Part-4.2
ယီမင်ကိုယ်တိုင်လည်း သားသမီး ဆုံးရှုံးမှုအတွက် ကြေကွဲ နေရသူမို့.. တိတ်ဆိတ်သွားမိသည်။ ဆစ်ကျီ နတ်မင်းက ရင်းအာ၏ ခရမ်းရောင်သို့ ကူးပျောင်းသွားသော ဆံပင်တွေကို သပ်ပေးလိုက်ပြီးမှ..
“ရင်းအာ.. ဆရာ မင်းကို ကတိပေးတယ်.. မင်းရဲ့ကလေးကို ပျောက်ကွယ်စေတဲ့နတ်ကို တွေ့တာနဲ့.. သူ့ဝိဉာဉ်တွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် လုပ်ပြီး နတ်ဘဝကို ဘယ်တော့မှ ပြန်မရောက်နိုင်အောင် ငါ ဝိဉာဉ်နဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာတိုက်ပေးမယ်..”
“ဆရာ..”
ရင်းအာ၏ အသံလေးက သိမ်ဝင်သွားကာ.. အငိုသန်သော ကလေးကဲ့သို့ မျက်နှာက ပြောင်းလဲသွား၏။ ဆစ်ကျီ နတ်မင်းက တူမဖြစ်သူအား ခေါင်းလေးကို ပုတ်လိုက်ပြီးမှ..
“ငါက မင်းအတွက် တခြားဟာတွေ ဖြေရှင်းပေးထားမှာ ဆိုတော့ မင်း ဖြစ်ချင်တာကို သွားပြီး လုပ်လာခဲ့ပါ..”
ထိုအခါတွင်မှ သူမက ကျောင်းဟွေ့၏ မေ့ဆေးရည် ခွက်ကို မော့သောက်လိုက်သည်။ သူမသည် သူတို့ ရှေ့တွင် မှုန်ဝါးပြီး ပျောက်ကွယ် သွားတော့၏။ သူမ ပျောက်ကွယ် သွားမှ ကျောင်းဟွေ့က..
“အရေးကြီး ကိစ္စရှိတာလား.. ကျိုးရင်း နတ်ဘုရားမက လူပြည့်မှာ စမ်းသပ်ဖို့ မလိုတဲ့ နတ်ဘုရားတွေထဲမှာ ပါတယ်လေ..”
ယီမင် သူ့လက်တွေ အတွင်းမှ ကွယ်ပျောက်သွားသော သူမလက်ကလေးကို မရှိတော့သော်လည်း ပြန်ငုံ့ကြည့်လိုက်ပြီး.. မောပန်းသလို စိတ်တို့ဖြင့် ထိုင်ချလိုက်မိသည်။ သူမအား လူပြည်သို့ တစ်ပါးတည်း ပေးမသွားလိုပေ။ ထို့ကြောင့်.. ကျောင်းဟွေ့အား..
“ကျောင်းဟွေ့ ငါ့အတွက် လူသားကံကြမ္မာတစ်ပုဒ် ရေးပေးပါ..”
“မဟုတ်သေးဘူး.. ယီမင်..”
ဦးလေးနှစ်က ပြောတော့ ယီမင် ခေါင်းယမ်းလိုက်သည်။
“ကျွန်တော် ရင်းအာကို စိတ်မချဘူး.. သူက ဘယ်လိုပဲ အသက်ကြီးပြီး စွမ်းအား ပြည့်ဝတဲ့ နတ်ဘုရားမ ဆိုပေမယ့် ကျောင်းဟွေ့ရဲ့ မေ့ဆေးရည်ကြောင့် သူ အဲ့တာတွေကို သိတော့မှာ မဟုတ်ဘူး.. သူ့ကို ကျွန်တော် သွားပြီး စောင့်ရှောက်ရမယ်.. မေ့ဆေးရည် မသောက်တော့ဘူး..”
“ယီမင်.. မင်း လူ့ပြည်ဆင်းမှာ မေ့ဆေးရည် မသောက်ပဲနဲ့.. လူသားတွေရဲ့ ကံတရားကို ခြယ်လှယ်မိရင်.. မင်းရဲ့ စွမ်းအားတွေ လျော့သွားမှာနော်..”
