ဒီတစ်ကြိမ်လည်း ယီမင်က ဖြစ်အောင် စီစဉ် သွားပြန်သည်။ ရင်းအာ ယီမင်၏ ဉာဏ်ကောင်းမှုကို မချီးကျူးပဲ မနေနိုင်တော့ပေ။ သို့သော် သူမ ရှုံးသွားသဖြင့် မကျေမနပ်တော့ ဖြစ်သွားမိသေးလျက်
‘ငါ့ထက် အသက်တစ်သိန်းလောက် ငယ်တဲ့ ကောင်လေးကို ငါက ရှုံးပြန်ပြီ’
မကျေမနပ် တီးတိုးရေရွတ်လိုက်ကာ အစ်ကိုနှစ်၏ အရှေ့မှ ထွက်လာခဲ့လိုက်တော့၏။ အစ်ကိုနှစ်၏ ဘေးမှ ထွက်လာတော့ ယီမင်က အနားသို့ ကပ်လာပြီး
‘ရင်းအာ မင်း သဘောကျရဲ့လား’
‘ငါ မင်းကို ငြင်းခွင့် မရှိတော့ဘူး မဟုတ်လား’
‘ဟုတ်တယ်’
‘ကောင်းပြီ ငါမင်းကို လက်ဆောင်ပေးမယ်’
ရင်းအာက သူမ၏ ဝတီအတိုင်း စင်ပေါ်သို့ ခုန်တက်သွားပြီးမှ အားလုံးကို တစ်ချက် ဝေ့ဝဲကြည့်လိုက်သေးလျက်
‘ငါ့မှာ ကိုယ်ဝန် ရှိပြီ’
ဆစ်ကျီ နတ်မင်း၏ မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကို ကျောခိုင်းသွားမည့် ခြေလှမ်းတွေ တန့်ခနဲ ရပ်တန့်သွား၏။
‘ဖူး!!’
ကျိုးလျန် နတ်မင်းက သေရည်ကို ခွက်ဖြင့် ငှဲ့ယူကာ သောက်လိုက်ရာတွင် နှုတ်ခမ်းဖျားမှ ပြန်ပြီး မှုတ်ထုတ် မိသွား၏။ ချင်းလီက သားဖြစ်သူကို လှမ်းကြည့်သည်။ ကောင်းကင်မင်းကြီး၏ နတ်မိဖုရား တုဖူချန့်က စင်ပေါ်သို့ လိုက်တက်လာပြီး ရင်းအာကို လက်ဆွဲကာ
‘ဒေါ်လေး မင်းပြောတာ တကယ်လား’
‘သေချာပေါက် တကယ်ပေါ့ ဖူချန့် မင်းအတွက် မြစ်ကလေးကို ငါ မွေးပေးမယ်’
ယီမင် အံ့သြ မယုံနိုင် ဖြစ်နေသေးသော်လည်း ရင်းအာအနားတွင် ဂုဏ်ပြု စကား ပြောကြားသူတွေ များပြားလွန်းလှသဖြင့် အနားသို့ မသွားနိုင်ပဲ မနီးမဝေးတွင်သာ ကြည့်နေမိသည်။ နတ်မင်းတွေ နတ်သား နတ်သမီးတွေ နတ်သူငယ်တွေ အားလုံးက ဝမ်းသာ ပျော်မြူးနေကြသော်လည်း ဆစ်ကျီ တစ်ဦးတည်းသာ မျက်နှာ ပျက်နေမိသည်။
အရင်နေ့တွေ တုန်းက နက္ခကြည့်ထားခြင်းမှာ ရင်းအာအတွက် ဆုံးရှုံးမှု အကြီးမားဆုံးအရာသည် ယီမင်သာ ရှိသည်ဟု တွေးမိထားခဲ့သည်။ ယနေ့တွင်တော့ ထိုအတွေးမှ လုံးဝ မှားယွင်းခဲ့လေပြီ။ ရင်းအာ လက်ရှိ ကိုယ်ဝန်ကို ဆုံးရှုံးမှာလား၊ အတွေးတို့ဖြင့် မျက်ဝန်းကို မှေးမှိတ်လိုက်မိတော့သည်။
