Part-5.2
သူက ဟုတ်လားဟုပင် ရှိသေးသော်လည်း.. အရှိန်အဝါကြီးမားသော နတ်မင်းများက ရောက်လာပြီ ဖြစ်လေသည်။ သူ့ရှေ့တွင် ရပ်နေသော ဆံပင်အဖြူနှင့် အေးစက်သော နတ်မင်းက ကောင်းကင်တွင် နာမည်ကြီးမားသော မျက်နှာအေးနတ်အို ဆစ်ကျီ နတ်မင်း ဖြစ်လောက်သည်။ ဆစ်ကျီ နတ်မင်း ဘေးနားတွင် ဆင်စွယ်ရောင် အကျႌနှင့် နတ်မင်းက သားမွှေးယပ်တောင်ကို ခတ်လျက် ချိုသာသော အပြုံးတို့အား ပြုံးထား၏။ ထိုနတ်မင်းသားနှစ်ကိုတော့ ပိုင်လင် မြင်တွေ့ဖူးပြီးသား ဖြစ်သည်။ အနောက်တွင် ပါလာသော တခြားသော နတ်မင်းတချို့ကိုတော့ ပိုင်လင် မသိတော့ပေ။ သို့သော် အရိုအသေ ပေးလိုက်ပြီး..
“နတ်မင်းများက ဒီကို ဘာကိစ္စနဲ့..”
“ပိုင်ထင်မင်းကြီးရဲ့ အမွေဆက်ခံသူ မွေးဖွားတယ် ဆိုတာကို ကောင်းကင်က အသိအမှတ်ပြုဖို့ ရောက်လာတာပါ..”
ထိုအချိန်မှာပဲ ပိုင်ထင်က မြေခွေးဂူအတွင်းမှ ကလေးနှစ်ဦးအား ပွေ့ချီရင်း ရောက်လာသည်။ ဆစ်ကျီ နတ်မင်း၏ စူးရှ တောက်ပသော မျက်လုံးတို့က ဖြူဖျော့နေသော မြေခွေးငယ်အား ကျော်လွန်ကာ.. အနီရောင် တောက်ပနေသည့် မြေခွေးလေးကို စူးစိုက်ကြည့်နေတော့၏။
“သူတို့က ပိုင်ထင်မင်းကြီးရဲ့ အမွေဆက်ခံသူတွေလား..”
ပိုင်ထင်က တည်ငြိမ်သော လေသံဖြင့်..
“ငါတို့ မျိုးနွယ်က ကောင်းကင်နဲ့မတူဘူး.. မိန်းကလေးကော ယောကျ်ားလေးကော တန်းတူပဲ ဖြစ်စေတယ်.. ဆိုတာ ဆစ်ကျီနတ်မင်းကော နတ်မင်းသားနှစ်ပါ သိရှိပြီး ဖြစ်မှာပါ.. တကယ်လို့ ငါက သားသမီး နှစ်ဦးဆိုရင် နှစ်ဦးလုံးကို ဘုရင် ဖြစ်စေမှာပါ..”
ပိုင်ထင်၏ ပြောပြချက်က ရှင်းလင်းပြီး တိကျသည်။ ဆစ်ကျီက မြေခွေးအနီရောင်လေးအား မျက်နှာမလွဲပဲ ကြည့်နေသေးသည်။ ပြီးမှ..
“သူက အကြီးလား အငယ်လား..”
“သူလား.. သူက အငယ်ပါ..”
ပိုင်ထင်က ဆစ်ကျီ နတ်မင်း၏ လက်ထဲသို့ မြေခွေးနီလေးအား ကမ်းပေးလိုက်တော့ ဆစ်ကျီက လှမ်းယူလိုက်သည်။ လက်အတွင်းသို့ ရောက်လာသော မြေခွေးလေးက သေးကွေးလွန်းကာ အားနည်းနေသော ပုံပေါ်သည်ဟု ဆစ်ကျီ ထင်လိုက်မိသည်။ သို့သော် လက်ဝဲလက်ရှိ ခရမ်းရောင် အမှတ်အသားကို တွေ့ရှိသွားပြီး မျက်မှောင်က အလိုလို ကုတ်လိုက်မိသည်။
“ခရမ်းရောင် အမှတ်အသားက မွေးရာပါလား..”
မေးလိုက်တာက တိကျစေလိုသော ဆန္ဒတို့ဖြင့် ဖြစ်သော်လည်း မွေးရာပါမှန်း သိသာစေသော အမှတ်အသားတို့က ထင်ရှားနေသည်။ ဆစ်ကျီ နတ်မင်း မေးလိုက်သော မေးခွန်းအား ပိုင်ထင်မင်းကြီးက အနည်းငယ် မလိုလားဟန် ဖြစ်သွားတာမို့ နတ်မင်းသားနှစ် ချင်းရန်က မြေခွေးလေးအား ပိုင်ထင်မင်းကြီး၏ လက်အတွင်းသို့ ထည့်ပေးလိုက်ပြီး..
“သူက ကြီးလာရင် ချောမောခန့်ညားတဲ့ မြေခွေးလေး ဖြစ်လာမှာပါ.. ကျွန်တော်တို့ကို ခွင့်ပြုပါအုံး..”
နတ်မင်းသားနှစ်က နှုတ်ဆက် စကားဆိုတော့ ဆစ်ကျီ ဘာမှမပြောတော့ပဲ အနောက်မှသာ လိုက်လာခဲ့မိတော့၏။ ပြန်လာသည့် လမ်းတွင်မှ ဆစ်ကျီက ဘာမှမပြောခင် ချင်းရန် နတ်မင်းက..
“ဆစ်ကျီ နတ်မင်း.. အဲ့ဒီ အနီရောင် မြေခွေးလေးက ထူးခြားလွန်းတယ်.. အနီရောင် မိုးကြိုးနိမိတ်က သူ့အတွက်ပဲ သေချာပေါက် ဖြစ်နိုင်တယ်..”
ဆစ်ကျီ နတ်မင်းက တိတ်ဆိတ်နေ၏။ သူမြင်လာသော အမှတ်အသားကို ပြန်ပြီး မြင်ယောင်နေမိသည်။ ခရမ်းရောင် နတ်စွမ်းအား အမှတ်အသားအား မွေးရာပါ မဟုတ်လျှင် ကျိုးရင်းသာ လုပ်ဆောင်နိုင်မည်ကို သိရှိသည်။ သို့သော် ဒီမြေခွေးလေးမှာက သိပ်ကံကောင်းလွန်းပြီး ရှိနေနိုင်သည်။
~~အဲ့တာက ဘယ်လို နတ်စွမ်းအားမျိုးလဲ ဆိုတာကို ဒီကလေး နှစ်တစ်ထောင်မပြည့်ခင် စုံစမ်းထားရမယ်..~~ ဆစ်ကျီ ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်လေတော့၏။
@@@@@@@@@@@
ယီမင် လူ့ပြည်သို့ ဆင်းလာသည်မှာ ရက်နှစ်ဆယ်ခန့် ရှိပြီ ဖြစ်၏။ ရင်းအာ၏ မွေးဖွားမှုကလည်း လူ့သက်တမ်းအရ နှစ်နှစ်ဆယ် တိုင်လေပြီ။ ရင်းအာက နယ်ပယ်ဆယ့်ခြောက်ခုတွင် အလှဆုံးဟူသော ဂုဏ်ပုဒ်ကို နှစ်ပေါင်းနှစ်သိန်းခန့် ထိန်းသိမ်းနိုင်သည့် နတ်ဘုရားမ ပီသစွာ လူသားအဖြစ် မွေးလာတော့တောင်.. ဖြူဖွေးပြီး နှင်းကဲ့သို့ အသားအရေ..၊ ကြည်လင်တောက်ပသော မျက်သားပေါ်တွင်မှ အညိုရောင်ကဲသော.. မျက်ဆံ..၊ နီရဲနုထွေးနေသော နှုတ်ခမ်းများ.. စသဖြင့်.. သူမက လူသားတစ်ဦးပင် လိုက်မမှီနိုင်သော အလှအပတို့ဖြင့် ပြီးပြည့်စုံနေသည်။
