book

Index 11

အပိုင်း(၁၁)

🌺ပန်းမွေ့ရာ....ရွှေကော်ဇော🌺


"စားလေ..."


"ဝပြီ"


မျက်နှာချင်းဆိုင် ထိုင်စားနေပေမယ့် တစ်ယောက်မျက်နှာတစ်ယောက်မကြည့်။ သမ္ဘာ ငွေငါးလေးမျက်နှာကို မော့မကြည့်မိတာဆို ပိုမှန်လိမ့်မည်။ မရဲတရဲလေးနှင့် ခိုးကြည့်နေသည့် မျက်လုံးတွေကို သိနေသော်လည်း တမင်မသိချင်ယောင်ဆောင်ထားလိုက်သည်။


"ထားလိုက်"


"နေပါစေ...ငါးလေးသွားဆေးလိုက်မယ်"


ကိုယ်စားထားတဲ့ပန်းကန်ကို ဆေးရမှာတော့ ငါးလေး သိပါသည်။ ပန်းကန်ကိုကိုင်ပြီး ထအရပ်၊


"ထားလိုက်လို့ ပြောနေတယ်လေ"


ပါးစပ်ထဲရောက်နေသည့် ဇွန်းကို ပြန်ထုတ်ရင်း သမ္ဘာက မော့ကြည့်ပြီး တားဆီးလိုက်၏။ မီးရောင်ဖြင့် တဖျတ်ဖျတ်တောက်နေသည့် မျက်လုံးလေးတွေက မျက်ရည်ရောင်ကြောင့်ပိုပြီးရွှန်းလက်နေမှန်း သူ သိပါသည်။ခြေစုံရပ်လျက် သူ့ရှေ့မှာ မျက်လွှာချငြိမ်သက်နေပုံက အပြစ်ကင်းသည့်ယုန်သူငယ်လေးသဖွယ်။


"ငါးလေးစားထားတဲ့ပန်းကန်ကို ငါးလေးဘာသာဆေးပါ့မယ် "


သူပြောလည်း နားထောင်မှာမဟုတ်တော့ ကိုယ့်ထမင်းကိုယ်ငုံ့စားနေလိုက်သည်။ သို့သော်လည်း...ငွေငါးလေးက နေရာကနေ တစ်လက်မတောင်မရွေ့။ 


"အဲဒါ ဘာလုပျနတောလဲ"


သမ္ဘာက ကိုင်ထားတဲ့  ဇွန်းကို အသံမြည်အောင်လွှတ်ချ၍ လက်ဝါးချင်းပွတ်လိုက်ပြီးမှ ပေါင်ပေါ်မှာလက်သီးဆုပ်အတိုင်းထောက်လျက် ခပ်ဆတ်ဆတ်လေးမေးလာတော့ ငါးလေး တုန်သွားကာ၊


"သမ္ဘာ့ပန်းကန်ဆေးပေးမလို့...အဲဒါစောင့်နေတာ"


သူ့ပန်းကန်ကိုလက်ညှိုးထိုးကာ အမြန်ဖြေလိုက်သည်။


"မလိုပါဘူး"


ငါးလေးမျက်နှာ ကွက်ခနဲပျက်သွားကာ နှုတ်ခမ်းလေးဖွင့်လျက် ငြိမ်သက်သွားလေသည်။ 


"သမ္ဘာ"


ပန်းကန်ကိုင်ကာ ထရပ်လိုက်သည့် သမ္ဘာ့လက်မောင်းကို ငါးလေးဆွဲထားပြီး၊


"ထားလိုက်ပါ ငါးလေးဆေးပေးချင်လို့"


"မလိုဘူးဆိုနေမှ"


ဆွဲထားတဲ့လက်ကို လိမ်ရုန်းပြီး ဘေစင်ဆီလျှောက်ထွက်သွားတဲ့ သမ္ဘာ့ကျောပြင်ကို ကြည့်ပြီး ငါးလေး မျက်ရည်တွေ အလိုလိုပြည့်အိုင်လာရသည်။ 


"သမ္ဘာ....ငါးလေးလေ...ငါးလေး...အဟင့် ဟင့်"


ဘေစင်မှာ ပန်းကန်ဆေးနေရင်း တုန်ရင်လှိုက်မောနေသည့် ငွေငါးလေး၏ငိုသံလေးကြောင့် သမ္ဘာ ပန်းကန်ဆေးနေရာမှ လက်တွေရပ်တန့်သွား၏။ ငိုသံကို မကြားရက်သလို ငွေငါးလေးရဲ့မျက်ရည်တွေမြင်တိုင်း ပွေ့ပိုက်ချော့မြူချင်စိတ်တွေက ရုန်းကြွလျက်။


"ငါးလေးကို အဲဒီလိုမရက်စက်ပါနဲ့ ငါးလေးမခံစားနိုင်လွန်းလို့ပါ။ ဟီး.....ဟင့်...ငါးလေးကို မမုန်းပါနဲ့ သမ္ဘာရယ်"


ပန်းကန်ကို စားပွဲပေါ်ပြန်တင်လိုက်ကာ သူ့ခါးကို ပြေးဖက်ပစ်လိုက်ရင်း၊


"ငါးလေးကို မချစ်ဘူးလားဟင်...သမ္ဘာ။ ငါးလေးကို မချစ်ဘူးလားလို့"


