book

Index 14

Part-5.3

Part-5.3


“ဇီအာ.. ဇီအာ..”


တောင်ပိုင်း ရေနန်းတော် အတွင်းတွင် သမီးဖြစ်သူအား လိုက်ရှာနေသော ရေသူမင်းသမီးက ခင်ပွန်းဖြစ်သူ ရှောင်လုချီအား တွေ့လိုက်တော့..


“ဇီအာကို တွေ့လိုက်လား..”


လုချီက ခေါင်းယမ်းပြလိုက်ရင်း..


“သူ လူ့ပြည်ကို သွားမယ် ဆိုကတည်းက မတွေ့တော့ဘူး..”


“လူ့ပြည်ကို.. သူက..”


အခုမှ အသက်နှစ်နှစ်သာ ရှိသေးသော.. ဇီအာက ကလေးငယ်လေးပင် ဖြစ်သော်လည်း ယောင်းမ ဖြစ်သူ သုံးဦးလုံးက အလိုလိုက်ထားသဖြင့်.. ယွီအာ လက်မှိုင်ချထားရမလို ဖြစ်နေသည်။


အသက်နှစ်နှစ်သာ ရှိသေးသော်လည်း.. သူမက မြောင်ပိုင်းနဂါးနှင့် တောင်ပိုင်းရေသူမျိုးဆက် ဖြစ်သဖြင့် ရှောင်ဇီအာက ကြီးထွားလွယ်သည်။ သို့သော် ကလေးငယ် ကဲ့သို့သော အသိဉာဏ်ဖြင့် သူမ သွားလိုသော နေရာသို့သာ သွားချင်နေပြီး.. နတ်အစွမ်းကတော့ မြောက်ပိုင်းရေမင်းသား၏ သမီးပီသစွာ.. ရေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်။


“အဲ့တာက ဇီအာ ရှင်နဲ့ တူလို့ ဖြစ်တာ..”


သူ့ကို မျက်စောင်းထိုးကာ.. နန်းဆောင်အတွင်းသို့ ဝင်သွားသော ဇနီးအလှလေးအား.. လုချီ ရယ်မောရင်း အနောက်မှ လိုက်သွားကာ.. စွေ့ခနဲ ပွေ့ချီလိုက်ရင်း..


“ဇီအာက ငါနဲ့ တူတယ် ဆိုရင် မင်းနဲ့ တူတဲ့ ကလေးနောက် တစ်ယောက် ငါတို့ ထပ်လိုသေးတာပဲ..”


သူ စလိုက်တာနှင့် ယွီအာက အရှက်သည်းစွာ သူ့ရင်ခွင် အတွင်းမှ ရုန်းကန်ပြီး နန်းဆောင်အတွင်းသို့ ပြေးဝင်သွားတော့၏။ ယွီအာ သူ့မြင်ကွင်းမှ ပျောက်သွားတော့.. လုချီ တောင်ပင်လယ်နှင့် နီးသော ကျန်းတိုင်းပြည်သို့ လာခဲ့လိုက်၏။ ကလေးဆုံးရှုံးသွားရတဲ့ သူငယ်ချင်းမက ဘယ်လိုများနေမလဲ ဆိုတာကို သိချင်မိသေး၏။


သူရောက်သွားတော့.. သူမက ကလေးငယ် တစ်ဦးပင် မွေးဖွားပြီး ဖြစ်သည်။ သို့သော် သေချာ ကြည့်တော့ သူမဘေးမှ.. ရှင်ဘုရင်က အရှိန်အဝါ ကြီးမားသော ကောင်းကင်၏ အိမ်ရှေ့စံ ဖြစ်နေလေသည်။ သူအနားသို့ တိုးသွားလိုက်ပြီးမှ..


“အိမ်ရှေ့စံမင်းသား..”


ယီမင် လှမ်းခေါ်ရာသို့ ကြည့်လိုက်တော့ လုချီက သူ့အား ဘယ်လို ဖြစ်တာလဲ ဆိုသော မေးခွန်းမေးနေသည့် မျက်ဝန်းတို့ဖြင့်.. ကြည့်လာသည်။ ယီမင် တစ်ချက် ပြုံးလိုက်ပြီးမှ..