ယီမင် ဆစ်ကျီ နတ်မင်း ထွက်သွားသော ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ရင်းအာ အနားသို့ တိုးသွားကာ နဖူးလေးအား ဖိကပ်နမ်းလိုက်သည်။ သူမက ကြည်နူးစေသော ကြည်သာသည့် အကြည့်တို့ဖြင့်
‘ငါ မင်းအတွက် မင်္ဂလာ လက်ဆောင် အဖြစ် ပြင်ဆင်ဖို့ ရှစ်နှစ် စောင့်လိုက်ရတယ် နောက်ထပ် နှစ်နှစ် ဆိုရင် မင်း သူ့ကို ချီပွေ့လို့ ရပြီ’
‘ကောင်းပြီ ဒီနှစ်နှစ် အတွင်း ငါ မင်းကို ရှစ်နှစ်လုံး ဂရုမစိုက်မိတာ အတွက် အတိုးချပြီး ဂရုစိုက်မယ် မင်းလိုချင်တာ ဖြစ်ချင်တာ မှန်သမျှ ဖြစ်စေမယ်’
‘ငါတို့ရဲ့ ကလေးက လောကမှာ စွမ်းအား အကြီးမားဆုံး မဖြစ်ရင်တောင်မှ ငါ့လောက်တော့ စွမ်းအား ကြီးမားစေချင်လို့ သူ့အတွက် ကောင်းကင် သန္ဓေသား စီစဉ်ပြီး သူ့ကို မွေးဖွားမယ်’
ဒါက သူမ တစ်ဦးတည်းသာ ပြုလုပ်နိုင်သော အရာမို့ သူ တစ်ချက်မျှ ပြုံးလိုက်ပြီးမှ ခေါင်းညိတ်သည်။
‘မင်း ဆန္ဒရှိရင် မင်း အဲ့လို မွေးဖွားနိုင်ပါတယ်’
ကျိုးလျန်က ရှေ့သို့ တိုးလာပြီးမှ ညီမ ဖြစ်သူအး ချစ်စနိုး ကြည့်လာကာ
‘ရင်းရင်း မင်းက ဘာ စွမ်းအား အကြီးမားဆုံး နတ်ဘုရားမလဲ မင်းကြည့် မင်း ယွဲ့အာ လောက်တောင် သတ္တိမရှိဘူး သူဆိုရင် ဘာ ကောင်းကင်သန္ဓေသားမှ မတောင်းဆိုပဲနဲ့ ငါ့အတွက် ကလေး လေးယောက်တောင် သုံးယောက်တောင် မွေးပေးပြီးပြီ မင်းက တောင်ပိုင်းနဂါးတွေ လို မွေးရမှာ ကြောက်လို့ ကောင်းကင် သန္ဓေသား လုပ်မှာ မဟုတ်လား’
ကျိုးလျန်က ထိုသို့ ပြောတော့ ရင်းအာ မျက်နှာလေး စူပုတ်လာလျက် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ
‘မဟုတ်ဘူး သေချာပေါက် မဟုတ်ဘူး ငါမွေးရမှာ ကြောက်လို့ မဟုတ်ဘူး ကောင်းကင် သန္ဓေသား ပြုလုပ်တယ် ဆိုရင် ငါ့ကလေးက ပိုပြီး ရဲရင့်ထက်မြက်မှာ ပြီးတော့ သူ့ရဲ့ ဝိဉာဉ်တွေကို ငါက မမွေးဖွားလာခင် ကတည်းက ခွဲခြားပေးထားမှာ ပြီးတော့ သူ့ကို ငါက ငါ့တုန်းကလို ပန်းထဲမှာ မဟုတ်ပဲ ငါ့ရဲ့ အသက်ဓာတ်ရယ် ယီမင်ရဲ့ ကောင်းကင်အလင်းတန်းရယ်နဲ့ ပြုလုပ်ထားတဲ့ နတ်သက်ကယ် ရေခဲထဲမှာ ထည့်ပြီး မွေးဖွားလာစေမှာမို့ သူက လောကရဲ့ ဘယ်လို အသက်ဓာတ်ကို မဆို ထိန်းချုပ်ဖို့ ရတယ်’
သူမ အစ်ကို ဖြစ်သူအား ခွန်းတုန့်ပြန်လိုက်တာကို နတ်တွေ အားလုံးက သူမအား တအံ့တသြ ငေးကြည့်နေကြသည်။ ယီမင်က ရင်းအာအား ပုခုံးလေးမှ ဆွဲလှည့်လိုက်ပြီး
