book

Index 7

Part-3.3


“မှော်မဲ့လောကမှာ နေထိုင်လိုသူတွေကို ကန့်သတ်ထားတဲ့ မှော်ပညာသာ အသုံးပြုခွင့် ပေးတယ် တခြားသော မှော်ပညာ အသုံးပြုခွင့်တွေ ပိတ်ပင်တယ်၊ အချိန်တွေကြာလာတော့ မှော်မဲ့တွေက မှော်လောကသားတွေကို ယုံကြည်လာတယ်၊ အပြန်အလှန် ဆက်ဆံလာကြတယ်၊ အိမ်နီးချင်းတွေ ဖြစ်လာတယ်၊ မိတ်ဆွေတွေ ဖြစ်လာတယ်၊ ဒါကို မှော်ပညာရှင် မျိုးနွယ်စုတွေ ဘက်ကနေ ဆက်ပြီး ထိန်းသိမ်းဖို့ မျိုးနွယ်စု အကြီးအကဲတိုင်းက ဆန္ဒရှိတယ်”


“ကဲ ဆက်ပြောရရင် သီးသန့် နယ်မြေ တချို့ကလွဲရင် မှော်မဲ့တွေက မှော်လောကမှာ ဝင်ရောက် နေထိုင်ရဲလာတယ်၊ မှော်လောက မြို့ကိုးမြို့ ရှိတဲ့ဆီမှာ မှော်မဲ့တွေ ဝင်ပြီး နေထိုင်တာက ခုနှစ်မြို့ ရှိလာပြီ ဒီမွန်းတွေ နေထိုင်တဲ့ မြို့တော်တောင်မှ စည်ကားနေပြီ၊ ဒီဆက်ဆံရေးကို ငါတို့ သေချာထိန်းသိမ်းဖို့ လိုတယ်၊ သေချာတာကတော့ မဟုတ်တဲ့ မှော်ပစ္စည်းတွေ တီထွင်ပြီးတော့ သေချာ အသုံးမချတတ်သေးတဲ့ မှော်မဲ့တွေ လက်ထဲ မထည့်မိဖို့လည်း အရေးကြီးတဲ့ အကြောင်းရင်း ဖြစ်တယ်”


ဇိုးဒန် မျိုးနွယ်စု အပိုင် ဖြစ်သော လော်ရာမြို့မှာ စုန်းများသာ နေထိုင်ပြီး အားလုံးသော ကလေးလူငယ် မရွေးမှာ မှော်အတတ်ကို တတ်မြောက်ကြသည်။ စုန်းမျိုးမှာ စုန်းဖြူနှင့် စုန်းနက် ဟူ၍ နှစ်မျိုး ရှိသော်လည်း စုန်းဖြူများက ရှားပါးသည်။ အထူးသဖြင့် စုန်းဖြူမျိုးနွယ်တွင် မိန်းကလေးက ပိုပြီး ရှားပါး၏။ ထို့ပြင် ဇိုးဒန်မျိုးနွယ်မှာ သီးသန့် နေထိုင်သော မျိုးနွယ်စု ဖြစ်သောကြောင့် မှော်မဲ့လောကဖြင့် ဝေးကွာလွန်းသလို မှော်မဲ့များ အသုံးပြုသည့် ပစ္စည်းကိရိယာများအား အကျွမ်းတဝင် မရှိပေ။


ဤ စည်းမျဉ်းများသည် ဇိုးဒန်မျိုးနွယ် ဆက်ခံသူဖြစ်သော မေဗယ်လ်အား ထိုးနက်နေသလိုဟု ပင့်ခ်ပင် ခံစားမိလာသည်။ သို့သော် မေဗယ်လ်ကတော့ အေးစက်စွာပင် လက်ပိုက်လျက် မျက်လုံးမှိတ် နားထောင်နေ၏။


“ဒီသင်ကြားရေးက သိပ်ပြီး ပျင်းဖို့ ကောင်းမှန်း သိပေမယ့် ငါက မင်းတို့ကို မှော်လောကနဲ့ မှော်မဲ့လောက ပေါင်းစည်းရေး စည်းမျဉ်းတွေကို သင်ပေးဖို့ တာဝန်ယူထားလို့ အသေအချာကို တစ်လတိတိ သင်ပေးမှာပါ မင်းတို့တွေကို လာပြီး စစ်ဆေးမယ့်သူကို သိရင် မင်းတို့တွေ ဒီလို နေနေကြပါ့မလားလို့ ငါသိချင်မိသေးတယ် ကဲ အတန်းချိန် ခဏနားမယ် နေ့လည် သုံးနာရီမှာ ဒီအခန်းမှာပဲ ငါတို့ ပြန်ဆုံကြမယ်”


ပင့်ခ် ချက်ချင်းပင် ထရပ်လိုက်ပြီးမှ ခြေလက်များအား အကြောဆန့်ကာ အိပ်ဆောင်သို့ အမြန်ပြန်ချင်နေပြီ ဖြစ်ကြောင်း ဇက်ခ်အား ဂျစ်တိုက်တော့သည်။


