🌺ပန်းမွေ့ယာ....ရွှေကော်ဇော🌺
"ငှငေါး...."
ငွေငါးလေးကို ထိုင်ခုံပေါ် အသာချပြီး သမ္ဘာ ခေါ်ကြည့်လိုက်သည်။ သို့သော်...ငွေငါးလေးဆီက တုန့်ပြန်သံမကြားရဘဲ နှာခေါင်းဝမှ စိမ့်ထွက်နေသည့် သွေးစများကြောင့် ရင်ထဲ မျက်သွားရလေသည်။
တောင်းပန်ပါတယ် ငွေငါးရယ်။ မင်း ထိခိုက်နစ်နာစေဖို့ ကိုယ်မရည်ရွယ်ပါဘူး။သမ္ဘာရင့်ကထိုင်ခုံဘေးမှာ ဒူးထောက်ထိုင်ချပြီး ငွေငါးလေး မျက်နှာကို စိုက်ကြည့်ကာ နှာခေါင်းဝမှ သွေးစများကို အသာသုတ်ပေးလိုက်၏။ ထို့နောက် မျက်နှာပေါ် ဖြာကျနေသည့် ငွေငါး ဆံပင်တွေကို သပ်တင်ပေးရင်းဝဲဘက်ရင်အုံဆီမှ တစ်ဒိန်းဒိန်းခုန်လာတော့သည်။
"ငွေငါး....ဟေ့....ကိုယ်ခေါ်တာကြားလား"
သမ္ဘာ...ငွေငါးပါးလေးကိုပုတ်ကာ အကြိမ်ကြိမ်ခေါ်နေမိသည်။သူ့ တစ်ကိုယ်လုံး စိုရွှဲနေပေမယ့် ချမ်းဖို့လည်းသတိမရနိုင်။ ငွေငါးလေး၏အဝတ်တွေရွှဲနစ်ပြီး တစ်ကိုယ်လုံးစိုကပ်လျက် သူမကိုတင်ထားသည့်နှစ်ယောက်ထိုင် ထိုင်ခုံပေါ်စိုရွှဲကာ ရေစက်တွေတစ်တောက်တောက်ကျနေပြီ။ အသားတွေအေးစက်ကာ နှုတ်ခမ်းသားလေးတွေပါ ပြာနေသည့် ငွေငါးလေးကို သူ စိုးရိမ်လာသည်။
သမ္ဘာ ရေခွက်နဲ့ ရေပြေးယူပြီး ငွေငါးမျက်နှာလေးကို ရေဖြင့်ပွတ်သပ်ရင်း တတွတ်တွတ်ခေါ်နေမိသည်။
"ငွေငါး....ငွေငါးလေး...ဟိတ်...ကိုယ်ခေါ်နေတာကြားလား"
ငွေငါးလေး နာကျင်သွားမှာကို မလိုလားသလို ပါးလေးကို ခပ်ဖွဖွပုတ်ရင်းခေါ်လိုက်တော့ သူမဆီက ညည်းသံရှည်လေးထွက်လာပြီး အနည်းငယ်လူးလွန့်လာသည်။
"ငွေငါး...မင်း...သတိရလာပြီလား"
"အင်း..."
ထူးလိုက်တာ မဟုတ်မှန်း သူ သိလိုက်သည်။ငွေငါးလေးက သတိရစမို့ မျက်လုံးမဖွင့်ပဲ ညည်းနေလျှင်၊
"မင်း သတိရလာပြီမို့လား။ ကိုယ့်ကိုမျက်လုံးဖွင့်ကြည့်ပါဦး ငွေငါး"
"သမ္ဘာ...သမ္ဘာ...."