“သူမက ကျောင်းဟွေ့ဆီမှာ ကလေးလိုချင်တယ်လို့ တောင်းတာလေ.. ငါက သူ့ကို လူသားကလေးငယ်ရဖို့ တခြားသူနဲ့ အတူနေဖို့ ဘယ်လို ခွင့်ပြုနိုင်မှာလဲ..”


“အဲ့တာနဲ့ အိမ်ရှေ့မင်းသားက လူ့ပြည်မှာ ရှင်ဘုရင် လာလုပ်နေတာလား..”


“အင်း နှစ်နည်းနည်းလောက်ပေါ့.. နတ်ပြည်ကနေ လနည်းနည်းလောက် ပျောက်သွားလည်း ကိစ္စမရှိပါဘူး..”


“ပိုင်ထင် မင်းကြီးမှာ ဆက်ခံသူ မွေးဖွားတယ်.. အရင်ရက်ကမှ ကလေးကင်ပွန်းတပ်ပွဲကို နယ်ပယ် ဆယ့်ခြောက်ခုလုံး ဖိတ်ကြားတယ်.. ငါတောင် သွားသေးတယ်.. ပြီးတော့ သူ့သားက တူမတူနဲ့ စွမ်းအားနဲ့ မွေးလာတာလို့ အားလုံးက ပြောနေကြတယ်..”


“အဲ့လို ကိစ္စ ရှိသွားတာလား..”


“မင်းကြီး..”


သူတို့ နှစ်ဦး စကားပြောနေစဉ်မှာပဲ ချိုင်ရင်းက ကလေးပွေ့ချီရင်း အနားသို့ ရောက်လာတော့.. လုချီ ကိုယ်ယောင် ဖျောက်လိုက်ရ၏။ အိမ်ရှေ့မင်းသားက သူ ကိုယ်ယောင်ဖျောက်လိုက်တာကို မြင်နိုင်သော်လည်း လက်ရှိတွင် လူသား ဖြစ်နေသော ရင်းရင်းကတော့ မမြင်နိုင်ပေ။


“ရင်းအာ.. ပြော..”


“နောက် နှစ်နည်းနည်း ဆိုရင် မင်းသားလေးက ဆယ်နှစ်ပြည့်ပြီ.. သူ့ ဒီနှစ်မွေးနေ့မှာ.. အိမ်ရှေ့စံ ဖြစ်စေမယ် ဆိုတာ..”


လုချီ ပြုံးလိုက်မိ၏။ ကျိုးရင်းသည် လူသား ဖြစ်နေစဉ်တောင်မှ ကျိုးရင်းသာ ဖြစ်သည်။ သူမ၏ ကလေးအား.. အမြင့်ဆုံးတွင် တင်ထားလိုနေသည်။ သို့သော်.. ယီမင်က ပြုံးလိုက်ပြီးမှ..


“ဟုတ်တယ်.. ငါကိုယ်တော်က မိဖုရားချိုင်ရင်းရဲ့ သားတော်ကို အိမ်ရှေ့စံ အဖြစ် သတ်မှတ်ပေးဖို့ မနက်ဖြန်မှာ ကြေငြာပေးမယ်..”


“မင်းကြီးကို ကျေးဇူးတင်ပါတယ်..”


ပြောပြီးတာနှင့် ချာခနဲ ပြန်လှည့်ထွက်သွားတော့၏။ သူမလိုတာ ရတာနှင့် သူများကို အမှုမထားတတ်သော အမူအကျင့်ကလည်း လူသားဖြစ်နေသည့်တိုင် မပျောက်ကွယ် သေးပေ။


“ကျိုးရင်းကတော့ ကျိုးရင်းပဲ သူ နဂိုရ် အတိုင်းပဲနော်..”


သူ ပြောလိုက်တော့ ယီမင်က ခေါင်းယမ်းလိုက်ပြီး..


“မဟုတ်ဘူး.. သူမက ဒီပုံစံမဟုတ်တော့ဘူး.. တကယ်လို့ ကောင်းကင်ကို ပြန်လာရင် ရင်းအာ ဘယ်လို ပြုံးရလဲ ဘယ်လို ရယ်ရလဲ ဆိုတာကို မသိတော့မှာ ငါ အရမ်းစိုးရိမ်နေတယ်.. ရင်းအာက ကလေးကို ဆုံးရှုံးထားတယ်လေ..”