ထိုအလှအပတရားတို့ကြောင့် ကျန်းဆိုသည့် တိုင်းပြည်တွင် စစ်သူကြီး အိမ်တော်၌ မွေးဖွားလာသော်လည်း.. ရှင်ဘုရင် ဖြစ်မည့် အိမ်ရှေ့မင်းသား၏ တွေ့မြင်မှုကြောင့် နန်းတက်ပွဲတွင် မိဖုရားတင်မြောက်ရန် နန်းတော်သို့ မိဖုရားအဖြစ် တော်ကောက်ခြင်း ခံရသည်။ ရင်းအာက ချိုင်ရင်း ဆိုသော နာမည်နှင့် ယခု ဘဝတွင်လည်း စာပေကို စိတ်ပါဝင်စားခြင်း မရှိသော မိန်းကလေးငယ် အဖြစ်သာ မွေးဖွားလာ၏။
ဒီနေ့က ချိုင်ရင်း၏ အသက်နှစ်ဆယ့်ပြည့် မွေးနေ့ ဖြစ်ပြီး ကျန်းတိုင်းပြည်၏ မိဖုရားကြီး ဖြစ်သောနေ့လည်း ဖြစ်သည်။ ညအချိန်သို့ ရောက်တော့ ရှင်ဘုရင်က အနောက်နန်းဆောင်သို့ ကူးလာသည်။
ယခုအချိန်တွင် နတ်စွမ်းအား အလုံးစုံကို သုံးလို့ မရသော အခြေအနေမို့.. ယီမင် ကျောင်းဟွေ့အား စိတ်ဆိုးမိသည်။ နတ်စွမ်းအား သုံးခွင့်ရဖို့ မှတ်ဉာဏ်တောင် မဖျောက်ခဲ့တာကို ကျောင်းဟွေ့က သူ့ကို လူသားတစ်ဦးခန္ဓာကိုယ်သို့ ပြောင်းစေခဲ့ပြီးတော့ နတ်စွမ်းအားကို ကန့်သတ်ရဲသည်။ ရင်းအာအား သူစိမ်းယောကျာ်းလေးနဲ့ ကလေးရဖို့ ကျောင်းဟွေ့က စီမံထားခြင်းအား ဒေါသထွက်လာသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျိုးရင်းက ယီမင်၏ တရားဝင် ဇနီးမယား ဖြစ်နေတာကို လူသားနဲ့ ကလေးရဖို့ကို စီမံရဲတယ်.. ဆိုသော အတွေးတို့က သူ့ကို မကျေမချမ်းနိုင် ဖြစ်စေသည်။ ချိုင်ရင်းကတော့ ပုဝါနီအုပ်လျက်.. ကုတင်ဘေးတွင် ငြိမ်သက်စွာ ထိုင်နေ၏။
ထိုဘုရင်၏ ခြေလှမ်းတွေ ချိုင်ရင်း၏ အိပ်ရာနန်းဆောင်သို့ နီးကပ်လာလေလေ ယီမင် ဘာလုပ်ရမလဲ ဆိုတာကို ပျောက်ဆုံးသလို ခံစားနေရလေ ဖြစ်ကာ.. နောက်ဆုံးတွင်.. ထိုဘုရင် နေရာတွင် သူ ဝင်လိုက်ဖို့သာ တွေးလိုက်မိတော့၏။ ပြီးနောက်.. စိတ်အတွင်းမှ လုံစမ်းအား ဆင့်ခေါ်လိုက်ပြီး..
“လုံစမ်း.. ဒီဘုရင်ကို တခြားနေရာကို ပို့လိုက်.. သွားတော့!!..”