တော်ပါတော့ကွာ...တော်လိုက်ပါတော့။ စိတ်ထဲကနေ တားဆီးလိုက်ပေမယ့် အသံကအပြင်ထွက်မလာဘဲ လည်ချောင်းဝတွင် ပျောက်ကွယ်သွားသည်။ကြာရင်ခက်ကုန်တော့မယ် မင်း အဲဒီလိုလုပ်နေရင်။


သမ္ဘာ ဗိုက်ပေါ်ကလက်ဖြူဖြူလေးတစ်စုံကို ကြည့်လိုက်မိတော့ အဆစ်မြုပ်နေသည့်လက်ချောင်းလေးမှာ မောင်းကွင်းလက်စွပ်လေးနှင့် စိန်လက်စွပ်တစ်ကွင်းကို မြင်လိုက်ရ၏။ အမွှေးအမျှင်လေးတွေပြောင်ရှင်းနေသည့် လက်လေးတွေက ဖြူဥနုဖတ်နေကာ အနည်းငယ်ရှည်ထွက်နေသော လက်သည်းလေးတွေက ပန်းရောင်ပြေးလျက် ဘယ်လိုကြည့်ကြည့် ငါးလေးပုံစံက သူတို့လိုအဆင့်အတန်းထဲက လုံးဝမဖြစ်နိုင်ပါ။ 


"ဟင်လို့....ငါးလေးကိုမချစ်ဘူးလားဟင် သမ္ဘာ။ ငါးလေးကတော့ သမ္ဘာ့ကိုချစ်တယ် အရမ်းချစ်တယ်"


"ချစ်တယ် ဟုတ်လား "


သူမ လက်တွေကိုဖြုတ်ချပြီး မျက်နှာချင်းဆိုင်လှည့်ရပ်ကာ သမ္ဘာ မေးလိုက်တော့၊


"အင်း...ငါးလေး သမ္ဘာ့ကိုအရမ်းချစ်တယ်။ သမ္ဘာ့လည်း ငါးလေးကိုချစ်ပါနော်..နော်လို့"


ငါးလေးက ရင်ခွင်ထဲတိုးဝင်ကာ တတွတ်တွတ်ပြောနေတော့၏။ နှစ်ယောက်ထဲဆိုသည့် အဆိုဖြင့် သမ္ဘာ သူမကို တွန်းဖယ်ရင်း နောက်ဆုတ်ရပ်လိုက်ကာ၊


"အချစ်ကို မင်းဘယ်လောက်နားလည်လို့လဲ ငွေငါး....ကျစ်..."


ဒီပါးစပ်ကွာ...။ ရှောင်ထွက်ဖို့ကြိုးစားကာမှ ဒီဟာကိုဘဲ ဦးတည်ပေးမိနေသည့်အဖြစ်။ 


သမ္ဘာ ကိုယ့်ကိုယ်ကို ဒေါသဖြစ်ကာ နှုတ်ခမ်းစေ့လျက် ကျစ်ခနဲရေရွတ်ရင်း မျက်နှာလွှဲမိသွား၏။ 


"သိတာပေါ့...ငါးလေး သမ္ဘာ့ကိုချစ်တယ်။ သမ္ဘာနဲ့ငါးလေး အတူတူနေတဲ့အချိန်ဆို အရမ်းပျော်တာဘဲ။ သမ္ဘာ ဆူရင် ငိုချင်တယ် ပြီးတော့ ဟောဒီ့နေရာက အောင့်လာတာ သိလား"


ရင်အုံကို လက်လေးဖြင့်ပုတ်ပြပြီး ငိုမဲ့မဲ့မျက်နှာလေးနှင့် ငါးလေးကိုကြည့်ရင်း သူ ပြောစရာစကားလေးတွေပျောက်ရှကုန်လေသည်။ ပစ်ပစ်ခါခါပြောမထွက်တော့ ငါးလေးဘက်က အခွင့်အရေးပိုရနေ၏။ ဒီအိမ်ကိုရောက်စကတည်းက သူ့ဆူဆူ၊မာန်မာန် အရေးမလုပ်ဘဲ သူ့ကိုအတင်းကပ်နေခဲ့တဲ့ ကောင်မလေး။ ဒီကောင်မလေးကို ဝေဒနာသည်လေးမို့ အရောဝင်မိရာကနေ ကိုယ်ကိုယ်တိုင်လည်း သံယောဇဥ်ဖြစ်ကာ အချစ်ဆိုသည့် နယ်နိမိတ်ထဲ ကျူးကျော်နေမိသည့်အဖြစ်။သူမက ဘာမှမသိတဲ့ ဝေဒနာသည်လေးမို့ ထင်ရာစွတ်ပြောနေတာ သူ့ဘက်က ထိန်းသိမ်းရမှာ။


"ငါးလေးကို အဲဒီလို မဆက်ဆံပါနဲ့ သမ္ဘာရယ်။ ငါးလေးကို ချစ်ပါနော်"


မျက်နှာလေးက ကလက်တက်တက် မျက်နှာပေးမျိုးမဟုတ်ပေမယ့် သူမ အမူအယာလေးတွေက ကလက်နေသည်။ ရဲတင်းလွန်းသည့် ငွေငါးလေး။ 


"အပြင်သွားရအောင် တော်ကြာ မမနွယ်တို့​ပြန်ရောက်လာတော့မယ်"


သမ္ဘာ စကားဖြတ်ကာ မီးဖိုခန်းထဲက ထွက်ဖို့ပြင်လိုက်သည်။ အပြင်မှာမှောင်နေပြီမို့ ဒီအထဲမှာနှစ်ယောက်ထဲရှိနေတာ ဘယ်လိုမှ မသင့်တော်ပါ။ တစ်ယောက်ယောက်မြင်သွားမှဖြင့်။ 


"ဟင်အင်း...ရောက်ပါစေ...သမ္ဘာချစ်တယ်မပြောဘဲ ဒီကနေ မသွားရဘူး။ ဘယ်သူ မြင်မြင်"


"ဟာကွာ..."


