book

Index 12

အပိုင်း(၁၂)

🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺


"ဟော....ပြောရင်းဆိုရင်း လာပါပြီ"


သမ္ဘာ့မျက်လုံးတွေ လမ်းမဆီအလိုလိုရောက်သွားသည်။ ထိုအခါ...စတီးချိုင့်ကို ကိုင်လျက် သူတို့ဆီ တည့်တည့်မတ်မတ်လာနေသည့် ငွေငါးလေးကို မြင်လိုက်ရတော့ မျက်ခုံးတွေ တွန့်ချိုးသွားရပြီး၊


"ကျစ်....ဘာလာလုပ်ပြန်တာလဲ မသိဘူး"


 မှုန်တေတေဖြင့် အလိုမကျသလို ဆိုလိုက်သည်။ 


"ထမင်းချိုင့်လာပို့တာလေ ...အဟ ဒီနေ့လည်း အိမ်မပြန်ရဘဲ ဝါးတီးဆွဲရဦးမယ်"


အစားငမ်းကြောထနေသည့် မျိုးကျော်ကို ဒေါသဖြစ်သွားရကာ၊


"ငတ်ဖို့ဘဲ စဥ်းစားနေ အဲဒီမှာ"


မှုန်ကုပ်နေသည့်မျက်နှာနှင့် ဘုဆတ်ဆတ်အပြောကြောင့် သမ္ဘာ ကျွဲမြီးတိုနေပြီမှန်း မျိုးကျော် တန်းသိကာ သမ္ဘာ့ကိုကြည့်ပြီး ပြုံးမိသွား၏။ 


ဒီနေ့ပါနဲ့ဆို ငွေငါးလေး ထမင်းချိုင့်လာပို့တာ တစ်ပတ်တိတိရှိသွားပြီ။ သမ္ဘာ ခြံတွေဘက်ရောက်နေရင်လည်း ထမင်းချိုင့်တစ်ချိုင့်ဆွဲလျက် လိုက်တတ်တာကို သူတို့အားလုံးကြားပြီးပြီ။ ဒီလောက်ရွာကျဥ်းကျဥ်းလေးထဲမှာ ဘယ်ကိစ္စမဆို ဖုံးဖိလို့မရပါ။ ခဏချင်း ပျံ့လွင့်သွားတာချည်းပင်။


ယခုလည်း သမ္ဘာနှင့်ငွေငါးလေးတို့ သတင်းက တစ်ရွာလုံးပါးစပ်ဖျားမှာ သတင်းဦး၊သတင်းထူးဖြစ်နေသည်။ ဒါတွေကိုသိနေသ​ဖြင့် သမ္ဘာမျက်နှာကြီးက နီရဲတင်းမာနေကာ ငွေငါးလေးကိုလည်း မျက်မှောင်ကျုံ့လျက် တစ်ချက်လှမ်းကြည့်ပြီး လက်ထဲက ပစ္စည်းတွေကို အသံစုံမြည်အောင်ပစ်ချနေ၏။


"ပို့တဲ့သူက ပို့တာကို မစားရင် ငမိုက်သားဖြစ်သွားမှာပေါ့ကွ။ ငါးလေးရေ ဗိုက်ဆာနေတာနဲ့အတော်ဘဲ...ဒီနေ့ရော ဘာဟင်းတွေချက်လာလဲ"


မျိုးကျော်က သူ့ကိုပြောနေရင်း ဆိုင်ထဲဝင်လာတဲ့ ငွေငါးလေးကိုပါ နှုတ်ဆက်နေသည်။ ငွေငါးလေးနဲ့ ရင်းနှီးနေပြီမို့ ရယ်မောနောက်ပြောင်တတ်နေကြပြီ။ 


"ဆာမှပေါ့ ကိုမျိုးကျော်ကလည်း ဆယ့်တစ်နာရီခွဲနေပြီကို...ကိုမျိုးကျော်လည်း အိမ်ပြန်မနေနဲ့တော့ ထုံးစံအတိုင်း ဒီမှာပဲ တစ်ခါတည်း စားလိုက်နော်"


