book

Index 8

Part-4.1

မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း


Part-4.1


ဒီနေ့လည်း သုံးနာရီ အတန်းချိန်တွင်လည်း ပင့်ခ်ကတော့ အိပ်၍ ကောင်းနေ၏။ ပြောသမျှကိုလည်း နားအတွင်းသို့ မဝင်တစ်ချက် ဝင်တစ်ချက်သာ ဖြစ်သည်။ ပင့်ခ်က အရှေ့မှ စားပွဲပေါ်တွင် အေးအေးလူလူ အိပ်ပျော်နေသော်လည်း မည်သူမျှ ပင့်ခ်ကို နိုးစေရန် မရည်ရွယ်ကြပေ။ သို့သော် အိပ်နေသော စားပွဲသို့ ဒေါက်ခနဲ ထောက်လာသော အသံကြောင့် ပင့်ခ် မော့ကြည့်မိသည်။ 


“ဒီအပတ်အဆုံးမှာ အသင်းနှစ်ခု ယှဉ်ပြိုင်ရမယ် အသင်းခေါင်းဆောင် နှစ်ဦးကို အဆင်သင့် ဖြစ်ထားစေချင်တယ်”


ပင်ခ့် အူလည်လည်နှင့် ခေါင်းညိတ်မိပြီးမှ ဇက်ခ်ကို ဘာလဲဟု မေးဆတ်ကြသည်။ ဇက်ခ်ထံသို့ အကြည့် ရောက်တော့ အကြည့်အားဖြင့် သိပ်မဝေးသော အကွာအဝေးသို့လည်း အကြည့်က ဝေ့ဝဲ ရောက်ရှိသွားသည်။ မေဗယ်လ်က ထိုင်နေရာမှ ထရပ်လိုက်ပြီးမှ


 


“ခေါင်းဆောင် နှစ်ဦး ဆိုရင် မမျှတမှာ စိုးတယ် မစ္စတာကန်ဆယ်လ် တွဲဖက်ကို ပြန်ပြီး ဆွေးနွေးချင်ပါတယ်”


မေဗယ်လ်၏ စကားအဆုံးတွင် ပင့်ခ် ဆတ်ခနဲ ဖြစ်သွားသလို မေဗယ်လ်အနားတွင် ရှိသော မနေ့က ပင့်ခ်ကို လက်ထောက်လုပ်ချင်သည်ဟု လက်ထောင်ပြသည့် ငနဲသားက ထရပ်လိုက်ကာ


“ဆရာကန်ဆယ်လ် ကျွန်တော်က ဇယ်ရာမျိုးနွယ်က ဂျော်ဒန်ဇယ်ရာပါ မေဗယ်ဇိုးဒန်ရဲ့ တွဲဖက် ဖြစ်ချင်ပါတယ်”


ဒီစကားက မေဗယ်လ်ကို စိန်ခေါ်လိုက်တာ ဖြစ်သော်လည်း ပင့်ခ်ကို ကျော်လွှားလိုက်ခြင်း ဖြစ်သည်မို့ ပင့်ခ် ထငြင်းဖို့ ပြင်လိုက်စဉ်


“ငါ လက်ခံတယ်”


ပင့်ခ် ဘယ်လိုမှ ငြိမ်မနေနိုင်တော့ပဲနှင့် ထပြောမိတော့သည်။ 


“ငါငြင်းတယ် ခေါင်းဆောင်က ခေါင်းဆောင်တစ်ဦးနဲ့ပဲ ပိုသင့်တော်တယ် ငါတို့က မျိုးနွယ်ကြီးက လာတာပဲလေ ဇိုးဒန်နဲ့ စနိုးဖလိတ်က သင့်တော်တဲ့ ပြိုင်ဖက် ဖြစ်သင့်တယ် မဟုတ်ဘူးလား ဆရာ”


မေဗယ်လ်ကတော့ သူမ၏ နားကျပ်ကို ပြန်တပ်လိုက်ပြီ ဖြစ်ကာ စားပွဲပေါ်ရှိ စာအုပ်တွေကို စီလိုက်ပြီးမှ ကျောပိုးအိတ် အနက်အတွင်းသို့ ထည့်လိုက်ပြီး သူမနှင့် ဘာမှ မဆိုင်သလို ကျောခိုင်းထွက်သွားဖို့ ကြိုးစားသည်။ ပြီးမှ ခပ်အေးအေး လေသံဖြင့် 


“မင်း ငါ့ပြိုင်ဖက် မဖြစ်သင့်ဘူး”


ဘာ!၊ ထပ်ပြီးတော့ အထင်သေးတာမျိုး လုပ်လာပြန်ပြီ၊ ဒီတစ်ကြိမ်တော့ သည်းမခံတော့ဖို့ ဆုံးဖြတ်လိုက်ကာ 


“အမ်မာဒရေး”


ပင့်ခ်၏ ရွှေရောင် လက်ညိုးအစွပ်လေးမှ ဝင်းခနဲ အလင်းလေး တစ်ချက် ထွက်သွားပြီး အလင်းမှုန်တွေ အစုအဝေးက မေဗယ်လ်၏ နောက်ကျောသို့ မှန်သွားသည်တွင် မေဗယ်လ်၏ ဘေးနားတွင် အကာရံ တစ်ခု ပေါ်လာပြီးမှ ထိုကျိန်စာကို ပြေပျောက်သွားစေသည်။ 


“သူက အလိုရာ ကျိန်စာ သက်ရောက်မှု ရှိတယ်”


ပင့်ခ်၏ မျက်နှားချင်းဆိုင်မှ ကောင်လေးက ထိုစကားကို ထပြေလိုက်ပြီးမှ ပင့်ခ်အား နှစ်လိုဖွယ် ကြည်သာစွာ ပြုံးပြလာ၏။ ကြည့်ရတာ သူက မေဗယ်လ့် အကြောင်းကို အများကြီး သိနေဟန်ကြောင့် ပင့်ခ်၏ ဦးတည်ချက်တွေက ထိုကောင်လေးအား ချိုသာစွာ ပြုံးပြလိုက်လေတော့သည်။ 


မေဗယ်လ်ကတော့ ထိုသို့ ဖြစ်ပျက်သွားတာကို မလိုလားဟန်ဖြစ်စေ နောက်ထပ် တခြားတစ်ခုခု ဖြစ်စေ မျက်နှာမှာ မထင်ဟပ်စေတော့ပဲ လှည့်ကာ ထွက်ခွာသွားပြီ ဖြစ်၏။ ပင့်ခ်၏ ခြေလှမ်းတွေကလည်း ခုနတုန်းက စကားပြောလာသော ကောင်လေးအနားသို့ ရောက်သွားတော့သည်။ ဇက်ခ်ကတော့ ပင့်ခ်၏ မစ်ကီလေးနှင့် စကားပြောရင်း ကျန်နေခဲ့လေသည်။ 


“ဟေး ငါက ပင်ခ်ကီပါ”


ထိုကောင်လေးက ပင့်ခ်အား ခေါင်းညိတ်ပြလိုက်ပြီးမှ ချိုသာစွာ ပြုံးပြရင်းဖြင့် 


“ငါမင်းကို သိတယ်”


“အိုကေ အဲ့တာဆို ငါတို့ တချို့ အကြောင်းအရာတွေ ပြောလို့ ရတယ်ပေါ့”


“သေချာတာပေါ့ ငါလည်း စကားပြောရတာကို ကြိုက်ပါတယ်”


“မေဗယ့်လ်ကို ဂျွန်ဒီမော့စ် အလိုရာ ကျိန်စာကို ပေးခဲ့တာ ဘယ်သူလဲ သိလား”


“သိတယ်”


“မင်း သူ့ကို သိတာ အများကြီးပဲ”


“ငါနဲ့ သူနဲ့က မြို့နီးတယ်လေ ပြီးတော့ မိဘချင်းလည်း သိကြတယ်”


“မင်းနဲ့သူနဲ့ စေ့စပ်ထားတာတော့ မဟုတ်လောက်ပါဘူးနော်”


ထိုစကားတွင်တော့ ထိုကောင်လေးက ဟက်ပက်စွာ ရယ်ချလိုက်လေ၏။ 


“ဟား ဟား ဟား ဟား ငါက သူ့ရဲ့ စတိုင်လ် မဟုတ်ဘူး ထင်ပါတယ် ငယ်ကတည်းက မေဗယ်လ်က စကားပြောရမှာ တွန့်တိုတယ်လေ ဝှိုက်ဝှစ်ချ် တွေထဲမှာ အေးစက်နေတတ်တာ သူမပဲ ရှိလိမ့်မယ် ဝှိုက်ဝှစ်ချ်တွေ အားလုံးက ဖော်ရွေကြတယ်”


“ငါလည်း အဲ့တာကို ကြားဖူးပါတယ် ဒါပေမယ့် သူက ဝှိုက်ဝှစ်ချ် မဟုတ်သလိုပဲ”


“သူက သေချာပေါက် ဝှိုက်ဝှစ်ချ်ပါ”


“မင်းနဲ့သူနဲ့ သိတယ်လည်း ပြောသေးတယ် သူမနဲ့ စကားပြောတာလည်း မတွေ့ဖူးဘူး”


“အင်း သူမက ပြောရတာကို မကြိုက်ဘူးလေ အမှားလုပ်တာလည်း မကြိုက်ဘူး ကိုယ်ပိုင်စည်းမျဉ်းနဲ့ နေတဲ့ ဝှိုက်ဝှစ်ချ်”


ပင့်ခ် လှေကားကို နောက်ပြန်တက်ရင်းဖြင့် မေးလိုသမျှကို မေးနေမိသည်။ မစ်ကီကတော့ ဇက်ခ်အနားတွင် ကျန်နေခဲ့၏။ 


“ငါ မေဗယ်လ့်အကြောင်းကို ဒီထက်မက ပိုသိချင်သေးတာ”


ထိုကောင်လေး၏ ခြေလှမ်းတွေက ရပ်သွားပြီးမှ ပင့်ခ်အား ရယ်ချင်ပင်ကျိ အပြုံးတို့နှင့် ခေါင်းညိတ်လိုက်ပြီး


“ဒါပေမယ့် သူမက ဒါကို ကြိုက်မယ် မထင်ဘူး”


“သူမက ဘယ်လိုသိမှာလဲ ငါက ဒီတိုင်း မေးပြီးတော့ သူမကို ပျော်စရာ တစ်ခုခု ဖန်တီးပေးချင်လို့ပါ အဲ့တာမှ ရှင်သန်မှုဆိုတာကို သူမက သိနိုင်မှာ မဟုတ်လား”


“ငါ့အထင် သူမကို မင်းက ရှင်သန်မှု အကြောင်း သင်ပေးလို့ တတ်နိုင်မှာ မဟုတ်ဘူး ထင်တယ်”


“ငါမလုပ်နိုင်ဘူး ဆိုတာကို ငါ လုံးဝ လက်သင့်မခံနိုင်တာ အဲ့တာက ငယ်ကတည်းက”


လှေကားကို နောက်ပြန်တက်နေရင်းမှ ချာခနဲ လှည့်ပြီး ပြေးတက်ဖို့ ပြင်လိုက်သည်တွင် မေဗယ်လ်အား နောက်ကျောတွင် တွေ့လိုက်ရတော့ ပင့်ခ် ချက်ချင်းပင် ခြေလှမ်းတွေ တန့်ခနဲ ရပ်လိုက်မိတော့၏။ သို့သော် ဒါမျိုးက ချက်ချင်းပင် ထိုကောင်လေးကို ရယ်ပြလိုက်ပြီး


“ငါတို့ ပြောနေတာ ဘယ်ရောက်သွားပြီလဲ အဲ့တာကလေ အင်း မင်းအမေ မင်းအမေက အဲ့လိုလား အဟင်း.. သူမက အဲ့လိုမျိုးကိုး”


ပင့်ခ် တွေးနေသလို လုပ်ပြနေတာကို မေဗယ်လ်က သူမ၏ နဂိုရ်ပုံစံနှင့် အေးစက်စူးရှစွာပင် ကြည့်ရှုနေ၏။ ထိုတွင် ထိုကောင်လေးက ပြုံးရယ်ရင်းဖြင့် 


“ဟေး ပင့်ခ် မင်းမှားနေပြီ မင်းငါ့နာမည်တောင်မှ အခုထိ မမေးရသေးဘူးလေ ငါ့နာမည်က ဇော်ဒီယန်ဒဗယ်ပါ ဒဗယ်မျိုးနွယ်ကပါ ဒီမေးခွန်းကို မင်းမမေးပဲနဲ့ ငါဖြေတာနော် ပြီးတော့ ပင့်ခ် မင်းမသိဘူးလား ဝှိုက်ဝှစ်ချ်တွေက ရေမခြားထားတဲ့ နေရာဒေသက စကားသံတွေ အသံတွေ အားလုံးကို ကြားနိုင်တယ် ဆိုတာလေ အဲ့တာ မျိုးနွယ်စု အလိုက် ပါတဲ့ ပါရမီလို့ ခေါ်တယ် ငါသွားပြီနော်”


အချွန်နဲ့မတဲ့အကောင်၊ ချီးထုတ်ကောင်၊ အလိုက်သင့်လေးတောင် မစီးမျောတတ်တဲ့ကောင်၊


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:03 5

    Good

    reply

  • reader JuliusJulius 25.11.2019, 05:06 5

    So good.i love u.

    reply