book

Index 1

အပိုင်း(၁)

ပန်းမွေ့ယာ .....ရွှေကော်ဇော

              

"accidentဖြစ်တာချင်းလည်း အတူတူဘဲ။ ဒဏ်ရာပြင်းထန်တာတွေလည်းတူတယ်။ သူတို့က ဘယ်လို ပက်သက်နေသလဲ မသိဘူး"


"မသိဘူး.....တစ်ခုခုတော့ပက်သက်နေမှာသေချာတယ်"


"ရှေ့ဆင့်နောက်ဆင့်ရောက်လာကြတာ။နှစ်ယောက်လုံး ခေါင်းမှာ ဒဏ်ရာ အတော်ပြင်းထန်တယ်..."


"ညဆယ့်တစ်လောက်က ရွာသားတွေ ကားနဲ့လာပို့တဲ့ လူနာက ဒဏ်ရာပိုပြင်းတယ်။ 50..50ပဲ..."


"အတတ်နိုင်ဆုံးတော့ကြိုးစားရမှာဘဲ..."


"နှစ်ယောက်လုံးaccidentဖြစ်ကြတာချင်းတူနေတဲ့အပြင် ဖြစ်ကြတာလည်း ပဲခူးလမ်းမကြီးမှာ။ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက ဘာလဲ"


ခွဲခန်းထဲရှိ ဆရာဝန်တွေ၊နာ့စ်တွေရဲ့ ဝေဖန်သံတွေက သူတို့ရဲ့လှုပ်ရှားမှုတွေနဲ့အပြိုင် ထွက်ပေါ်လို့နေသည်။ 


"ဒီပေးရှန့်က သွေးတွေအရမ်းထွက်နေတယ်။ သူရ...ငါတို့သေချာတဲ့တစ်ယောက်ကို အရင်လုပ်လိုက်တာ ကောင်းမယ်။ တော်ကြာ...နှစ်ယောက်လုံး...."


နှစ်ယောက်ကြားမှာ ပျာများနေတဲ့ ဒေါက်တာ တစ်ယောက်ကသူရဆိုတဲ့ဒေါက်တာကို ပြောလိုက်၏။ သူတို့နားမှာလည်း နာ့စ်လေးတွေအလုပ်ရှုပ်နေ၏။


"ကောင်းတယ်ဆရာ...နှစ်ယောက်လုံးတော့လက်လွှတ်မခံနိုင်ဘူး။ ဒီပေးရှန့်က အတော်ပြင်းထန်တယ်..."


"ဒေါက်တာ... ဒီမှာ ဒီမှာ သွေးတွေ အရမ်းထွက်နေတယ်။ ပရက်ရှာတွေလည်း ထိုးကျကုန်ပြီ..."


နာ့စ်လေးရဲ့အသံထွက်လာတာနဲ့ ဒေါက်တာသူရတို့ ဟိုဘက်ပြေးရပြန်တော့သည်။ ခွဲခန်းထဲမှာ ပေးရှန့်နှစ်ယောက်နဲ့ သူတို့အလုပ်ရှုပ်နေတော့သည်။


"စိတ်မကောင်းပါဘူး...ငါတို့သေချာတဲ့တစ်ယောက်ကိုဘဲ အရင်ကယ်လိုက်ကြတာပေါ့.."


ဆုံးဖြတ်ချက်ချပြီးတဲ့နောက် အရေးပေါ်ခတ်းထဲဝယ်..ကတ်ကြေးသံ၊ဓားသံတို့ဖြင့် ဆူနေတော့၏။ လူတစ်ယောက်ရဲ့ကံကြမ္မာသည် ရှင်သန်ခြင်း၊သေဆုံးခြင်းကြားဝယ်.. ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ငြိမ်ငြိမ်နေစမ်းကွာ....ဒီမှာ သမ္ဘာ့အတွက် စိတ်ပူနေရတဲ့ကြားထဲ မင်းကတမျိုး မျိုးကျော်ရာ။ ထိုင်နေစမ်းပါ..."


"ငါ....ငါ ထိုင်နေလို့မရဘူး ကျော်မြင့်...။ သမ္ဘာ့အတွက် အရမ်းစိုးရိမ်နေလို့..."


မျိုးကျော်က အရေးပေါ်ခန်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း အသံတုန်တုန်ဖြင့်ဆိုလာ၏။ ထိုင်ပေါ်မှာထိုင်လျက် ဒူးပေါ်လက်ထောက်ကာ မျက်နှာကိုပြန်အုပ်ထားတဲ့ ကျော်မြင့်သည်လည်း မျိုးကျော်လိုပင် စိတ်ထိခိုက်နေတာအမှန်ပင်။


"သမ္ဘာ...သမ္ဘာ ဘာမှ မဖြစ်ပါစေနဲ့ကွာ"


"အဲဒီကောင်တွေ သိလို့ကတော့ တစ်ခါထဲ မြေမြှပ်ပစ်လိုက်မယ်။ တောက်....ယုတ်မာလိုက်ကြတာ"


မျိုးကျော်က တောက်တစ်ခေါက်ခေါက်ဖြစ်နေ၏။ 


"ဘယ်ကောင်တွေမှန်းမသိလို့ပေါ့ကွာ။ဒါနဲ့ ဆိုင်ကယ်ကို ဝက်ရှော့ခ်ပြန်ပို့လိုက်ပြီလား"


