Part-6.2
မေဗယ့်လ် လက်ထဲမှာ ဘာဆိုဘာမှမပါပေ။ သူက ကြိုတင်ပြင်ဆင်တာတွေ မလုပ်ဘူးလား၊ သူက ငါ့ကို ကာကွယ်ရမှာလေ၊ ဘာမှမပြင်ဆင်ထားဘူးလား။ အဲ့လိုချည်းနဲ့တော့ မဟုတ်သေးဘူးလေ။
“ဟေ့ မင်း ဘာမှမပြင်ခဲ့ဘူးလား”
ပင့်ခ်က ပြောလိုက်တော့ ပင့်ခ်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးမှ ဖိနပ်ကို လက်ညိုးထိုးလာကာ၊
“ဖန်တီးမှုတောက မင်းအဖေမင်းကို ခင်းထားပေးတဲ့ ကောဇောမရှိဘူး၊ ဒီဖိနပ်နဲ့ အဆင်မပြေဘူး သွားလဲလာခဲ့”
ထိုတစ်ခွန်းတည်း ပြောပြီးနောက် လှေကားထိပ်မှ ပျောက်ကွယ်သွားကာ အလယ်လှေကားထစ်သို့ ရောက်သွား၏။ ပင့်ခ်မကျေမနပ် ဖြစ်မိပေမယ့် ဖိနပ်လဲလိုက်ပြီးမှ လှေကားအောက်သို့ ပြန်ဆင်းလာတော့ လူတွေ အားလုံးက စုံနေပြီ ဖြစ်သည်။
အားလုံးသော လူတွေက ကိုယ်စီကိုယ်ဟ အထုတ်ကိုယ်စီနဲ့ ဖြစ်သော်လည်း ပင့်ခ်လက်ထဲမှာတောင်မှ ထီးနဲ့ရေဘူးပါသေးသော်လည်း မေဗယ်လ်က ဘာဆိုဘာမှမပါပေ။ ဆရာကန်ဆယ်လ်က အထုတ်ငယ်လေးများကို ဝေငှနေရင်းမှ၊
“ဒီအချိန်ကစပြီး မင်းတို့ရဲ့ စားသောက်မှုကို ဒီတစ်နပ်စာပဲ အကူအညီပေးနိုင်တော့မှာ၊ မင်းတို့ အဲ့ဒီတောထဲမှာ မှော်ဝင်သားရိုင်းမဟုတ်တဲ့ သတ္တဝါတွေကို ဖမ်းယူစားသောက်နိုင်ပေမယ့် မှော်ဝင်သားရိုင်းတွေကိုတော့ စားသောက်ဖို့ မတွေးကြဖို့ အကြံပေးလိုက်ပါတယ်၊ ကံကောင်းပါစေ”
“မင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ဆရာတွေက ကျောင်းကနေ ကြည့်ရှုလို့ ရအောင် စီမံထားပြီး ဖြစ်လို့ မင်းတို့ တစ်ခုခု ဖြစ်တဲ့အထိတော့ မပစ်ထားပါဘူး၊ ကံကောင်းပါစေ”
ဆရာမဟေဒီက ထိုသို့ လာပြောပြီးနောက်တွင်မှ အားလုံးကို ပါရာဒိုက်ရဲတိုက်လျှောက်လမ်းထိ ပို့ပေးသည်။ မေဗယ်လ်က ဘာပစ္စည်းမှ မပါတာမို့ သက်တောင့်သက်သာ လျှောက်နိုင်သော်လည်း တခြားသော သူများက ကိုယ့်ပစ္စည်းကိုယ် သယ်ကာ လျှောက်ကြရ၏။ ပါရာဒိုက်ရဲတိုက်အဆုံးတွင် ယာဉ်မောင်းမပါသော ကားများကို စီမံထားပေးပြီး ကိုယ်စီက ကားပေါ်သို့ တက်လိုက်ကြသည်။
ကားများက တန်းစီကာ အနောက်ဘက် တောအုပ်သို့ ဦးတည်သွားလိုက်ပြီးနောက် တောအုပ်အစပ်တွင် ပင့်ခ်တို့ကို ချထားပေးခဲ့သည်။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ကားများက အလိုလျှောက် ရဲတိုက်သို့ ပြန်သွားကြလေသည်။ မေဗယ်လ်က ပင့်ခ်အား တစ်ချက် လှမ်းကြည့်လာပြီးမှ၊