'ဇက်ခ် အမြန် ပြန်ရအောင် ဟာ'


ဇက်ခ်ကမူ ပင့်ခ်အဖွဲ့သားများနှင့် စကားလက်ဆုံ ကျဖို့ ပြင်နေ၏။


'ဇက်ခ်! !!! ခုချက်ချင်းမလာရ် ကြွက်ဖြူအကြောင်း မပြောပြတော့ဘူး’


ပင့်ခ် သည်းမခံနိုင်စွာ ထအော်ကာ အကျပ်ကိုင်တော့သည်။ ထိုအခါမှ ဇက်ခ်သည် လျင်မြန်သောအရှိန်ဖြင့် အနားသို့ ရောက်လာသည်။


"လာပြီ လာပြီ မယ်မင်းကြီးမရေ ငါလာပြီ ''


အခန်းဝရောက်တော့ တချက်သန်း၍ မေဗယ်လ်အား ကြည့်မိသည်။ မျက်စိမှိတ်ပြီး ပုံစံမပျက် ဆက်ထိုင်နေသော သူမအား


'ဟွား အာ မေဗယ်လ် အိပ်ငိုက်နေတာလား'


ပင့်ခ် စကားအဆုံးတွင် မေဗယ်လ်၏ ယပ်တောင်ကဲ့သို့ ဖြန့်ကျက်နေသော မျက်တောင်များ ပွင့်ဟလာကာ စူးရဲစွာဖြင့် စိုက်ကြည့်လာ၏။ ~~ပင့်ခ်ကို ထပ်ပြီး ခြိမ်းခြောက်ရဲတယ် နှစ်ခါရမယ်လို့ ဘယ်သူပြောလဲ~~


'အဟား!! မေဗယ်လ်အိပ်ငိုက်နေတယ်”


ရုတ်တရက် ထအော်ပစ်လိုက်သော ပင့်ခ် အသံကြောင့် ဘေးနားမှ ဇက်ခ်က ခွိကနဲ ရယ်လိုက်ပြီးမှ ပါးစပ်အား လက်အုပ်၍ ဆက်လက် ရယ်သည်။ မေဗယ်လ်သည် ပုံမှန်အားဆိုလျှင်တောင် သူများနှင့် မတူသော သူမအား တခြားလူများက စိတ်ဝင်တစား ရှိကြသည် ဖြစ်ရာ အခုလို ပင့်ခ်၏ စကားသံနောက်တွင် မေဗယ်လ်အား စူးစမ်းသလို အကြည့်တို့ ကျရောက်လာကြတော့၏။ တကယ်လား ဟူသော မေးခွန်းတွေ ပါဝင်နေသော အကြည့်များက မေဗယ်လ်ထံသို့ ကျရောက်လာတော့ ပိုမို၍ တွန့်ချိုးသွားသော မျက်နှာနှင့် ထိုင်နေရာမှ ထရပ်လိုက်ကာ ပင့်ခ်အား ကျော်လွန်၍ အပေါ်ထပ်သို့ တက်သွားတော့၏။ ပင့်ခ်ကတော့ မေဗယ်လ်၏ မျက်နှာကို အရောင်ပြောင်းအောင် လုပ်လိုက်နိုင်၍ တခစ်ခစ် ရယ်နေရင်းနှင့်ပင်


“ဟဟ တွေ့လား မေဗယ်လ်မျက်နှာ ပိုပြီးသုန်မှုန်သွားတာ ငါ သူ့မျက်နှာကို အရောင်မပြောင်းတဲ့ ကျောက်ရုပ်လို့ ထင်နေတာ ဟား ဟား ဟား”


ဇက်ခ်ကတော့ ခုနကအထိပင် အိပ်ချင်လွန်း၍ ပြန်ချင်လှပါပြီရဲ့ ဖြစ်နေသော်လည်း ခုကျ သူများအား စနောက်ကာ ရယ်ရင်း ရှေ့လျှောက်နေသော ပင့်ခ်အား ကိုင်ပေါက် ချင်လာလေပြီ။


“ပင်ခ့် မင်းဘာလို့ သူ့ကိုပဲ ပြသနာ ရှာနေရတာလဲ”


“ငါလား သူ့ပုံစံက ငါ့မိသားစု အသိုင်းအဝိုင်းလိုပဲ ရုပ်တည်ကြီးနဲ့ ငါ့အဖေ ငါ့အမေ အကုန်လုံးက အဲ့လိုချည်းပဲ ဒါပေမယ့် အဲ့တာကို မကျော်လွှားနိုင်ဘူး ဆိုတာကို ငါလုံးဝ လက်မခံနိုင်ဘူး ငါကလေ ငယ်ငယ်ကတည်းက ငါ့အဖေ မျက်နှာ အရောင်ပြောင်းေးအာင် လုပ်ရတာ အရမ်းကြိုက်တာပါဆို ဟား ဟား ဒီနေ့ညတော့ ငါအိပ်ပျော်ပြီ”


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:02 5

    Good

    reply

  • reader JuliusJulius 25.11.2019, 05:03 5

    Very good.i love u.

    reply