book

Index 7

Part-3.2

Part-3.2


လုချီနှင့် သူ့ဇနီး စိုးရိမ်နေတာကို ရင်းအာ ကြားသော်လည်း.. တလင်းနန်းဆောင်၏ အလည်တည့်တည့် ကလပ်ပေါ်တွင် တင်ထားလိုက်သော သူမ၏ ကောင်းကင် သန္ဓေသား အနီးသို့ ယူသွားလိုက်ပြီး..


“မင်းတို့ နှစ်ယောက် ကြီးလာရင်.. ငါ မင်းတို့ကို သူငယ်ချင်း ဖြစ်စေမယ်..”


ရင်းအာ ထိုသို့ ပြောလိုက်တော့ ရွှေရောင်ဥလေးက ကလပ်ပေါ်သို့ ပျံတက်သွားပြီး.. ကောင်းကင်သန္ဓေသား အနီးတွင် ရပ်သွားကာ ဥအခွံက တဖြည်းဖြည်း ကွဲအက်လာပြီးနောက်.. ကလေးငယ် တစ်ဦးက ထွက်ပေါ်လာသည်။ သို့သော် သေးငယ်နေသော ကလေးငယ်အား.. ရင်းအာ မကိုင်ရဲသလို ဖြစ်နေသည်။


လုချီက ထိုကလေးကို ဖမ်းယူလိုက်ပြီးမှ..


“ရင်းအာ မင်း ဘယ်လိုလုပ်လိုက်တာလဲ ငါတို့ ကလေးက.. နှစ်နှစ် လိုသေးတယ်..”


“နှစ်နှစ် လိုသေးတာလား.. သူက စောပြီး ထွက်လာတာပဲ..”


ရင်းအာက ထိုသို့ ပြောနေသော်လည်း ယွီအာက စိတ်ပူနေသော မျက်ဝန်းများဖြင့် ဝိုင်းဝိုင်းလည်နေသည်။ ကျိုးလျန်နတ်မင်းက..


“မြောက်ပိုင်းနဂါးတွေ မွေးဖွားရင်.. ရေထဲ စိမ်ပေးရတယ်လို့ ကြားဖူးတယ်.. ရေ.. ရေ..”


ကျိုးလျန်က ပြောလိုက်တော့ နတ်မင်းသားနှစ်က တလင်းနန်းဆောင်မှ တလင်းရေကန်သို့ ပြေးသွားကာ.. ရှင်းရောင်း၏ လက်အတွင်းမှ ရေဇလုံထဲရှိ အဝတ်များကို သွန်မှောက်ပစ်လိုက်ပြီး တလင်းရေကို ခပ်ကာ ယူလာ၏။ ယွီအာက စိုးရိမ်နေသော မျက်လုံးများဖြင့် သူမပွေ့ထားသော ကလေးငယ်ကို ရေဇလုံအတွင်းသို့ ထည့်လိုက်တော့.. ကလေးက ချက်ချင်းပင် ခစ်ခစ်ခစ်ဟု ထရယ်လေသည်။ ထိုအခါမှ လုချီက သက်ပြင်းချလိုက်ပြီး..


“တော်သေးတယ်..”


ယွီအာက ကလေးကို ရေထဲမှာ စိမ်နှစ်ထားရင်းမှ လုချီအား မော့ကြည့်လာပြီး..


“တောင်ပိုင်း ရေဘုရင်ကို မင်းသမီးလေး တစ်ပါး မွေးဖွားလို့ ဂုဏ်ပြုပါတယ်..”


ဒါကို လုချီက ကြိုပြီး သိနေပြီးသားဟန်ဖြင့် ဖြစ်သည်။ တောင်ပိုင်း ရေသူမတွေက သမီးသာ မွေးတတ်သည့် ထုံးစံအရ သူ့ကလေးက သမီးသာ ဖြစ်မည် ဆိုတာကို သိနှင့်၏။


“လုချီ မင်း အထင်မလွဲနဲ့ မင်းရဲ့ကလေးကို ငါက စောမွေးစေတာ မဟုတ်ဘူး.. သူက ထူးထူးဆန်းဆန်းပဲ ခုန်ပျံသွားပြီး ထွက်လာတာ..”


“ဟုတ်လား..”


လုချီက တွေတွေ ဝေဝေ ဖြစ်သွားတာကို ယီမင်က ကြားမှ ဝင်လျက်..


“ရှောင်ဇီအာ ဆိုတဲ့ နာမည်က ရေမင်းသား လုချီက ပေးထားတာ ထင်ပါတယ်.. ငါတို့လည်း ငါတို့ ကလေးကို နာမည်ပေးရင် ကောင်းမယ်.. ရင်းအာ..”


ယီမင်က စကားလမ်းကြောင်း လွဲလိုက်တာကြောင့်.. လုချီကော ရင်းအာပါ ကောင်းကင်သန္ဓေသားဆီသို့ အကြည့်က ရောက်သွားသည်။ ယီမင်က ရင်းအာ၏ ပုခုံးလေးအား ဆုပ်ကိုင်လိုက်ကာ..