“အနောက်ကနေ လိုက်လာခဲ့၊ မင်းကိုယ်မင်း ထိခိုက်ဖို့ တစ်ခုခု လုပ်တာနဲ့ ငါက မင်းကို နှစ်ဆ ပြန်လုပ်မယ်၊ ငြိမ်ငြိမ်ပဲနေ”
အမလေး၊ ကာကွယ်ပေးမယ့်သူကြီးက အဲ့လိုခြိမ်းခြောက်ခြင်းက စရမယ်လို့ မေဗယ့်လ်ကို ဘယ်သူကများ သင်ကြားထားပေးတာလဲ။ ပင့်ခ်က မေဗယ်လ်အနောက်မှ လိုက်လာရင်း တခြားသူတွေ ဝင်သွားမယ့် နေရာများကို လှမ်းကြည့်မိသေးသည်။ အုံ့ဆိုင်းနေသော တောအုပ်က မြူခိုးအနည်းငယ် ရစ်သိုင်းနေပြီး သိပ်မကြာမှီမှာပင် တခြားသူများကို မတွေ့ရတော့ပေ။
အရှေ့မှ မေဗယ်လ်နောက်ကိုသာ လျင်မြန်စွာ လိုက်ပါလာပြီးမှ၊
“မေဗယ်လ် မင်း ဘယ်သွားနေတာလဲ၊ ငါတို့ ဘယ်ကို ရောက်လာပြီလဲ”
“မင်းတို့ နိမ်းလက်စ် ကျောင်းမှာ တောအကြောင်း မသင်ရဘူးလား၊ အစကနေ အဆုံးထိ လိုက်မေးနေရအောင် မင်းက လေးနှစ်သမီးလား”
“ငါက လေးနှစ်သမီး မဟုတ်ပေမယ့် ငါတို့ နိမ်းလက်စ်ကျောင်းမှာ သင်ရတာနဲ့ ငါတွေ့နေရတာနဲ့မှ မတူတာကို”
“မင်းက အတော်ဆုံး ကျောင်းသူလို့ ကြားတယ်၊ ဒါလေးတောင် မသိဘူးလား”
“ဟ ဟ၊ ဟုတ်တယ် ငါက အတော်ဆုံး ကျောင်းသူပဲ၊ အဲ့ဒါနဲ့ပဲ အကုန်လုံး သိရတော့မလား”
“ငါက အတော်ဆုံးကျောင်းသူ မဟုတ်ဘူး”
အဲ့ဒါနဲ့ ပြောချင်တာက အတော်ဆုံးကျောင်းသူ ဖြစ်တဲ့ ပင့်ခ်ထက်ကို သူက ပိုသိတယ် ဆိုပြီးတော့လား၊ ဟင်း အဲ့ဒါတော့ အဖေ့ကိုပဲ အပြစ်တင်ရမယ်၊ ဘယ်သူက အတော်ဆုံးကျောင်းသူဂုဏ်ပုဒ်ကို ဝယ်ခိုင်းလို့လဲ၊ အခုတော့ ကောင်းရော။ သူများပြောတာ ခံရပြီ။
“ဒါနဲ့ ငါကြားတာ မင်းက အိုဗာဝါးတား ကျောင်းဆင်းဆို ဘာလို့ ဖီးယားလက်စ်မှာ မတက်တာလဲ”
“မတက်ချင်လို့”
“မင်း ကျောင်းတုန်းက ဘယ်လိုမျိုးလဲ၊ ငါကြားတာ မင်းတို့ကျောင်းက အဆောင်တွေက ခွဲနေရတာဆို၊ မင်းက ဘယ်အဆောင်ကလဲ”
“ဒီဗယ်ဖော့စ်”
“ဒါနဲ့..အ”
“ရှုး တိတ်တိတ်နေ”
မေဗယ်လ်က ဆတ်ခနဲ ပင့်ခ်ပုခုံးကို ဆွဲကိုင်လိုက်ပြီးမှ သစ်ပင်သို့ ကပ်လိုက်ရာ မေးဖို့ရာ မေးခွန်းက ဘယ်ဆီလွင့်သွားပြီမှန်း မသိပဲနှင့် ထိတ်လန့်မှုကြောင့် ရင်ဘတ်ထဲက နှလုံးက ပါးစပ်ပေါက်ကနေ ခုန်ထွက်လာတော့မတတ်ပင်၊ မေဗယ်လ်က ပင့်ခ်ကို သစ်ပင်နှင့် ဖိကပ်ထားရင်းက သူကပါ အရှေ့သို့ တိုးလိုက်တော့ နှစ်ဦးသားက မုန့်လင်မယားအတိုင်း၊ သို့သော်..၊
“ဒုန်း!.. ဒုန်း!..”
ဒုန်းခနဲ တစ်ချက်ကြားတိုင်း မြေပြင်က သိမ့်ခနဲ တုန်သည်။ သစ်ပင်တွေပင် ယိမ်းထိုးကုန်၏။ ပင့်ခ် လိမ်လိမ်မာမာပင် အသံမထွက်တော့ပေ။
“ကျီး!!”
“ဟ.. အား.. အု.. ဝု”
ကျီးခနဲ အော်သံမှာ ပင့်ခ်အသံက အလန့်တကြား ပေါ်ထွက်လာတော့ မေဗယ်လ်က ပင့်ခ်၏ ပါးစပ်ကို လက်ဖြင့် ဖိပိတ်ပစ်လိုက်လေသည်။ ထိတ်လန့်နေဆဲတွင်မှ မိန်းကလေးချင်းအတူတူ မေဗယ်လ်က ဘာလို့ ပင့်ခ်ထက်ကို အရပ်ပိုရှည်နေရတာလဲဟု မနာလိုစိတ်က ဖြစ်ပေါ်လာလိုက်သေးသည်။
ပင့်ခ်အား ပါးစပ်ကို အတင်းဖိပိတ်ထားသဖြင့် အသက်ရှုပါ ကျပ်လာတော့ လက်မောင်းကို ရိုက်လိုက်မိသည်။ မေဗယ်လ်က ချောင်းကြည့်နေရာမှ ပင့်ခ်ကို ဖြေလွတ်ပေးလိုက်ပြီးနောက်၊
“ငါတို့ ဆင်အုပ်အလယ်ကို ရောက်နေပြီ ဆင်ကလေး မွေးနေတာ ထင်တယ်၊ ငါတို့ကို မြင်လို့မဖြစ်ဘူး၊ ဒီဆင်တွေက ရေနေဆင်တွေ”
“ဟမ် ဘာဆင်လဲ”
“ရေမှာနေတဲ့ဆင်တွေ ကလေးမွေးရင် ကုန်းပေါ်မှာ မွေးတာ ဘယ်သူမှအမြင်ခံလေ့မရှိဘူး၊ အခုငါတို့က သူတို့ကြားထဲကို ရောက်နေတာ ငါတို့ကို တွေ့ရင် ငါတို့အသေပဲ၊ သူတို့နားရွက်တွေက ပျံနိုင်တယ်”
“အဲ့ဒါဆိုရင် ငါတို့ သေရတော့မှာလား”
မေဗယ်လ်က ပင့်ခ်အား စိတ်ညစ်သွားသော မျက်နှာဖြင့် ငုံ့ကြည့်လာပြီးမှ၊
“ဆရာတွေ ပြောခဲ့တာ မကြားဘူးလား၊ ငါတို့ကို စောင့်ကြည့်နေမယ် ဆိုတာ၊ ငါတို့မသေဘူး၊ ဒါပေမယ့် ငါတို့ ဒီကနေ ဘယ်လို လွတ်အောင် လုပ်ရမလဲ ဆိုတာက အရေးကြီးတယ်”
“ငါ.. ငါ အဲ့ဆင်တွေ အကြောင်းမသိဘူး”
“မင်း အထက်တန်းကို ဘယ်လိုများ ပြီးလာတာလဲ ငါ နားမလည်တော့ဘူး”
“ငါက ရေပေါ်ကျောင်းမှာ တက်လာတာ မဟုတ်ဘူး၊ ငါက နိမ်းလက်စ်မှာ တက်လာတာ မတူဘူး”
ပင့်ခ် ခွန်းတုန့်ပြန်ဖို့ကိုတော့ မမေ့ပေ။
“ငါပြောတာ နားထောင်၊ မင်း နာမ်ရွေ့တတ်လား”
“မရွေ့တတ်ဘူး”
“ငါကလည်း တခြားသူ တစ်ယောက်နဲ့အတူ နာမ်မရွေ့တတ်သေးဘူး”