"ငွေငါး...ကိုယ်ရှိတယ်...မင်းနားမှာ ကိုယ်ရှိပါတယ်။ မျက်လုံးဖွင့်ကြည့်ပါဦးကွာ"
မျက်လုံးမဖွင့်ဘဲ သူ့ကို ခေါ်နေသည်။ သမ္ဘာ ဝမ်းသာမျက်ရည်လေးတွေပင်စို့ကာ သူမ လက်လေးကို တင်းခနဲဆုပ်ပစ်လိုက်ရင်း၊
"ငှငေါး..."
"ငါးလေးကို မထားခဲ့ပါနဲ့ သမ္ဘာရယ်....ငါးလေးကြောက်လို့ပါ အဟင့်...ဟင့်"
ငွေငါးလေး မျက်နှာပေါ် အုပ်မိုးထားသည့် သမ္ဘာမျက်နှာချောချောကို မြင်လိုက်ရချိန် ရင်ထဲလှိုက်တက်လာကာ သူ့ရင်ခွင်ထဲတိုးဝင်ပြီး အားပါးတရငိုရှိုက်လိုက်မိသည်။
"တိတ်ပါကွာ...."
ရုတ်တရက် ထထိုင်ပြီး သူ့လည်ပင်းကို သိုင်းဖက်လာသည့် ငွေငါးလေးရဲ့ အပြုအမူလေးကြောင့် ကြက်သေသေသွားရသည်။ အေးစက်နေသည့်ကြားက ပူနွေးသည့် အထိအတွေ့လေးမှာ သူ့ရင်ခုန်သံတွေက စည်းချက်ညီညီခုန်ပေါက်သွား၏။
"ငွေငါး...သတိထားဦးလေ မင်းနားမှာကိုယ်ရှိတယ်"
"သမ္ဘာ"
ကိုယ်လေးသိမ့်သိမ့်တုန်အောင်ငိုရှိုက်ရင်း သူမနှုတ်ဖျားမှ သူ့နာမည်ကိုဗလုံးဗထွးခေါ်နေသည်။
"ကိုယ် တောင်းပန်ပါတယ်..ငွေငါးရယ်။ ကိုယ့်ကြောင့်"
"အ.....နာလိုက်တာ..."
ငွေငါး ဆီက ညည်းသံထွက်လာတော့ သူစိုးရိမ်သွားရသည်။
"ဆော်ရီးကွာ....ကိုယ် လက်စလွန်သွားတယ်။ အရမ်းနာနေလား"
"နာတာပေါ့ သူများကို မညှာမတာ အတင်းလုပ်ပြီးတော့"
ငွေငါးလေးက နှုတ်ခမ်းလေးစူလျက် မျက်စောင်းလေးချိတ်ကာ ဆိုလာသည်။ထိုအမူအယာလေးက သူ့နှလုံးသားကို ကယိမ်းကပါးလှုပ်ခတ်သွားစေတာကို သူမ မသိ။ ကြာရင်တော့ ခက်ကုန်တော့မယ် မင်းနဲ့...ဟူး။ သူ သက်မအခါခါချလျက် ရေစက်တွေကျနေသည့် ဆံပင်တွေနဲ့ အဝတ်အစိုတွေကိုသတိထားမိသွားပြီး၊
"စိုရွှဲနေပြီ အဝတ်ပြန်လဲရအောင် ငွေငါး"
"ဟင်အင်း...အိမ်မှာဘယ်သူမှ မရှိဘဲနဲ့ မပြန်ချင်ပါဘူး။ ဟိုလေ...သမ္ဘာအကျီလေး ခဏပေးဝတ်ပါလားဟင်"
လက်ညှိုးလေးတစ်ချောင်းထောင်ကာ ခွင့်တောင်းနေသည့် ငွေငါး။ သူမမျက်နှာလေးက ဘယ်လိုကြည့်ကြည့် အပြစ်ကင်းစင်နေသည်။ ပြီးတော့ သူမရဲ့ချစ်စဖွယ်အမူအယာလေးတွေကို သူ့စိတ်ထဲ အလွတ်မှတ်သားနေမိပြီ။
"မင်း ခိုးဝတ်နေကြမို့လား"
"သူ့အကျီလေးဆယ်ထည်ကိုများ"
"ဆယ်ထည်ကိုများ ဟုတ်လား...အဲဒါနည်းသလားကွ။ရှိတာမှ အထည်နှစ်ဆယ်လောက် မင်းဆယ်ထည်ယူဝတ်မှတော့ ဘာကျန်တော့မှာလဲ"
"ဘာလဲ သမ္ဘာက ငါးလေးကို ပေးမဝတ်ချင်ဘူးလား"
ချက်ချင်းစူပုတ်သွားသည့် သူမကိုကြည့်ကာ သမ္ဘာ ရယ်လည်းရယ်ချင်သည်။ တကယ့်ကလေးဆိုးလေးဘဲ။
"မဟုတ်ပါဘူးကွာ...ခဏ...ကိုယ်သွားယူပေးမယ်"
"မြန်မြန်••••ချမ်းနေပြီ"
"အေးပါကွာ"
"ကြာတယ်.."