ထိုအချိန်တွင်တော့ လုချီ တိတ်ဆိတ်စွာသာ နေလိုက်တော့၏။ ပြီးမှ..


“အိမ်ရှေ့မင်းသားကို နှုတ်ဆက်ပါတယ်.. ကျွန်တော် သမီးကို ရှာရအုံမယ်..”


~အဲ့ဒီ ရှောင်ဇီအာ ဘယ်လိုများငါနဲ့ ဒီလောက် တူနေတာလဲ နယ်ပယ် ဆယ့်ခြောက်ခုလုံးကို လျှောက်သွားချင်နေတယ်..~


@@@@@@@@@


နှစ်တစ်ထောင်..၊ နှစ်တစ်ထောင် ဆိုတာ နတ်တွေ အတွက် သိပ်ပြီး မကြာလွန်းတဲ့ ကာလတစ်ခုပဲ..၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ နှစ်တစ်ထောင်က ရင်းအာ အတွက် သိပ်ပြီး ကြာနေတယ်လို့ ခံစားနေရမယ် ဆိုတာ ယီမင် သိနေ၏။ သူမက လူ့ပြည်က ပြန်လာကတည်းက အစားမစားတော့ဘူး..၊ ကျိုးမျိုးနွယ် နတ်တွေက အစားမစားလည်း အသက်ရှင်နိုင်တယ် ဆိုတာကို ယီမင် သေချာပေါက် နားလည်ပေမယ့် သူမ အစားစားပြီး ရှင်သန်လာတာ သိပ်ကို ကြာနေပြီ။ အခုလို အစားကို ရုတ်တရက်ကြီး ဖြတ်တောက်တာက သူမကို ထိခိုက်မိ တစ်ခုခု ဖြစ်စေမှာ သူ အလွန်အမင်း စိုးရိမ်မိနေ၏။


ဒါပေမယ့် သူမက သူ့ရှေ့မှာတောင် ပြုံးရယ်ပြဖို့ သိပ်ပြီး ခက်ခဲနေဟန် ပေါ်နေတာကို သတိထားမိသည်။ ဆံပင်အနက်တွေ ကြားထဲမှာ ခရမ်းရောင် ဆံပင်တွေ တစ်လွှာပြီး တစ်လွှာ ဖြစ်ပေါ်လာတာကို ယီမင် ရင်နာနာနှင့်သာ ကြည့်နေရ၏။ အခုဆို ကျိုးရင်းက စိမ့်စမ်းပြာက ကျိုးရင်း လို့ ပြောရခက်လောက်အောင်ပဲ ပြောင်းလဲသွားပြီ ဖြစ်သည်။


တစ်လောကလုံးမှာ အလှဆုံးနတ် ဆိုတာကို သူမက နှစ်နှစ်သိန်းတောင်မှ ရရယူထားနိုင်ခြင်းက ဒီနှစ်တစ်ထောင်အတွင်းမှာ မှိန်ဖျော့သွားပြီဟု ထင်ရသည်။ သူမက မပြုံးဘူး..၊ မရယ်ဘူး..၊ ပြီးတော့ သူမ၏ တည်ရှိနေမှုက သိပ်ကို သံသယ ဝင်ဖွယ်ကောင်းနေ၏။ ဆိုလိုချင်တာက သူမက သိပ်ပြီး တိတ်ဆိတ်လွန်းနေသည်။


သူမ သိပ်ပြီး ထိန်းချုပ်ထားနေတာကို တွေ့ရသည်။ မငိုဘူး.. မစားဘူး.. မအိပ်ဘူး.. ကောင်းကင်အကာကွယ် နန်းဆောင်ထဲမှာ တိတ်ဆိတ်စွာသာ နေနေ၏။ တစ်ခါတစ်လေ သူမက စိမ့်စမ်းပြာကို ပြန်သွားတတ်သော်လည်း သိပ်မကြာမှီမှာပဲ ပြန်ရောက် လာတတ်လေသည်။


အခုဆို သူမ၏ ပုံစံက အပူသည်ရုပ်ကလေးနဲ့ ဖြစ်ကာ ကောင်းကင်က နတ်တစ်ပါးနဲ့တောင် မတူတော့ပေ။ ဒုက္ခကျင့်စဉ်တွေ ကျင့်ပြီး အောင်မြင်သွားတဲ့ နတ်ဘုရား တစ်ပါးလို အိုမင်းခြင်းတွေ ဖြစ်လာခြင်းအား သူမက မခံစားတတ်တော့ဘူးဟု တွေးထင်မိစေသည်။  ဒီနေ့တော့ ယီမင် သူမကို ဘယ်လိုပဲ ဖြစ်ဖြစ် စကားပြောဆိုဖို့ တွေးလိုက်ပြီးမှ..