ပြောဆိုမရသည့် ကလေးတစ်ယောက်ကို စိတ်ပျက်သလို သမ္ဘာ ခေါင်းမော့ကာ ဆံပင်တွေကိုနောက်သို့လှန်ချပြီး စိတ်ပျက်လက်ပျက်ရေရွတ်လိုက်မိသည်။ 


ငါးလေးနားလာရပ်ပြီး ခါးထောက်ကာ စိုက်ကြည့်နေသည့် သမ္ဘာ့ကို  ရဲရဲပင်ပြန်ကြည့်ရင်း၊


"ဘာလဲ သမ္ဘာက ငါးလေးကို မချစ်ဘူးပေါ့ ဟုတ်လား"


သိချင်တာကို ဘောက်ဆတ်ဆတ်လေးမေးပစ်လိုက်သည်။ သူ့ပုံစံအေးစက်စက်ကြောင့် ငါးလေး ငိုချင်လာရ၏။


"ဟုတ်တယ်ကွာ....မချစ်ဘူး"


သမ္ဘာ စိတ်ရှုပ်ရှုပ်နဲ့ လွှတ်ခနဲ ပြောမိပြီးမှ ငါးလေးကို အကြည့်...မျက်ရည်တွေပြည့်လျှံနေသည့်မျက်လုံးလေးများက သူ့မျက်နှာထက်စူးနင့်စွာစိုက်ကြည့်လျက် နှုတ်ခမ်းသားလေးတွေတဆတ်ဆတ်တုန်နေသည့်ငွေငါးလေး ကို မြင်လိုက်မှ သူ စကားမှားသွားပြီမှန်းသိလိုက်ရသည်။ 


"သမ္ဘာ ရက်စက်တယ်....ဟင့်"


ငွေငါးလေးက ပြောရင်း ကိုယ်လေးသိမ့်သိမ့်တုန်အောင်ငိုချလိုက်လာမို့ သမ္ဘာ အခက်တွေ့သွားရလေသည်။ သူမငိုတော့ မနေတတ်သည့်ခြေလှမ်းတွေက အနားကိုကပ်သွားပြီး ပွေ့ပိုက်ချော့မြှူဖို့လက်ကမ်းလိုက်မိ၏။


မလုပ်နဲ့ သမ္ဘာ သူ့စိတ်ရင်းနဲ့တွယ်တာနေတာမဟုတ်ဘူး။ မင်း လူမဆန်တဲ့ကောင်ဖြစ်သွားချင်လို့လား။ သူ့စိတ်သူ တင်းရင်း ငွေငါးကိုပွေ့ဖက်မိလုလု လက်တွေက လမ်းတစ်ဝက်တွင်ရပ်တန့်သွားရသည်။ 


"ငါးလေးသိပါတယ်...သမ္ဘာ ငါးလေးကို မချစ်ပါဘူး ဟုတ်တယ်မို့လား"


ရှိုက်သံစွတ်နေသည့် ငွေငါးလေးစကားတွေကို ကြားနေရတာ သမ္ဘာ့နားထဲ ပူဆင်းကာ နှလုံးသားကို ဆတ်ဆတ်ခါသွားရ၏။


"ပြောစမ်းပါ မချစ်ဘူးမို့လား။ ဟင့်...ဟင့်...သမ္ဘာ ရက်စက်တယ်သိလား။ သမ္ဘာ..အရမ်းရက်စက်တယ်"


သမ္ဘာ ကျောက်ရုပ်ကြီးလိုငြိမ်သက်နေတော့ ငါးလေး သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးတွေနှင့် တဘုတ်ဘုတ်ထုရိုက်ရင်း ငိုရှိုက်လိုက်မိသည်။ မထုံတတေးအေးစက်စက်နှင့် ငါးလေးကို ဆက်ဆံပုံက သူစိမ်းဆန်လွန်းနေပြီး သူ့လုပ်ရပ်က ငါးလေးနှလုံးသားကို မီးပြင်းတိုက်နေသလိုပင်။


စိတ် ဝေဒနာခံစားနေရသူမို့ မျက်နှာထက်မှာ ဘာအချယ်အသမှ မရှိတာတောင် ငွေငါးလေးက မျက်ရည်လေးတွေနှင့် ဖူးဖူးစင်စင်လေးလှနေသည်။ 


"သမ္ဘာ ရက်စက်တယ်"


ငွေငါးလေးရယ်။ ငွေငါးလေးက မချိတင်ကဲ ငိုရှိုက်ရင်း သူ့ရင်ခွင်ထဲတိုးဝင်ဖက်တွယ်လျက်။ နူးညံ့အိထွေးနေသည့် ကိုယ်လုံးလေးနှင့် မွှေးပျံ့ပျံ့ရနံ့လေးကြောင့် သူ့ကိုယ်ကြီးကို တင်းကျပ်စွာ သိုင်းဖက်ထားသည့် သူမလက်ချောင်းလေးတွေကိုဖယ်ခွာရခက်စွာ ဘာလုပ်ရမှန်းမသိတော့ဘဲ သူငြိမ်သက်နေမိသည်။


"ငှငေါး....."