မျက်လုံးကြီးလှန်လျက် ခပ်စိမ်းစိမ်းကြီးကြည့်နေသည့် သမ္ဘာ့မျက်လုံးများနှင့်ဆုံသွားတော့ ငါးလေး ရင်ထဲ အောင့်သွားရသည်။ငါးလေးကတော့ သူဆာနေမှာစိုးလို့ စေတနာနဲ့လာပို့ပေးတာကို သူက အသိအမှတ်မပြုတဲ့အပြင် ရောက်လာတိုင်း အဲဒီလိုမျက်လုံးကြီးနဲ့စိုက်ကြည့်ပြီး စကားမပြောတော့ ငါးလေးငိုချင်သည်။ 


"ဘာလာလုပ်ပြန်တာလဲ...မင်းကို လာမပို့နဲ့လို့ပြောထားတာ နားမလည်ဘူးလား ငွေငါး"


ရှူတည်တည်မျက်နှာကြီးနှင့် သမ္ဘာက ရွှန်းရွှန်းဝေအောင်ဆိုနေသည့် ငွေငါးလေးကို စီးဟောက်လိုက်၏။


"သမ္ဘာ စားရအောင်လို့ စေတနာနဲ့ပါ...ကြည့်စမ်း ချွေးတွေကိုရွှဲနေတာဘဲ"


လျှပ်တပြက် အပြုအမူလေးက မြန်ဆန်နေတာမို့ သူ တားဆီးချိန်မရလိုက်။ ငွေငါးလေးက အသင့်ယူလာတဲ့ သဘတ်နှင့် သူ့မျက်နှာကချွေးတွေကို သုတ်နေသည်။ ရေချိုးပြီးစမို့ ပြောင်းတင်းတင်းလေးဖြစ်နေသည့်မျက်နှာလေးက ဘာမှ မလိမ်းချယ်ဘဲ လှနေသလို သူမကိုယ်က ဆပ်ပြာနံ့သင်းသင်းလေးက သူ့ကိုကလူကြည်စယ်လို့သွားကာ ချွေးတလုံးလုံးနဲ့ သူ့အဖြစ်ကို သတိရသွားတော့ ငွေငါးလေးကို အားတုံ့အားနာဖြစ်သွားရ၏။


"ဖယ်....မလုပ်နဲ့.."


ငွေငါးလေး လက်ကိုတားဆီးလိုက်ပေမယ့် သူမက အတင်းလိုက်သုတ်ပေးနေသည်။


"ချွေးတွေ စိုနေတာကို သမ္ဘာ မနေတတ်ဘဲနဲ့...ခဏလေးပါ...ပြီးတော့မယ်"


အနီးကပ်မြင်နေရသည့်မျက်နှာဖူးဖူးလေးမှာ အကြည့်တွေငြိတွယ်သွားတော့သည်။ နှုတ်ခမ်းလေးဟလျက် မျက်နှာလေးမော့ကာ သူ့လည်ပင်းကို သုတ်ပေးနေသည့် ငွေငါးလေးကို ငေးကြည့်ရင်း ရင်ခုန်သံတို့က မြင်းကောင်းတစ်စီး အပြင်းနှင်နေသည့်နှယ့်။ 


ကိုယ့်ကိုစိုက်ကြည့်နေသလိုကြီးခံစားလိုက်ရတာမို့ ငါးလေး မျက်လွှာပင့်အကြည့်...။


"အို..."


ခက်ထန်တင်းမာနေတတ်သည့်မျက်ဝန်းများက အံ့သြစရာကောင်းအောင် နူးညံ့ကြင်နာခြင်းတို့ဖြန့်ခင်းလျက် ငါးလေးနှလုံးသားထဲထိစိမ့်ဝင်သွားလေသည်။ ငါးလေး မရှက်နိုင်တော့ပါ...။ သမ္ဘာ့ဆီက အချစ်ကို တောင်းခံရင်း သမ္ဘာရင်ခွင်မှာ ထာဝရခိုဝင်ချင်သည်။ 


"အဟမျး...ဟမျး..."