‘ရင်းအာ ကျိုးလျန် နတ်မင်းက မင်းကို စနောက်လိုက်တာပါ မင်းစိတ်ထဲမှာ အဲ့လောက်ထိ မရောက်သွားပါနဲ့ ဟုတ်ပြီလား’
ရင်းအာ မျက်နှာနီလာတဲ့အထိ ပြောဆိုတော့ ကျိုးလျန်က မျက်နှာ မကောင်းစွာနှင့် စကားလမ်းကြောင်းလွဲဖို့ ကြိုးစားသည်။
‘ကောင်းပါပြီ ကိုယ်ဝန်သည် ဖြစ်ပြီး မျက်နှာနီတဲ့အထိ စိတ်ဆိုးရတာလဲ ကောင်းပါပြီ မင်းမွေးမှာက သားလား သမီးလား မင်းသိပြီးပြီလား’
‘မကြည့်ဘူး အဲ့တာကို ငါ မကြည့်ရဲဘူး သူက သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ယီမင် မင်းသူ့ကို လိုချင်တာပဲ မဟုတ်လား’
ထိုစကားကိုကျ ရင်းအာက ယီမင်ကို တိုင်တည်ပြီး မေးသည်။ ယီမင်က ရင်းအာ၏ လက်တွေကို ဆုပ်ကိုင်လိုက်ပြီးမှ
‘မင်းက ဘာကို စိတ်ပူနေတာလဲ သားဆိုရင် ငါ့လိုပဲ တည်ကြည်ခန့်ညားပြီး ငါတို့ရဲ့ စွမ်းအားတွေ ပိုင်ဆိုင်လိမ့်မယ် သမီးဆိုရင် မင်းလို လှပပြီး တစ်ဇွတ်ထိုးဆန်ချင် ဆန်လိမ့်မယ် ဒါပေမယ့် ငါတို့ ကလေးက မနှစ်သက်စရာ တစ်ခုခု ရှိမှာ မဟုတ်ပါဘူး’
‘နှမြောဖို့ ကောင်းတာက လက်ရှိ အိမ်ရှေ့မင်းသားက အိမ်ရှေ့မင်းသား အဖြစ် ရှိနေတုန်း ဆိုတော့ မင်းတို့ ကလေးက အိမ်ရှေ့မင်းသား ဖြစ်လာမှာ မဟုတ်ဘူး’
နတ်မင်းသား ချင်းရန်က တွေးတွေးဆဆဖြင့် ပြောသည်။ ရင်းအာ တစ်ချက်မျှ ပြုံးလိုက်ပြီးမှ
‘ငါ သူ့ကို ဒီလောက် အလုပ်မရှုပ်ခိုင်းစေချင်ပါဘူး သူ့ဖာသာ လွတ်လွတ်လပ်လပ် သွားလာပြီး နေစေချင်တယ်’
‘ကျိုးရင်း နတ်ဘုရားမရဲ့ အတွေးကိုတော့ ချင်းရန် လိုက်လို့ မမှီနိုင်ပါဘူး’
ချင်းရန်က ငြိမ်းချမ်းရေးနတ် ပီသစွာဖြင့် ထိုသို့ ပြောသည်။ ယီမင်က ရင်းအာအား ကျောခိုင်းလိုက်ပြီး ကျိုးလျန် နတ်မင်းကို တည့်တည့်စိုက်ကြည့်လိုက်ပြီးမှ
‘ငါတို့ တေးဂီတ ပြိုင်တဲ့ ပွဲတော်ကို စကြမလား’
‘ကောင်းသားပဲ’
ကျိုးလျန် နတ်မင်းက တေးဂီတနတ်ဘုရားမို့ ဝမ်းသာအားရ ထိုသို့ ဆိုကာ စင်နားသို့ပင် ရောက်လာ၏။ ချင်းရန် နတ်မင်းက
‘မောင်နှမ နှစ်ဦးကို သွေးထိုးတာ သိပ်မကောင်းပေမယ့် ပထမဆုံး သီဆိုတယ့်သူက ကျိုးရင်း နတ်ဘုရားမ ဖြစ်ပြီးတော့ တီးခတ်ပေးရမည့်သူက ကျိုးလျန် နတ်မင်း ဖြစ်ပါတယ်’
‘ဟာမ့်’