"ဟင်အင်း...မပြောပါနဲ့ သမ္ဘာ ငါးလေးတောင်းပန်ပါတယ်...ငါးလေးလေ ငါးလေး သမ္ဘာ့ဆီက အချစ်တွေဘဲလိုချင်တာ"


ငွေငါးလေး၏ စကားကြောင့် သမ္ဘာဆွံ့အသွားသည်။ ပြန်ပြောစရာ စကားလည်း မရှိတော့။မိုးရာသီကုန်ဆုံးခါနီး ရွာချလိုက်သော မိုးက သည်းသည်းမည်းမည်း။ သမ္ဘာ့ရင်ထဲဝယ် မိုးနှင့်အပြိုင် ရင်ခုန်သံတွေဒုန်းဆိုင်းနေသော်ငြား အပြင်ကို လွတ်မထွက်အောင် အံကြိတ်တင်းခံနေရတာကို သူမနားလည်နိုင်မည်မဟုတ်ပါ။


"သမ္ဘာ မကောင်းဘူးသိလား...အလကားလူကြီး...."


သူ့ရင်ဘတ်ကို ဘုန်းခနဲထုပစ်ကာ ရင်ခွင်ထဲကနေ ရုန်းထွက်သွားသည့် ငွေငါးလေး။ ထို့နောက်....ဝမ်းနည်းပက်လက်ငိုရှိုက်ရင်း ပြေးထွက်သွားတော့မှ သူ သတိဝင်လာရသည်။


"ငွေငါး....ဟေ့..မပြေးနဲ့လေ"


လှစ်ခနဲ့ပြေးထွက်သွားသည့် ငွေငါးလေးနောက်ကို ပြေးလိုက်ရင်း ပါးစပ်ကလည်းတားဆီးနေမိ၏။ သူမခြေလှမ်းတွေက အိမ်အပြင်ကို ဦးတည်နေတာမို့ နောက်ကနေပြေးလိုက်ရင်း လက်ကိုလှမ်းဆွဲထားလိုက်တော့ သူမတစ်ကိုယ်လုံး သူ့ရင်ဘတ်နှင့်ပစ်တိုက်သွားကာ အင့်ခနဲအသံထွက်သွားသည်။


"အပြင်မှာ မိုးတွေရွာနေတယ် အဲဒါ မင်းမြင်လား ငွေငါး"


"မသိဘူး...မသိဘူး သွား ဘာမှ လာမပြောနဲ့"


သူ့ကိုမော့ကြည့်လာသည့် ငွေငါးလေးမျက်ဝန်းအိမ်မှာ မျက်ရည်စတွေနှင့်။ ဝမ်းနည်းခြင်းတွေနှင့် ကြေကြေကွဲကွဲလေးဖြစ်နေသည့် သူမမျက်နှာလေးကို စိုက်ကြည့်ရင်း သမ္ဘာ့ရင်ထဲ နင့်နင့်နဲနဲခံစားလိုက်ရ၏။ သို့သော်လည်း သူ့စိတ်တွေလွတ်ထွက်သွားလို့မဖြစ်။ 


"ဖယ်ပါ....ငါးလေးကိုယ့်ဘာသာကိုယ်နေပါရစေ သမ္ဘာ"


"ဘာ"


"ဟုတ်တယ်...သမ္ဘာမှ မချစ်ဘဲ ငါးလေးဘာဖြစ်ဖြစ်ဂရုစိုက်မနေနဲ့"


"ဘယ်လို...မင်း ဘာပြောတယ်"


ခံပြင်းဒေါသတို့ဖြင့် သမ္ဘာ သူမပခုံးလေးကိုဆောင့်ခါပစ်လိုက်မိသည်။ မျက်နှာလေးတစ်ချက်မဲ့သွားပြီး ငွေငါးလေးက ဆုပ်ကိုင်ထားသည့် သူ့လက်တွေကို ဖယ်ချကာ၊


"ငါးလေးကြောင့် သမ္ဘာ စိတ်ဆင်းရဲနေတယ်မို့လား။ ငါးလေး အတင်းလိုက်ကပ်နေတာ၊ငါးလေးချစ်နေတာတွေက သမ္ဘာ့အတွက် စိတ်ရှုပ်စရာဖြစ်နေတယ်မို့လား။ ငါးလေးသိပါပြီ...ငါးလေးက သမ္ဘာ့အတွက်အရှုပ်ထုပ်"


"ငွေငါး...မင်း"


