book

Index 16

Part-6.3

Part-6.3


နာမ်ရွေ့ခြင်း အတတ်ပညာက တစ်ဦးချင်းရွေ့တာ ရှိသလို တခြားသူတစ်ဦးနှင့် အတူ နာမ်ရွေ့လျား၍ ရသော်လည်း မှော်စွမ်းအား ပို၍ လိုအပ်သည်။ ပင့်ခ်ကတော့ အခုထိ နာမ်မရွေ့တတ်သေးပေ။


“မင်းကို ငါပြောမယ် နားထောင်၊ မင်း မီးလုံးတော့ လှိမ့်တတ်တယ် မဟုတ်လား”


“အင်း”


“အိုကေ ဒါဆို မင်း မီးလုံးလှိမ့်ပြီး အရင်သွားလိုက် ငါသူတို့ကို အာရုံပြောင်းလိုက်မယ်”


“အင်း အင်း”


ပင့်ခ် ခေါင်းညိတ်လိုက်မိပြီးကာမှ မေဗယ့်လ်လက်ကို ပြန်လှမ်းဆွဲလိုက်မိသည်။


“မင်းကရော၊ မင်းက ဘယ်လို လုပ်မှာလဲ”


“ငါက တစ်ယောက်တည်းဆို နာမ်ရွေ့တတ်တယ် ပြောထားတာ မေ့နေတာလား”


“အော် အင်း ဒါ.. ဒါဆို ငါသွားပြီနော်၊ မှတ်ထားနော် ငါတို့ ပြန်ဆုံမယ် စကျူးရီးကတ်နဲ့ အချက်ပြလိုက်”


“မင်းအချက်ပြတဲ့ဆီကို ငါလာခဲ့မယ်”


“အင်း အင်း”


“သွားတော့!!”


ပင့်ခ်ကို တွန်းလိုက်ပြီးမှ မေဗယ်လ်က တခြားဘက်သို့ ပြေးသွားသည်။ ပြေးသွားတာ မဟုတ်ဘူး၊ ပုံမှန်လမ်းလျှောက်တာထက်ကို နည်းနည်းလေး ပိုမြန်ရုံသာ၊ ပင့်ခ် မီးညှိလိုက်ပြီးမှ မီးလုံးအတွင်းသို့ ဝင်လိုက်ကာ တစ်ရှိန်ထိုး ပျံတက်လာခဲ့တော့၏။ အနောက်သို့ လှည့်ကြည့်မိတော့ မေဗယ်လ့်အနီးသို့ ရေဆင်တွေ အုပ်လိုက်က ပြေးလွှားလာခဲ့ပြီး မေဗယ်လ့်အနားသို့ အရောက်တွင် မေဗယ်လ်က သစ်ပင်ပေါ်သို့ နာမ်ရွေ့လိုက်လေသည်။


ထိုအခါမှ ပင့်ခ်စိတ်ချလက်ချဖြင့် မီးလုံးဖြင့်ပျံသန်းခြင်းကို ကျေနပ်စွာ လုပ်လိုက်ကာ ရေဆင်အုပ်နှင့် လွတ်ရာသို့ ရောက်မှ မြေပေါ်သို့ ဆင်းကာ ရပ်နားလိုက်သည်။ ပြီးနောက်မှ လက်ညိုးလေးကို မိုးပေါ်သို့ ထောင်လိုက်ပြီးမှ၊


“စကျူးရီကတ်!!”