အခန်းတံခါးဆီလျှောက်သွားရင်း သမ္ဘာက လည်ပြန်လှည့်ကြည့်ကာ ပြုံးပြသွားသည်။ ထိုအပြုံးလေးမှာ ငါးလေးရင်ထဲ အောင့်မျက်သွား၏။ ရင်းရင်းနှီးနှီးကြီးသိနေသလိုလို... အဲဒီအပြုံး၊အဲဒီနှုတ်ခမ်းတွေကို။ သေချာစဥ်းစားကြည့်ပြန်တော့ အဖြေမရ။ သမ္ဘာ့နဲ့နေရတာ ငါးလေးပျော်သည်။
ဂျင်းအကျီတစ်ထည်နှင့် အားကစားဘောင်းဘီတစ်ထည်ဆွဲထုတ်ပြီး အပြင်ပြန်ထွက်လာတော့ ငွေငါးလေးက အခန်းဝမှာ ရပ်စောင့်နေသည်။
"ရော့...ဟိုဘက်အခန်းထဲသွားလဲလိုက်။ ကိုယ်လည်း အဝတ်တွေလဲလိုက်ဦးမယ်"
"ဟင်...ဒီအခန်းမှာလဲမယ်လေ"
မလိမ်မိုးမလိမ်မာလေးမို့ အပြစ်မမြင်ရက်ပါ။ တစိမ်းယောကျ်ားလေးနေတဲ့အခန်းထဲကို မိန်းမပျိုတစ်ယောက် မဝင်သင့်တာလည်း သူမသိပုံမရ။ မာယာမပါတဲ့ အဖြူထည်မျက်ဝန်းလေးတွေထဲ စိုက်ကြည့်ကာ သူ ခေါင်းရမ်းပြလိုက်ပြီး၊
"ယောကျ်ားလေးအခန်းထဲ မဝင်ရဘူး ငွေငါးရဲ့...သွား ဟိုဘက်အခန်းမှာသွားလဲ"
သူ ပြောလိုက်တာကို နားမလည်သလိုဖြင့် မျက်လုံးလေးပေကလပ်ပေကလပ်ဖြစ်သွားသည့် ငွေငါးလေးပုံစံက ကလေးလေးသဖွယ်။ အကျီတွေ၊ဘောင်းဘီတွေကို စုလုံးကိုင်ပြီး သူ့ကိုငေးစိုက်ကြည့်နေတာမို့ သူမလက်မောင်းလေးကနေဆွဲကာ အခန်းထဲကို တွန်းထိုးထည့်လိုက်ပြီး အပြင်ကနေ တံခါးဆွဲပိတ်ကာ ပြုံးလိုက်မိ၏။
"အဟက်..."