စောစောကတော့ ချစ်လှပါချည်ရဲ့၊ကြိုက်လှပါချည်ရဲ့ ဆိုတော့လည်း သူမဘဲ။ ခုကျတော့ ပြောသွားလိုက်တာ တကယ့်လူကောင်းအတိုင်း။ မိုးရေထဲ ထွက်သွားမှာစိုးလို့ ပြေးလိုက်မိတဲ့ ဒီကောင်ကဘဲ အလွန်။ တောက်...မင်းဘဲအမျိုးမျိုးတတ်နိုင်တယ် ငွေငါး။ 


"ငါးလေးကြောင့် သမ္ဘာစိတ်ညစ်နေရပြီမို့လား...ဒါကြောင့် ငါးလေးသွားတော့မယ်။ သမ္ဘာတို့ကိုဒုက္ခပေးနေမိတဲ့အတူတူ ငါးလေးထွက်သွားတော့မယ်"


"ကျစ်...မင်းထင်ရာတွေလျှောက်မလုပ်စမ်းနဲ့... တော်ကြာ မင်းပဲ ဒုက္ခရောက်မယ် ငွေငါး"


"အဲဒီတော့ သမ္ဘာ ကျေနပ်ပေါ့"


သူ့ကိုပက်ခနဲပြန်ပြောရင်း မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာတော့ လက်ခုံလေးနှင့်ပွတ်သုတ်ကာ အင့်ခနဲရှိုက်၏။သမ္ဘာ ငွေငါးလေး၏ တုန်ရီနေသည့် လက်လေးတွေကိုကြည့်ပြီး သက်ပျင်းခိုးရှိုက်လိုက်မိသည်။


"တော်စမ်း ငွေငါး...မင်း စိတ်ထင်ရာတွေလျှောက်မပြောနဲ့။ မင်း အတွက် ငါတို့ဘယ်လောက်စိတ်ပူနေရလဲ မင်းသိရဲ့လား။ မမနွယ်တို့ကိုကြီးမိုးမြင့်တို့ မင်းအပေါ်ဘယ်လောက်သံယောဇဥ်ရှိကြသလဲ။ မင်း သူတို့ရဲ့စေတနာကို အသိအမှတ်ပြုသင့်တယ်။ မင်း ထင်ရာတွေစွတ်မလုပ်သင့်ဘူး အဲဒါမင်းနားလည်ရဲ့လား ငွေငါး"


"ဟင်အင်း...သမ္ဘာ့ကိုချစ်တာဘဲ သိတယ်"


"ကျစ်..."


"သမ္ဘာ့ကို ချစ်တာဘဲ သိတယ်ဆို...သမ္ဘာ့ကိုငါးလေးချစ်တယ်"


ရင်ခွင်ထဲတိုးဝင်ဖက်တွယ်လာသည့် ကိုယ်လေးကို တွန်းပစ်ဖို့လည်းသတိမရ။ သမ္ဘာ..အသက်မဲ့သူလို ငြိမ်သက်ရင်း သစ္စာမရှိစွာ ခုန်ပေါက်နေသည့် ကိုယ့်ရင်ခုန်သံတွေကိုကိုယ်ဒေါသဖြစ်နေရသည်။


"ချစ်တယ်"


ဟာ...။ သူ့နှုတ်ဖျားမှ ဟာခနဲထွက်သွားရကာ မျက်နှာတစ်ပြင်လုံးပူထူသွားရ၏။ကတုန်ကရင်ခံစားချက်တို့ဖြင့်သမ္ဘာ သူမနှုတ်ခမ်းလေးထိတွေ့သွားသော ကိုယ့်မေးဖျားကိုယောင်ရမ်းကိုင်မိမတတ်ဖြစ်သွားရပေမယ့် ငွေငါးလေးက သူ့ရင်ခွင်ထဲ တိုးဝင်ကာ အတင်းကျပ်ဆုံးဖက်တွယ်လျက်။


ရင်ဘတ်ချင်းအပ်လျက် အနီးစပ်ဆုံး အနေအထားမှာစိတ်တွေ ကယိမ်းကပါးဖြစ်နေသည့် သူ့မှာ အုတ်နံရံနှင့် ခေါင်း ပြေးဆောင့်ချင်မိ၏။


ချစ်တယ်...ချစ်တယ်လို့ အခါခါဆိုနေတဲ့ ငွေငါးလေး...အချစ်ကို တကယ်ရော နားလည်ရဲ့လားလို့ သူမေးလိုက်ချင်သည်။


 အချစ်ကို ကလေးမုန့်ပူဆာသလို တစာစာတောင်းခံလို့ရော ရရိုးလား...။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


တကယ်ဆို လေဆိပ်ကို ဦးတည်မမောင်းထဲက သတိထားမိဖို့ကောင်းပါသည်။ဆူး နုံချာတာထက် ကိိုကို့ကိုယုံကြည်မိတာမို့ ကိုကိုခေါ်ဆောင်ရာနောက်ကို သတ္တိရှိရှိလိုက်ရဲခဲ့တာ မဟုတ်လား။ 


အပြာရောင်ကောင်းကင်ကြီးနှင့်ပင်လယ်ပြင်ကျယ်ကြီးနောက်ခံကာ အုန်းစိမ်းရေသောက်ရင်းဖြင့် ရေစက်ရေမွှားရနံ့တွေသယ်ဆောင်လာသည့် လေငွေ့ကိုရှူရှိုက်ရင်း ပင်လယ်စင်ရော်တွေ အုပ်စုဖွဲ့ပျံသန်းတာကို တမေ့တမော ငေးကြည့်ကာ သဘာဝဆန်ဆန်အလှအပတွေကို တဝကြီး ခံစားလိုက်မည်ဟု တွေးထားခဲ့မိတာ။


