လရောင်ကြောင့် သက်ဝင်လှုပ်ရှားလို့နေသည်။ရင်ခုန်သံတွေက စည်းချက်ညီညီလှုပ်ရှားယိမ်းနွဲ့လာကာ..ငွေငါးလေးထံရောက်နေသည့် သူ့အကြည့်တွေကို ရုပ်သိမ်းလိုက်ရင်း သက်ပျင်းငွေ့ငွေ့ချလိုက်ကာ၊
"အပြင်မှာလေ တိုက်တယ် ငွေငါး...အထဲပြန်ဝင်တော့...ကိုယ်လည်း ပြန်တော့မယ်"
ညအချိန် ယောကျ်ားပျိုနှင့်မိန်းမပျိုလေးနှစ်ယောက်တည်းမို့ သူ့ဘက်က စပြီးထိန်းသိမ်းလိုက်ကာ ကွပ်ပျစ်ပေါ်က ဆင်းဖို့ခြေလှမ်းပြင်လိုက်သည်။ထိုအခါ ငွေငါးလေးက သူ့လက်ကိုဆွဲကာ တားဆီးလာ၏။
"နေပါဦး သမ္ဘာ...ငါးလေး လမင်းကြီးသာနေတာကို ကြည့်နေချင်လို့ပါ။ သမ္ဘာ ထိုင်နေတာကိုအစောကြီးကတည်းက မြင်လို့ မမကိုခွင့်တောင်းပြီး ဆင်းလာခဲ့တာ။ ခဏလေးပါ သမ္ဘာ...လမင်းကြီးထိန်ထိန်သာနေတဲ့ ခုလိုညမျိုးမှာ ကြယ်တွေခြံရံနေတဲ့ ဖိုးလမင်းကြီးကို ကြည့်နေချင်လို့ပါ"
"ဒါပေမယ့်.."
သူ့လက်ပေါ်က လက်လေးကို ငွေငါးလေးက အသာဖြေ လွှတ်ပေးရင်း တိမ်တွေပြေးလွှားနေသည့်ကြားက အစွမ်းကုန်ထွန်းလင်းနေသည့် လမင်းကြီးကို ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ်လေးငေးမောနေလေသည်။
"သမ္ဘာ...သိလား...ငါးလေးလေ...ခုလိုမျိုး လမင်းကြီး ပြည့်ပြည့်ဝဝသာနေတာကိုငေးကြည့်နေချင်တယ်။ လသာတဲ့နေ့တွေကို သဘောကျတယ်။ ပြီးတော့ မိုးတွေသည်းသည်းမည်းမည်းရွာတဲ့ အချိန်တွေကိုလည်း သဘောကျတယ်။ ဒါပေမယ့်...ငါးလေးရင်ထဲမှာ တစ်မျိုးကြီးဘဲ သိလား"
သိလား၊သိလားဟု ထည့်ထည့်ပြောတတ်သည့် ဟန်အမူအယာလေးတွေကို ချစ်စနိုးငေးကြည့်ရင်း သူ ပြုံးလိုက်မိသည်။ ငွေငါးလေးက အတော်တိုးတက်လာပြီ။ သူ့အပေါ် ရူးရူးမူးမူးစွဲလမ်းနေတာတစ်ခုကလွဲပြီး သူမရဲ့အပြုအမူလေးတွေက လူကောင်းတသ်ယောက်လိုဖြစ်နေပြီ။
"လမင်းကြီးကို ချစ်တယ်...ကြယ်လေးတွေနဲ့ လမင်းကြီးရဲ့အလှကို ထိုင်ကြည့်ရတာ သဘောကျတယ်..ဒါပေမယ့်..လမင်းကြီးကိုကြည့်ရင်း ငါးလေးလေ တစ်ခုခုကိုလွမ်းသလိုလိုကြီးဘဲသိလား။ ပြီးတော့...ငိုလည်းငိုချင်တယ် သမ္ဘာ။ ဟောဒီနေရာကလည်း အောင့်လာတယ်.."
ရင်ဘတ်လေးကို လက်ဖဝါးလေးနှင့်ဖိလျက် နင့်သီးနေသည့် အသံလေးဖြင့် ဆိုလာသည့် ငွေငါးလေးကြောင့် သူ့ရင်ထဲ ကျင်ရှသွားရသည်။ တဖျတ်ဖျတ်တောက်နေသည့်မျက်ဝန်းလေးတွေကြောင့် သူမငိုနေလေပြီ။
"ငါးလေးလေ...ငါးလေး သမ္ဘာမချစ်မှာထက် သမ္ဘာထားသွားမှာကို ပိုကြောက်တယ် သိလား...ငါးလေးကို မထားခဲ့ပါနဲ့နော်...သမ္ဘာ့နားမှာဘဲ ငါးလေး နေပါရစေ..ငါးလေးကိုနှင်မလွှတ်ပါနဲ့နော်"
ရှိုက်သံလေးစွတ်နေသည့် စကားသံလေးအဆုံး..ရင်ခွင်ထဲ ပြိုဆင်းလာသည့် ငွေငါးလေးကြောင့် ရင်ခုန်သံတွေ ကမောက်ကမဖြစ်ကာ။
အပိုင်း(၁၄)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း