မျိုးကျော်ရဲ့ ချောင်းဟန့်သံကြားမှ နှစ်ယောက်လုံးအကြည့်တွေလွှဲဖယ်ရင်း မျက်နှာတွေနွေးကုန်တော့သည်။ 


ငွေငါးလေးကြည့်လိုက်တော့ သူမလည်ကုတ်လေးကို အလုပ်မရှိအလုပ်ရှာကာ ကုတ်နေပြီး မျက်နှာလေးရဲလျက် သူ့ကို မသိမသာခိုးကြည့်နေသည်။ သမ္ဘာကိုယ်တိုင်လည်း မနေတတ်သလိုဖြစ်သွားကာ နှာခေါင်းကို ပြန်ပွတ်လိုက်ပြီး မျက်နှာပြန်တည်လိုက်ရ၏။ 


"လောကကြီးက မတရားဘူးကွာ...သူများတွေကျတော့ သာယာလိုက်ပုံများ ရေပူရေချမ်းကမ်းမဲ့သူ အသင့်၊ ချွေးသုတ်ပေးမဲ့သူအသင့်..."


"ဒေါက်..."


"အ သေပြီ...."


အချိုရည်ဗူးက နဖူးကို အချိန်အဆမှန်မှန်နှင့် ထိသွားတာမို့ အော်သံထွက်သွားသည်။ 


"ခွေးကောင် တကယ်ပစ်တာကြည့်စမ်း..."


အချိုရည်ဗူးကို ကောက်ယူရင်း မျိုးကျော်ကအသံတိတ်ဆဲလိုက်သေးသည်။ ပြီးတော့ မျက်နှာပိုးမသေတဲ့မျက်နှာနှင့် ငွေငါးလေးကိုလှမ်းကြည့်ပြီး၊


"ငါးလေး..."


"ရှင်..."


မထူးနဲ့လို့ စိတ်ပုပ်စွာ တားဆီးလိုက်ချင်သည်။ အချိုးမပြေတဲ့မျက်နှာကျောကိုကြည့်ပြီး သမ္ဘာ့မျက်နှာ မှုန်တေနေရသည်။


"နောက်နေ့တွေလည်း လာပို့ဦးမှာလား"


"အင်း....ဘာဖြစ်လို့လဲ ကိုမျိုးကျော်"


ပြုံးစေ့စေ့မျက်နှာနှင့် မျိုးကျော်က သမ္ဘာ့ကိုလှမ်းကြည့်ပြီးမှ၊


"ဘာမှမဖြစ်ပါဘူး...ငါးလေးမလာရင် လည်ပင်းရှည်နေတဲ့ သစ်ကုလားအုတ်ကြီးဖြစ်နေတော့မှာ"


"ဟင်....ဘယ်ကသစ်ကုလားအုတ်လဲ..ဒီနားမှ သစ်ကုလားအုတ်ရှိလို့လား"


မျက်လုံးလေး အဝိုင်းသားဖြင့် တအံ့တသြပြန်မေးနေသည့် ငွေငါးလေးကိုကြည့်ရင်း သူ စိတ်ပျက်သွားရသည်။ 


"ဟ...ရှိတာပေါ့"


"ဘယ်မှာလဲ...မဟုတ်ဘဲနဲ့..."


"ရှိပါတယ်ဆိုဟာ....နင်မယုံဘူးလား"


"ဒါဆိုပြလေ..."


"ငှငေါး..."


ဘာမှ မသိနားမလည်တဲ့ငွေငါးလေးကို သူ တားဆီးလိုက်ရင်း မျိုးကျော်ကို မျက်လုံးပြူးပြလိုက်မှ ပိုဆိုးသွားရကာ၊


"သမ္ဘာကလည်း ဒီမှာ သစ်ကုလားအုတ်တကယ်ရှိနေတာ သမ္ဘာမသိဘူးလား။ နေစမ်းပါဦး...ဆက်ပြော ကိုမျိုးကျော်"


"မျိုးကျော်....သွား ဟိုချိုင့်သွားဖွင့် ထမင်းစားမယ်"


ဒီလောက်ပြီတီတီကြီးနှင့် စနေတာကို ဒီကောင်မလေးက မသိ။ 


"ကိုမျိုးကျော် အဲဒီ အကောင်ကြီးက ဘယ်မှာနေတာလဲဟင် ငါးလေးသွားကြည့်ချင်လို့"


လုပ်ဟ...။ နေရာတကာလိုက်ကာစီးနေတဲ့ကောင်လိုလို၊ ကိုယ်ကပဲ သူမကိုမျှော်နေသလိုလို။ တောက်...မျိုးကျော်.. မျိုးကျော် မင်းနဲ့ ငါတွေ့မယ်။ 


"ကြည့်ရမယ်...ဟေ့ကောင် သမ္ဘာ"


သွားကြီးဖြီးလျက် လှမ်းခေါ်နေသည့် မျိုးကျော်ကို သူ အချဥ်ပေါက်လာကာ လက်သီးထောင်ပြလိုက်သည်။


"အခွီး...."