အလင်းတန်းလေးက ဖောက်ခနဲ အနီးတစ်ဝိုက်တွင် လင်းလက်သွားတော့ မေဗယ်လ်က ထိုအနီးသို့ ရောက်လာသည်။


“မင်း ထိခိုက်သွားသေးလား”


ပင့်ခ် ခေါင်းခါယမ်းလိုက်မိသည်။ ပြီးမှ ပြန်မေးလိုက်၏။


“ငါတို့ ဒီရေဆင်တစ်ကောင်လောက် ဖမ်းသွားမလား”


“မင်းသွားဖမ်း မလို့လား၊ ရေဆင်က မှော်ဝင်သားရိုင်းကာကွယ်ရေးဥပဒေကနေ အကာအကွယ်ပေးထားတဲ့ မျိုးနွယ်စု၊ ရေဆင်တစ်ကောင်ကို ဒဏ်ရာတစ်ချက် ထိခိုက်မိရင် ရေလယ်ထောင်မှာ သုံးနှစ်ကျမှာ မင်းသွားဖမ်းမယ်ဆို ငါစောင့်ပေးမယ်”


ပင့်ခ် တိတ်ဆိတ်သွားမိသည်။ အတွေးထဲမှာတော့ ငါနဲ့အတူ လာခဲ့တဲ့လူက လမ်းလျှောက်နေတဲ့ ဥပဒေစာအုပ်ကြီးလား ဟု တွေးနေမိတော့၏။


“ဒါနဲ့ ဒီပြိုင်ပွဲမှာ သူတို့က ငါတို့ကို ဘာတွေ စစ်ဆေးချင်လို့ ပြိုင်ခိုင်းတာလဲ မင်းသိလား ကျိန်စာရွတ်တာကို ပြိုင်ခိုင်းတယ် ဆိုတာ အကြောင်းပြချက်သက်သက်ပဲလို့ ငါထင်တယ်”


“ကိုယ့်ဖာသာကိုယ် တွေးကြည့်လေ၊ ငါတို့ကို မှော်ဝင်သားရိုင်းတွေနဲ့ တွေ့ဆုံစေတယ် ဆိုကတည်းက မှော်ဝင်သားရိုင်းကာကွယ်ရေးဥပဒေကို နားလည်သလားလို့ သိချင်တာလည်း ဖြစ်နိုင်တာပဲ”


မေဗယ်လ်က အနီးရှိ ဝါးပင်တစ်ပင်မှ သစ်ရွက်တစ်ရွက်ကို ခူးယူလိုက်ပြီး ထွက်လာသော အစီးနှင့် ဝါးရွက်ကို သုတ်လိမ်းလိုက်သည်။


“ဒါက ဘာလုပ်နေတာလဲ”


“ခေါင်းစည်းကွင်း”


“ဝါးပင်ကနေလား”


“ဒီဝါးပင်က ရှားပါးမျိုးစိတ် ဖြစ်သွားပြီ ဖန်တီးမှုတောအုပ်မှာပဲ ရှိတော့တာ၊ ဒီဝါးပင်ကို ရော်ဘာဝါးလို့ခေါ်တယ်၊ သူ့ဆီကနေ ထွက်လာတဲ့ အစီးက အသားတွေ ကလွဲလို့ ဘယ်လောက်မာတဲ့အရာကိုပဲ လိမ်းလိုက် လိမ်းလိုက် ရော်ဘာလိုမျိုး ပျော့ခွေသွားစေတယ်”


“ဝါး!! မင်းက အရမ်းသိတာပဲ”


ပင့်ခ် အလိုလျောက်ပင် လက်ခုတ်တီးလိုက်မိသည်။ မေဗယ်လ်က ဘာမှမပြောတော့ပဲနှင့် ဝါးပင်၏ ပျော့ခွေကာ ဆွဲဆန့်၍ ရသွားသော ဝါးရွက်နှစ်ခုအား ပူးချည်လိုက်ကာ သူ့ဆံပင်တွေကို ပိုနီတေးစတိုင်ဖြင့် စုစည်းချည်နှောင်လိုက်သည်။


ဆံပင်တွေကို အမြဲတမ်း ဖားလျားချထားတတ်ခဲ့သဖြင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ဖူးသေးသည် ဖြစ်ရာ မေးရိုးရှင်းရှင်းနှင့် မေဗယ်လ်က ထင်ထားတာထက် ပိုပြီးတော့ ချောမွေ့နေတာကို ဝန်ခံရမည်။


“ငါတို့ ဘယ်အကောင်ကို ဖမ်းယူသွားမလဲ”


