မြေခွေးလေး၏ချစ်ခြင်းဒဏ္ဍာရီ
Part-5.1
အနီရောင်မိုးကြိုး.. သုံးချက်..၊
“ဒိန်း.. ဂျိမ်း..”
“ဒိန်း.. ဂျိမ်း..”
“ဒိန်း.. ဂျိမ်း..”
ကျယ်လောင်စွာ မြည်ဟီးသွားသော မိုးကြိုးသံကြောင့် ဆစ်ကျီနတ်မင်း နန်းဆောင်အပြင်သို့ ရှေ့ထွက်ကာ ကြည့်လိုက်မိ၏။ အနီရောင် မိုးကြိုးအား ဖန်တီးခဲ့သူက ကောင်းကင်ပြည်ကို တည်ထောင်ခဲ့သော နတ်မင်းကြီး ကိုးပါးတွင် ပါဝင်သည့် ဟုန်လျန်နတ်မင်း ဖြစ်သည်။ ဟုန်လျန်နတ်မင်းသည်က ပထမဆုံးသော ကောင်းကင်မင်းကြီး ဖြစ်ခဲ့သည့်အပြင် မိုးကြိုးစွမ်းအား၏ သဘာဝနတ်မင်း ဖြစ်သည်။ သို့သော် ဟုန်လျန်နတ်မင်း မရှိတော့သည်မှာ နှစ်ပေါင်း သန်းနဲ့ချီကာ ကြာမြင့်သွားပြီ ဖြစ်၏။
အနီရောင် မိုးကြိုးက အချက်ပြသော မိုးကြိုး ဖြစ်ကာ ကောင်းမွန်သော နိမိတ်လက္ခဏာတော့ မဟုတ်ပေ။ ထိုအတူ တလီ တိမ်တောင် နန်းဆောင်ခန်းမအတွင်းသို့ နတ်မင်းများ အများအပြား ရောက်လာကြပြီ ဖြစ်သည်။ ဒါက အနီရောင်မိုးကြိုး သုံးချက်ကြောင့်မို့ ဆိုတာကို အထူး ပြောရန် မလိုတော့ပေ။
“အနီရောင် မိုးကြိုးသုံးချက်..”
ချင်းရန် မကျေမနပ် ရေရွတ်လိုက်မိ၏။ ဒီအမှတ်သင်္ကေတက ဘာလဲ ဆိုတာကို အသက်တစ်သိန်းနှင့် အထက် နတ်မင်းတွေ အားလုံး သိရှိပြီး ဖြစ်ကြသည်။ ဒါက ကောင်းကင်ကို ဖြိုခွဲနိုင်သော နတ်တစ်ပါး မွေးဖွားလာသည် ဟူသော အကြောင်းကို ဟုန်လျန်နတ်မင်းက သိရှိစေရန် စီရင်ထားခဲ့ခြင်း ဖြစ်ပေသည်။
“ဘယ်သူလဲ ဘယ်ကနတ်လဲ.. တကယ် သိချင်မိတယ်..”
ချင်းဆစ်က ထိုသို့ ရေရွတ်သည်။ ချင်းလီကတော့ ငြိမ်သက်စွာ နေနေ၏။ ကျိုးလျန်နတ်မင်းနှင့် ဖုန်းယွဲ့ပင်လျှင် တလီတိမ်တောင် ခန်းမသို့ ဝင်ရောက်လာပြီး..
“ကြီးကျယ်ခမ်းနားတဲ့ နတ်တစ်ပါးတော့ မွေးဖွားလာပြီး ကံဆိုးစွာနဲ့.. သူက ကောင်းကင်ရဲ့ရန်သူ ဖြစ်နေတာပဲ..”
ကောင်းကင်မင်းကြီး တလီချင်းယွင်က နောက်ဆုံးမှ ရောက်လာပြီး..
“ယီမင်ကော..”
သူ အားအကိုးရဆုံး မြေးတော်၏ နာမည်ကို ခေါ်သည်။ သို့သော် အိမ်ရှေ့မင်းသားကား.. လူ့ပြည်တွင် ဇနီးအား စောင့်ရှောက်ရန် သွားသည် ဖြစ်ကြောင်းကို ပြောပြရန် ခက်ခဲနေကြ၏။ သို့သော် ကျောင်းဟွေ့က..
“ကောင်းကင်မင်းကြီး.. အိမ်ရှေ့မင်းသားက လူပြည့်ကို ပါရမီဖြည့်ဆည်းဖို့ သွားလိုက်ပါတယ်..”
တလီချင်းယွင်၏ မျက်နှာတော်က တွန့်ကုတ်ကွေးကာ အလိုမကျမှုကို ပြီးပြည့်စုံစေသည်။ သို့သော် စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ..
“ချင်းရန် ဒီနေ့မှာ မွေးဖွားထားတဲ့ နတ်တွေ အားလုံးကို နတ်သူငယ် ဖြစ်ဖြစ် မြေနတ် ဖြစ်ဖြစ်.. ပြီးတော့.. ကျောက်တုံးကနေ မွေးလာတာပါ ဆိုရင်တောင် သိချင်တယ်..”
“ခမည်းတော် ဆန္ဒအတိုင်း ဖြစ်စေရပါမယ်..”
@@@@@@@@@@
ပိုင်ဒေသ မြေခွေးဂူ..၊
“အား!!..”
မိန်းကလေး တစ်ဦး၏ ထိတ်လန့်စွာ အော်သံကြောင့် ပိုင်ထင် တွေဝေ စဉ်းစားကာ မနေနိုင်တော့ပဲ ဇနီး၏ အိပ်ခန်းအတွင်းသို့ ပြေးဝင်မိသည်။ ဇနီးသည်က မှိန်းမောနေရာမှ.. သူ့အား မျက်လုံးဖြင့် တစ်ခုခုကို ပြောချင်နေသလို ကြည့်လာသည်။
“ဝူရွယ်.. မင်း ဘယ်လို နေလဲ ဘာဖြစ်လို့လဲ..”
ဝူရွယ်က သူ့အား နားမလည်နိုင်သော မျက်ဝန်းတို့ဖြင့် ကြည့်လာပြီး.. သူမဘေးရှိ အဖြူရောင် မြေခွေးလေး တစ်ကောင်နှင့် အနီရောင် မြေခွေးလေး တစ်ကောင်အား.. လှမ်းကြည့်လိုက်ကာ..
“ကျွန်မက အဖြူလေးကိုပဲ မွေးထားတယ်.. ထင်နေတာ ကျွန်မက နာလွန်းလို့ မွေးလိုက်တာက တစ်ဦးတည်းလား နှစ်ဦးလားတောင် မသိဘူး ဖြစ်သွားတယ်..”
ပိုင်ထင်က နှစ်ဦးလုံးကို ပွေ့ချီလိုက်ပြီးမှ..
“တစ်ယောက်က သမီးမိန်းကလေး နောက်တစ်ယောက်က သားယောကျ်ားလေး ငါတို့မိသားစု ပြည့်စုံသွားပြီကွ..”
ဝူရွယ်က ပိုင်မျိုးနွယ်မှ မွေးစားထားသော နတ်မြေခွေးလေးသာမို့ နတ်မြေခွေးဖြူအဖြစ် မဟုတ်ပါပဲနှင့် အနီရောင်အဆင်းရှိ မြေခွေးငယ်ကိုပါ ပိုင်ထင်က သူ၏ ကလေးအဖြစ် သတ်မှတ်လိုက်လေတော့၏။
မီးဖွားခန်းသို့ ဝင်လာသော ပိုင်လင်က.. အစ်ကို၏ လက်မှ အနီရောင်မြေခွေးလေးကို လှမ်းယူလိုက်ပြီး.. ပွေ့ချီလိုက်ကာ.. စေ့စပ်စွာ လိုက်ကြည့်လိုက်မိ၏။ ပြီးတော့ ကောင်းကင်နတ်မှ မြေခွေးနတ် အဖြစ် မွေးဖွားလာတာကို အံ့အားသင့်မိသည်။ ရင်ဘတ်တွင် အဖြူရောင် အစင်းမှတ်လေး ပါရှိနေ၏။ ပြီးနောက် လက်ကောက်ဝတ်တွင် ခရမ်းရောင်အလိုင်း မျှင်မျှင်များကို တွေ့ရသည်။
~~အသက်ဓာတ်တွေက အလိုအလျောက်ချိတ်ပိတ်သွားပဲ၊ တကယ့်ကို အိမ်ရှေ့မင်းသားနဲ့ ကျိုးရင်း နတ်ဘုရားမရဲ့ သား ပီသပါပေတယ်.. မြေခွေးတစ်ကောင်ရဲ့ စွမ်းအားကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိတယ်..~~
ပိုင်ထင်က သူ့လက်အတွင်းမှ သူ့သားအား ပြန်ပြီး လာချီလိုက်ကာ..
“ငါ့သားအငယ်လေးက ဘယ်လက် လက်ကောက်ဝတ်မှာ ခရမ်းရောင် အရစ်ကလေးနဲ့ပါလား.. တစ်ကိုယ်လုံး အနီ ဖြစ်ပြီးတော့ ထူးဆန်းတယ်.. သာမာန်တော့ မဟုတ်ဘူးပဲ.. ငါသူ့ကို ပိုင်ဟုန်ဟူလို့ နာမည်ပေးလိုက်မယ်.. ဟူအာ.. ဟူအာ.. ငါ့သမီးနဲ့ အမြွှာဆိုတော့ နာမည်ပါ တူညီသွားောအင် ပိုင်ဟုန်ရွယ်.. ဝူရွယ်ရဲ့ နာမည်ပါအောင် ပေးလိုက်မယ်..”
ကလေး နှစ်ဦးကို ပွေ့ချီကာ.. ပျော်မြူးနေသော ပိုင်ထင်အား ကြည့်လိုက်ပြီးမှ.. ပိုင်လင် ငြင်သာစွာ သက်ပြင်းချလိုက်မိသည်။ ~~ဟုတ်တယ်.. အဲ့တာက မင်းရဲ့သားပဲ တစ်သက်လုံး မင်းရဲ့သားပဲ အစ်ကိုကြီး~~
“မရီးက မွေးသွားပြီဆို..”
“ဟုတ်တယ်.. နှစ်ဦး အဖြူလေးရယ် အနီလေးရယ်.. အနီလေးက အငယ်လေး..”
ပိုင်လင် လော့အော်အား ညာလိုက်ပြီး.. မြေခွေးဂူအတွင်းမှ ထွက်လာ ခဲ့လိုက်တော့သည်။ ~ကဲ့ ဟုန်ဟူ ငါလုပ်ပေးနိုင်တာကတော့.. ဒါပဲ.. ကျန်တာတော့ မင်းဖာသာ အသက်ရှင်ဖို့ ကြိုးစားပေတော့ ဟုန်ဟူရေ..~
မြေခွေးဂူအတွင်းမှ ထွက်လာတော့ အစေခံငယ်လေး တစ်ဦးက ပြေးလာပြီး.. အမောတကော လေသံဖြင့်..
“ပိုင်ဒေသနဲ့ ကောင်းကင်ကို ကူးလူးတဲ့ တံတားမှာ.. ကောင်းကင်က ဧည့်သည်တွေ ရောက်နေပါတယ်.. ဘုရင်မမွေးဖွားတယ်လို့ ကြားလို့ ရောက်လာတာလို့ ပြောပါတယ်..”
“ဟုတ်လား..”