"မင်းနှမ လင်နောက်လိုက်သွားလို့ အဲဒီလောက် ပျော်နေတာလား..."


သမ္ဘာ စိတ်ပေါက်ပေါက်နဲ့ ဘုတောပစ်လိုက်တာတောင် မျိုးကျော်က အချိုးမပြေတဲ့အပြင် သူ့မျက်နှာကို ကြည့်ပြီး အားပါးတရရယ်မောနေ၏။


"ဟား...ဟား..."


"သမ္ဘာ...ခေါင်းငုံ့...ခေါင်းငုံ့"


ငွေငါးလေးကပါ မချိုမချဥ်ပြုံးလျက် ခေါင်းအတင်းငုံ့ခိုင်းနေသည်။ 


"ဘာလဲ...ဘာလုပ်မလို့လဲ"


"ပေနေတယ်.."


လက်ညှိုးလေးနဲ့ နှာခေါင်းတစ်ဝိုက်ကို ထိုးပြလိုက်သည့် ငွေငါးလေးရဲ့ အမူအယာကို နားမလည်သလို ခဏတော့ကြောင်သွားရသည်။


"ဘာတွေပြောနေတာလဲ...ဘာပေတာလဲ ရှင်းရှင်းပြော"


"စက်ဆီတွေ သမ္ဘာ့မျက်နှာမှာပေနေတယ်"


"ဟင်"


"အဟား...ဟား..."


သူ့မျက်နှာကို လက်ဖြင့် ပြန်ပွတ်လိုက်ချိန်မှာတော့ မျိုးကျော်ထံမှာ ဝါးလုံးကွဲရယ်သံကြီး ထွက်ပေါ်လာတော့သည်။


"သေမလို့ အဲဒီလောက်ရယ်နေရလား"


"သမ္ဘာ နည်းနည်းငုံ့လိုက် ငါးလေးသုတ်ပေးမယ်"


ငွေငါးလေးက ရှေ့တိုးလာပြီး သူ့လက်မောင်းကိုဆွဲကာ ငုံ့စေလိုက်၏။


"ကိုယ့်ဘာသာကိုယ်သုတ်မယ်...နေ"


နီးနီးကပ်ကပ်ကြီး သူ မနေချင်ပါ။ တစ်ချိန်လုံးစနောက်နေသည့် မျိုးကျော်ရှေ့မှာ ပိုပြီး အနေအထိုင်ဆင်ခြင်သင့်တယ်လို့ သူထင်သည်။


"ပိုပေကုန်ပြီ...သမ္ဘာ့လက်မှာ ဆီတွေနဲ့..နည်းနည်းငုံ့လိုက်ပါ"


"သုတ်ခိုင်းလိုက်စမ်းပါ သမ္ဘာရာ။ ဒီမှာ ဗိုက်ဆာနေပြီ"


မျိုးကျော်က အတို့အထောင်သမား...ဟင်းခွက်ထဲ ခေါင်းဝင်မတတ်ငုံ့ကြည့်ရင်း လှမ်းပြောနေသည်။ 


"ငုံ့ဆို..."


လက်မောင်းကနေဆွဲပြီး ငုံ့ခိုင်းနေတာမို့ သူ့လက်ကလည်း ဆီတွေပေကာ သုတ်လို့မရတဲ့အတူတူ ခါးအနည်းငယ်ကိုင်းပေးလိုက်ရသည်။ ထိုအခါမှ ငွေငါးလေးက သူ့မျက်နှာကို သဘတ်လေးနှင့်သုတ်ရင်း နှုတ်ခမ်းလေးစေ့လျက်ပြုံးနေ၏။


"ဘာပြုံးတာလဲ...ဖယ်တော့..."


"သမ္ဘာနော်...ငါးလေးက အကောင်းနဲ့သုတ်ပေးနေတာကို။ ငြိမ်ငြိမ်နေ...နှာခေါင်းမှာ ကျန်သေးတယ်"


"အေး ငါတော့ဆွဲနှင့်ပြီ...ဟေ့ကောင်"


အစားမြင်တော့ မျိုးကျော် မျက်နှာမပြောင်နိုင်တော့ပေ။ အတွင်းဘက်ဝင်ကာ ချိုင့်ဖွင့်ပြီး စားနေတော့သည်။


"စားစားကိုမျိုးကျော်..."