 တကယ့်လက်တွေ့မှာတော့ ဆူး ဆန္ဒတွေက တိမ်ဆိုင်တွေလိုလွင့်မျောသွားမှန်း မြူတွေဆိုင်းနေသည့် တောင်တန်းတွေကို မြင်တွေ့လိုက်မှ သိလိုက်ရသည်။ လေဆိပ်ကိုမမောင်းဘဲ ဟိုင်းဝေးလမ်းအတိုင်းမောင်းနေကတည်းက ငပလီခရီးမဖြစ်နိုင်တာ သိလိုက်ပြီ။ သို့သော်...ချောင်းသာနှင့်ငွေဆောင်ကို သွားလိမ့်မည်ဟုတွေးပြီး တစ်လမ်းလုံး စိတ်အေးလက်အေးဖြင့်လိုက်လာခဲ့မိသည်။


"ကိုကို"


ဆူး မနေနိုင်တော့ဘဲ ရင့်ကိုခေါ်လိုက်သည်။ ထိုအခါ...ကားမောင်းနေရင်း မျက်လုံးတွေက ဆူးဘက်စွေကြည့်ကာ၊


"မမေးနဲ့ အောင်ပန်းသွားနေတာ။ မလိုက်ချင်နေခဲ့ရတယ်"


ပြောရက်လိုက်တာ ကိုကို။ မလိုက်ချင်နေ ခဲ့တဲ့လား။ ဒီအထိလောက်လာပြီးမှ ဆူးက တစ်ယောက်တည်း ရန်ကုန်ပြန်သွားရမှာလားကိုကို။


"အစထဲက အောင်ပန်းလို့ ပြောပါလား ကိိုကိုရယ်"


မမြိုသိပ်နိုင်တော့တာမို့ တ​စောင်းမြင်နေရသည့် ကိုကို့မျက်နှာကို ကြည့်ရင်း ဆူး ပြောလိုက်တော့၊


"ဘယ်သွားမယ်လို့ ငါပြောခဲ့မိသလား ဆူးခေတ်သစ်"


"ရှင်..."


တရိပ်ရိပ်ပြေးနေသည့်ကားပေါ်ဝယ် ရှေ့လမ်းမထက်စူးစိုက်နေသည့် ရင့်မျက်လုံးများက စူးရဲနေလျက်။ 


"ခရီးထွက်မယ်ဘဲ ပြောတာ ငါဘယ်သွားမယ်လို့ မပြောခဲ့ဘူး ဆူးခေတ်သစ်။ ငါ့ကြိုက်တဲ့ခရီးကိုသွားမယ် လိုက်ချင်လိုက်မလိုက်ချင် ကျန်ခဲ့ ဒါပဲ"


အပြောကြမ်းသလို ရက်စက်သည့်နေရာမှာ နှစ်ယောက်မရှိတဲ့ ကိုကို့ကို ဆူး မနာကျည်းနိုင်ပါ။ညက မသေရုံတမယ်နှိပ်စက်ခဲ့တာကို အားမရသေးတာလား ကိုကိုရယ်။ 


ထိုအဖြစ်ကိုသတိရမိတိုင်း အသက်ရှူကျပ်လျက် မွန်းကျပ်သလိုခံစားလာရသည်။ ဆူး သတိရလာတော့ ခုတင်ပေါ်ပြန်ရောက်နေခဲ့ပြီ။ ဆူး ကြောက်ကြောက်လန့်လန့်နဲ့ထထိုင်ကြည့်လိုက်တော့ ခုတင်တစ်ဖက်စွန်းမှာ ရင့်က အိပ်ပျော်နေသည်။ တစ်ခါတည်းသေအောင်မလုပ်တာဘဲ ကျေးဇူးတင်ပါတယ် ကိုကို။ 


"ဘယ်ခရီးသွားမယ်လို့ မင်းမှာရွေးချယ်ခွင့်မရှိဘူး။ ငါလိုက်ဆို လိုက်ခဲ့...ဘာမှပြန်မမေးနဲ့။ မင်းမှာ ရွေးချယ်ခွင့်မရှိသလို ငြင်းဆန်ခွင့်လည်း မရှိဘူးဆိုတာ သိလားဆူးခေတ်သစ်။ မင်းရဲ့ အနာဂတ်တစ်ခုလုံးက ငါ့လက်ထဲမှာဆိုတာပါ တစ်ခါတည်းမှတ်ထား။ ခု အောင်ပန်းသွားနေတယ်...ဘာမှထပ်မမေးနဲ့"


နင့်နင့်နဲနဲကြီးခံစားလိုက်ပြီး ကိုကို့စကားတွေက ရေနှစ်ခံရတာထက်ဆယ်ဆပြင်းထန်လို့နေသည်။ 