နဖူးပေါ် စိုကပ်နေသည့် ဆံပင်တွေကို လက်ထိုးထည့်လျက် ခါထုတ်ပစ်လိုက်ကာ အခန်းထဲဝင်လာတဲ့အထိ သူပြုံးနေမိသည်။ ရှပ်လက်ရှည်တစ်ထည်ကိုကောက်စွပ်ပြီး ပုဆိုးကွက်စိပ်တစ်ထည်လဲဝတ်ကာ ရေစိုနေသည့်ခေါင်းကို သဘတ်နဲ့လေးငါးချက်ပွတ်သုတ်လိုက်ကာ မွှေးပွသဘတ်တစ်ထည်ယူပြီး ဧည့်ခန်းထဲမှာ ထိုင်စောင့်နေလိုက်၏။
"သမ္ဘာ..."
ထိုင်ခုံပေါ် ခပ်လျောလျောမှီထိုင်နေသည့် သမ္ဘာ ငွေငါးလေးအသံကြောင့် ဖျတ်ခနဲလှည့်ကြည့်လိုက်မိသည်။ သူ့အကျီက သူမကိုယ်လေးနဲ့ကျတော့ ပွကာ ဖိုသီဖတ်သီဖြစ်နေသလို ဘောင်းဘီကလည်း အောက်မှာပုံကျနေသည်။ လက်ဝမှာ ကြယ်သီးတပ်မထားသဖြင့် လက်ဖမိုးပေါ် အုပ်နေသလို ဆံပင်တွေက ရေစက်လက်နှင့်။
"အင်း....ဒီကိုလာ"
သူ ခေါင်းဆတ်ခေါ်လိုက်တော့ ငွေငါးလေးက လက်တွေကို အပေါ်မြှောက်ခါပြရင်း ခိုးခိုးခစ်ခစ်ရယ်လျက်၊
"လှလား....မိုက်တယ်မို့လား သမ္ဘာ"
အကျီတွေကို ဆွဲဆန့်ပြနေသည်။ ငွေငါးလေး သူ့ကိုဆက်ဆံပုံက သူစိမ်းယောကျ်ားလေးဆိုတာမျိုးကိုထည့်ထွက်ပုံမရ။ တကယ့်ငယ်ပေါင်းကြီးဖော်လို၊ မိဘမောင်ဘွားနှင့်မခြား။
"အဟင်း....မိုက်တယ် "
"တကယ်လား"
"ညာစရာလား"
ငွေငါးလေးက လက်ခုပ်လက်ဝါးတီးလျက် ခုန်ဆွခုန်ဆွလုပ်ကာ သူ့နားရောက်လာ၏။ အဲဒီလို ကလေးဆန်ဆန်အမူအယာလေးတွေကြောင့် သမ္ဘာ့နှလုံးသားက သွေးခုန်နှုန်းတွေမြန်လျက်။
နှစ်ယောက်ထိုင် ထိုင်ခုံပေါ်ထိုင်နေသည့် သူ့ဘေးကို ဝင်ထိုင်ပြီး သူ့လက်ထဲက သဘတ်ကို ဆတ်ခနဲဆွဲယူပြီး၊
"ချမ်းလိုက်တာ သမ္ဘာရယ်။ သမ္ဘာရော..ချမ်းလား"
"မချမ်းပါဘူး...ခေါင်းကို အရင်သုတ်လိုက် ကိုယ်ခေါက်ဆွဲပြုတ်လိုက်မယ်"
"ဟင်...ခေါက်ဆွဲပြုတ်ကြီး"
ရေသုတ်လက်စကို ရပ်တန့်ကာ ငွေငါးလေးက ရှုံ့မဲ့ရေရွတ်နေ၏။
"ဘာဖြစ်လို့လဲ မကြိုက်ဘူးလား"
"အင်း....လက်ဖက်ထမင်းစပ်စပ်လေးဘဲ စားချင်တယ်"
လက်ညှိုးလေးထောင်ကာ ငွေငါးလေးက မျက်လုံးလေးပါ ပုတ်ခတ်ပုတ်ခတ်လုပ်ပြနေသည်။
"လက်ဖက်ထမင်း ဟုတ်လား..."