ခြေဖျားလေးထောင်လျက် စက်ဆီတွေသုတ်နေရင်း ငွေငါးလေးက မမေ့မလျော့ ပြန်ဖြေလိုက်သေး၏။ စိတ်လိုလက်ရ လုပ်နေသည့် ငွေငါးလေးမျက်နှာလေးကို စိုက်ကြည့်ရင်း သူ့စိတ်တွေ အလိုလိုညံ့သက်လာ​ရသည်။ မဖြစ်သင့်ဘူးဆိုပြီး သိစိတ်က ထိန်းချုပ်နေပေမယ့် ငွေငါးလေးရဲ့ အပြုအမူလေးတွေကို သူ နှစ်သက်နေမိပြီ။ 


ရွှန်းလဲ့နေသည့်မျက်ဝန်းညိုများ၏ အကြည့်ရဲရဲအောက် ငါးလေးနှလုံးသားမှာ ကယိမ်းကပါးဖြစ်ကာ စည်းချက်မမှန်ချင်တော့သလို တစ်ကိုယ်လုံးဖိန်းရှိန်းပြီး လက်ဖျားခြေဖျားတွေပါ အေးစက်လို့လာသည်။ 


ငါးလေးကို စိုက်ကြည့်နေတာများ မျက်တောင်တစ်ချက်မခတ်။ ရှက်သလိုလိုကြည်နူးသလိုလိုဖြင့် ငါးလေး သမ္ဘာ့နှင့်အကြည့်ချင်းဆုံသွားရကာ...ရင်ထဲနွေးမြမြဖြစ်သွားပြီး၊


"အို့.."


ငါးလေးရဲ့နှာသီးဖျားလေးကိုဆွဲညှစ်ကာ သမ္ဘာက အနောက်ဘက်ဝင်သွားတော့၏။ လျှပ်တပြက် အပြုအမူလေးက ငါးလေးရဲ့နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းသွားရကာ ရင်ထဲ နင့်နင့်နဲနဲလေးခံစားလိုက်ရသည်။ ထိုအပြုအမူလေးတွေက ငါးလေးနဲ့ မစိမ်းသက်ဘူးလို့ အလိုလိုခံစားနေမိရင်း...။


ရှင့်ကို ချစ်တယ် သမ္ဘာ...။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ကမ္ဘာဦးအစကတည်းက...အချစ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့ကြတယ်။ 


အချစ်ဋီကာ...။ အချစ်ဋီကာကို ဆူး မကျွမ်းကျင်ခဲ့ပါဘူး ကိုကို...ဒါကြောင့်လည်း ကိုကို့အမုန်းတွေသာ ဆူး ပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်မယ်။ 


အလွမ်းဋီကာကိုတော့ ဆူး ပိုင်နိုင်စွာ ပြုစုကောင်းပါရဲ့။ သိတတ်စ ဟိုးငယ်ဘဝကတည်းက ရင့်မဟာဆိုတဲ့ ကိုကိုက ဆူးရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို နေရာယူခဲ့တာပါ ကိုကိုရယ်။


ဖေဖေနဲ့မေမေ့ကြားက ပက်သက်မှု ပြီးတော့ ကိုကိုနဲ့မေနွေး။ ကလေးငယ်လေးတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ ဘာကိုမှ ရေရေရာရာ မတွေးတောသလို ဖေဖေဆီက သမီးရဲ့ကိုကိုဆိုတဲ့ အသံကြားပြီးကတည်းက ကိုကို့ကို ဆူးရူးသွပ်ခဲ့ရတာပါ။ ငါ့မှာ ကိိုကိုရှိတယ်ဆိုတဲ့ အသိနဲ့ သူငယ်ချင်းတွေကို ကြွားခဲ့ဖူးတယ်။