“ငါတို့ ကလေးက.. မိန်းကလေးလား ယောက်ျားလေးလား..”


ရင်းအာက ယီမင်ကို မော့ကြည့်လိုက်ပြီးမှ..


“ငါ သူ့ကို အဲ့တာ ရွေးချယ်ခွင့်ပြုထားတယ်.. သူက သမီးလား သားလား ဆိုတာကို ငါတို့ မသိရဘူး..”


တကယ်တမ်း ယီမင်က ရင်းအာ ဆုံးရှုံးရမယ် ဆိုရင်တောင်မှ ရင်းအာအတွက် တမ်းတဖို့ နာမည်လေး.. တစ်ခုတော့ ကျန်ခိုင်းစေချင်သည်။ ထို့အတွက် နာမည်ပေးခိုင်းဖို့ အကြံပြုလိုက်ခြင်း ဖြစ်၏။ ရင်းအာက သူ့အကြံအစည်တွေကို မသိပဲ မေးစေ့လေးကို ကိုင်လျက် ကြည်သာစွာ ပြုံးရင်း နာမည်ပေးရန် စဉ်းစားနေသေး၏။ သူ့ဘက်သို့ လှည့်လာတော့ သူ့ထံက တိတ်ဆိတ်နေမှုကို သူမ ခံစားမိသွားမည် စိုးကာ..


“ငါ့ရဲ့ မျိုးရိုးနာမည်ကိုတော့ မင်း အလေးပေးမယ် မဟုတ်လား.. ရင်းအာ..”


အပြုံးတို့နှင့် ပြောလိုက်၏။ တကယ်တမ်း ထိုမေးခွန်းက တခြားသော နတ်မင်းတွေ ဆိုလျှင် မေးရန် မလိုပေ။ သို့သော်.. ကျိုးရင်း ဆိုတာက စည်းကမ်းစည်းမျဉ်းတွေ မလိုသော နတ်ဘုရားမမို့ မေးလိုက်ခြင်း ဖြစ်သော်လည်း.. ယီမင်အတွက်က သူမစိတ်ချမ်းသာခြင်းက ကလေး၏နာမည်တွင် သူတို့ မျိုးရိုးပါခြင်း မပါခြင်းထက် ပိုပြီး အကျိုးရှိလေသည်။


“သေချာပေါက် ငါသူ့ကို တလီ မျိုးနွယ်ဝင် ဖြစ်စေမှာပါ.. သူ့နာမည်က တလီကျိုးဟူ..”


“ကျိုးဟူ..”


“ကျိုးဟူ ဘယ်လို နာမည်ကို ရွေးလိုက်တာလဲ ငါတို့က မြေခွေးတွေ မဟုတ်ဘူးလေ..”


အစ်ကိုနှစ်က လှမ်းပြီး စနောက်သည်။ သို့သော် ရင်းအာ တစ်ချက်မျှ တိတ်ဆိတ်သွားပြီး..


“ငါ သူ့ကို နာမည်ပေးဖို့ တွေးလိုက်တော့.. မြေခွေးတစ်ကောင်ကို မြင်ယောင်လိုက်တယ်.. အဲ့တာကြောင့် အဲ့နာမည်ပေးမိသွားတာ..”


“တကယ်လို့ မိန်းကလေး ဖြစ်နေရင်ကော..”


“ကျိုးဟူက မိန်းကလေး ဖြစ်လည်း သင့်တော်ပါတယ်..”


ရင်းအာက သူမပေးလိုက်သော နာမည်ကို ယုံကြည်စိတ်ချစွာဖြင့် ထိုသို့ ဆိုသည်။ ကျိုးလျန်က ယီမင်အား အကဲခတ်လိုက်ပြီး တစ်ခုခုကို စိတ်ထင့်သွားသလိုဖြင့်.. ဖုန်းယွဲ့အား ခပ်တိုးတိုး ကပ်ပြောသည်။


နတ်မင်းသားနှစ်ပါးနှင့် အစ်မတော်တို့လင်မယားတို့က လုချီတို့အား ဂုဏ်ပြုပွဲ ကျင်းပပေးမည်ဟု ဆိုကာ.. တလင်းနန်းဆောင်မှ ထွက်လာတော့.. ရင်းအာကပါ သူမ၏ ဆရာထံသို့ ထွက်သွား၏။ တလင်းနန်းဆောင်အတွင်းဝယ်.. ယီမင် တစ်ဦးတည်း ကျန်နေခဲ့ပြီး ဆိုမှ.. ကျောက်ကလပ် လေပေါ်တွင် ပျံလျက် တင်ထားသော.. ကောင်းကင်သန္ဓေသားအား နတ်အစွမ်းဖြင့် အနားသို့ ဆွဲယူလိုက်ကာ လက်ချောင်းတို့ဖြင့် မရဲတရဲ တို့ထိလိုက်ပြီး..