နတ်အစွမ်းအနည်းငယ် သုံးရုံလောက်နဲ့တော့ ကောင်းကင်သို့ ပြန်လျှင် သူ့စွမ်းအားတွေ အကုန် မကုန်နိုင်ပါဘူးဟု တွေးလိုက်ကာ.. ထိုရှင်ဘုရင်၏ နေရာတွင် နေလျက် ချိုင်ရင်း၏ အိပ်ခန်းဆောင်အတွင်းသို့ လှမ်းဝင်ခဲ့လိုက်တော့၏။
နှစ်တစ်သိန်းခန့် သူမဘေးတွင် ခင်ပွန်းအဖြစ် နေခဲ့သော်လည်း.. ယခုလို သူမက သူ့အား မသိရှိသော အချိန်ကာလတွင်.. ယီမင် နှစ်တစ်ထောင်ခန့်က သူမအား ရင်ခုန်ခဲ့ဖူးသလို ရင်ခုန်နှုန်းက လျင်မြန်လာသည်။
“မင်းကြီး..”
သူမ၏ ခပ်တိုးတိုး ခေါ်သံလေးကပင် သူ့ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေသလား မပြောတတ်ပေ။ ~~ဟုတ်တယ်.. ငါက ဒီမှာ ဘုရင်ပဲ..~~ ကိုယ့်ကိုယ်ကို အားပေးလိုက်ပြီးမှ သူမ၏ မျက်နှာတွင် ခြုံလွှမ်းထားသော အဝတ်စနီကို ဖယ်ရှားပေးလိုက်သည်။
ဖြတ်ခနဲ မျက်လုံးဖွင့်လျက် လှန်ကြည့်လာသော သူမက လက်ကလေး နှစ်ဖက်ကို.. တစ်ဖက်နှင့် တစ်ဖက် ဆုပ်ချေနေသည်။ အောက်နှုတ်ခမ်းလေးကိုလည်း ကိုက်ထားကာ.. မျက်လုံးဝိုင်းဝိုင်းလေးများက သူ့အား မမှိတ်မသုန် ကြည့်နေ၏။ ယီမင် သူမ၏ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်ပြီး ရင်ခွင်အတွင်းသို့ ဆွဲလျက် ဖက်ထားလိုက်သည်။ ရက်နှစ်ဆယ်လောက် သူမကို မဖက်လိုက်ရတာ.. သူ့အား ဘယ်လောက်ထိ တမ်းတမိစေတယ် ဆိုတာ သူမကတော့ သိမှာမဟုတ်ပဲ.. သူ့ရင်ခွင်ထဲမှာ ရှက်ရွံ့စွာ ငြိမ်သက်နေ၏။ ပြီးမှ..
“မင်းကြီး.. ကျွန်မ..”
“ဒီတိုင်းနေရအောင်.. မင်း မငိုဘူး မနာကျင်ဘူး ဆိုတဲ့ အချိန်လေးမှာ ခဏလောက် ငြိမ်ငြိမ်လေး နေရအောင် ရင်းအာ..”
ချိုင်ရင်းက ပြန်လည် ငြိမ်သက်သွားပြီး သူ့အား.. ဖေးမလိုသော လက်ဖဝါးတို့ဖြင့်.. နောက်ကျောကို ပုတ်ပေး၏။ သူမထင်သွားတာ သူက စိတ်ပင်ပန်းနေ၍ အားပေးဖို့ လိုနေသည်ဟု ဖြစ်ဟန်တူသည်။ သို့သော် သူ ဘာမှ ထပ်မရှင်းပြတော့ပဲ ငြိမ်သက်စွာသာ နေလိုက်မိတော့၏။
ပြီးနောက်တွင်မူ သူမအား လှပသော အိပ်မက်ငယ် တစ်ခုကို ပေးမက်စေလိုက်သည်။ ထိုအိပ်မက်ငယ်အား.. တစ်နှစ်အကြာတွင် ပြန်ပြီး ထိန်းသိမ်းရန်.. သူ့အစွမ်းကို သုံးရအုံးမည်သာ ဖြစ်၏။ ~ရင်းအာ မင်းဖြစ်ချင်တာ အတွက်ဆိုရင်.. ငါ့အစွမ်းတွေ အကုန် ဆုံးရှုံးရမယ် ဆိုရင်တောင် ငါဖြည့်ဆည်းပေးမိအုံးမှာ..~
@@@@@@@@@@@