“ရင်းအာ..”


သူမက ထိုင်နေရာ သလွန်ပေါ်မှ သူ့ကို လှည့်ကြည့်လာသည်။ ပြီးတော့ သဲ့သဲ့လေး ပြုံးပြ၏။ ထိုအပြုံးတစ်စက သူ့ရင်ထဲကို ပိုပြီး နေရခက်စေသည်။ သူပူပန်မှာ စိုးလို့ ဖုံးဖိဖို့ ကြိုးစားလိုက်ခြင်းက သူ့ကိုပိုပြီး ပူပန်စေတယ် ဆိုတာ သူမမသိဘူး။ သို့သော် သူ သူမအား ပုခုံေးလးမှ နေ၍ ပွေ့ပိုက်ကာ ဖက်ထားလိုက်ပြီး..


“လူ့ပြည်မှာ သွားနေမလား..”


သူမက ငြင်သာစွာ ခေါင်းယမ်းသည်။ သူမ ဆက်ပြီး ပြောလိုက်သော်လည်း အငြင်းစကားသာ ဖြစ်နေခဲ့၏။


“မသွားဘူး.. အဲ့တာက ဖြေရှင်းနည်း မဟုတ်ဘူး.. ငါ ပြန်လာရင်လည်း ငါ ဒီတိုင်း ဖြစ်နေအုံးမှာပဲ..”


သူမပြောလိုက်တာက မှန်ကန်နေသော်လည်း.. ယီမင် သူမကိုယ် သူမ၏ ကြံ့ခိုင်ခြင်းအတွက်.. ထပ်ပြီး ကြိုးစားကြည့်လိုသည်။ ထို့ကြောင့် ယီမင် မလုပ်စေချင်သော အရာတစ်ခုကို ခွင့်ပြုဖို့ မေးမြန်းလိုက်သည်။


“ရင်းအာ.. မင်း အိပ်မလား.. နှစ်တစ်ထောင်လောက်..”


ပြောလိုက်တော့ သူမက သူ့အား မော့ကြည့်လာသည်။ သူမ မျက်ဝန်းတွေက သူ့ကို ငေးနေရင်းနှင့် မမြင်သလို ဖြစ်နေ၏။ ဒီအပြုအမူက ယီမင်အတွက် သွေးတွေ အန်ကျလာတော့မလို ခံစားမိစေသည်။ သို့သော် သူမခေါင်းလေးကိုသာ ရင်ခွင်အတွင်းသို့ ဆွဲယူ ပွေ့ချီလိုက်ပြီးမှ.. ပြောစရာ စကားတွေ ပျောက်ဆုံးနေသလို ဆွံ့အနေမိသည်။ ပြီးတော့မှ သူမဦးခေါင်းမှ ဆံပင်တွေအား ပွတ်သပ်ပေးလိုက်ရင်း..


“ဒီနှစ်ပိုင်းမှာ လုချီက သူ့သမီးရဲ့ နှစ်တစ်ထောင်ပြည့် မွေးနေ့ လုပ်မယ် ကြားတယ်.. မင်း ဒီမှာ နေနေတာ ကြာနေပြီ စိတ်ပြေလက်ပျောက် တောင်ပိုင်းပင်လယ်ကို သွားပါလား..”


rate now:

4 Reviews
  • reader KhaingThitsar 20.01.2020, 05:50 5

    😍😍😍

    reply

  • reader MayMyatMoeMyint 12.12.2019, 04:27 5

    good

    reply

  • reader JuliusJulius 26.11.2019, 15:56 5

    So good. I love u.

    reply

  • reader hnoungeithwin 26.11.2019, 14:02 4.9

    ကောင်းပါတယ်

    reply