"အင်း ပို့ထားတယ်။ တော်သေးတာပေါ့ကွာ အရှုပ်အရှင်းတွေဖြစ်မသွားတာ"


"သမ္ဘာပြန်ကောင်းလာမှာပါကွာ။ သူ ဘာမှမဖြစ်ပါဘူး"


"ငါလည်း အဲလိုဖြစ်ဖို့ဘဲ ဆုတောင်းနေပါတယ် ကျော်မြင့်ရာ"


အရေးပေါ်ခန်းရှေ့က နှစ်ယောက်..တစ်ယောက်ကိုတစ်ယောက်အားပေးရင်း ရင်ထဲမှာ စိုးရိမ်စိတ်တွေကြီးထွားလို့နေသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


စက္ကန့်လေးတစ်ချပ်ချပ်ပြေးလွှားနေတာကိုပင် အသက်ရဲရဲမရှုဝင့်ကြ။ အရေးပေါ်ခန်းတံခါးကိုသာ စိုက်ကြည့်ရင်း သူတို့ဂနာမငြိမ်ဖြစ်နေရ၏။ မျိုးကျော်က ဟိုဘက်သည်ဘက်လျှောက်လိုက် နံရံကို လက်ပိုက်မှီရပ်ကာ အရေးပေါ်အခန်းတံခါးကို မမှိတ်မသုန်စိုက်ကြည့်နေ၏။ 


စောင့်ဆိုင်းရတဲ့အချိန်ကပင် တစ်ဆေတစ်ကောင်လို ခြောက်လှန့်ကာနေသည်။ သူတို့အချစ်ဆုံးသူငယ်ချင်းအတွက် သူတို့ရင်ထဲက အပူလုံးက တဖြည်းဖြည်းကြီးထွားလို့လာသည်။


ပြီးခဲ့တဲ့တစ်နာရီလောက်အထိ သူတို့စကားပြောဖြစ်ကြသေးသည်။နာရီတွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်စကားမပြောတော့ဘဲ ဘယ်အချိန်မှာ ဖွင့်လာမှန်းမသိတဲ့ အခန်းတံခါးကိုသာ အာရုံစိုက်နေကြသည်။


"ကျွီ!!.........."


အရေးပေါ်ခန်းတံခါးဖွင့်သံကြောင့် မျိုးကျော် ရင်ထဲ ဒိုင်းခနဲဆောင့်ခုန်သွား၏။ နံရံမှာ မှီနေရာမှ ဆတ်ခနဲဖြစ်သွားကာ အခန်းတံခါးဆီ အကြည့်တွေရောက်သွားရသည်။


"ဟာ!........"


"သမ္ဘာ......"


မျိုးကျော်နှုတ်ဖျားမှ ဟာခနဲဖြစ်သွားရပြီး သူ့နောက်ဘက်ဆီကနေ ကျော်မြင့်ရဲ့ခေါ်သံက စိုးရိမ်တကြီးထွက်ပေါ်လာ၏။ တွန်းလှည်းပေါ် ပတ်တီးအဖွေးသားဖြင့် ပါလာတဲ့ သမ္ဘာ။သူတို့အချစ်ဆုံးသူငယ်ချင်း..။


"ဒေါက်တာ....လူနာ အခြေအနေ...."


"ဒါ...ခင်ဗျားတို့လူနာလား.."


ဒေါက်တာက သူတို့နှစ်ယောက်ကို စူးစမ်းသလိုကြည့်ရင်း မေးလာ၏။ 


"ဟုတ်ပါတယ်ခင်ဗျာ။ ဒါကျွန်တော်တို့သူငယ်ချင်းပါ..."


"လူနာနာမည်က...."


"သမ္ဘာရင့်....."


"ခင်ဗျားတို့လူနာဆိုတာ သေချာပါတယ်နော်"


"ဟုတ်ပါတယ် ဒေါက်တာ ။ ကျွန်တော်တို့ သူငယ်ချင်း သမ္ဘာစစ်စစ်ပါ"


"ဒေါက်တာ...ကျွန်တော်တို့သူငယ်ချင်း အခြေအနေ..."


ဒေါက်တာကို မေးတဲ့စကားသံတွေက ထစ်ငေါ့ကာ အစီအစဉ်မကျ...။ ဘေးကနေ တွန်းလှည်းကို ဝင်တွန်းလိုက်ချိန် ဒေါက်တာဆီက အသံကခပ်တိုးတိုးထွက်ပေါ်လာ၏။


"စိတ်ချရတဲ့ဘက်တော့ရောက်ပါပြီ။ လူနာက ခေါင်းကို ထိထားတာဆိုတော့ စောင့်ကြည့်ဖို့တော့လိုအပ်တယ်.."


"ကျေးဇူးပါ ဒေါက်တာ..."


"ဒီမှာ ခင်ဗျားတို့ လူနာရဲ့ ပစ္စည်း..."


ဒေါက်တာ ကမ်းပေးလာတဲ့ပစ္စည်းလေးကို ကြည့်ရင်း မျိုးကျော်ခေါင်းခါပြလိုက်ကာ၊


"ဒါ ကျွန်တော်တို့သူငယ်ချင်းရဲ့ ပစ္စည်းမဟုတ်ပါဘူးခင်ဗျာ.."


ဒေါက်တာက လက်ကို ပြန်ရုတ်လိုက်ပြီး...၊


"ကျွန်တော်က ခင်ဗျားတို့လူနာရဲ့ပစ္စည်းလို့ထင်တာ...။ ခွင့်ပြုပါဦး.."


"ကျေးဇူးတင်ပါတယ် ဒေါက်တာ..."


.


အရေးပေါ်ခန်းထဲပြန်ဝင်သွားတဲ့ဒေါက်တာကို သူတို့သတိမထားမိလိုက်ကြပါ။ တွန်းလှည်းကိုသာဝိုင်းတွန်းရင်း သီးသန့်ခန်းဆီထွက်ခဲ့ကြသည်။ သူတို့ရဲ့ကိုယ်စီ ရင်ထဲဝယ် အပူလုံးတစ်လုံးကျသွားတော့၏။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


"ကိုကို......"


ကော်ဖီခွက်ကို လှမ်းကိုင်ရင်း ရင့် မျက်လုံးတွေ ဆူးထံဝေ့တက်လာ၏။ ရင့်မျက်နှာတစ်ပြင်လုံးတင်းမာနေကာ နှုတ်ခမ်းစေ့လျက် ဘာလဲလို့ မေးဆတ်မေးလာသည်။ ဆူး.. ရင့်ကို စူးစိုက်ကြည့်ရင်း၊


"ကိုကိုတို့ညက ဘယ်အချိန်ပြန်ရောက်တာလဲ"


breakfast စားနေရင်း ဆူးအသံလေးက ညင်ညင်သာသာလေးပျံ့လွင့်နေ၏။ ဆူးမျက်လုံးလေးတွေက ရင့်ခေါင်းက ပတ်တီးဖွေးဖွေးဆီသာ ခဏခဏရောက်နေလေတော့သည်။ ရင့်ကိုလည်း ဖွင့်မမေးရဲ။


"ဘာလုပ်မလို့လဲ...."


ရင့်က ဘုဆက်ဆက်ပြောရင်း ကော်ဖီကို တစ်ငုံသောက်လိုက်၏။ ထို့နောက် သူ့ရှေ့က မုန့်ကို လှမ်းယူပြီး ကော်ဖီခွက်ထဲနစ်ကာ ပါးစပ်ထဲထည့်လိုက်သည်။ ရင့် လုပ်ကိုင်နေသမျှကို ဆူးအကဲခတ်နေမိ၏။ ရင့်ပုံက ခရီးက ပြန်လာမှ အနည်းငယ်ထူးဆန်းနေသလို...ညက အတော်ကြီးဉာဉ့်နက်မှ ပြန်ရောက်လာပုံရသည်။ ပြီးတော့ ခေါင်းမှာလည်း ပတ်တီးကြီးနဲ့..။မေးတော့လည်း မပွင့်တပွင့်ဖြေသည်။


"ကိုကို...."


ရင့် မျက်လုံးတွေ စူးခနဲ ဝင့်တက်လာတော့ ဆူးမျက်လွှာလေးချလိုက်မိသည်။ ဒီနေ့ဒီအချိန်အထိ ဆူး ကိုကို့မျက်လုံးတွေကို ရင်မဆိုင်ရဲခဲ့ပါ။ငယ်ကြောက်ဆိုလည်း မမှားပေ။ လက်ထပ်ဖို့အထိ သေချာနေတာတောင် ကိုကို့ဆီက နွေးထွေးမှုတွေက သဲကန္တာရမှာ ရေကြည်တစ်ပေါက်လို ရှားပါးလွန်းနေတယ်။ဆူးချစ်တဲ့ကိုကို့ကို ဘယ်တော့မှ ဆူးအပြစ်တင်မှာမဟုတ်ပါဘူး ကိုကိုရယ်။


"ဟို...ဟိုလေ..ဆူးက ကိုကို့အတွက်စိုးရိမ်လို့မေးတာပါ"


ခေါင်းလေးငုံ့လျက် ဆူး မပွင့်တပွင့်ဆိုလိုက်သည်။ ရင့် မျက်နှာမှ မဲ့ပြုံးကို ခေါင်းလေးငုံ့ချထားသဖြင့် ဆူးမမြင်လိုက်။ အကယ်၍... မြင်ခဲ့ရင်လည်း ဆူးစိတ်မကောင်းဖြစ်ရမှာ..။


"ကိုကို...မေနွေးနဲ့တွေ့ပြီးပြီလား.."


"အဲကိစ္စ ငါပြောမလို့ဘဲ။ လောလောဆယ် ငါမေမေနဲ့တွေ့လို့မဖြစ်သေးဘူး ဆူးခေတ်သစ်။ မင်းမေမေ့ကို ဂရုစိုက်လိုက်ပါ။ မေမေ့ကို ဒီဒဏ်ရာတွေနဲ့ သွားတွေ့လို့မဖြစ်ဘူး။ ငါပြန်ရောက်နေတာကို မေမေမသိပါစေနဲ့"


ဆူး မျက်လုံးအဝိုင်းသားလေးဖြင့် နားထောင်နေသည်။ ကော်ဖီကို ခပ်အေးအေးသောက်ရင်း ဆူးကိုနှုတ်ပိတ်နေတဲ့ ရင့်ကို ဆူး နားမလည်နိုင်။ သူ့ခေါင်းကဒဏ်ရာတွေ ဘယ်က ရလာသလဲလို့လည်းဆူးမမေးရဲ။ ကိုကိုနဲ့ပက်သက်ရင် ဆူးဘက်ကအမြဲတမ်းအလျှော့ပေးကာ သိမ်ငယ်နေရတာပါ ကိုကိုရယ်။


"ဟေ့!.....ငုတ်တုပ်များသေသွားပြီလား..."