“ဖမ်းတာကို နောက်မှ လုပ်ကြမယ်၊ တစ်ခု သွားကြည့်ရအောင်”


“ဘာကို သွားကြည့်ချင်တာလဲ”


“မီးလျှံငှက် ဟိုးအရင်နှစ်တုန်းက သူ့ဥက နွေးနေတာ ဒီတစ်ကြိမ် သူ ဥကနေ ပေါက်ပြီလား သွားကြည့်ချင်တယ်”


“မင်း ဒီကို လာခဲ့တဲ့ ရည်ရွယ်ချက်က မီးလျှံငှက်ကို ကြည့်ဖို့လား”


မေဗယ်လ်က ပြန်မဖြေတော့ပဲနှင့် အရှေ့သို့ လှမ်းသွားသည်။ ပင့်ခ် သိပ်ခွာခွာကြီးလည်း မနေရဲတာမို့ အနောက်ကနေ အပြေးတစ်ပိုင်းနှင့် လိုက်သွားသည်။


“အခုတင်ပဲ မိုးမှောင်တို့မှာကို ငါတို့ တစ်ခုခု စားဖို့ အရင်လုပ်ပါလား”


“အရှေ့နားမှာ ချောင်းရှိတယ်”


“မင်းက သိလို့လား၊ သေချာလို့လား”


“ငါ ရေသံကြားတယ်”


“ရေသံ!!”


ရေသံ ဆိုမှ ပင့်ခ် အားစိုက်ကာ နားထောင်လိုက်တော့ ရေစက်ကလေးတွေ စကားသံကို ကြားလိုက်ရတော့သည်။


~အိုး သူ လာတယ်~


~သူက စနိုးဖလိတ်က မဟုတ်လား၊~


~ငါတို့ကို သူ ကြားနိုင်မလား၊~


~ကြားနိုင်မှာပါ စနိုးဖလိတ်မှန်ရင် ငါတို့အသံကို ကြားနိုင်တာလဲ~


သေချာတာပေါ့၊ ပင့်ခ်က ဘယ်လိုပဲ ဖြစ်ဖြစ် စနိုးဖလိတ်ပဲလေ၊ ရေစက်ငယ်လေးတွေ အသံကို ကြားနိုင်တာပေါ့၊ မထူးဆန်းပါဘူး။ ပင့်ခ် ကျေနပ်စွာဖြင့် ရေရှိရာသို့ ဦးတည်ကာ သွားလိုက်တော့သည်။ မေဗယ်လ့်ကို ကျော်လွှားပြီး သွားလိုက်တော့ မေဗယ်လ်က ပင့်ခ်၏လက်ကို လှမ်းဆွဲသည်။


“ရေက အရမ်းငြိမ်နေတယ်”


“အန္တာရာယ်မရှိပါဘူး၊ ငါသူတို့နဲ့ စကားပြောနိုင်တယ်”


မေဗယ်လ်က ပင့်ခ်လက်ကို လွတ်ပေးလိုက်သည်နှင့် ပင့်ခ် ရေစပ်သို့ အပြေးရောက်လာလေသည်။ စမ်းချောင်းငယ်လေးက တောအုပ်အတွင်း ကွေ့ကွေ့ဝှိုက်ဝှိုက်နှင့် စီးဆင်းနေပြီး စမ်းချောင်းငယ်အတွင်းဝယ် ပန်းပွင့်လေးများက ငြိမ်သက်စွာ နှေးကွေးလှသော ရေစီးကြောင်းတွင် ဝေ့ဝဲနေ၏။


ပင့်ခ် ခြေထောက်ကို စမ်းရေအတွင်းသို့ ချလိုက်သည်နှင့် တင်းခနဲ ဆုပ်ကိုင်ခံလိုက်ရပြီးနောက်၊


“မေဗယ်လ်!!”


@@@@@@@@@


ဆက်ရန်---


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:09 5

    Good

    reply

  • reader JuliusJulius 29.11.2019, 13:20 5

    So good

    reply