"မေမေ့ကို တမင် ငပလီသွားတယ်လို့ပြောလိုက်တာ။ အောင်ပန်းဆို မေမေလွှတ်မှာမဟုတ်မှန်း သိနေလို့ဘဲ ဆူးခေတ်သစ်။ ဖေဖေသေရတာ သွေးရိုးသားရိုးလုံးဝမဟုတ်ဘူး။ ဒီက ကိစ္စတွေပြေလည်မှု ပြန်ရမယ်။မေမေမေးရင် ဒီအကြောင်းတွေမပြောမိစေနဲ့ ကြားလား။ မင်းကို အရေးထားပြီး ပြောပြနေတယ်လို့ ထင်မနေနဲ့ဦး...ငါ့အမေစိတ်ဆင်းရဲမှာစိုးလို့ မင်းကိုကာဗာယူထားတာ"


စိမ်းယိုင်ယိုင်စကားလုံးတွေနဲ့ အမြဲနှိပ်စက်နေတော့မှာလား ကိုကိုရယ်။ 


"ဆူး နားလည်ပါတယ် ကိိုကို။ မေမေမေးလာရင်လည်း ငပလီမှာလို့ဘဲ ဆူးပြောမှာပါ။စိတ်ချပါ...ကိိုကိုစိတ်ဆင်းရဲအောင် ဆူး ဘယ်တော့မှ မလုပ်ပါဘူး"


"အဟွန့်..."


ရင့် နှုတ်ခမ်းမှာ မဲ့ပြုံးတစ်ခုထင်ဟပ်သွားကာ၊


"မင်း ငါတို့ဆီရောက်လာထဲက ငါစိတ်ဆင်းရဲနေခဲ့ရတာဘဲ ဆူးခေတ်သစ်။ မဟုတ်သေးဘူး...မင်းအမေ ငါ့အဖေကိုအပိုင်ချိုင်ထဲကဆို ပိုပြည့်စုံတယ်"


အတ္တတွေအငြိုးတွေနှင့်ပူလောင်နေသည့် ရင့်မျက်နှာချောချောကို ဆူးတစ်ယောက် ကြင်နာမှုအပြည့်နှင့်ငေးစိုက်ကြည့်နေသည်။


ကလဲ့စားတဲ့။ အဲဒီကလဲ့စားချေခြင်းဆိုတဲ့ အမုန်းတရားဟာ ကိုကို့ကိုပြန်လောင်ကျွမ်းနေတာ ဆူး သနားတယ် ကိုကိုရယ်။ ဆူး နာကျင်ရတာထက် ကိုကိုကိုယ်တိုင်ပူလောင်နေတဲ့အဖြစ်ကို ဆူး နာကျင်လို့မဆုံးဘူး။ ဆူး နာကျင်နေတဲ့ကာလပတ်လုံး ကိုကိုလည်း လောင်မြိုက်နေဦးမှာပါ။ဆူး အဆုံးသတ်လိုက်ချင်ပြီ ကိုကို။ ဒါဟာ ကိုကို့အမုန်းကို မခံစားနိုင်လို့မဟုတ်သလို ကိုကိုရက်စက်သမျှကို မခံနိုင်တော့လို့လည်း မဟုတ်ဘူး။ အမုန်းတွေ အငြိုးတွေနဲ့လုံးထွေးနေတဲ့ ကိိုကို့ကို မကြည့်ရက်တော့လို့ပါ ကိုကိုရယ်။


"ကိုကို..."


ဒီတစ်ခါတော့ ကိိုကို့မျက်နှာကို မကြည့်မိအောင် ထိန်းရင်း ရှေ့တည့်တည့်ကို အဓိပ္ပါယ်မဲ့ ငေးစိုက်ကြည့်ကာ ဆူး အေးစက်စက်ခေါ်လိုက်မိသည်။ 


"သတ်လိုက်ပါလား..."


"ဟင်..."


မောင်းနေသည့်ကားက တုံ့ခနဲဖြစ်သွားပြီးမှ ပုံမှန်အတိုင်းတရိပ်ရိပ် ပြန်ပြေးသွားသည်။


"မင်း ဘာပြောလိုက်တယ် ပြန်ပြောစမ်း ဆူးခေတ်သစ်"


"တစ်ခါတည်းသတ်လိုက်ပါတော့လား ကိုကိုရယ်။ ဘာကြောင့် အပင်ပန်းခံနေမလဲ"


"ဟား ဟား.... "


ရင့် ရယ်သံကြီးက ကားတစ်စီးလုံးလွှမ်းသွားရသည်။ ခြောက်ကပ်ကပ်နှင့် စိတ္တဇဆန်ဆန်ရယ်သံကြောင့် ဆူး ကျောထဲစိမ့်သွား၏။


"သတ်လိုက်ဟုတ်လား...အဟား..ဟား...အဲဒီလောက်မလွယ်ဘူး ဆူးခေတ်သစ်။ မင်းခေါင်းထဲမှာ ဘာတွေမှတ်သားထားတာလဲ ဟမ်"


အပြုံးရိပ်တို့စွန်းထင်းနေသည့် ရင့်နှုတ်ခမ်းက တဖြည်းဖြည်းတည်တင်းလာကာ စကားလုံးတွေကပါ မာကျောခက်ထန်လို့သွားသည်။


"တစ်ခါတည်းသေသွားရင် ဘယ်တရားမျှတပါ့မလဲ ဟင်း ဟင်း...."