"ဟင်!!......ဘာ...ဘာလဲဟင်...ကိုကိုဘာပြောလိုက်တာလဲ"


အတွေးလွန်နေချိန်..ရင့်ရဲ့ခပ်စပ်စပ်အော်သံကြောင့် ဆူးလန့်သွားကာပြူးပြူးပြာပြာသွားသွား၏။ 


"တောက်!!.....ဘယ်ရည်းစားအကြောင်းတွေးနေသလဲ မသိဘူး။ သေတော့မှာဘဲ..မင်း"


ဆူးကို စိတ်ပျက်သလို သူက ပြောပြီး ကော်ဖီခွက်ကို ဆောင့်ခနဲပစ်ချ၏။ 


"မဟုတ်ပါဘူးကိုကို။ ကိုကို့ဒဏ်ရာအကြောင်းတွေးနေတာပါ.."


"အဲဒါမင်းကိစ္စလား...။ကိုယ်နေရာကိုယ်နေ..ကိုယ့်သေတွင်းကိုယ်မတူးချင်နဲ့.."


ကိုကို့ရဲ့စကားလုံးတိုင်းက ဓားထက်ထက်တစ်စင်းလို ဆူးနှလုံးသားတွေကို ထိုးဆွနေတယ် ကိုကို။ ပြောရဲတဲ့သူက မစာမနာ ပြောထွက်ရက်ပေမယ့် ခံစားရသူရင်ထဲမှာတော့..။


"ကိုကို့ကို ဆူးဘာတွေပြောမိလို့လဲဟင်။ဆူးဘာလုပ်မိလို့ ကိုကိုဆူးကို စိတ်ဆိုးနေရတာလဲ"


မလိမ်မိုးမလိမ်မာ၊မသိနားမလည်ဟန်ဖမ်းနေတဲ့ ဆူးခေတ်သစ်ကြောင့် သူမဲ့လိုက်မိ၏။ တော်စမ်းပါ...ဒီအမေရဲ့သွေးက ဒီစရိုက်ဘဲလာမှာပေါ့။ ဒေါ်မူယာခင်ရဲ့သမီး..သူမရဲ့အကျင့်စရိုက်ဟာလည်း ဒေါ်မူယာခင်နဲ့တစ်ထေရာထဲ။ သူ အမုန်းဆုံးသားအမိ။ သူရင်ထဲက သေရာပါ ဒဏ်ရာတွေဟာ သူမတို့သားအမိကြောင့်။ မအေက သူ့ဖအေကိုအပိုင်ချိုင်ရုံနဲ့အားမရလို့ သမီးလုပ်သူကပါ သူ့ကိုနွားလုပ်ချင်နေတာ။ တောက်!.....တွေးလိုက်တာ အသည်းနာသည်။ မေမေခုလို နလန်မထူနိုင်တာ ဒင်းတို့သားအမိရဲ့စနက်ကြောင့်။


သမီးကလည်း ဒီမအေသွေးအပြည့်...ဒီပုတ်ထဲကပဲ ဒီပဲ။ သူ့ဖအေကို အပိုင်သိမ်းသွင်းထားကာ စည်းစိမ်တွေကို ရအောင်ချိုင်ချင်နေတာ။ တကယ်လည်း ဖေဖေ့ဆီကနေ ရလိုက်တာဘဲ။ ဟင်း....သူကြောင့်သာမဟုတ်ရင် စည်းစိမ်တွေအားလုံး ဒင်းလက်ထဲရောက်နေပြီ။ ကဝေမ....ဆူးခေတ်သစ်ဆိုတာ ကဝေမစစ်စစ်။ဖေဖေ့ကို အပိုင်ကြံတာနဲ့အားမရလို့ သူ့ကိုပါအပိုင်ချည်ခဲ့တာ။ ဆူးခေတ်သစ်...ငါရဲ့အမုန်းတွေနဲ့ မင်းရမဲ့ အမွေတွေကြောင့်သာမဟုတ်ရင် မင်းလိုရွံ့စရာမိန်းမကို ငါလက်မထပ်ဘူး။ မင်းလက်ထဲကို ငါ့အဖေရဲ့ပစ္စည်းတွေ မြူတစ်မှုန်စာတောင်အပါမခံနိုင်သလို မင်းအမေဒေါ်မူယာခင်ကြောင့် ငါတို့သားအမိခံစားခဲ့ရသလို မင်းပြန်ပေးဆပ်ရဖို့ အချိန်တန်ပြီ။ 


"ညနေကျရင် မင်းကိုကားလာခေါ်လိမ့်မယ်။ မင်း အဆင်သင့်ပြင်ထား"


အစမရှိအဆုံးမရှိပြောလိုက်တာမို့ ဆူးအံ့သြသွားရ၏။ 


"ဆူးက ဘာလုပ်ဖို့လဲ ကိုကို"


ဆူး နားမလည်လို့ထပ်မေးလိုက်မှ သူ့မျက်လုံးတွေ တန်းခနဲရောက်လာကာ၊


"စကားမရှည်နဲ့။ ငါလုပ်ဆိုလုပ်လိုက်..ဘာမှပြန်မမေးနဲ့"


"ဟုတ်ကဲ့ကိုကို....."