ဒီတစ်ကြိမ် နှုတ်ခမ်းတွေ ပွင့်ဟလျက် မျက်လုံးတွေ ပြူးကျယ် သွားသူက ကျိုးလျန် နတ်မင်း ဖြစ်လေသည်။ ကျိုးရင်း သီချင်းစဆိုသည်နှင့် ကျိုးလျန်က ကျိုးရင်း သီဆိုသော အသံအား သံစဉ်နှင့် လိုက်အောင် ပြီးတော့ ကြားကောင်းအောင် လိုက်ပြီး တီးခတ်ရသည်။ ကျိုးရင်း၏ သီဆိုမှုက ဆိုးဝါးလွန်းသော်လည်း ကျိုးလျန် နတ်မင်း၏ သံဇဉ်က ဆွဲဆောင်မှု ရှိလွန်းသောကြောင့် သီချင်းဆိုသံက လိုက်ဖက်ညီနေသည်။ သီချင်းသံ ဆုံးသွားတော့ အားလုံးက လက်ခုတ်တီးကြသည်။
ပြီးနောက် တခြားသော နတ်မင်းများ နတ်သူငယ်များ အသီးသီးက သီဆို တီးမှုတ်ကာ ယှဉ်ပြိုင်ကြ၏။ ယီမင်က ရင်းအာကို လက်ဆွဲကာ ခေါ်ဆောင်လာစဉ်
‘လော့အော် ဒေါ်လေးကို ဂါရဝပြုပါတယ်’
‘ကောင်းပြီ မင်း တကယ်လို့ နေရခက်ရင် မြေပြင်ကို ပြန်လို့ ရပါတယ်’
‘ဟုတ်ကဲ့ပါ ဒေါ်လေး’
ယီမင်က သူမတို့ စကားပြောပြီးတဲ့အထိ စောင့်နေပြီးမှ ရင်းအာအား
‘ရင်းအာ မင်းက တကယ်ပဲ စွမ်းအားတွေ ထက်မြက်တာ မှန်ပါတယ် ဒါပေမယ့် ငါ မင်းကို တကယ်ပဲ စိတ်မချဘူး’
ရင်းအာက စိုးရိမ်နေသော ယီမင်အား ခပ်ဖွဖွလေး ပြုံးလိုက်ပြီးမှ လက်ဖြင့် နဖူးမှ ဆံစလေးတွေကို သပ်ပေးရင်း
‘မင်းကြည့် ငါ မင်းအနားမှာ နေ့တိုင်း ရှိတယ် ဒါပေမယ့် ဒီရှစ်နှစ်အတွင်း ငါ့ဆီမှာ ကိုယ်ဝန် ရှိနေမှန်း မသိအောင် ငါ ကာကွယ် ထားနိုင်တယ် ငါ့ရဲ့စွမ်းအားတွေက နည်းနည်းမှ မလျော့နည်းပါဘူး မင်း အရမ်းစိတ်မပူပါနဲ့ ပြီးတော့ ဒီနေ့ညကျရင် ငါ ကောင်းကင်သန္ဓေသား လုပ်မှာ မင်းက ငါ့ကို နည်းနည်း ကူညီပေးပါ’
‘ကောင်းပြီ ငါမင်းကို ကူညီပေးမယ်’
‘ငါ စိမ့်စမ်းပြာမှာ သွားလုပ်ဖို့ တွေးမိတယ် ဒါပေမယ့် အဲ့တာက အဆင်မပြေနိုင်ဘူး နောက်တော့ ဆရာရဲ့ နန်းဆောင်ကိုပဲ ရွေးချယ်လိုက်တယ် ငါ သူ့ကို တလင်းဂူထဲမှာ ခဏထားပြီး နှစ်နှစ်ကြာရင် ငါတို့ သူ့ကို မွေးဖွားကြမယ် အဲ့ဒီအချိန် သူက တောင်ပိုင်းနဂါးတွေလို သုံးရက်အတွင်း ကြီးထွားမလား ဒါမှမဟုတ် ကျိုးမျိုးနွယ်တွေလို နှစ်တစ်ထောင် ပြည့်မှ ကြီးထွားမလား သိချင်တယ် ဒါပေမယ့် ငါတုန်းက ဆိုရင် အနှစ်သုံးသောင်းထိ ပြေးဆော့နေခဲ့တာ အစ်ကိုကြီးက ဆရာ့ဆီ မပို့ခင်အထိ ငါ ဆော့နေခဲ့တာ ငါ မင်းရဲ့အဘိုးကို ဖွက်ထားတာလေ’