Part-3.1
မနေ့ညက မေဗယ်လ်အား မကျေနပ်သမျှ ဆူအောင့် ပြောဆိုရင်း အိပ်ပျော်သွားသည်မှာ မိုးစင်စင်လင်းသည် အထိပင်။ ကျောင်းစည်းကမ်းအရ မနက်ခုနှစ်နာရီတွင် ခန်းမအတွင်းသို့ လူစုရမည် ဖြစ်သည်။ ထို့ကြောင့် သွက်သွက်လက် ထကာ အဝတ်အစား လဲလိုက်သည်။ ရေဖြင့်ဖန်တီးထားသည့် မှန်တွင်ပေါ်နေသော ဆံပင်ကို မြင့်မြင့်ချည်ပြီး အဖြူနှင့်ပန်းရောင် အရောင် ဖောက်ထားသော ဝမ်းဆက်အား ဝတ်ဆင်ထားသည့် ပင့်ခ်ကီသည် ခန္ဓာကိုယ်အား တစ်ချက် လှည့်ကြည့်ရင်း စိတ်တိုင်း ကျသွားသည်နှင့် မှန်အား လက်ဖျောက်တစ်ချက်ဖြင့် ပြန်သိမ်းလိုက်သည်။ အခန်း၏ ထောင့်တွင် အိပ်ပျော်သော ကြွက်ဖြူလေးအား ပုခုံးပေါ်သို့ ခေါ်တင်ကာ အကြီးအကဲ လူစုရန် ခေါ်ဆောင်ထားသည့် ခန်းမသို့ မြူးကြွကြွသော ခြေလှမ်းတို့နှင့် ဝင်ရောက်လေသည်။
ခန်းမအတွင်းရှိ ဆက်ခံသူ မိန်းကလေး ယောက်ျားလေးတို့၏ မျက်လုံးတို့က ပင့်ခ်ထံသို့ ကျရောက် လာကြသည်။ ညှို့ငင်နိုင်မှုအား ချစ်စဖွယ်ကောင်းမှုနှင့် ပေါင်းစပ်ကာ သူမက တက်ကြွသော ဟန်ပန် အပြည့်လည်း ရှိသေး၏။ သို့သော် ငေးကြည့် နေကြသူများက မျိုသိပ်ရုံသာ တတ်နိုင်မည်။ သူမအား ခင်မင်လို၍ မိတ်ဆွေ ဖြစ်လိုကြသည် ဆိုလျှင်တောင် စနိုးဖလိတ်ဟူသည့် အရှိန်အဝါကြောင့် ကြည့်နေရုံက ပိုကောင်းသည်ဟူသည့် အသိတရားကို ပေးလေသည်။ စနိုးဖလိတ်မှ ဆက်ခံသူအား မခင်မင်တာက အကြောင်းမဟုတ်ပေမယ့် အမှားတစ်ခုခု ပြုလုပ်မိမည်က စိုးရိမ်ဖွယ် ရှိသည်။ ပင့်ခ်ကီသည် ဇက်ခ်ဘေးတွင် ရပ်လျက် အိနြေ္ဒမဆည်နိုင်စွာ လူတစ်ယောက်အား ရှာဖွေနေဟန်ပြုသည်။
~~ တွေ့ပြီ!! ~~
လူအများစုဟာ ပင့်ခ်ဆီသို့ အာရုံ ပို့ထားကြသော်လည်း တစ်စုံတစ်ယောက်ကတော့ ဘိနားကျပ်တပ်ကာ မျက်လုံးအစုံအား တင်းတင်းပိတ်ထား၏။ အညိုရောင်ဆံပင် အခွေအလိပ်များက ပုခုံးတဖက်တချက်စီတွင် လှပစွာရှိနေကြပြီး အမဲရောင် ခေါင်းစွပ် အကျႌလက်ရှည်နှင့် ဂျင်းဘောင်းဘီရှည်သည် မေဗယ်လ် ခန္ဓာကိုယ်အချိုးစားနဲ့ စမတ်ကျကျ လိုက်ဖက်စွာ ရှိနေသည်။ လက်ပိုက်လျက် ခပ်မတ်မတ်အနေအထားနှင့် သူမ၏ကိုယ်ဟန်အရ သန်မာခြင်းနှင့် ရဲရင့်ခြင်းကို ကိုယ်စား ပြုနေသည်။ မပြင်မချယ်ထားပဲ ညိုနေသော နှုတ်ခမ်းအစုံသည် ခပ်တင်းတင်း ပိတ်ထား၏ ။ ရုတ်တရက် မျက်လုံးအစုံ ပွင့်လာသည်။ ရှည်လျားပြီး ကော့နေသည့် မျက်တောင်ထူထူတို့ ခြံရံနေသော မျက်ဆံနက်နက်က တည်ငြိမ်စွာ ရွေ့လျား လာပြီး ပင့်ခ်ထံသို့ တစ်စက္ကန့်အကြာ ကြည့်ပြီးမှ တည်ငြိမ်စွာဖြင့် အကြည့်ကို ထပ်မံ၍ ရွေ့လျားသွားသည်။ ထိုတစ်စက္ကန့်မျှသာ ကြာသော အေးစက်စက် အကြည့်သည် တစ်ကိုယ်လုံးကို အေးခဲသွားစေသလိုပင်။
~~အိစ် ကြက်သီးတွေထလာပြီ။ ~~
တစ်ချက်မျှသာ အကြည့်တို့ ရောက်လာသော်လည်း ပင့်ခ် ကြည့်နေကြောင်း သိသည်ဟု မျက်ဝန်းနက်နက်တို့မှ ဖော်ပြသွားသည်။ အနားလာမကပ်နဲ့ ဆူညံသည်ဟု ခြိမ်းခြောက်နေဟန်ကိုလည်း လက်ခံရရှိလိုက်၏။ ပင့်ခ် ပုခုံးသာ အသာ တွန့်လိုက်မိသည်။ ထိုသို့ မျက်ဝန်းတွေနဲ့ ခြိမ်းခြောက်ခံလိုက်ရတာကို ပင့်ခ် အနည်းငယ် စိုးရွံ့မိသော်လည်း အကြီးအကဲ၏ နောက်ဆက်တွဲ စကားများတွင် ထိုစိုးရွံ့ခြင်းက နေထိနှင်းကဲ့သို့ လျော့ပါး ပျောက်ကွယ်လေသည်။
ပါရာဒိုက် ရဲတိုက်တွင် အထပ်ကိုးထပ်ရှိသည်။ အပေါ်ဆုံးထပ်သူလျှင် နှစ်ပိုင်း ခွဲထားပြီး ကျန်သည့် အထပ်များက အခန်းပိုများစွာ ပါရှိ၏။ ဆက်ခံသူ မျိုးဆက်မှ လူငယ်များသာ သီးသန့်ထားသည်မို့ တခြားသော လူကြီးများ ရဲတိုက်ဝန်းအတွင်းတွင် ညမအိပ်ပေ။ ရဲတိုက်၏ အပြင်နားတွင် ကျယ်ဝန်းလှသော မြက်ခင်းပြင် ရှိသည်။ ထိုနေရာတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပါရာဒိုက်၏ အရှင်သခင် တန်ခိုးထွားစဉ် အခါက သင်ကြားသူ လူငယ်များ မှော်စွမ်းအင် လေ့ကျင့်ရာ နေရာ ဖြစ်ခဲ့ဖူးသည်။ သုံးထပ်မြောက်တွင် ပါရာဒိုက်၏ လက်ရှိဆက်ခံသူ လူငယ်တစ်ဝက်အား အိပ်ဆောင်အဖြစ် အသုံးပြုခွင့် ပေးထားသည်။ နှစ်ထပ်မြောက်တွင် အစားအသောက်ဆောင် တဖြစ်လဲ အစည်းအဝေးလုပ်ရန် အသုံးပြုနေသောခန်းမ၊ စာဖတ်ရန်နေရာ၊ ရှေးဟောင်း မှော်ပစ္စည်းများ ထားရှိရာ အခန်းနှင့်
ရှားပါးသည့် မှော်တိရစ္ဆာန်တို့အား ထိန်းသိမ်းထားရန် နေရာကိုတော့ ပါရာဒိုက်၏ အနောက်ဖက် သီးသန့်နေရာ ထားရှိသည်။
အောက်ဆုံးအထပ်သည် သင်ခန်းစာများ သင်ကြားရန် ခန်းမများရှိသည်။ သင်ခန်းစာအလိုက် အခန်းများအား ခွဲခြား သတ်မှတ်မည်ဟု ပြောသည်။ ထိုအခန်းများအနက် နှစ်ခန်းအား တားမြစ်နေရာအဖြစ် သတ်မှတ်ထားသည်။ မသွားသင့်ဟု ဆိုသည်။ အကြီးအကဲ ခေါ်ဆောင်လာသော အောက်ဆုံးအထပ်ရှိ ခန်းမ၌ ဆက်ခံသူတို့ အသီးသီး နေရာယူထားကြသည်။
‘ထိုင်လို့ ရပါတယ်’
အကြီးအကဲက လက်ဖြင့် ဝှေ့ယမ်းလိုက်တော့ ခန်းမ၏ ဘေးပတ်ပတ်လည်တွင် ထိုင်ခုံ ဆယ့်ခြောက်လုံး ပေါ်လာပြီး ပင့်ခ်ကတော့ ထိပ်ဆုံးတွင် နေရာယူလိုက်သည်။ ထိုင်ချလိုက်တော့လည်း ခပ်မတ်မတ် အနေအထားနှင့် မှီ၍ပင် ထိုင်လိုက်သေးသော ကျောက်ရုပ်လူသားကတော့ ပင့်ခ်၏ ဘေးတစ်စောင်းနေရာတွင် ရှိနေသည်။
အကြီးအကဲကပင် ဆက်လက်၍ ယခု သင်ကြားမည့် သင်ခန်းစာအား ဒီမွန်းမျိုးနွယ်မှ မှော်ဆရာ အကြီးအကဲ တစ်ဦးမှ တာဝန်ယူပေးမည်ဟု ပြောကာ မိတ်ဆက်ပေးလာသည်။ အခန်းအတွင်းသို့ ချိုသာ၍ ပြုံးရွှင်တတ်သော မှော်ဆရာတစ်ဦးက ဝင်ရောက်လာပြီး
‘ဟယ်လို ငါ့နာမည်က ကန်ဆယ်လ်ပါ လက်ရှိမှာတော့ ဒီမွန်းမျိုးနါယ်ရဲက ဒုတိယအုပ်ချုပ်သူနေရာကို ယူထားပါတယ်’
မိတ်ဆက်စကားကို ကြားတော့ ပင့်ခ် ဘေးတစ်စောင်းသို့ အကြည့်က ရောက်သွားမိကာ
'ခုချိန်ထိ နားကျပ် မဖြုတ်သေးဘူး'
တိုးတိုးလေး ရေရွတ် ပြောဆို လိုက်သော်လည်း ဘေးနားတွင် ထိုင်နေသော ဇက်ခ်က နားပါးစွာဖြင့်
"ပင့်ခ် ဘယ်သူ့ကို ပြောနေတာလဲ''
'ဟင်! အာ မေဗယ်လ် နားကျပ်ကြီး တပ်ပြီး အရှေ့က ပြောတာ ကြားကောကြားရဲ့လား မသိဘူး’
ဇက်ခ်မေးသော အဖြေအား ဖြေပြီးသည်နှင့် ကန်ဆယ်ဆိုသော မှော်ဆရာ ထံသို့သာ အကြည့်ကို ပို့ထားလိုက်တော့သည်။
ခန်းမထဲတွင် ထိုင်ခုံများက နှစ်ခုံစီ ပူးကပ်နေသဖြင့် နှစ်ယောက်ဆီတွဲကာ ထိုင်ကြသော်လည်း မေဗယ်လ်သည် လွယ်အိတ် အနက်ရောင်အား ဘေးချကာ ထောင့်တွင် တစ်ယောက်ထဲ ရှိနေသည်။ မေဗယ်လ်၏ လူမှုရေး မရှိခြင်းထက် မေဗယ်လ်၏ အမှောင်စွမ်းအင်ကြောင့် မည်သူမှ မကပ်ရဲခြင်း ဖြစ်နိုင်သည်။ ခန်းမသို့ရောက်ထဲက ပင့်ခ် ကြည့်နေမှန်းသိ၍ မကြည့်ရန် ဘေးနားမှ ဆက်ခံသူ လူငယ်များပင် ထွက်ပြေးလောက်သော အကြည့်ဖြင့် တုံ့ပြန်ခဲ့သော်လည်း သက်ရောက်မှုက ခဏသာ ဖြစ်သည်။
ဇက်ခ်ကတော့ ပင့်ခ်နှင့် နီးကပ်စွာ ထိုင်နေပြီးမှ ပင့်ခ်ပုခုံးမှ ကြွက်ဖြူလေးအား သိပ်ကို စိတ်ဝင်စားနေသည်။ မှော်လောကသားတိုင်းတွင် နှစ်သက်ရာမွေးမြူသည့်တိရစ္ဆာန် ရှိကြသော်လည်း ကြွက်ဖြူတော့ သိပ်မမွေးကြပေ။
ပင့်ခ်ကလည်း မှော်ဆရာ ကန်ဆယ် ပြောသမျှကို စိတ်မပါစွာဖြင့် ဇက်ခ် ကြည့်ရာသို့ လိုက်ကြည့်ပြီး ဆံပင်အား လက်ညိုးဖြင့် လိမ်ကျစ်ကာ မေးလိုက်သည်။
'ဇက်ခ် နင် ငါ့ကြွက်ကို ဘာလုပ်မို့ အဲ့လောက် စိတ်ဝင်တစားတွေ ကြည့်နေတာလဲ ချက်စားဖို့ ကြံနေတာလား'
ပင့်ခ်၏ အမေးစကားအား ဇက်ခ်က ချက်ချင်းပင် မျက်ခုံးပင့်ပြပြီး ခေါင်းရမ်းသည်။ သူသည် အသားမာ တက်သော်လည်း ဒီလောက် ချစ်စရာကောင်းသော ကြွက်ဖြူဖြူအား ချက်စားရန် ကြံမည့်သူ မဟုတ်ကြောင်းကို စီကာပတ်ကုံး ရှင်းပါတော့သည်။
"မယ်မင်းကြီးမရာ ရွှေဉာဏ်တော် စူးရောက်ပါ ပေတယ် ငါ့လိုလူက ဒီလိုကြွက်ဖြူဖြူကို စားဖို့ ကြံမလား မသကာ ဆိုဖီရဲ့ယုန်ဆို တစ်မျိုးပေါ့"
မျက်ခုံးအား ပင့်ကာ မရှိသည့် နှုတ်ခမ်းမွှေးသပ်ကာ ပြောနေသည့် ဇက်ခ်ကို ကြည့်ရင်း ပင့်ခ်၏ ညာဘက်လက်က မြောက်တက်သွားကာ ဇက်ခ်၏ ခေါင်းကား ခပ်ဆဆလေး ရိုက်ပစ်လိုက်ရင်း
'ငါ အဲ့တာကို ကန့်ကွက်တယ် ယုန်ကိုစားရင် နင့်ကိုငါရှိသမျှအမွှေး အကုန်နှုတ်ပြီး မီးကင်ပစ်မယ်'