"အင်းလေ...လက်ဖက်နဲ့ထမင်းကိုနယ်ပြီး ပုစွန်ခြောက်တို့ ငရုပ်သီးစိမ်းတို့ ခရမ်းချဥ်သီးတို့ပါ ရောထည့်ခိုင်းတာ...သမ္ဘာ မစားဖူးဘူးလား"
"ဘာလို့ မစားဖူးရမှာလဲ မင်းဘဲ ပေါက်ပေါက်ရှာရှာစားချင်နေတာ"
"သမ္ဘာ...ရှင်မလုပ်တတ်ဘူးမို့လား။ အဲ...ဟုတ်ပါတယ်...လက်ဖက်ထမင်းကို ရှင်မလုပ်တတ်ပါဘူး"
ငွေငါးလေးက ချစ်စဖွယ်ရယ်မောရင်း သူ့ကို ပြန်စလိုက်သဖြင့် ဖျင်းခနဲ ဖြစ်သွားလေသည်။ သို့သော်လည်း သူမရှေ့မှာ ဟန်လုပ်ထိန်းရင်း မျက်နှာကျောကိုတည်ပြစ်လိုက်ကာ၊
"တော်...မင်း ခေါင်းခြောက်သွားရင် ကိုယ့်ကို လာကူဦး"
"လာပြီ.."
ငွေငါး ဘောင်းဘီစနှစ်ဖက်ကိုမကာ သမ္ဘာနောက်ကို ပြေးလိုက်သည်။ မိုးတွေသည်းနေသည့် မှောင်မှောင်မည်းမည်းထဲမှာ သူမ တစ်ယောက်တည်း မနေရဲပါ။ တစ်ဝေါဝေါရွာသွန်းနေသည့် မိုးက လျော့ပါးခြင်းမရှိဘဲ ပိုသည်းထန်လာသည်။
"ငါးလေး ငရုပ်သီးညှပ်မယ် သမ္ဘာ"
"ဖြစ်ပါ့မလား...လက်တွေပူနေမယ်"
သမ္ဘာက ခရမ်းချဥ်သီး လှီးနေရင်း စိုးရိပ်မကင်းသံဖြင့် လှည့်ပြောတော့ ငွေငါး ပခုံးတွန့်ပြလိုက်ပြီး၊
"ဘာလို့မဖြစ်ရမှာလဲ ဒီလောက်ကတော့ မိုင်နာပါ"
ဟု ပြောပြီး ငရုပ်သီးစိမ်းလေးတွေကို ရေဆေးနေသည်။ ထို့နောက် သူ အသင့်ထည့်ထားသည့် ထမင်းထဲ ခပ်ပါးပါးလေးညှပ်ထည့်နေသည့် အထိ စိတ်မချသလို သမ္ဘာမှာ လှည့်တကြည့်ကြည့်။
"ဟိတ်...အဲဒီလို မကြည့်နဲ့ ငါးလေးရှက်တယ်"
"ဟင်..."
ငွေငါးလေးက ခေါင်းလေးငုံ့လျက် ပြုံးတုံ့တုံ့လေးဆိုလာတော့ သမ္ဘာ့မျက်နှာကြီးရဲသွားကာ၊
"မင်း တလွဲလုပ်မှာစိုးလို့ကြည့်တာ...ဘာတွေထင်နေတာလဲ"
"အောင်မာ...ငါးလေးတို့က ကျွမ်းပြီးသားပါ..ကြည့်နေလိုက် "
ထိုစဥ် လျှပ်ရောင်ဝင်းခနဲ လက်သွားပြီး မိုးခြိမ်းသံက ပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းခြုံသွားလေသည်။
"ဂျိမ်း..."
"အား...."
စူးခနဲ အော်သံလေးနဲ့တဆက်တည်း သူ့ခါးမှာ တင်းခနဲဖြစ်သွားရပြီး နူးညံ့သည့်ကိုယ်လေးတစ်ခုက လျှပ်တပြက်ပူးကပ်လာ၏။ သမ္ဘာ.. ဓားကိုင်လျက်ဖြင့် တောင်တောင်ကြီးသွားရပြီး ငွေငါးလေးကလည်း သမ္ဘာခါးကို လက်လေးနှစ်ဖက်ဖြင့် သိုင်းဖက်ပြီး ကျောပြင်မှာ ပါးလေးကပ်ကာ ငြိမ်သက်နေသည်။
အမိုးပေါ် ကျနေသည့် မိုးပေါက်များ၏ အသံက တဝုန်းဝုန်းနှင့် ဆူညံနေဆဲ။ လျှပ်ရောင်ကလည်း တဝင်းဝင်းလက်နေဆဲ။ မိုးခေါ်ဖားများ၏ အော်မြည်သံက သံပြိုင်ထွက်ပေါ်နေဆဲ။ သမ္ဘာ ကျောပြင်နှင့် ငွေငါးလေး၏ ရင်ဘတ်သည်လည်း တစ်သားတည်း ထိကပ်နေဆဲပင်။
သူမရဲ့နှလုံးခုန်နှုန်းတဆက်ဆက်က သူ့ကျောပြင်မှတဆင့် သူ့နှလုံးသားဆီ တိုက်ရိုက်ထိတွေ့ခံစားလိုက်ရသလို ပူနွေးသော နှလုံးသွေးများက အပြန်အလှန်စီးဆင်းလျက်...။
စက္ကန့်တွေ၊မိနစ်တွေ တချပ်ချပ်ပြေးလွှားနေသည့်ကြားက ပထမဆုံးသတိဝင်လာသူက သမ္ဘာ။ သာယာနစ်မျောဖွယ်ခံစားမှု အထိအတွေ့လေးမှာ ကြာမြင့်စွာ မိန်းမောနေမိရင်း သမ္ဘာ သတိဝင်လာတော့ သူမလက်လေးကို ဆွဲဖြုတ်ချကာ မျက်နှာချင်းဆိုင်လှည့်ရပ်လိုက်စဥ်၊
"ဂျိမ်း..."
"အမေ့..."
ယခုမှ ပိုဆိုးသွားရကာ မျက်နှာချင်းဆိုင်ဖြစ်နေသည့် သူ့ရင်ခွင်ထဲ ငွေငါးကိုယ်လေး ပစ်ခလက်စပ်ပစ်ကျလာပြီး အသေဖက်တွယ်ထားတော့၏။ သမ္ဘာ အီလည်လည်ကြီးနဲ့ ငြိမ်နေလိုက်ရပေမယ့်...ရင်ထဲဖိန်းတိန်းရှိန်းတိန်းကြီးဖြစ်ကာ မနေတတ်။ တဒိန်းဒိန်းခုန်နေသည့် ကိုယ့်ရင်ခုန်သံတွေကို ကိုယ်ပြန်မကြားရဲတော့သလို ရင်ချင်းအပ်အနေအထားမှာ ထိတွေ့ခံစားနေမိသည့် ငွေငါးရဲ့ရင်ခုန်သံတွေကိုလည်း မကြားရဲ။
သမ္ဘာ စိတ်အိုက်အိုက်ဖြင့် ဆံပင်တွေထဲလက်ထိုးကာ အကြိမ်ကြိမ်ဆွဲဖွနေမိသည်။ လွတ်ထွက်လုလုဖြစ်နေသည့် သူ့စိတ်ကိုသူ ချွန်းနဲ့မနည်းအုပ်နေရ၏။
ငွေငါး ပခုံးလေးပေါ်လက်တင်ဖို့ ကြိုးစားလိုက်ရင်း ထိုလက်တွေက လမ်းတစ်ဝက်မှာ တုံ့ခနဲရပ်တန့်ကုန်လျက် အကြိမ်ကြိမ်ကြိုးစားတိုင်းအကြိမ်ကြိမ်လဲပြိုကာ လက်တွေက အောက်သို့စုံကျသွားရတော့သည်။
မထိရက်၊မတို့ရက်သည့် ပန်းလေးတစ်ပွင့်လို သူမ မျက်နှာလေးကိုလည်း စေ့စေ့မကြည့်ရဲတော့။ မထင်မှတ်တဲ့ အခြေအနေမှာ ငုံ့လျှိုးနေသည့် သူ့အချစ်တွေက ဖွားခနဲပေါ်ထွက်လာသည်။
ငွေငါး ကိုယ်လေး လူးလွန့်လာကာ သမ္ဘာ့ခါးကိုဖက်ထားသည့် လက်တွေကို မဖြုတ်ဘဲ ခေါင်းလေးမော့ကာ ကြည့်လာသည့် စိုလဲ့လဲ့မျက်ဝန်းလေးတွေနဲ့ ဖျတ်ခနဲ အဆုံမှာ သူ့ရင်ထဲ ငလျင်တစ်ခုထိုးမွှေသွားတော့သည်။
အကြည့်တွေငြိတွယ်နေရင်း တစ်စုံတစ်ခုကို နားလည်သလိုလိုရှိနေပေမယ့် သူ ရှေ့မတိုးရက်။ စိတ်ကြိုက်ခူးလို့ရနေသည့် ပန်းကလေးတစ်ပွင့်။ သို့သော်လည်း သူမခူးရက်ပါ။ သူမ ဘဝလေးကို အသန့်စင်ဆုံးစောင့်ရှောက်ကာ သူမရဲ့နေရာမှန်ကို စိတ်သန့်သန့်နဲ့ ပို့ပေးချင်မိ၏။
သူမသာ အရာအားလုံးကို သတိရနေခဲ့လျှင် ချက်ချင်းလက်ထပ်ပြစ်မိမှာ သေချာသည်။
အပြစ်ကင်းစင်၍နုနယ်ချောမွေ့သော မျက်နှာလေးကို စိုက်ကြည့်ရင်း နူးညံ့နွေးထွေးသည့် ခံစားချက်တွေက တစ်ကိုယ်လုံးစီးမျောသွားရသည်။ အချိန်တိုလေးအတွင်းမှာ သူ့စိတ်ကို ပိုင်စိုးသွားခဲ့ပြီ။
"သမ္ဘာ...."
မပွင့်တစ်ပွင့်လှုပ်ခတ်သွားသည့် သူမ နှုတ်ဖျားမှ သူ့နာမည်ကို ခေါ်လိုက်သံက နှလုံးသားထဲကိုနွေးထွေးလှိုက်ဖြာစေလျက်...အကျောစိမ်းလေးတွေယှက်နေသည့် ပါးပြင်ဝင်းမွတ်မွတ်လေးပေါ် အကြည့်တွေရပ်တန့်သွားရသည်။ သူမ ပါးပြင်လေးပေါ် လက်လေးဖြင့် တို့တိမိချိန်.. ငွေငါးမျက်နှာလေးက ထူးဆန်းစွာကြည်လဲ့နေလေ၏။
"သမ္ဘာ....ငါးလေးလေ...ငါးလေး...သမ္ဘာကို..."
"ရှူး...."
မျက်ရည်လေးတွေစို့လျက် တိုးလျတုန်ခါနေသည့် အသံလေးမဆုံးခင် ဖူးပြည့်နေသည့် နှုတ်ခမ်းလေးကို သမ္ဘာ လက်ဖြင့်ကာဆီးလိုက်ရင်း၊
"မပြောပါနဲ့ ငွေငါးရယ်....ကျေးဇူးပြုပြီး မင်းနှုတ်ဖျားကမထွက်လိုက်ပါနဲ့"
သူကိုယ်တိုင်လည်း လှိုက်ဟာနေသည့် အသံကြီးကိုထိန်းရင်း ကိုယ့်ရင်ခုန်သံကို ကိုယ်နားမထောင်ဝံ့ပါ။
"ဟင်အင်း....ဟင်အင်း....ငါးလေး....ငါးလေးလေ"
မျက်ရည်စတွေလွင့်သွားသည့်အထိ ခေါင်းလေးရမ်းခါလိုက်သည့် ငွေငါးလေး...သူမ မျက်ရည်စက်တွေကိုမြင်တိုင်း လောကကြီးနဲ့စိန်ခေါ်ပစ်လိုက်ချင်တဲ့ ဒီကောင့်အဖြစ်ကို သူမကတော့ သိလိမ့်မည်မထင်။ မပြောပါနဲ့ ငွေငါးရယ်...မင်းပြောရဲပေမယ့် ကိုယ်မကြားရဲဘူး။ ဒါဟာ သတ္တိမရှိလို့မဟုတ်သလို ကိုယ် ညံ့တာလည်း မဟုတ်ရပါဘူး ငွေငါး...မင်းဘဝလေးကို အမည်းစက်မထင်စေချင်တဲ့ စေတနာနဲ့ပါ။ ပိုင်ရှင်ဆီ ပြန်အပ်ရမဲ့ အရုပ်လေးတစ်ရုပ်မို့လက်ရာပျက်သွားမဲ့အဖြစ်မျိုး ကိုယ် ရှောင်ရှားရမယ်။
နှလုံးသားတွေချင်းနားလည်နေပေမယ့် မင်းနှလုံးသားလေးကို ကိုယ် လိမ်ညာမယူရက်ပါဘူး ငွေငါးရယ်။
သမ္ဘာ ကိုယ့်စိတ်ကိုယ်တင်းပြီး သူမလက်တွေကို ဖယ်ရှားလိုက်မိသည်။ မင်းဘဝလေးကို ဖြူစင်စွာစောင့်ရှောက်ပါရစေ ငွေငါးရယ်...အရောင်တွေမခြယ်ပါရစေနဲ့။တစ်ချိန်မှာ အမှတ်ရစရာလူတစ်ယောက်မဟုတ်တောင် မမေ့နိုင်စရာလူတစ်ယောက်အဖြစ်ဘဲ ကိုယ်ရှိချင်တယ်။ ရွံ့ရှာစက်ဆုပ်စရာ သတ္တဝါလို မင်းကြည့်လာမှာ ကိုယ် မခံစားနိုင်ဘူး ငွေငါး။
"လက်ဖက်ထမင်းသုတ်လို့ရပြီ... ကိုယ်ဗိုက်ဆာနေပြီကွ"
ခံစားချက်တွေကို ချိုးနှိမ်ပြီး သမ္ဘာ ပေါ့ပေါ့ပါးပါးလေးဆိုလိုက်သည်။ ထို့နောက် တစ်ဖက်လှည့်ကာ ထမင်းဇလုံကို ကောက်ကိုင်လိုက်စဥ်မှာတော့၊
"မတားပါနဲ့ သမ္ဘာ...ငါးလေးလေ ငါးလေးပြောပါရစေ။ ငါးလေး သမ္ဘာ့ကိုချစ်တယ်သိလား...သမ္ဘာ့ကိုအရမ်းချစ်တယ်"
နောက်ကနေ သိုင်းဖက်ပြီး ကျောပြင်ကို ပါးလေးနဲ့ကပ်လျက် တရစပ်ပြောချကာ ငိုရှိုက်နေသည့် ငွေငါးကြောင့် သမ္ဘာ့လက်ထဲက ဇလုံလွတ်ကျလုမတတ်ဖြစ်သွားရသည်။
လုပ်လိုက်စမ်း ငွေငါး...မင်းကအမိုက်အမဲလေးဘဲ။ ဖွင့်ဟခွင့်မရှိတဲ့ရင်ထဲမှာတော့....။
အပိုင်း(၁၁)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း