အပြာရောင်လိုက်ကာကြားကနေ..ကောင်းကင်ကြီးကို မော့ငေးရင်း ဆူးတစ်ယောက်အတွေးတွေနက်နေရသည်။ အပြာရောင်ကောင်းကင်ကြီးနောက်ခံတွင် အဖြူရောင်တိမ်ဆိုင်တိမ်လိပ်တွေ လှုပ်ရှားပြေးလွှားနေသည့်မြင်ကွင်းက ဆူးအတွက် အနှစ်သာရကင်းမဲ့လျက်။ 


စနစ်တကျစိုက်ပျိုးထားသည့် ခြံဝန်းအတွင်း မြက်ခင်းများနှင့်ရောင်စုံပန်းများ၏ အလှတရားက ဆူးနှလုံးသားကို ညွှတ်ပြောင်းနိုင်ခြင်းမရှိတော့။ လေအသုတ်မှာ သယ်ဆောင်လာတတ်သည့် ပန်းရနံ့များက ဆူးစိတ်ကို လန်းဆန်းအောင်ဆွဲဆောင်နိုင်ခြင်း မရှိတော့ပါ။ 


"မမလေး...ထမင်းစားတော့မလား"


ပျံ့လွင့်နေသည့် စိတ်အာရုံများက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ အသစ်ခေါ်ထားသော လုံးလုံးအသံကြောင့် ပစ္စုပ္ပန်ဆီပြန်ရောက်သွားရသည်။ လုံးလုံးဆိုသည့်ကောင်မလေးက အလွန်ဆုံးရှိလှမှ ဆယ့်ငါးနှစ်လောက်။ နာမည်နဲ့လိုက်တဲ့ကိုယ်လုံးလေးက ဝဝကစ်ကစ်လုံးလုံးပြည့်ပြည့်လေးနှင့် သွက်လက်ချက်ချာသလောက် စိတ်ရင်းကောင်းသူလေးပါ။ စရောက်လာကတည်းက စိတ်ရှည်သည်းခံတတ်သည့် လုံးလုံးကိုတော့ ဆူး သဘောကျ၏။


"မဆာသေးဘူး"


"ဟိုလေ...ကြီးကြီးက မမလေးကို စားတော့တဲ့...အဲဒါ"


"မဆာသေးဘူးလို့ပြောလိုက်... သွား"


"ဟုတ်ကဲ့ မမလေး"


လိုက်ကာတွေတင်ထားသဖြင့် ရှင်းလင်းစွာမြင်နေရသည့် မြင်ကွင်းတွေနှင့် ဆူးကို တစ်ချက်ကြည့်ပြီး လုံးလုံး မျက်လုံးလေးကလယ်ကလယ်ဖြစ်နေကာ၊


"ကြီးကြီးက မမလေးကို အချိန်နဲ့ ဆေးသောက်ပါတဲ့"


"သိတယ်...သွားတော့"


"ဟုတ်...ဟုတ်ကဲ့ မမလေး"


"နေဦး...."


"ရှင်.."


လုံးလုံး၏လှမ်းလက်စခြေလှမ်းများရပ်တန့်ကာ မမြင်နိုင်မှန်းသိပေမယ့် မလုံမလဲဖြစ်နေရသည်။ ဒူးတွေ တဆတ်ဆတ်တုန်ခါနေသည့် လုံးလုံးကို မမလေးမမြင်လို့တော်သေး၏။


"ဒီနေ့ ဘာနေ့လဲ "


"ဟို...ဟို... အဂ်ါနေ့ပါ မမလေး"


လုံးလုံးကိုကျောခိုင်းထားသည့် မမလေး ကျောပြင်ကို မဝံ့မရဲကြည့်ရင်း ပြန်ဖြေလိုက်ရသည်။


"ခြံထဲမှာ နှင်းဆီနီတွေ ပွင့်နေပြီလား"


"ရှင်.."


"နှင်းဆီပန်းအနီရောင်တွေ ပွင့်နေပြီလားလို့ မေးနေတာ"


"ဟုတ်...ဟုတ်ကဲ့ ပွင့်နေပါပြီ မမလေး"


"ဆယ့်ကိုးပွင့်တိတိသွားခူးခဲ့ ..အပွင့်တွေချည်းနော် ပိုးကိုက်တွေ မပါစေနဲ့ ကြားလား"


"ဟုတ်ကဲ့ မမလေး"


"နေဦး...ခူးပြီးရင် ဘုရားပန်းလဲလိုက်...ပြီးတာနဲ့ ငါ့လာခေါ်...သွားတော့"


"ဟုတ်ကဲ့"


တရှပ်ရှပ်ခြေသံကြောင့် လုံးလုံးပြန်လှည့်သွားတာကို သိလိုက်ပြီ။


"လုံးလုံး..."


"ရှင် မမလေး"


ထူးသံက အဝေးကြီးဆီက ပျံ့လွင့်လာတာမို့ ကောင်မလေး အခန်းအပြင်ရောက်နေမှ လှည့်ထူးလိုက်ပုံရသည်။


"အခန်းတံခါးကို တစ်ခါတည်းပိတ်သွား..."


"ဟုတ်ကဲ့"


တံခါးပိတ်သံနှင့်တဖြည်းဖြည်းဝေးကွာသွားသည့်ခြေသံကို နားစွင့်ရင်း မျက်ဝန်းအိမ်မှာ မျက်ရည်တို့ဖြင့်ပြည့်လာရသည်။ ထို့နောက်...ရေကာတာကျိုးပေါက်သလို မျက်ရည်တွေ ပါးပြင်ထက်သို့ တလဟော ပြိုဆင်းသွားလေတော့၏။


ဆူးခေတ်သစ်ဆိုသော ဆူးဘဝက မျက်ရည်ဇာတာနဲ့မွေးလာသလား...။ 


မေမေဆုံးတော့ ဆူး ကိုကိုတို့အိမ်ကိုရောက်ခဲ့ရတယ်။ အဲဒီနေ့က ကိုကိုနဲ့ပက်သက်ပြီး မျက်ရည်နိဒါန်းပျိုးခဲ့ရတယ် ကိုကို။ ရင့်မဟာဆိုတဲ့ ကိုကိုက ဆူးခေတ်သစ်ဆိုတဲ့ကောင်မလေးကို မုန်းတီးရွံရှာနေမှန်း မသိခဲ့တဲ့ ဆူး...ကိိုကိုပေးခဲ့တဲ့ ဒဏ်ရာတွေက သေရာပါ ကိုကိုရယ်။ 


ကိုကိုတွန်းချလိုက်လို့ လှေကားပေါ်ကျပြီး ခေါင်းမှာငါးချက်ချုပ်ခဲ့ရတာ၊ ကိုကို ထိုးလိုက်လို့ ဆူးမျက်ကွင်းကြီး ညိုနေတာတွေ၊ မှန်ကွဲစတွေပေါ်တွန်းကျလို့ ဒူးခေါင်းမှာ အကွဲစစိုက်ခဲ့တာတွေ...အားလုံးက သေရာပါတွေပါ။ ခုလည်း သေရာပါတော့မဲ့ ဒဏ်ရာတစ်ခုဖြစ်ခဲ့ပါပြီ။


ကိုကို့ကို ဆူးဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး ကိုကို။ ကိုကိုက နာကျင်အောင်လုပ်လေ ဆူး အသည်းစွဲနေပါဘဲ။ ကိိုကိုပေးတဲ့ ဒဏ်ရာတွေက အရည်ပြားပေါ်မှာလို့ ကိုကိုထင်နေမှာပေါ့။ နာကျင်အောင်လုပ်တိုင်း ဆူးကတော့ အရိုးစွဲအောင်ချစ်တယ်။ ဆူးကို အရူးမလို့ပြောကြမလား...ပြောစမ်းပါစေ။တစ်လောကလုံးက ဘာကြီးဆိုဆို ဆူး မမှုဘူး။ ကိုကို့ကိုချစ်နေရုံနဲ့ ပြည့်စုံနေတာသိလား ကိုကို။


အဲဒီတုန်းကတော့ ငယ်ရွယ်တဲ့ကလေးမို့ အဖြူရောင်သံယောဇဥ်လို့ဘဲ ဆူးထင်ခဲ့တာ။ အစ်ကိုတစ်ယောက်ကို ချစ်တဲ့ ညီမလေးပေါ့။ ဖေဖေကိုယ်တိုင် နိုင်ငံခြားပို့လိုက်မှ ဆူးရဲ့သံယောဇဥ်တွေက အရောင်ရင့်နေမှန်း တဖြည်းဖြည်းသိလာခဲ့တာ။


ရွှေရေးချယ်နဲ့ပက်သက်ပြီး ကိိုကို့ကို ဆူးသဝန်တိုခဲ့တာတွေ..ကိုကိုခိုင်းသမျှလုပ်ခဲ့တာတွေက ကိုကို့ကိုချစ်လို့ပါ ကိုကိုရယ်။ကလေးဘဝကတည်းက စွဲလမ်းရူးသွပ်ခဲ့တဲ့ ဆူး အချစ်တွေက အခိုင်အခံ့ဖြစ်နေပြီ။ ဘယ်လို ဘသာဝဘေးအန္တရာယ်မဆို မမှုတော့ပါဘူး။


"မမလေး...ဘုရားပန်းလဲပြီးပြီ"


"အင်း....ငါ့ကိုဘုရားခန်းပို့ပေး"


"ဟုတ်ကဲ့"


လောကကြီးက မတရားပါဘူးလို့ ဆူး မဆိုရဲပါဘူး ကိုကို။ အပြစ်တင်စရာရှိနေရင်တောင် ဆူး ကိုယ့်ကိုယ်ကိုဘဲ တင်လိုက်မှာပါ။ 


ကွဲပြီးရင်းကွဲနေတဲ့ အသည်းက ဒဏ်ရာအထပ်ထပ်နဲ့ပါ။ ခုတစ်ခါ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့ ဆူးအဖြစ်က...ခံစားချင်မဲ့ကာ သေတာနဲ့မခြားပါဘူး ကိုကို။ သေသွားရင်တောင် ဝိညာဥ်လေးအဖြစ် ကိိုကို့နားမှာတွယ်ကပ်ပြီး ရှင်သန်ခွင့်လေးရနေဦးမှာ...ခုတော့။


ဘုရားရှေ့မှာ အကြိမ်ကြိမ်ဆုတောင်းရင်း ဘဝမဲ့နေသည့်ဆူး မျက်ရည်တို့သာ အကောင်းဆုံးအဖော်မွန်ဖြစ်နေခဲ့သည်။ 


"မမလေး...လုံးလုံး ဘယ်ပို့ပေးရမလဲဟင်"


ဘုရားဆီက ထွက်လာတော့ လုံးလုံးရဲ့မဝံ့မရဲအမေးကြောင့် ဆူး စဥ်းစားနေမိသည်။ ခဏ ငြိမ်သက်နေပြီးမှ...၊


"ခြံထဲဆင်းချင်တယ်...ဟုတ်တယ် ငါ့ကိုခြံထဲပို့ပေး"


လုံးလုံးခြေလှမ်းတွေရပ်တန့်သွားကာ အသံလေးပါတိတ်သွားတော့ ဆူး မျက်မှောင်ကျုံ့လိုက်ကာ၊


"ဘာဖြစ်တာလဲ လုံးလုံး...ခြံထဲသွားချင်တယ်"


"ဟို...ဟိုလေ မမလေး...အပြင်မှာမှောင်နေပြီ...အဲဒါ"


ဟင်း....။ ဆူး သက်မချလိုက်မိသည်။ 


"ငါ့အခန်းဘဲ ပြန်မယ်"


"မမလေး...ထမင်း...ထမင်း မစားရသေးဘူး"


အစားစာချင်စိတ်တွေမရှိသလို စိတ်ဓာတ်တွေ ဗုံးဗုံးလဲလျက် ဆူး ဘဝကရော်ရွက်တစ်ခုလို အနာဂတ်ပျောက်ဆုံးသွားပြီ။ 


"ထမင်းမစားချင်ဘူး..."


"မမလေး ဆေးသောက်ရဦးမယ်လေ...အစာမစားဘဲဆေးသောက်လို့မရဘူး"


"အင်း...တစ်ခုခုလုပ်လာခဲ့လုံးလုံး...ငါ ထမင်းမစားချင်ဘူး"


"ဟုတ်ကဲ့ မမလေး"


မှောင်မိုက်နေသည့်လောကကြီးထဲကျိန်စာသင့်နှလုံးသားတစ်စုံဖြင့် ဆူးတစ်ယောက်တည်း အကျည်းတန်နေ့စွဲတွေကို ဘယ်လောက်အထိဖြတ်သန်းနေရဦးမလဲ ကိုကို။ 


တစ်နေ့နေ့တော့ လမ်းဆုံးရောက်နိုင်ကောင်းပါရဲ့။


အပိုင်း(၁၃)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: