book

Index 9

Part-4.1

Part-4.1


သူမ၏ရင်ဘတ်အား ဆုပ်ကိုင်လျက် အော်ဟစ်နေပုံက ယီမင်အား ဘာလုပ်ရမလဲ ဆိုသည့် အသိဉာဏ်ကို ပျက်ပြားစေသည်။ ယီမင် သူမနဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီးမှ..


“ငါ မင်းကို တရားမျှတမှု ပြန်ရှာပေးမယ်..”


ရင်းအာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီးမှ..


“ငါ တရားမျှတမှု မလိုဘူး.. ငါ့ကလေးကိုပဲ ပြန်လိုချင်တယ်.. ငါ့ကို ပြန်ခေါ်လာပေးပါ.. ငါသူ့ကို ဘာမှမလုပ်ပေးရသေးဘူး.. ဘာမှလည်း မသင်ပေးရသေးဘူး.. စကားလည်း တစ်ခွန်းမှ မပြောလိုက်ရသေးဘူး.. ငါသူ့ကို ဘာမှလည်း မသင်ပြပေးလိုက်ရဘူး.. ပြီးတော့.. သူက နတ်သူငယ်လား နတ်သားအဆင့်လား ဆိုတာလည်း မကြည့်လိုက်ရသေးဘူး.. သူ့ရဲ့ ဖြစ်တည်လာမှုကို နယ်ပယ် တစ်ဆယ့်ခြောက်ခုလုံးကို မကြေငြာရသေးဘူး.. ယီမင်.. သူ့ကို ပြန်ခေါ်လာပေးပါ..”


ယီမင် သူမအား တင်းကျပ်စွာ ပွေ့ပိုက်ထားလိုက်ပြီးမှ ခေါင်းမညိတ်နိုင် ဖြစ်နေသည်။ ဝိဉာဉ်မဲ့ပြီး သေဆုံးသွားသော ကလေးငယ်အား.. သူ ဘယ်လို အသက်သွင်းပေးနိုင်မလဲ..၊


“ငါတို့ ထပ်ပြီး ကလေးမွေးကြမယ်.. သူ့လိုမျိုး.. မဟုတ်ဘူး.. သူ့ထက် သာတဲ့ စွမ်းရည်နဲ့ ကလေးကို..”


“ငါမလိုချင်ဘူး..”


ယီမင် စကားမဆုံးလိုက်ခင်မှာပဲ ရင်းအာက ယီမင်၏ ရင်ခွင်အတွင်းမှ ရုန်းထွက်လိုက်ပြီး ဆစ်ကျီနတ်မင်းအပါအဝင် တခြားသော နတ်မင်းသားတို့အား.. ကွေ့ရှောင်သွားကာ.. တလင်းဂူ၏ အပြင်သို့ တစ်လှမ်းချင်း ထွက်သွား၏။


သူမ၏ ရှည်လျားပြီး နက်မှောင်ကာ လှပနေသော ဆံနွယ်တွေက မထုံးဖွဲ့ထားသဖြင့် မြေပြင်တွင် ရှပ်တိုက်ပြေးနေ၏။ ထိုဆံနွယ်တို့သည် ခရမ်းဖျော့ရောင်သို့ တစ်မျှင်ချင်း တစ်မျှင်ချင်း ပြောင်းသွား၏။ သူမ၏ ငိုသံကလည်း တိတ်ဆိတ်သွားပြီး သူမ မျက်လုံးတို့က မှေးမှိန်လျက် ဖြစ်သွားသည်။ သူမဝတ်ထားသော အကျႌကလည်း တောက်ပသော ခရမ်းရောင်မှ ဖျော့တော့နေသော ခရမ်းရောင်သို့ ကူးပြောင်းသွား၏။


ယခင်ကလို တက်ကြွ ဖြတ်လက်ပြီး.. ချစ်စဖွယ် အမူအရာ အပြည့်နှင့် ကျိုးရင်း နတ်ဘုရားမသည် တစ်ခဏအတွင်း.. မှိုင်းဖျော့သော ပုံပန်းသို့ ကူးပြောင်းသွားတော့၏။ ယီမင်က.. ရင်းအာ၏ ပုခုံးလေးအား လာ၍ ဆုပ်ကိုင်ပြီးလျှင်..