ဆူး ခေါင်းလေးညိတ်ကာ နာခံလိုက်ရ၏။ ကိုကို့အကြောင်းသိနေသူမို့ ဆူးထပ်မမေးရဲတော့ပါ။


"ပြီးရင်...ငါ့တပည့်တစ်ယောက် မင်းအတွက်ဝတ်စုံလာပို့ပေးလိမ့်မယ်။ ညနေခြောက်နာရီတည့်တည့်မှာ အိမ်ရှေ့ကို ကားရောက်လာလိမ့်မယ်။ မင်း အဲဒီကားနဲ့လိုက်ခဲ့လိုက်"


"ဟုတ်ကဲ့ကိုကို..."


ရင့် မျက်ခုံးတွေက အလိုမကျစွာ ကျုံ့သွားရပြီး ဆူးခေတ်သစ်ရဲ့ ငြိမ်နေတဲ့ပုံကြောင့်ပိုပြီးဘဝင်မကျချင်တော့ပေ။


"မင်းငါပြောတာကြားရဲ့လား...."


"ဟုတ်ကဲ့ကိုကို...."


"ဖျန်း!!........"


"အေမ့!........"


စားပွဲကို လက်ဝါးဖြင့်ရိုက်လိုက်တဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လို့လာ၏။ ဆူးလန့်သွားပြီးယောင်အော်လိုက်မိပြီးမှ သူ့ကို မော့ကြည့်လိုက်မိသည်။နီရဲနေသော မျက်လုံးများဖြင့် ရင့်က၊


"မင်း...ငါ့ကို ရွဲ့နေတာလားဆူးခေတ်သစ်..."


"ဟုတ်ကဲ့ကိုကို....အဲ.....မဟုတ်...."


"ဘာ!!........."


"ဒုန်း!!......."


"ခွမ်း......."


ဒေါသတကြီးအော်သံရဲ့နောက်မှာ စားပွဲကို လက်သီးဖြင့် ထုချလိုက်တာမို့ ကော်ဖီခွက်ပါ အောက်ကျကွဲသွားတော့သည်။ ဆူး အသားလေးတုန်မတတ် လန့်သွားကာ ပုခုံးတွေပါကျုံ့သွားရ၏။


"မင်းက ငါ့ကိုရွဲ့ချင်တာလားဆူးခေတ်သစ်...ဟမ်။ တောက်....."


ဆူးနားကို လျှပ်စီးလို ရောက်လာပြီးဆူး..လက်မောင်းရင်းကနေ မညှာမတာဆောင့်ဆွဲလိုက်တာမို့ နာကျင်စွာရှုံ့မဲ့ရင်း သူ့လက်ထဲ အရုပ်တစ်ရုပ်လိုပါလာရ၏။


"အ!....ဆူးလက်နာနေပြီကိုကို။ လွှတ်ပါ..."


"မင်းဘာအချိုးချိုးတာလဲ ပြောစမ်း။ မင်းကများငါ့ကို..... တောက်။ ငါလုပ်လိုက်ရ...သေတော့မယ်။ မင်းတော့....."


ပုခုံးနှစ်ဖက်ကနေ ဆုပ်ကိုင်ခါရမ်းလိုက်တာမို့ဆူးပုခုံးတွေ ပြုတ်ထွက်လုမတတ်။ ပြီးတော့ ကျိုးကြေလုမတတ်ဖိဆုပ်ထားသည့် လက်မောင်းများက တင်းခဲနာကျင်နေကာ မျက်ရည်စက်တွေပိုးပိုးပေါက်ပေါက်ကျလို့လာ၏။


"တောက်!!......တစိတ်မရှိမျက်ရည်ခံထိုးဖို့ဘဲ။ တိတ်စမ်း....အဲဒီမျက်ရည်တွေ မမြင်ချင်ဘူး။ ခုချက်ချင်း သုတ်လိုက်ဆူးခေတ်သစ်"


အမိန့်ဆန်ဆန်စကားတွေကြောင့် ဆူးမျက်ရည်တို့တိတ်သွားရသည်။ 


"ငါ့ရှေ့မှာ မျက်ရည်နောက်တစ်ခါကျကြည့် ...။ မင်းမျက်ရည်တွေ ငါ့အိမ်မှာ မကျစေနဲ့ ဆူးခေတ်သစ်...မျက်ရည်စက်လက်မျက်နှာကို မြင်နေရတာ ကျက်သရေတုံးလွန်းလို့"


ပြောရက်လိုက်တာ ကိုကို။ ကိုကိုပြောသမျှငြိမ်နေတာ ဆူးက ကိုကို့ကိုချစ်လွန်းလို့ပါ။


"မင်းတို့သားအမိမျက်နှာကိုမြင်နေရတာ နေလိုမီးလိုပူလွန်းလို့။ မင်းအမေသေသွားလို့ သက်ညှာမယ်လို့မထင်လိုက်နဲ့။ မင်းနှစ်ဆပြန်ပေးဆပ်ရမယ်။ မင်းကိုလက်ထပ်တာ ချစ်လို့လက်ထပ်မယ်လို့မထင်လိုက်နဲ့"


"သိတယ်....."


"မင်း....."


ဆူးလက်နှစ်ဖက်ဖြင့် သူချုပ်ထားတဲ့လက်တွေကို တွန်းဖယ်လိုက်တာမို့ ဆူးပုခုံးထက်ကရင့်ရဲ့လက်တွေဖြုတ်ကျသွားရသည်။ ထိုအခါ ရင့်မျက်နှာက နီရဲတင်းမာသွားရပြီး ဆူးကို အံကြိတ်သံဖြင့် ဆိုလာ၏။


"ဆူးသိပါတယ် ကိုကို။ ကိုကိုဆူးကို ချစ်လို့လက်ထပ်မှာ မဟုတ်မှန်း ဆူးသိပြီးသားပါ။ မေမေအပေါ်ထားတဲ့ကိုကိုရဲ့အမုန်းတွေက ဘယ်တော့မှ မပြေနိုင်မှန်းလည်း ဆူးသိသားဘဲ။ ဆူးကို ကိုကိုကြိုက်သလို မုန်း ဆူးသီးခံနိုင်တယ်။ အဲဒါဘာကြောင့်လဲ သိလား..."


သူဒေါသထွက်နေတာကိုလည်း ဆူးဂရုမစိုက်တော့။ မြိုသိပ်ရပါများတော့ ပေါက်ကွဲထွက်လာသည်။ မခံမရပ်နိုင်စွာ ပြောရင်းမျက်ရည်တွေက ပါးပြင်ထက်တသွင်သွင်စီး၏။ မျက်ရည်အရွှဲသားဖြင့်ပြောဆိုနေသည့် ဆူးကို သူက အံကြိတ်လျက်စိုက်ကြည့်နေလျက်...။


"ချစ်လို့....ကိုကို့ကို ချစ်လို့ ဆူးသီးခံနေတာ ကိုကို"


"တိတ်စမ်း!!......."


"မတိတ်ဘူး ကိုကို။ ကိုကိုပြောဆိုနေသမျှ နှလုံးသားမရှိသလို ငြိမ်နေရအောင် ဆူးကကျောက်ရုပ်လား။ အသည်းနှလုံးမရှိတဲ့ ကျောက်တုံးလား..."


"တိတ်စမ်းကွာ...."


သူ ဆောင့်တွန်းလိုက်တဲ့အရှိန်ကြောင့် ဆူးနောက်က စားပွဲစွန်းနဲ့ဆောင့်မိသွားကာ နောက်စိက ပူခနဲဖြစ်သွားရ၏။ စားပွဲစွန်းနဲ့ဆောင့်မိပြီး ခွေကျသွားတဲ့ဆူးကို စားတော့ဝါးတော့မတတ်ကြည့်ပြီး၊


"ငါ့ကိုပြန်ခံပြောဖို့ မကြိုးစားနဲ့ဆူးခေတ်သစ်။ငါရဲ့ငဲ့ညှာခြင်းက မင်းအတွက်မဟုတ်ဘူး။ နောက်တစ်ခါခံပြောကြည့်..မင်းအသက်မသေရင်ကြိုက်သလိုပြော..."


ဆူး နာကျင်လွန်းသဖြင့် အံလေးကြိတ်လိုက်မိသည်။လည်ဂုတ်တလျှောက်နွေးခနဲစီးဆင်းလာသည့် အထိအတွေ့ကြောင့် ဆူးလက်လေးနောက်စိကိုပြန်စမ်းမိသွားစဉ် ရင့်တစ်ယောက် သူမနားကနေ ရှိမနေတော့။ စေးကပ်ကပ်ပါလာတဲ့ အရာကို ကြည့်လိုက်မိစဉ်၊


"သွေး!......သွေးတွေ...."


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ပဲခူးဆေးရုံဝန်းထဲသို့ မာစီဒီးနှစ်စီး ရှေ့ဆင့်နောက်ဆင့်ဝင်လာ၏။ အချိန်က မွန်းလွဲတစ်နာရီတိတိ။ ကားနှစ်စီးက ထိုးရပ်သွားသည်နှင့် ရှေ့ဆုံးကားထဲကနေ အမျိုးသမီးကြီးတစ်ဦး၊အမျိုးသားကြီးတစ်ဦးနှင့် ခပ်ငယ်ငယ်အမျိုးသမီးတစ်ဦးတို့ ဆင်းလာ၏။ ထိုနည်းတူ နောက်ကားမှ စောစောက အမျိုးသားကြီးနဲ့အမျိုးသမီးကြီးတို့နဲ့သက်တူရွယ်တူ အမျိုးသားနဲ့အမျိုးသမီးနှစ်ဦးဆင်းလာသည်။ သူတို့အားလုံးရဲ့မျက်နှာတွေက သောကအပူတွေက ထပ်တူနည်းပါးတူညီကာနေလေတော့သည်။


ဆေးရုံထဲသို့ ကသုတ်ကယက်သင်လာသည့် သူတို့ငါးဦးကို ဆေးရုံအတွင်းရှိ လူများက အထူးအဆန်းသဖွယ်ငေးကြည့်နေကြ၏။အားလုံးက သားသားနားနားဖြင့် လူကုံထံအသိုင်းအဝိုင်းကမှန်းသိသာနေသည်။ သူတို့ငါးယောက်ရဲ့ခြေလှမ်းများက သောကတစ်ခုခုဖိစီးနေလျက်...။


"ဒေါက်တာ......"


တာဝန်ကျဆရာဝန်ရောင်း လှည့်ချိန်မို့ ကော်ရစ်တာမှာ ဒေါက်တာလေးနဲ့သွားစုံ၏။ဒေါက်တာကိုခေါ်ရင်း ဒေါက်တာနားသို့ငါးယောက်လုံးယောက်သွားကာ၊


"ဒေါက်တာ...ညက accidentနဲ့ရောက်လာတဲ့လူနာတွေနဲ့တွေ့ချင်လို့ပါ.."


"ခင်ဗျာ...."


ခုမှ ဂျူတီကျတဲ့ဒေါက်တာလေးက သူ့ဘေးက နာ့စ်လေးကို အကူအညီတောင်းသလိုလှည့်ကြည့်၏။


"ပဲခူးလမ်းမကြီးပေါ်မှာ accidentဖြစ်တဲ့လူနာကိုမေးတာပါဒေါက်တာ.."


"သြော်!.....သိပြီ..ညက အရေးပေါ်နဲ့ရောက်လာတဲ့လူနာထင်တယ်...သူက..."


ဒေါက်တာက စကားခဏရပ်လိုက်ကာ သူ့ရှေ့မှ လူနာရှင်တွေကို တစ်ချက်ကြည့်၏။


"ဒါနဲ့ အန်ကယ်တို့က လူနာနဲ့ဘယ်လိုပက်သက်သလဲ"


စူးစမ်းသလိုကြည့်ကာ မေးနေတဲ့ဒေါက်တာကိုပင်စိတ်မရှည်ချင်တော့ပါ။


"လူနာတွေရဲ့မိဘတွေပါ ဒေါက်တာ။ ဒါနဲ့ သူတို့...သူတို့အခြေအနေ..."


ဦးနေသစ်ရဲ့ စကားသံက နောက်ဆုံးမှာ တိုးလျတိမ်ဝင်လို့သွား၏။


"စိတ်မကောင်းပါဘူး ခင်ဗျာ...။accidentဖြစ်တဲ့လူနာက စောစောလေးကဘဲ ဆုံးသွားပါပြီ"


"ခင်ဗျာ!!......."


"ရှင်!!........"


"နှစ်ယောက်လုံးလား....နှစ်ယောက်လုံးဆုံးသွားတာလား"


ဦးဥက္ကာရဲ့အသံက ဆို့နစ်ကြေကွဲစွာ မျှော်လင့်တကြီးထွက်ပေါ်လာ၏။ ဒေါ်နဒီရွှေနဲ့ဒေါ်သက်ထားခင်ကတော့ အရုပ်ကြိုးပြတ်ဖြစ်သွားကာ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လျက် ကျိတ်ငိုနေပြီ။ နေကောင်းကင်တစ်ယောက် မိခင်ကိုလည်း အားမပေးနိုင်..သူမကိုင်တိုင်လည်း ဆို့ကျပ်ကာ မူးမေ့လဲမတတ်။ ဖခင်ဦးဥက္ကာရဲ့မေးခွန်းက ရေနစ်သူအတွက်နွယ်တစ်မျှင်ဖြစ်နေကာ ဒေါက်တာရဲ့အဖြေကိုမျှောင့်လင့်တကြီးစောင့်နေရင်း၊


"ဆုံး....ဆုံးသွားတဲ့သူက ယောက်ျားလေးလား၊မိန်းကလေးလား ဒေါက်တာ"


"ခင်ဗျာ..."


ဒေါက်တာ မျက်လုံးပြူးသွားရကာ၊


"ညက accidentဖြစ်တဲ့လူနာနှစယောက်လုံးကယောက်ျားလေးတွေပါ ခင်ဗျာ။ တစ်ယောက်က စိတ်ချရတဲ့အခြေအနေရောက်နေပါပြီ။အန်ကယ်တို့ရဲ့သားဖြစ်လိမ့်မယ်..သူကဒဏ်ရာအတော်ပြင်းထန်တယ်ခင်ဗျ။ ကျွန်တော်တို့ဆီရောက်တော့ သွေးထွက်လွန်ပြီး အတော်နောက်ကျနေပြီ..ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားပါသေးတယ်"


"ခင်ဗျာ......"


"သား......သားလေး...."


"ဟာ......ခင်.....သတိ..သတိထားလေ"


"သမီး....ကျွန်မတို့ သမီးလေးကရော။ သမီးလေးဘယ်ရောက်သွားတာလဲ"


ခဏချင်း ဆူပူသွားရကာ ဆေးရုံတစ်ခုလုံးက ဝိုင်းကြည့်နေကြ၏။


"သားလေး...မေမေ့သားလေး...အဖြစ်ဆိုးလိုက်တာ သားရယ်"


ဆူညံစွာအော်ငိုနေစဉ် ကော်ရစ်တာတစ်လျှောက် တွန်းလှည်းသံက ဆူညံစွာထွက်ပေါ်လာ၏။ အားလုံးခေါင်းထောင်သွားကာ အသံလာရာကို လှည့်အကြည့်....။


"သား....သားငယ်လေး....."


ဒေါ်သက်ထားခင် ရင်ကွဲမတတ်အော်ရင်း တွန်းလှည်းဆီပြေးသွားတော့၏။ အလုပ်သမားတွန်းလာသည့် တွန်းလှည်းပေါ်တွင် အဖြူရောင်စကြီး ဖုံးလွှမ်းထားသည့် အလောင်းက သူတို့နှလုံးသားတွေကို တစစီဖဲ့ချွေလို့နေလေတော့သည်။ ဒေါ်သက်ထားခင်နောက်ကနေ ကျန်တဲ့သူတွေအားလုံးပြေးလွှားရောက်သွားကာ၊


"ခဏ...ခဏလေးပါ"


အလုပ်သမားလေးကို တားဆီးလိုက်ပြီး တွန်းလှည်းဘေးမှာ မျက်ရည်အရွှဲသားဖြင့် ဝိုင်းရပ်လိုက်ကြ၏။ တုန်ရီနေသည့် ဦးဥက္ကာရဲ့လက်တစ်ဖက်က အဖြူရောင်စလေးဆီ တဖြည်းဖြည်းရွေ့သွားကာ အားလုံးက မမြင်ရက်သလို မျက်လုံးတွေလွှဲထားလိုက်ကြသည်။


ပိတ်စလေးက ရင်ဘတ်ပေါ်သို့လျောကျသွားရကာ မျက်နှာကို မြင်လိုက်ရချိန်၊


"သား.......သားလေး....."