ဦးလေးလေးက သတိပေးစကားဆိုသည်။ သို့သော်.. ယီမင် အိမ်ရှေ့မင်းသား အမှတ်တံဆိတ် ဆံထိုးငယ်ကို ချလိုက်ပြီး ဆံပင်တွေကို ကျောပေါ်သို့ ဖြေချလိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် လူပြည့်ကို သွားမယ် ဆိုသော သဘော..၊
“ဦးလေးလေး.. ကျွန်တော် နှစ်လပဲ သွားမှာပါ.. နှစ်လပြည့်သွားလို့.. ရင်းအာ ပြန်မရောက်သေးဘူးရင်တောင် ကျွန်တော် ပြန်လာခဲ့မယ်..”
နတ်မင်းသားလေးက တားမြစ်ချင်သော သဘောရှိသော်လည်း နတ်မင်းသားနှစ်က ယီမင်အား.. သားမွေးယပ်ဖြင့် တစ်ချက် ခတ်လိုက်ပြီးမှ..
“ကောင်းပြီ.. မင်းသွား.. ပြီးရင် ကောင်းကောင်းမွန်မွန်ပဲ ပြန်လာခဲ့.. မင်းကိုယ်တိုင် ပြောဆိုထားတာ သိတယ်.. မဟုတ်လား.. တကယ်လို့ မင်းနဲ့ တိုက်ခိုက်နိုင်သူက အိမ်ရှေ့မင်းသား နေရာကို ဆက်ခံလို့ ရတယ် ဆိုတာကို မင်းစွမ်းအားတွေ မလျော့လာစေနဲ့..”
“ကောင်းပါပြီ.. ဦးလေးနှစ်..”
ကျောင်းဟွေ့က အခြေအနေတွေကို သိပ်နားမလည်သေးသော်လည်း.. ကံကြမ္မာစာအုပ်ကို ဖြန့်ချလိုက်၏။ ပြီးမှ..
“အိမ်ရှေ့မင်းသားက မေ့ဆေးရည် မသောက်ဘူး ဆိုတော့.. ဒီအတိုင်းပဲ ဝင်သွားလို့ ရပါပြီ.. ဒါပေမယ့် မင်းသားက ကံတရားစာမျက်နှာပေါ်မှာ ပေါ်နေမှာ ဆိုတော့ လူသားခန္ဓာကိုယ် ဖြစ်ပြီး သေနိုင်တာမို့.. အသက်စေ့ နေမယ်ဆိုရင် မင်းသား အထူးသတိထားပါ.. မင်းသားရဲ့ ကံတရားကို”
“ငါသိပြီ..”
မေ့ဆေးရည် မသောက်ရသေးပဲ.. သွားလိုက်တာမို့ သူက ကံကြမ္မာစာအုပ်အတွင်းသို့ ရောက်သွားရုံသာ ရှိ၏။ ယီမင် ထွက်သွားပြီ ဆိုမှ.. ဆစ်ကျီက နတ်မင်းသားနှစ်အား..
“ချင်းရန်.. ငါတို့ ဆွေးနွေးဖို့ တစ်ခု ရှိတယ်..”
ကျောင်းဟွေ့က ချက်ချင်းပင် ထရပ်လိုက်ပြီးမှ.. ဆစ်ကျီနတ်မင်းနှင့် နတ်မင်းသားနှစ်အား ဂါရဝပြုလိုက်ပြီး..
“ဆစ်ကျီနတ်မင်းနဲ့ နတ်မင်းသားနှစ်ကို ပို့ဆောင်ပါတယ်..”
ဆစ်ကျီ ကျောင်းဟွေ့၏ နန်းဆောင်မှ ထွက်လာတော့.. နတ်မင်းသားနှစ်က တည်ကြည်စွာဖြင့်..
“ဆစ်ကျီ နတ်မင်း ပြောဖို့ တစ်ခုခုများ ရှိနေတာလား..”
“ဟုတ်တယ်.. ငါ့ရဲ့ နန်းဆောင်မှာ မင်းပို့ထားတဲ့.. နတ်သမီးကို သိတယ်.. မဟုတ်လား..”
နတ်မင်းသားနှစ်က သတိတရ ဖြစ်သွားဟန်ဖြင့်.. ခေါင်းကို တစ်ဆတ်ဆတ် ညိတ်၏။ ပြီးမှ..
“အော် ဟို မိစ္ဆာတစ်ဝက်..”
“ဟုတ်တယ်.. သူက.. ပြောတယ်.. မြေခွေးနံ့ ရတယ်တဲ့..”
“မြေခွေးနံ့..”
နတ်မင်းသားနှစ် ခေတ္တမျှ ဆွံ့အသွား၏။ ပြီးမှ..
“မြေခွေးနံ့.. ဘယ်လို မြေခွေးနံ့လဲ..”
နတ်မင်းသားနှစ်က မရှင်းလင်းသလိုဖြင့် ထပ်မေးသည်။ ဆစ်ကျီ နတ်မင်းက အလွန်အမင်း သည်းခံထားသော မျက်နှာဖြင့်..
“ငါလည်း သိပ်မရှင်းလင်းသေးဘူး.. ငါတို့ ရှောင်ရောင်းကို မေးကြည့်သင့်တယ်..”
ထိုသို့ အကြံပြုချက်က ရိုးစင်းလွန်းသော်လည်း ဆစ်ကျီ နတ်မင်း၏ မိစ္ဆာလေး ဟူသော အခေါ်အဝေါ်ကြောင့် ချင်းရန် ခလုတ် တိုက်မတတ်ပင် ဖြစ်သွားမိ၏။ ထို့ကြောင့် အကြံပြုချက်အား အလေးထားဖို့ထက် ထိုအခေါ်အဝေါ်အား အလေးပေးမိလျက်..
“ရှောင်ရောင်း..”
နတ်မင်းသားနှစ်က တအံ့တသြ ဆိုလာသည်။ ဆစ်ကျီက သူပြောလိုက်သော စကားတွင် အမှားအယွင်းတစ်ခုမှ မရှိဟု ယုံကြည်ဟန်ဖြင့်.. နတ်မင်းသားနှစ်၏ အပြုအမူကို မနှစ်သက်ဟန် မျက်မှောင်ကို တွန့်ချိုးပစ်လိုက်၏။
“ရှောင်ရောင်း မဟုတ်ရင် ရောင်းဖွားဖွားလို့ ခေါ်ရမှာလား..”
ဆစ်ကျီက ထပ်ရှင်းတော့.. နတ်မင်းသားနှစ်က ဘာမှမပြောတော့ပဲ.. တိတ်ဆိတ်သွား၏။ နတ်သမီးငယ် တစ်ပါးအား ဖွားဖွားဟု ခေါ်ရမည်လားဟု မေးလာခြင်းက တခြားသော နတ်မင်းတွေ နတ်သားတွေ ဆိုလျှင် ရယ်ဖွယ်အနေနှင့် ဖြစ်နိုင်သော်လည်း.. ဆစ်ကျီ ဟူသော မျက်နှာအေး နတ်အိုကတော့ ထိုသို့ ဟုတ်မယ် မထင်ပေ။ ထို့ကြောင့် တိတ်ဆိတ်လိုက်တာ အကောင်းဆုံးဟု ချင်းရန် ထင်သည်။ ဆစ်ကျီနတ်မင်းက သူ၏ နန်းဆောင်သို့ ဦးတည်လျက် ခေါ်သွားပြီးမှ..
“ကျိုးယွီ ဘယ်လိုနေလဲ..”
ဆစ်ကျီ နတ်မင်း၏ အမေးစကားအား.. ရှင်းရောင်းက ကပျာကယာ အရိုအသေပေးလိုက်ပြီးမှ..
“ကျိုးယွီ နတ်သား သတိရလာပါပြီ.. ဒါပေမယ့်..”
“အရှေ့က ဖယ်..”
ဆစ်ကျီက အိပ်ရာပေါ်တွင် ထထိုင်နေသော ကျိုးယွီအား..
“ဘာဖြစ်ခဲ့တာလဲ..”
ကျိုးယွီက နားမလည်ဟန်ဖြင့် မျက်တောင်ကို ခတ်လိုက်သေးလျက်..
“မီးငှက်က ရုတ်တရက် ထပျံတော့ ကျွန်တော်လည်း သူ့ကို လိုက်ဖမ်းတယ်.. နောက်တော့ ဘာမှမမြင်ရတော့ဘူး..”