Part-4.3
ဆစ်ကျီက မျက်နှာထားတင်းသွားလျက်ဖြင့်..
“ရှင်းရောင်း.. ခုနက ပြောတဲ့ မြေခွေးနံ့ ဆိုတာကို ထပ်ပြော..”
ရှင်းရောင်းက.. ပုခုံးလေးပင် ကျုံ့သွားလျက် လန့်သွားပြီး..
“မြေခွေးနံ့ပဲ ဒါပေမယ့် မွေးတယ်.. တောတောင်အနံ့ မဟုတ်ဘူး.. ကတိုးနံ့ တစ်ခုခုနဲ့ တူတယ်..”
“ဘယ်လိုမျိုး အနံ့မျိုးလဲ..”
ရှင်းရောင်းက အပြင်သို့ အကြည့်ရောက်သွားပြီးမှ.. တွေဝေစွာဖြင့်..
“ဝိဉာဉ်ပန်း အနံ့နဲ့တူတယ်..”
နတ်မင်းသားနှစ် မျက်နှာ ပုန်းကွယ်ရာ မရှိတော့သလို ခံစားလိုက်ရတော့၏။ ဝိဉာဉ်ပန်း ဆိုတာက နတ်မြေခွေးဖြူတွေ နေထိုင်ရာ တောင်ငါးလုံးတွင် ရှိသော အဖြူရောင် အဆင်းရှိလျက် ပန်းပွင့်ဖတ်များက ပါးလွှာကာ.. ဝိဉာဉ်တစ်ကောင်နှင့် တူညီသောကြောင့် ဝိဉာဉ်ပန်းဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။
ယခင် နှစ်တစ်သိန်းခန့်က နတ်မြေခွေးဖြူများသည် သာမာန် မြေနတ်များ အဖြစ်သာ ရှိကြသေး၏။ မြေခွေးရွာ အတွင်းတွင် နေထိုင်ကြပြီး.. တခြားသော နတ်မြေခွေးများနှင့် ရောနှောနေထိုင်ကြသည်။ သို့သော် လွန်ခဲ့သော နှစ်တစ်သိန်းခန့်က မြေပြင်နတ်တို့ အားလုံးသည် ကိုယ်ပိုင် အသက်ဓာတ်ကို အသုံးပြုခွင့် ရရှိသွားကြသည်။
ထိုတွင် ကိုယ်ပိုင် အသက်ဓာတ်ကို ရရှိသွားကြသော မြေနတ်တို့သည် ကောင်းကင်အား မလေးမစား ပြုမူလာကြ၏။ ထို့ကြောင့် ကောင်းကင်မင်းကြီးက မြေပြင်တွင် မြင့်မြတ်သော မျိုးနွယ်စု တစ်ခုကို သတ်မှတ်ပေးရန် အမိန့်ချမှတ်လိုက်သည်။ ထိုအခါ မြေနတ်မျိုးနွယ် များစွာတို့တွင် နတ်မြေခွေးဖြူတို့ စွမ်းအားက သာလွန်မြင့်မားပြီး.. ကောင်းကင်နှင့် ငြိမ်းချမ်းရေး ရရှိထားရန် သဘောတူကြသည်။ ထို့အတွက် ကောင်းကင်မင်းကြီးက မြေပြင်နတ်ဒေသ ငါးခုအား နတ်မြေခွေးဖြူတို့ကို အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုနတ်မြေခွေးဖြူ ဒေသအား ပိုင်ဟု သတ်မှတ်ပေးခဲ့သည်။
ထိုသို့ အုပ်ချုပ်ခွင့် ပေးခဲ့သည်မှာလည်း အိမ်ရှေ့မင်းသား၏ မင်္ဂလာဆောင်ပြီး နှစ်တစ်သောင်းတွင် ဖြစ်ရာ ယခုဆိုလျှင် နှစ်ကိုးသောင်းပင် ရှိပြီ ဖြစ်၏။ နတ်မြေခွေးဖြူတို့၏ မျိုးနွယ်အင်အားကလည်း ကောင်းမွန်စွာ တည်ဆောက်ပြီး ဖြစ်လေရာတွင်.. မသေချာမခိုင်လုံသော အကြောင်းတို့ဖြင့်.. ကောင်းကင်မှ ပြစ်မှုအား.. နတ်မြေခွေးဖြူတို့အား စွပ်စွဲ၍ မရပေ။
စွပ်စွဲလိုက်ပါက.. ဖြစ်လာမည့် အကြောင်းတို့ကို ဆစ်ကျီ နတ်မင်းက တွေးမိဟန်တူသည်။ ငြိမ်းချမ်းရေး တည်ဆောက်ထားမှု ပျက်ပြားပြီး.. ကောင်းကင်နှင့် မသင့်မြတ်မည်ကို စိုးရိမ်ဖွယ် ဖြစ်လေသည်။
“ဆစ်ကျီ နတ်မင်း.. ကျွန်တော်မျိုးလက်ထဲကို ဒီကိစ္စ လွဲအပ်လိုက်ပါ..”
ဆစ်ကျီ နတ်မင်းက ကျိုးရင်း နတ်ဘုရားအပေါ်တွင် ဘယ်လောက်ထိ အလေးအမြတ်ထားမှန်း သိနေသဖြင့် နတ်မြေခွေးဖြူတို့အား ရန်မစဘူးဟု မဆိုနိုင်ပေ။ ထို့အတွက် ချင်းရန် ထိုကိစ္စကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ဆစ်ကျီ နတ်မင်းက..
“မင်း ပိုင်မျိုးနွယ်တွေဆီ သွားမယ် ဆိုရင်.. ငါလည်း လိုက်လာမယ်..”
ဒီတောင်းဆိုချက်ကိုတော့ ချင်းရန် ငြင်းရန် မသင့်တော်တာမို့.. မငြင်းတော့ပဲ ခေါင်းညိတ် လက်ခံလိုက်ရသည်။
@@@@@@@@@@@@
လော့အော်.. လက်ထဲတွင် ကိုင်ထားသော အနီရောင်တလက်လက် ဖြစ်နေသော ဝိဉာဉ်ငယ်များကို ထည့်ထားသည့် အလင်းအိမ် ရှည်မျောမျောလေးကို ကိုင်ကြည့်လိုက်ပြီးမှ အမှောင်ထုဖြင့် ဖုံးလွှမ်းလိုက်သည်။ ဘေးနားတွင် ယောက်ျားဖြစ်သူ ပိုင်လင်က လော့အော်အား..
“လော့အော်.. မင်း ဘာလို့ ဒီအမှောင်အင်အားကို ပြန်သုံးရတာလဲ..”
ပိုင်လင်က နတ်မြေခွေးဖြူ ဘုရင်၏ ယောက်ဖ ဖြစ်သည်။ သို့သော်.. နတ်မြေခွေးဖြူတို့၏ ထုံးစံအတိုင်း ရိုးရှင်းပြီး နားလည် မလွယ်သောသူသာ ဖြစ်လေ၏။
“အမှောင်ထုနဲ့သာ မဖုံးလိုက်ရင် ကျွန်မတို့ ယူလာတာကို သူတို့ ရိပ်မိသွားမှာပေါ့..”
“မင်းက ဘာဖြစ်လို့ အဲ့ဒီကလေးကို ယူလာချင်ရတာလဲ ငါ အခုထိ နားမလည်ဘူး..”
ပိုင်လင်က အခုထိ နားမလည်သေးသော ဟန်ဖြင့် ပြောနေသေး၏။ လော့အော် ဆက်ပြီး ရှင်းပြဖို့ မစဉ်းစားတော့ပဲ ပိုင်မျိုးနွယ်တို့၏ ဒေသတွင် ဆင်းသက်လိုက်ပြီး..
“ငါတို့ ဒီကလေးကို သတ်ပစ်လိုက်မယ်!!..”
“လော့အော်..”
လော့အော်သည်က သင့်တော်သော သတို့သမီး ဖြစ်သည့်အပြင် သူသည်လည်း နှစ်သက်သည်မို့ ကျိုးဖန့်သုန် နတ်မင်းထံတွင် သွား၍ တောင်းဆိုကာ ရယူထားသော်လည်း တစ်ခါတစ်လေတွင် လော့အော်၏ အတွင်းစိတ်အား ပိုင်လင် မမြင်နိုင် ဖြစ်ရလေသည်။ ယခု ဖြစ်ရပ်သည်လည်း ထိုသို့ပင်၊
@@@@@@@@@
နတ်မြေခွေးဖြူ မျိုးနွယ်၏ ဆက်ခံသူ မွေးဖွားခြင်း..၊
နတ်ခြေခွေးဖြူ မျိုးနွယ်တို့၏ အကြီးအကဲ ပိုင်ထင်က မြေခွေးဂူ၏ အပြင်ဘက် ညောင်ကညင်ပင်ကြီး အောက်တွင် တည်ငြိမ်သော ဟန်ပန်ကို အတင်းကျပ် ထိန်းချုပ်ထားသော ဟန်ပန်ဖြင့်.. လမ်းလျှောက်နေသည်။ သို့သော် မြေခွေးဂူအတွင်းမှ ဇနီးသည်၏ တစ်ချက် တစ်ချက် ညည်းညူသံကို ကြားရလေတိုင်း.. ထိန်းချုပ်ထားသော ဟန်အမူအယာတို့ ပျောက်ဆုံးကာ ဂူအဝသို့ ရောက်ရောက်သွား၏။
ပိုင်ထင် ထိုသို့ ဖြစ်နေသော်လည်း.. ယောက်ဖဖြစ်သူ ပိုင်လင်ကမူ အနီရောင် ဝိဉာဉ်ဖြင့် အားပြည့်နေပြီး ဖြစ်သော မွေးဖွားလု ကလေးငယ်က မွေးဖွားရန် အချိန်သို့ ရောက်နေပြီး.. အင်အားတွေ ပြည့်ဝနေပြီဟု မှတ်ထင်ရသည်။ တောက်ပသော အနီရောင် ဝိဉာဉ်ဖြင့် ကလေးငယ်အား.. မွေးဖွားရန် သစ်ပင်သို့ မဟုတ် သစ်တုံးကို အသုံးပြု၍ ရသော်လည်း ထိုသို့ သုံးလိုက်ပါက ကောင်းကင်မှ ချက်ချင်းပင် သိရှိသွားမည်။ ထိုသို့ သိရှိသွားပါက လော့အော်.. သေဆုံးသည်အထိ ကောင်းကင်၏ အပြစ်ဒဏ်ကို ရသွားမည်ကိုလည်း အသည်းမာမာနှင့် မကြည့်ရက်နိုင်သလို ဒီကလေးငယ်အား.. သတ်ပစ်သည်အထိ လော့အော်၏ အငြိုးတရား ကြီးမားမှုကိုလည်း နားမလည်နိုင်ပေ။
ယခုလို အစ်မ၏ကလေးအဖြစ် သတ်မှတ်လိုက်ပါက ဒီကလေးငယ်အား သတ်ရန်မလိုသလို.. လော့အော်လည်း အပြစ်ဒဏ် ခံရန် မလိုတော့ပေ။ ထို့ကြောင့် ပိုင်လင်၏ အတွေးသည် ပြီးပြည့်စုံသည်ဟု ထင်မြင်မိသည်။ မြေခွေးဂူအတွင်းသို့ ယောကျ်ားသားများ မဝင်ရဆိုသော စကားအရသာ ပိုင်လင် ပိုင်ထင်နှင့် အိမ်အပြင်တွင် စောင့်နေသော်လည်း.. အစ်မတော် မွေးဖွားသွားမှာကို စိုးရိမ်လှစွာ ကလေးမွေးရန် အနည်းငယ်မျှ ခက်ခဲစေသော ဂါထာကို ရေရွတ်နေမိသည်။
ခဏကြာတော့ ရေလဲပေးသော မြေခွေးမလေး၏ ရေဇလုံအတွင်းသို့ တခြားသူများ မမြင်ခင်မှာ အနီရောင် အင်အားပြည့်နေသည့် ဝိဉာဉ်ငယ်ကို ထည့်လိုက်ပြီး အပေါ်မှ အဝတ်ပါးဖြင့် ဖုံးအုပ်ပေးလိုက်သည်။ ထိုအပျိုတော်အား.. သေချာ ကြည့်လိုက်တော့ သူမက ညို့ယူခံလိုက်ရပြီး ဘာမှ မပြောတော့ပေ။
ဝိဉာဉ်ငယ်ကတော့ မွေးဖွားတော့မယ့် အစ်မအနားသို့ ရောက်သွားတော့မည်။ ~~မင်းက တကယ့်ကို အင်အားကြီးမားတဲ့နတ် ဖြစ်လာမယ် ဆိုရင် မင်းမွေးဖွားဖို့ နေရာကို မင်းကိုယ်တိုင် ရှာလိုက်ပါ~~
တကယ်လည်း သူ တတ်နိုင်သလောက် ထိုဝိဉာဉ်အား ကူညီပေးလိုက်ပြီ ဖြစ်၏။ ပိုင်ထင်က သူ့စိုးရိမ်နေတာကို တစ်မျိုး သတ်မှတ်လိုက်မိကာ..
“ပိုင်လင်.. ဝူရွယ်က မင်းရဲ့မွေးစားအစ်မ ဆိုပေမယ့် ငါ့ဇနီးပါ မင်းလုပ်နေတာနဲ့ မင်းကို သူများတွေက ကလေးအဖေ ထင်နေတော့မှာပဲ..”
ထိုအခါမှ ပိုင်လင် အနည်းငယ် ရှက်ရွံ့သွားမိသည်။ သူပူနေတာက တခြား အစ်ကိုကြီး ပြောလာတာက တခြားမို့ ပိုပြီး နေရခက်သည်။ တကယ်က ဝူရွယ်နဲ့ ပိုင်လင်အား.. အရင် ပိုင်မျိုးနွယ် အကြီးအကဲက မွေးစားထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပိုင်ထင် ဝူရွယ် ပိုင်လင်က မောင်နှမ သုံးဦး ဖြစ်ကာ.. အရွယ်ရောက်ပြီး လှပလာသော ဝူရွယ်အား ပိုင်ထင်က ချစ်ခွင့်ပန်ကာ.. မောင်နှမမှ ဇနီးမောင်နှံသို့ ပြောင်းလဲလိုက်၏။
ဝူရွယ်၏ မောင်အရင်း ဖြစ်သော ပိုင်လင်ကမူ သူတို့ နှစ်ဦးအား သဘောမတူရန် အကြောင်းမရှိပေ။ ပိုင်ထင်က ပိုင်ဒေသကို စတင်အုပ်ချုပ်ကတည်းက ဖြောင့်မတ် မှန်ကန်သောကြောင့် ကောင်းကင်ကပင် လေးစားရသောသူ တစ်ဦး ဖြစ်သည့် အပြင် အသက်ဓာတ် ပိုင်ဆိုင်မှုကို ရရှိသွားကတည်းက ကန့်သတ်ရန် မလိုသော နတ်စွမ်းအားတို့က တိုးပွားလာခဲ့သည်။
“အူဝဲ.. အူဝဲ.. အူဝဲ..”
ကလေးငယ်တစ်ဦး၏ အော်ငိုသံက ပိုင်ဒေသတစ်ခွင်လုံးသို့ ပျံ့နှံ့သွားတော့သည်။ ပိုင်ထင်၏ ဆက်ခံသူ မွေးဖွားလာပြီ။
“မိန်းကလေးလား ယောကျ်ားလေးလား..”
“မိန်းကလေးပါ.. သခင်ကြီး.. မိန်းကလေးပါ..”