ဦးဥက္ကာရဲ့ ယူကျုံးမရဆို့နစ်သံကြီးက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းသွားရကာ၊


"အငယ်လေး....။မမကြီးတို့ကိုထားခဲ့ပြီလား"


နေကောင်းကင်ရဲ့ ဆို့နစ်ကျယ်လောင်တဲ့အသံက ဦးဥက္ကာအသံနဲ့အရှေ့မနှောင်းထွင်ပေါ်လာ၏။ 


"သားလေး....မေမေ့ကိုထားခဲ့ပြီလား..သားရယ်"


ဆေးရုံတစ်ခုလုံးပွက်လောရိုက်လို့သွားလေပြီ။ အားလုံးရဲ့မျက်ရည်တွေ တာကျိုးနေချိန် ရွှေတမံကတော့ အားလုံးနဲ့ဝေးရာသို့ ကမ္ဘာဆီသို့ ဘယ်သူကိုမှ နှုတ်မဆက်ဘဲထွက်ခွာသွားလေပြီ။


"သား!......"


"ထား....လုပ်ကြပါဦး...ထားခေါ်လို့မရတော့ဘူး"


"ထားစိတ်ထိန်းစမ်း....ထား


"မေမေ...."


အားလုံးပြာယာခတ်ကုန်သည်။ 


"ကျွန်မတို့သမီးလေးရော...ဒါဆို ကျွန်မတို့သမီးက ဘယ်မှာလဲ"


ဒေါ်နဒီရွှေကပါ အော်ဟစ်ငိုနေတာမို့ မိသားစုနှစ်ခုဘာလုပ်ရမှန်းမသိတော့ပေ။ သူတို့ရဲ့သောကလောက်ကြီးတဲ့သူတွေရှိပါတော့မလားလို့ ဦးဥက္ကာတွေးလိုက်မိသည်။ သူ့လက်ထဲမှာပျော့ခွေနေသည့် ဒေါ်သက်ထားခင်ကို ပွေ့ထားရင်း အံတွေကြွေမတတ် ကြိတ်ထားလိုက်မိတာ မေးကြောတွေပါထောင်ထလို့နေလေတော့သည်။ 


သူတို့သားရွှေတမံက သူတို့အားလုံးကို နှုတ်မဆက်ဘဲ လောကကြီးထဲကနေ ထွက်ခွာသွားခဲ့လေပြီ။ ပြီးတော့ နေသစ်တို့ရဲ့ သမီး....။သမီးလေးရွှေရေးချယ်ကတော့ သတင်းအစအနပင်မရ။ သူတို့တွေ ဘယ်လိုဝဋ်ကြွေးတွေကြောင့်များခုလို ကြုံတွေ့ရသလဲ မသိ။ဘယ်တော့မှ ပြန်ဆုံဖို့မရှိတဲ့လမ်းကို သားကဆော့လျှောက်သွား၏။ သမီးရေးကရော...။တစ်ယောက်က ထာဝရကျောခိုင်းသွားသလို ကျန်တစ်ယောက်ကလည်း ဘယ်နေရာရောက်ပြီး ဘာဖြစ်နေသလဲ မသိရ။ 


ရွှေတမံက သူတို့ကို ထားခဲ့ကာ သေဆုံးခြင်းကမ္ဘာသို့ထွက်သွားခဲ့ပြီ။ ရွှေရေးချယ်ကတော့ သေသလား၊ရှင်သလားဆိုတာကို ဘယ်သူမှ ရေရေရာရာမသိကြ။ သေဆုံးခြင်း၊ရှင်သန်ခြင်းကြားဝယ်.... ကျန်ရစ်ခဲ့သူတွေကတော့ အရူးမီးဝိုင်း...။


အသက်ဝိဉာဉ်ကင်းမဲ့နေပြီဖြစ်သော ရွှေတမံကတော့ အားလုံးရဲ့သောကတွေကို မျက်ကွယ်ပြုလျက် တွန်းလှည်းပေါ်ဝယ်ငြိမ်သက်စွာလဲလျောင်းလျက်.....။


အပိုင်း(၂)ဆက်ရန်


ဤ"ပန်းမွေ့ယာ...ရွှေကော်ဇော"ဝတ္ထုသည် "ဝတ်ရည်မသိတဲ့လိပ်ပြာ" ဝတ္ထုရဲ့အဆက်ပါ။ "ပန်းမွေ့ယာ...ရွှေကော်ဇော"ကို နားလည်ဖို့ "ဝတ်ရည်မသိတဲ့လိပ်ပြာ"ကို အရင်ဖတ်မှသာ နားလည်ကြပါလိမ့်မယ်ရှင့်။


တတရယ်ဖြစ်မှဖြစ်ရလေ ရေးနေရင်းနဲ့ ကျွန်မပါငိုချင်လာတယ်။ အသဲတို့မငိုကျနဲ့နော်


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: