book

Index 3

Part-2.1

မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း


Part-2.1


“ငါ ဘယ်သူနဲ့မှ သူငယ်ချင်း မလုပ်ဘူး”


သူမက ပြောပြီးသည်နှင့် ခပ်အေးအေးပင် လှေခါးအပေါ်သို့ တက်သွားသည်။ လှေခါးသုံးထစ်သို့ အရောက်တွင် နောက်ပြန် လှည့်ကြည့်လာပြီးမှ


“အပေါ်ဆုံးက ထောင့်ခန်းကို ယူသုံးလို့ ရမလား”


“မရဘူး အဲ့တာ ပင့်ခ်လိုချင်နေတဲ့ အခန်း”


ချက်ချင်း လက်ငင်းပေါ်သွားသော စိတ်ကူးကို လက်တွေ့အသုံးချဖို့ ပင့်ခ် ထိုလှေခါး လက်ရန်းအနားထိ ပြေးကပ်သွားသည်။ သူမက ပင့်ခ်အား တစ်ချက်မျှသာ ကြည့်လာပြီးမှ


“ငါအဲ့တာကို သုံးမှ ဖြစ်မှာ”


ဖြစ်ချင်တာကို အတည်ပြု ပြောကြားလိုက်ပြီး လှေခါးသို့ တစ်ထစ်ချင်း နင်းတက်သွား၏။ ပင့်ခ်အနောက်ကနေ ပြေးလိုက်သွားပြီးမှ အရှေ့တည့်တည့်တွင် လက်ကို တားလိုက်ပြီး


“ဘယ်သူ ရနိုင်မယ် ထင်လဲ”


မေဗယ်လ်က ပင့်ခ်ကို ရှောင်ကွင်း၍ သွားလိုက်ပြီးမှ ဘာစကားမှ ပြန်မဖြေပေ။ ရဲတိုက်ကြီးက ကိုးထပ် ရှိတာကြောင့် အပေါ်ဆုံးထပ်ထိ ရောက်ရန် ရှစ်ထပ်မျှ လိုနေသေးတာကြောင့် ပင့်ခ် မီးလုံးပျံကို စီးနင်းလိုက်ပြီးမှ အပေါ်ထပ်တွင် ခုန်ဆင်းလိုက်၏။ မေဗယ်လ်က တစ်လှမ်းချင်း လျှောက်နေရင်းမှ လှစ်ခနဲ လှစ်ခနဲ ပျောက်သွားပြီး သုံးကြိမ်မြောက်တွင် အပေါ်ဆုံးထပ်သို့ ရောက်လာသည်။


ပင့်ခ်ဒါကိုတော့ တအံ့တသြ ဖြစ်မိသည်။ တခြားသောလူများကလည်း မေဗယ်လ်အား တအံ့တသြ ဖြစ်နေကြ၏။ ဒီလောက်ဆို မေဗယ်လ် ဘာကြောင့် အခြေအနေကြီးတဲ့ ရွှေမင်းသမီး သဏ္ဍာန်ဖြစ်နေ တာလဲ ဆိုတာကို နားလည်လိုက်ကြသလိုလည်း ရှိကြသည်။ ရုပ်ကို နာမ်အလိုက် ရွေ့ပြောင်းနိုင်စွမ်း၊ သွားချင်သော လမ်းကြောင်းတွင် ရုပ်မပေါ်ပဲ ရောက်လိုသည့်နေရာကျမှ ပေါ်သော မှော်အတတ်ကို ဆယ်ကျော်သက် တစ်ဦးက ပိုင်ဆိုင်သည် ဆိုခြင်းက လုံးဝကို ထူးချွန်ပြောင်မြောက်သော မှော်စွမ်းအားကို ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်မည်။ သာမာန် မှော်ပညာရှင်တစ်ဦးပင်လျှင် နှစ်သုံးဆယ်စာ မှော်စွမ်းအားကို ပိုင်ဆိုင်မှ ရုပ်ကို နာမ်အလိုက် ပြောင်းရွေ့နိုင်စွမ်းကို ရနိုင်သည် ဖြစ်ရာ ထိုသူမကား အထူးတလည် မှော်စွမ်းအား အလေ့အကျင့်ကို ပိုင်ဆိုင်ထားသူသာ ဖြစ်ရမည်။


ပင့်ခ် ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသော ရှေ့တွင် မေဗယ်လ်က ခံစားချက်မရှိသော ကျောက်ရုပ်လို မျက်နှာထားနှင့် တစ်စက္ကန့်စာလောက်မျှ တန့်ရပ်လိုက်ပြီးလျှင်


“ငါ”


အဲ့ဒီ ငါဆိုသော စကားကို ပင့်ခ်တစ်ဦးတည်းသာ ကြားနိုင်သော လေသံဖြင့် ပြောလိုက်သည်။ လက်ရှိမှာတော့ ပင့်ခ်လည်း နားလည်လိုက်တာကို မသိချင်ယောင်ဆောင်နေလို့ မရနိုင်တော့ပေ။ အဲ့ဒါက ပင့်ခ် စွာစိလန်ပြီး မေဗယ်လ်နှင့် ယှဉ်ပြိုင်ဖို့လား အတွေးထဲကနေ ခပ်ဝေးဝေးကို မောင်းထုတ်လိုက်လေပြီ။ ရုပ်ကို နာမ်အလိုက် ရွေ့နိုင်စွမ်းရှိတဲ့သူကို ယှဉ်ပြိုင်ဖို့ ပင့်ခ်ရူးနေရင်တောင် အဲ့လို လုပ်မည် မဟုတ်ပေ။


ထို့ကြောင့် လိမ်လိမ်မာမာနှင့်ပင် ခေါင်းညိတ်လိုက်ပြီးမှ


“ကောင်းပြီလေ ငါ ဒီဘက်အခန်းကို သုံးလိုက်မယ် မင်းနဲ့ငါနဲ့ တစ်ထပ်တည်းပဲပေါ့ ဟုတ်တယ် မဟုတ်လား”


အနောက်ကနေ ပြေးလိုက်သွားပြီး ပြောသော်လည်း ထိုသူမကား ကျောက်ရုပ်ဆန် လွန်းလှသည်။ စကားတစ်ခွန်းမှ မဆိုသလို မျက်လုံးအနက်တွေတောင် တစ်ချက်မျှ စွေစောင်း၍ မကြည့်လာပေ။ ပင့်ခ်မှာသာ သူမ၏ အနောက်မှ ပြေးလိုက်လာရင်းဖြင့် စီးထားသော ဒေါက်ဖိနပ်သံက တဂွတ်ဂွတ်နှင့် ဖြစ်နေသည်။ တစ်ထပ်တည်း အခန်းနှစ်ခုက မျက်နှာချင်းဆိုင် ဖြစ်ကာ အလယ်တွင် ဘာမှမရှိပဲနှင့် ဘေးပတ်ပတ်လည်တွင် ဝရံတာများနှင့် ဝန်းရံထား၏။


လှေခါးဧရိယာကို ကျော်လွန်ပြီးတော့ မေဗယ်လ်က ခြေလှမ်းတွေကို ရပ်လိုက်သည်။ ပင့်ခ်ဘက်သို့ ပြန်လှည့်လာသဖြင့် ပင့်ခ် ဝမ်းသာအားရဖြင့် မျက်နှာလေးကို အတတ်နိုင်ဆုံး သကာရည်လောင်း ပျားရည်ရောလျက် သကြားဖြူးလိုက်မိသည်။ သို့သော်


“ဒီဧရိယာကို မကျော်ခဲ့နဲ့ ပြီးတော့ မင်း ဒေါက်ဖိနပ်စီးမယ်ဆိုရင် အောက်ရောက်မှစီး ဆူညံတယ်”


ထိုသို့ပြောပြီး ပြန်လှည့်သွား၏။ ပင့်ခ်က ထိုစကားကို လိုက်နာလိုက်မယ် ဆိုလျှင် ဒါက ရာဇဝင်ရိုင်းသွားမှာပေါ့။ ထို့ကြောင့် မေဗယ်လ် သတ်မှတ်လိုက်သော စည်းကို အေးဆေးစွာပင် ဖြတ်ကျော်လိုက်၏။ ထိုတွင် ပင့်ခ်သည် အငွေ့လှိုင်းတစ်ခု အတွင်းသို့ ကျရောက်သွားပြီးမှ လှုပ်ရှားမရတော့သလို အော်ဟစ်တော့လည်း အသံက မထွက်လာပဲနှင့် တဖြည်းဖြည်းနှင့် ထိုအငွေ့လှိုင်းက အနက်ရောင် ရစ်သိုင်းလာသည်။ ထိုမှတစ်ဆင့် အနက်ရောင်တွေ မည်းနက်လာပြီး ပင့်ခ်ကို ရေခဲရိုက်လိုက်သလို အငွေ့များကြားတွင် ချုပ်နှောင်ခံလိုက်ရတော့၏။ ဒါက အမှောင်စွမ်းအင်လား ကြားဖူးနေကျ အမှောင်စွမ်းအင် ဆိုတာ ဒါလား၊ ပင့်ခ်၏ လက်တွေကို သေချာ ဖိချုပ်ထားတာကြောင့် လက်အစွပ်လေးကို ဝှေ့ယမ်းဖို့ အခွင့်မသာပဲနှင့် ဖိချုပ်ထားသည့်အတိုင်း တောင့်မတ်စွာ ရပ်နေလိုက်ရတော့သည်။


မေဗယ်လ်က တံခါးကို ဖြည်းညင်းစွာ တွန်းလိုက်ပြီးမှ ပင့်ခ်ကို တစ်ချက်မျှသာ စောင်းငဲ့ကြည့်သည်။ ပြီးနောက် အခန်းအတွင်းသို့ ဝင်ရောက်သွားတော့၏။ သိပ်မကြာခင်မှာ ဇက်ခ်က ပစ္စည်းတွေကို ကိုင်လျက် တက်လာ၏။ ပင့်ခ်ကို မတွေ့သော ဟန်ပန်ဖြင့် ရှာနေရင်းမှ


“ပင့်ခ် ပင့်ခ်”


ဇက်ခ်အော်သံကို ပင့်ခ်ကြားလို့ ပြန်ဖြေတော့လည်း ဇက်ခ်က ပင့်ခ်အသံကို မကြားရပဲ ဖြစ်နေသည်။ ပင့်ခ်ရဲ့ ကြွက်ကလေးက ဇက်ခ်၏ ခြေထောက်အနားတွင် လူးလားခေါက်တုန့် သွားလာနေတော့ ဇက်ခ်က မသင်္ကာသော ဟန်ပန်ဖြင့် ပင့်ခ်ရှိနေရာသို့ တိုးလာသည်။ ပြီးတော့လက်ကို ဆန့်တန်းကာ ဝှေ့ယမ်းလိုက်တော့ ပင့်ခ်ရှိသော နေရာကို ထွင်းဖောက်သွားပြီးမှ ပင့်ခ်ကိုလည်း မစမ်းမိသလို လေကိုသာ စမ်းလိုက်မိသလို ဖြစ်သွားသည်။ ထိုစဉ် ပင့်ခ်အနားသို့ ချက်ချင်းပင် မေဗယ်လ်က ရုပ်အား နာမ်အလိုက် ပြောင်းရွေ့လျက် ပေါ်လာပြီးမှ မျက်မှောင်ကုတ်လိုက်ကာ ပင့်ခ်ရှိနေရာကို လက်ဖြင့် လှမ်းလိုက်သည်။ ထိုတွင် သူမ၏ လက်တွေက ပင့်ခ်ကိုယ်ပေါ်သို့ တည့်တည့် ကျရောက်လာ၏။ ခုနတုန်းက ဇက်လက်တွေက ပင့်ခ်ကို ထိမိသော်လည်း လေကိုသာ ထိမိသလို ဖြစ်သွားသော်လည်း သူမ၏ လက်များကျတော့ ပင့်ခ်ရှိရာသို့ တည့်မတ်စွာပင် လည်ပင်းမှ အကျႌစကို ဆုပ်ဆွဲလိုက်ပြီးမှ အပြင်သို့ တွန်းထုတ်ပစ်လိုက်သည်။


“ဘုတ် အ အ”


ဇက်ခ်က မေဗယ်လ်ကို ကြောင်အအဖြင့် ကြည့်နေသော်လည်း ပင့်ခ်ကတော့ အဖျားတွင် ပန်းနုရောင် ဖြစ်နေသော ဆံနွယ်ခွေခွေကို ကို ယမ်းခါနေအောင် ခေါင်းကို ခါလိုက်ပြီးမှ


“ဒါက ဘာလုပ်တာလဲ မင်း တကယ် ငါ့ကို ဒီလို”


“ဒီနေရာကို အမှောင်စည်းထားတားတယ် မင်းတို့ ကျော်နိုင်ရင် ဝင်လာခဲ့ တကယ်လို့ မကျော်နိုင်ဘူး ဆိုရင် ငါ့ကို အလုပ်လာမရှုပ်စေနဲ့”


ခပ်အေးအေး ပြောလိုက်ပြီးမှ အခန်းအတွင်းသို့ လှည့်ဝင်သွား၏။ ပင့်ခ် မကျေနပ်သေးပဲ ထိုနေရာကို ခုန်ကျော်ရန် ပြင်လိုက်တော့ ဇက်ခ်က ပင့်ခ်ကို လှမ်းဆွဲထားလိုက်ပြီး


“အမှောင်စည်း တားထားတယ်တဲ့ မကြားဘူးလား”


“ဘာအမှောင်စည်းလဲ ဘာ အမှောင်စွမ်းအားလည်း ငါ လုံးဝ ဂရုမစိုက်ဘူး ငါ နိမ်းလက်စ် ကျောင်းမှာ အဆင့်တစ်နဲ့ ကျောင်းပြီးထားတာ ဒီအမှောင်စွမ်းအားကို ငါမကျော်လွှားနိုင်ဘူး ဆိုတာကို ငါတကယ် လက်မခံနိုင်ဘူး”


“မင်း ဒါကို ကျော်လွှားချင်ရင် ပိုလေ့လာရမယ် မဟုတ်လား လောလောဆယ် အမှောင်စည်းထဲမှာ အစားငတ် ရေငတ်နဲ့ နေဖူးချင်လို့လား အမှောင်စည်းက လူတွေကို ချုပ်တဲ့နေရာမှာ နာမည်ကြီးတယ်နော်”


“ဒါကို ကျော်ဖို့ နည်းလမ်းကို ငါမရှာတွေ့နိုင်ဘူး ဆိုတာ ငါမယုံဘူး”


“မင်း ဘယ်လို ဖြစ်ပြီး သူ့ကို ဒီလို အနှောင့်အယှက်ပေးရဲရတာလဲ သူ သုံးပြသွားတာ ရုပ်နာမ်ရွေ့ပြောင်းနည်းနော် ငါ့ဦးလေးအငယ်ဆုံးတောင် အဲ့တာကို မသုံးနိုင်သေးဘူး သူ လတ်တလောမှာ ဘယ်နှစ်ကြိမ်တောင်မှ သုံးပြီးသွားပြီလဲ”


“အဲ့တာပဲလေ ငါသူ့ကို အနှောင့်အယှက် ပေးရတာက အဲ့တာပဲ သူ့အသက်က ငါ့ထက် သုံးနှစ်ထက် ပိုကြီးနိုင်လို့လား”


မေးလိုက်တော့ ဇက်ခ်က သူ့လက်တွင်ပတ်ထားသော နာရီအတွင်းမှ စာရွက်လိပ်လေးကို ဆွဲထုတ်ကာ ကြည့်သည်။ ပြီးမှ ထိုးပြရင်း


“သူက ဆယ့်ရှစ်နှစ် မင်းက ဆယ့်ခုနှစ်နှစ် တစ်နှစ်ကွာတယ် ဒါပေမယ့် တခြားကွာခြားမှုတွေက အများကြီး လိုလိုပဲ”


“ကြည့်ပါလား သူနဲ့ငါ တစ်နှစ်ပဲ ကွာတာ မဟုတ်လား အဲ့တာမှာ သူက ရုပ်ရွေ့ပြောင်းနိုင်ပြီး ငါက မတတ်နိုင်ဘူး ဆိုတာ လျို့ဝှက်ချက် တစ်ခု ရှိနိုင်တယ် မဟုတ်လား ငါအဲ့တာကို သိချင်လို့လေ”


“မင်း အခန်းကို အရင်ဆုံး ပြန်နားသင့်တယ် မဟုတ်လား ပြင်ဆင်ချင်တာတွေကို ပြင်ဆင်ရင်းနဲ့”


ပင့်ခ်က သူမလက်မှ ရွှေရောင် လက်အစွပ်လေးကို ဝင့်ကြွားစွာ ထောင်ပြလိုက်ပြီးမှ


“ဒါက လွယ်ပါတယ်”


ပင့်ခ်ပြောသလိုပင် အခန်းပြင်ဆင် သိမ်းဆည်းခြင်းက အမှန်တကယ်ကို မန္တာန်နှစ်ခုလောက် ရွတ်လိုက်ရုံမျှဖြင့် ပန်းရောင်ကုတင် ပန်းရောင် ဆိုဖာထိုင်ခုံ အခင်း လိုက်ကာ အစသဖြင့် အားလုံးက ပြည့်စုံ သွားပေပြီ။ ဇက်ခ် ရပ်ကြည့်နေမိရာမှ ကိုင်ထားမိဆဲ အိတ်တချို့ကို စားပွဲပေါ်သို့ တင်လိုက်ပြီးမှ ခြူလုံးလေး တစ်ခုကို ချပေးလိုက်ရင်း


“ပါရာဒိုက်ထဲမှာ မတော်လို့ မသိတဲ့နေရာ တစ်ခုခု ဖြစ်ပြီ ဆိုရင် ဒီခြူလုံးလေးကို ယမ်းခါလိုက်ပါ တစ်ယောက်တစ်ခုစီ စီမံထားတယ် ဒါပေမယ့် ငါ ဒါကို မေဗယ်ဇိုးဒန်ကို ဘယ်လို ပေးရမလဲ တွေးနေတာ”


ပင့်ခ် ချက်ချင်းပင် ဇက်ခ်လက်အတွင်းမှ ခြူလုံးလေးကို လုယူလိုက်ပြီးမှ


“ငါသွားပေးမယ်”


ဇက်ခ် လက်ပြန်ကမ်းလိုက်ပြီးမှ ခေါင်းညိတ်လိုက်ကာ


“ကောင်းပြီ မင်းသွားပေးလိုက်ပါ ပြီးတော့ ဒီရဲတိုက် အလယ်ကို ကျသွားရင် မင်းစိတ်မပူပါနဲ့ အောက်ရောက်ရင် မင်းကို လေဖိအားတစ်ခုက ပြန်ပြီး တွန်းတင်ပေးမှာပါ”


ဇက်ခ်ပြောသွားသော သဘောတရားကို သိလိုက်တာကြောင့် ပင့်ခ် တစ်ခစ်ခစ်နှင့်ပင် ရယ်ချလိုက်မိတော့သည်။ ဇက်ခ်၏ ဆိုလိုရင်းက မေဗယ်လ်က ပင့်ခ်ကို ရဲတိုက်အောက်ခြေကို ကန်ချလိုက်ရင် သေမှာ မဟုတ်ဘူး ဆိုတာပင်၊


@@@@@@@@@@


rate now:

6 Reviews
  • reader Pankalay 22.01.2020, 07:35 5

    အရမ်းကောင်း

    reply

  • reader ThuKa 14.12.2019, 12:36 4.4

    ဇက်ခ်တော့ခေါင်းမူးပြီမချောနှစ်ယောက်ကြားမှာ

    reply

  • reader May Myat 05.12.2019, 15:44 4.9

    Need new..

    reply

  • reader ငတက်ပြား 29.11.2019, 18:00 4.9

    ကြိုက်ပီလေး

    reply

  • reader JuliusJulius 25.11.2019, 04:57 5

    အရမ်းကောင်းတယ်

    reply

  • reader NangKhinWin 24.11.2019, 15:13 4.7

    Very good

    reply