“ရင်းအာ.. ငါတို့ ဒီနှစ် တစ်သိန်းမှာ.. မင်း အချိန်အကြာကြီး အိပ်စက်ပြီး အနားမယူဘူးလေ.. မင်းနားလိုက်မလား..”


ယီမင် ပြောတာက အခါတိုင်း နာကျင်ရတိုင်း သူမက အိပ်သွားတတ်သဖြင့် နှစ်တစ်ထောင်မျှ အနားယူ အိပ်စက်ဖို့ ခွင့်ပြုလိုက်ခြင်း ဖြစ်၏။ သို့သော် ရင်းအာ ခေါင်းယမ်းလိုက်သည်။ ယီမင်၏ လက်တွေကို ဆုပ်ကိုင်လိုက်ပြီးမှ..


“ငါ မအိပ်ချင်ဘူး.. ယီမင် ငါ့ကလေးကို ငါ ပြန်မရနိုင်တော့ဘူးလား၊ ငါ့ကလေး သူ့မှာ ဝိဉာဉ်ရှစ်ခုတောင် ရှိတယ်၊ သူ့ဝိဉာဉ် ရှစ်ခုလုံးကို ဘယ်သူက ဖျက်စီးလိုက်တာလဲ.. ငါ့အတွက် အဖြေရှာပေးပါ.. ပြီးတော့.. ငါ ဒီအကြောင်းအရာကို ခဏမေ့ထားချင်တယ်..”


ယီမင် ခေါင်းညိတ်လိုက်၏။


“ငါ မင်းအတွက် မင်းဖော်စပ်ထားတဲ့ ဆေးရည် သွားယူပေးမယ်..”


“မလိုဘူး.. ငါ သူ့ကို တစ်သက်လုံး မေ့ထားချင်တာ မဟုတ်ဘူး.. ငါ သူ့ကို မချစ်လိုက်ရသေးဘူး.. အဲ့တာကြောင့် ငါ လူ့ပြည်မှာ သားသမီးမွေးချင်တယ်.. ငါ့ကို ခွင့်ပြုပေးပါ..”


ဒါကို ခွင့်ပြုဖို့ ယီမင် မျက်လုံးတွေ မှေးမှိတ်လိုက်ရသည်။ အမှန်ဆိုရလျှင် သူ ခွင့်မပြုချင်ပေ။ သို့သော် ရင်းအာ၏ ယခုပုံစံအရ ခွင့်မပြုလျှင် သူမ၏ ကြေကွဲမှုကို မြင်တွေ့နေရမည် ဖြစ်၏။ ထို့ကြောင့် ယီမင် ခေါင်းညိတ်လိုက်ရသည်။


“ကောင်းပြီ.. ငါတို့ ကျောင်းဟွေ့ဆီ သွားမယ်..”


“ကျေးဇူးတင်ပါတယ်..”


နတ်မင်းသား နှစ်က ထိုအခါမှ သက်ပြင်းချလိုက်ရ၏။ သို့သော် ဆစ်ကျီ နတ်မင်း၏ နန်းဆောင်အတွင်းမှ ချက်ချင်းပဲ အပြင်သို့ ပြေးထွက်လာကာ ညီလာခံဆီသို့ ပြေးသွား၏။ နတ်မင်းသားလေး ချင်းဆစ်က ယီမင် လုပ်နေသမျှကို ကြည့်နေရင်းမှ သူပါ ကံကြမ္မာစီရင်သည့် နတ်မင်း ကျောင်းဟွေ့ထံသို့ လိုက်သွားသည်။


နန်းဆောင်တွင် ဆစ်ကျီ နတ်မင်း တစ်ပါးတည်း ကျန်နေပြီ ဆိုမှ ဆစ်ကျီနတ်မင်းက ကျိုးယွီကို ထူမတ်လိုက်ပြီး..


“ငါ့ဆီမှာ နေလာတာ ဒီလောက်ကြာပြီ ဒီတိုင်း သတိလစ်နေရတာလား..”


ဆစ်ကျီက ကျိုးယွီ၏ ခေါင်းပိုင်းကို အုပ်ကိုင်လိုက်ကာ လက်တွင် ခရမ်းရောင်လွှလွှ အရောင်လေး ယှက်သန်းသွားသော်လည်း ကျိုးယွီက သတိမရလာသေးပေ။ ထို့ကြောင့်..


“ရှင်းရောင်း.. လာခဲ့အုံး..”


ရှင်းရောင်းက အနားသို့ ရောက်လာပြီ ဆိုမှ.. ဆစ်ကျီက ပြောစမ်း ဆိုသော မျက်လုံးတို့ဖြင့် အေးစက်စွာ ကြည့်လာသည်။ ရှင်းရောင်းက ပုလဲကဲ့သို့ မျက်ဆံဖြင့် ဆစ်ကျီ နတ်မင်းအား.. မော့ကြည့်လာသည်။ ပြီးတော့မှ..


“မနက်ခင်းက ကောင်းကင် တိမ်တောင်မှာ သန့်ရှင်းရေး လုပ်ဖို့ ဆိုပြီးတော့ နတ်မင်းတွေ နန်းဆောင်တိုင်းက အစေခံ တစ်ဦးစီကို လာခေါ်တယ်.. အဲ့တာနဲ့ ရှင်းရောင်း လိုက်သွားရတယ်..”


ဆစ်ကျီ နတ်မင်း၏ အေးစက်နေသော မျက်နှာက တစ်ချက် ပျက်သွားသည်။ သို့သော်.. ထပ်မံ၍ အေးစက်သော လေသံဖြင့်..


“ပြီးတော့ရော..”


“ပြီးတော့.. ရှင်းရောင်း ပြန်လာတော့.. ကျိုးရင်း နတ်ဘုရားမရဲ့ အော်သံကို ကြားတယ်..”


“ဒါပဲလား..”


ရှင်းရောင်းကို တရားခံကဲ့သို့ သဘောထားကာ မေးနေသော ဆစ်ကျီ နတ်မင်းကြောင့် ရှင်းရောင်း မျက်ရည်စတွေ ဝေသီချင်လာသည်။ ဆစ်ကျီ နတ်မင်းက အဲ့လို မျက်ရည်ထိုးတာမျိုးကို သဘောမကျတတ်ဘူးဟု ကြားသိထားသဖြင့် အံကြိတ်ထားလိုက်ရသည်။ သို့သော် မေးထားသော မေးခွန်းကို ဖြေရန်.. ခေါင်းညိတ်လိုက်တော့ မျက်ရည် တစ်စက်က ပေါက်ခနဲ ပါးပြင်သို့ ပြုတ်ကျသွားတော့သည်။


ဆစ်ကျီ နတ်မင်း၏ မျက်နှာအား မော့ကြည့်မိတော့ ဆစ်ကျီ နတ်မင်းက ရှင်းရောင်းအား မကြည့်နေပဲ တလင်းဂူအား ကြည့်နေတာကို တွေ့လိုက်ရသည်။ သို့သော် မနှစ်မြို့သော ပုံစံအား မျက်မှောင်တွေ ကုတ်ကွေးထားခြင်းအရ သိနိုင်သည်။ အေးစက်စက် လေသံဖြင့် ထပ်ပြော၏။


“မီးငှက် ပျောက်နေတယ်..”


ဆစ်ကျီ နတ်မင်းက မီးငှက် ဆိုသော စကားကို လေသံအေးအေးဖြင့် ပြောသော်လည်း အတန်ငယ် စိုးရိမ်နေသည်ဟု ထင်မိသည်။ သို့သော် လေပြည် ဖျတ်ခနဲ အတိုက်မှာ ရှင်းရောင်း အနံ့တစ်ခုကို ရလိုက်မိ၏။


“မြေခွေးနံ့ရတယ်..”


“မြေခွေးနံ့..”


ဆစ်ကျီ နတ်မင်း၏ လေသံက ပို၍ အေးစက်သွားပြီး..


“ဘယ်လို မြေခွေးနံ့လဲ..”


“ကျွန်မလည်း သိပ်မရှင်းလင်းဘူး.. ဒါပေမယ့် မွှေးတယ်..”


ဆစ်ကျီ စကားတစ်ခွန်းမှ ဆက်မပြောတော့ပဲ နန်းဆောင်မှ ထွက်လာခဲ့တော့သည်။ ဆစ်ကျီနတ်မင်း ရောက်သွားတော့ ကျောင်းဟွေ့၏ နန်းဆောင်က ပိုပြီး နတ်မင်းတို့ဖြင့် စည်ကားသွားသည်။ သို့သော် ကျောင်းဟွေ့က အလွန်အမင်း စိတ်ညစ်နေသော မျက်နှာဖြင့် ဖြစ်သည်။ သို့သော် ရင်းအာက ကျောင်းဟွေ့၏ရှေ့တွင် ထိုင်နေပြီး မှိုင်တွေစွာဖြင့်.. ရှိသည်။


ကျောင်းဟွေ့က ဆစ်ကျီ နတ်မင်းအား.. တစ်ချက်မျှ လှမ်းကြည့်လာပြီး ထိုင်နေရာမှ ထရပ်ကာ အရိုအသေပြုသည်။ ရင်းအာက သူ့ကို ငိုင်ငိုင်လေး လှည့်ကြည့်လာသည်။ ယီမင်က ရင်းအာအား လွတ်သွားမှာ စိုးသလို လက်ဖဝါးလေးအား တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။


ကျောင်းဟွေ့၏ စားပွဲပေါ်တွင် နတ်တွေ လူ့ပြည်သို့ ကူးပြီး ခြိုးခြံခြင်း ကျင့်စဉ်ကို ကျင့်တိုင်း.. သောက်ရသည့် မေ့ဆေးရည်ခွက်တွေက လေးခွက်မျှ ရှိနေပြီ။ တစ်ခွက် သောက်လိုက်တိုင်း ရင်းအာက မမေ့သွားပဲ မေ့ဆေးရည်၏ အစွမ်းက ပျယ်နေသဖြင့် ကျောင်းဟွေ့ပင် စိတ်ရှုပ်လာခြင်း ဖြစ်၏။


“ရင်းအာ.. မင်းမေ့ချင်တယ် ဆိုပေမယ့် မင်းရဲ့ အသိစိတ်က ခွင့်မပြုဘူး ဆိုရင် ကျောင်းဟွေ့ရဲ့ မေ့ဆေးရည်က မင်းအပေါ်မှာ အကျိုးမသက်ရောက်ဘူး မင်းသိတယ်.. မဟုတ်လား.. ရင်းအာ.. မင်းက သဘာဝလွန်နတ်လေ..”


ရင်းအာက တစ်ချက်လေး ပြုံးရယ်လိုက်သော်လည်း.. မျက်ဝန်းတွင် မိုးတွေ စွေသွား၏။ ပြီးတော့မှ အက်ရှနာကျင်နေသော လေသံလေးဖြင့်..


“သဘာဝလွန် နတ်ဖြစ်တော့ရော ဘာဖြစ်လဲ.. ကိုယ့်ကလေးကိုတောင်မှ မကာကွယ် နိုင်ဘူး.. ဝိဉာဉ်တွေ ပျက်စီးသွားတဲ့ ကိုယ့်ကလေးကို.. ပြန်အသက်သွင်းဖို့တောင်မှ မတတ်နိုင်ဘူး..”


rate now:

3 Reviews
  • reader KhaingThitsar 20.01.2020, 05:46 5

    Good

    reply

  • reader MayMyatMoeMyint 12.12.2019, 04:21 5

    good

    reply

  • reader JuliusJulius 25.11.2019, 23:44 5

    So good. I love u.

    reply