“ကျိုးဟူ.. မင်း အမေဆီကနေ မထွက်သွားလိုက်ပါနဲ့.. သူမက မင်းကို အရမ်းကို မျှော်လင့်နေတာ.. ကျေးဇူးပြုပြီး.. မင်းမထွက်သွားပါနဲ့.. အဖေမင်းကို ကာကွယ်ပေးမယ်..”


ယီမင် နောက်ထပ် မန္တာန် တစ်ခုကို ရွတ်ဆိုလိုက်ပြီး.. ကလေးငယ်အား မှတ်ဉာဏ်တစ်ခု ထည့်သွင်းပေးဖို့ ကြိုးစားလိုက်သည်။


“ကျိုးဟူ.. မင်းက ဘယ်ဘဝကို ရောက်သွား ရောက်သွား အဖေ့အသံကို ကြားယောင်နိုင်ပါစေ.. မင်းက ကျိုးဟူ ဆိုတာကို နတ်လောကမှာ သိအောင် ပြန်လာခဲ့ပါ.. မင်း မိစ္ဆာဖြစ်သွားရင်တောင် မင်းကို အဖေက ကြိုဆိုနေမယ် ဆိုတာကို သိထားပါ ကျိူးဟူ.. မသွားပါနဲ့.. ပြန်လာခဲ့ပါ..”“


ဒါက ယီမင် ဒီကလေးကို လက်မလွတ်နိုင်လို့ နောက်ဆုံးတစ်ကြိမ် ကြိုးစားလိုက်ခြင်းသာ ဖြစ်၏။ ဒီအသံက ကျိုးဟူ၏ နောက်ဘဝ သုံးဘဝအတွင်း ပါဝင်သွားနိုင်ပြီး.. အိပ်မက် သို့မဟုတ် တခြားသော အရာတစ်ခုခုဖြင့် သူ့၏ ထိုစကားကို ထပ်ခါထပ်ခါ ကြားယောင်နိုင်မည် ဖြစ်သည်။


ယီမင် တလင်းဂူမှ ထွက်လာပြီး ထိုနေရာအား.. လက်ဖြင့် ဝှေ့ယမ်းကာ ပိတ်စေလိုက်၏။ ပြီးမှ.. အနားတွင် ရှိသော ကျိုးယွီအား..


“ကျိုးယွီ.. မင်း တလီကျိုးဟူကို စောင့်ရှောက်ပေးနိုင်မလား..”


ကျိုးယွီက အားရဝမ်းသာဖြင့်.. ခေါင်းညိတ်လိုက်ပြီး..


“ဒီနှစ်တွေ အတွင်း ဆရာက ကျွန်တော့်ကို ပစ်ပယ်ထားလို့ အားလပ်နေတော့ အိမ်ရှေ့မင်းသား ပေးတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ပါ့မယ်..”


“ငါက မင်းကို ဦးလေးအနေနဲ့ အကူညီတောင်းတာပါ..”


ကျိုးယွီက ရယ်ကျဲကျဲဖြင့်.. ခေါင်းကို ကုတ်လိုက်ပြီးမှ..


“ဆရာက ရှင်းရောင်းကို သူ့နန်းဆောင်ထဲမှာ မနေစေချင်ဘူး.. ဦးလေး အိမ်ရှေ့မင်းသား တစ်ခုခု ကူညီပါအုံး..”


ယီမင် ဦးလေးနှစ်ထံမှ ရှင်းရောင်းက သူ့အတွက် ရောက်လာတာကို သိနှင့်ပြီး ဖြစ်တာမို့.. ခေါင်းကိုသာ ခါယမ်းလိုက်ရပြီး..


“ငါ မင်းရဲ့ ဒေါ်လေးကို အနိုင်ယူနိုင်တဲ့နတ် မဟုတ်ဘူး..”


ထိုသို့ ငြင်းဆိုခဲ့လေသည်။ ကျိုးယွီ ဘာမှမပြောတော့ပဲ တလင်း နန်းဆောင်၏ တံခါးဝတွင် ထိုင်လိုက်တော့သည်။ ထိုစဉ် ဆစ်ကျီ နတ်မင်းက သူ၏ အကျႌခါးတွင် ချိတ်ထားလေ့ ရှိသော မီးငှက်အား တလင်းဂူ ကို စောင့်ရှောက်ရန် အသက်ဝင်စေလိုက်သည်။


rate now:

4 Reviews
  • reader Lwin mar oo 21.01.2020, 07:10 5

    Good

    reply

  • reader KhaingThitsar 20.01.2020, 05:43 5

    Good

    reply

  • reader MayMyatMoeMyint 12.12.2019, 04:21 5

    good

    reply

  • reader JuliusJulius 25.11.2019, 05:26 5

    Very good.I love u.

    reply