ရယ်သံတွေက အသက်မပါသလို အဆုံးစွန်ဆုံးရက်စက်မှုတွေပြည့်လျှံနေလျက်။


"မင်းသေသွားရင် ငါ့စီမံကိန်းတွေ အလကားဖြစ်သွားမှာတော့။ သတ်လိုက်ရင် လွယ်လွယ်လေးရယ်....မင်းသေရဲပေမယ့် ငါက မသတ်ချင်ဘူး။ ဘာကြောင့်လဲ သိလား..."


"တတိတိနဲ့ရက်စက်ချင်လို့မို့လား ကိုကို" ဟု စိတ်ထဲက ဖြေလိုက်မိသည်။အပြင်မှာတော့ ဆူး တိတ်ဆိတ်နေမိ၏။


"မင်းအမေ မခံစားလိုက်ရတဲ့အပြစ်ကြွေးတွေနဲ့ မင်းရဲ့အပြစ်တွေကို ပေါင်းပြီး တစ်သက်လုံး အကြွေးပြန်ယူမှာမို့ဘဲ ဆူးခေတ်သစ်။ မင်း သေဖို့ ဘယ်တော့မှ မစဥ်းစားနဲ့...ပြီးတော့ ဘယ်တော့မှလည်း မလွတ်မြောက်ဘူး။ ငါတို့သားအမိ နာကျင်ခံစားခဲ့ရတာထက် အဆပေါင်းများစွာခံစားရပြီး မင်းတစ်ဘဝလုံး ငါ့လက်ထဲမှာ နေရမယ်။ သေသွားရင်လွတ်မြောက်တယ်ဆိုပြီး အဲဒီလမ်းကိုရွေးချယ်ရင်တော့ မင်းမှားသွားမယ် ဆူးခေတ်သစ်...ဘာကြောင့်လဲ သိလား"


တစ်ခါတည်းပြောလိုက်ပါတော့လား ကိုကို။ ချောင်ပိတ်ရိုက်နေပြီးမှ မင်းအပြစ်ဘာလဲ သိလားမေးနေတော့ရော အရိုက်ခံရတဲ့အပြစ်ကလွတ်မှာလား။ 


လက်ခနဲဝေ့တက်လာသည့် မျက်လုံးကိုကြည့်ပြီး ရင့် နားလည်လိုက်သည်။ နှုတ်လှန်မထိုးပေမယ့် စိတ်ထဲက ပြန်ပြောနေမှန်း သိနေတာမို့ ရင့် ပြုံးမိသွားသည်။


"မင်း ဘယ်တော့မှ မလွတ်မြောက်ဘူး ဆူးခေတ်သစ်...သေသွားရင်တောင် မင်းဝိညာဥ်ကို အနားထားပြီး တစ်ဘဝလုံးအကျဥ်းချထားပြီး ငါ့စိတ်ကြိုက်နှိပ်စက်ပြမယ်...အဲဒါ မယုံမရှိနဲ့"


"ကိုကိုနားမှာ ဝိညာဥ်အဖြစ်နေရလည်း ကျေနပ်နေမယ်ဆို ကိုကိုဘာပြောဦးမလဲ ဟင်"။ စိတ်ထဲက ကြိတ်မေးလိုက်သော်ငြား တကယ့်လက်တွေ့မှ ဖွင့်ဟမမေးရဲခဲ့။ 


"အချစ်တစ်ခုတည်းနဲ့ ဆူးကျေကျေနပ်နပ်ကြီး လည်စင်းပေးမှာပါ ကိုကို။ ဆူး အချစ်ကို ဆူးယုံကြည်တယ်"


"အချစ်..ဟုတ်လား...ရယ်စရာဘဲ။ ငါ့ဆီမှာ အချစ်မရှိဘူး ဆူးခေတ်သစ်...အမုန်းတွေနဲ့ပြည့်နေတဲ့ နှလုံးသားတစ်စုံဘဲ ရှိတယ်"


"ရွှေရေးချယ်ရော...ကိုကို ရွှေရေးချယ်ကို တကယ်မချစ်ခဲ့ဘူးလား"


ရုတ်တရက် ရမ်းခါသွားသည့်ကားက တောင်စောင်း တစ်လျှောက် လမ်းဘေးကို မြှားတစ်စင်းလို ပြေးထွက်သွားတော့သည်။


"ကိုကို....အား....ရှေ့မှာ...."


"ကျွီး.....ဒုန်း...."


"ကိုကို့......."


ကျယ်လောင်သည့် ကားတိုက်ခံကြီးနှင့်အတူ...နာကျင်တဲ့ ဝေဒနာကို မချိမဆန့်ခံစားလိုက်ရကာ ဆူးနှုတ်ဖျားကနေ ကိုကို့ကိုတမ်းတခေါ်အော်ရင်း နောက်ဆုံးအသိတရားတွေ ကိုယ်နှင့်ကင်းကွာသွားတော့သည်။


ရွှေရေးချယ်ဆိုတဲ့နာမည်တစ်ခုက အဲဒီလောက်အထိ တုန်လှုပ်ဖို့ လိုလို့လား ကိုကို။ 


သေချင်တာက ဆူးတစ်ယောက်တည်းပါ...။


အပိုင်း(၁၂)ဆက်ရန်👈👈👈


"ပန်းမွေ့ယာ...ရွှေကော်ဇောကို

ပန်းမွေ့ရာ....ရွှေကော်ဇောဟု ပြင်ဖတ်ပေးပါရန်🙏🙏🙏"


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: