book

Index 14

Part-6.1

မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း


Part-6.1


“သေချာပေါက် ငါက မညံ့ဘူးပေါ့၊ ဒါပေမယ့် ငါမလုပ်ချင်တာတွေကို မလုပ်ချင်ရုံတင်ပေးပါ၊ လုံးဝ ကန့်ကွက်တယ်!!”


ပင့်ခ်အော်လိုက်တာကို ဇော်ဒီယန်က ထိတ်လန့်သွားဟန်ဖြင့် မျက်နှာကို လိန်တွန့်လိုက်ရင်းမှ၊


“မင်းက ဘာကို ကန့်ကွက်တယ် အော်နေရတာလဲ၊ အလန့်တကြားနဲ့”


“မင်းက ဒီမွန်းနာမည်ခံသက်သက်ပဲ ဒီမွန်းတွေ ဒီလောက်ကြောက်တတ်တာ မကြားဖူးဘူး”


“ငါက ကြောက်တတ်တာ မဟုတ်ပါဘူး၊ လန့်တတ်ရုံပါ၊ အလန့်တကြားတွေဆို ထိတ်ခနဲ ဖြစ်တတ်တာလေးပါ”


“ငါ့ကို ညံ့တယ်ပြောတာကို ကန့်ကွက်တယ်လို့ ပြောတာ”


“ငါတော့ မထင်ဘူး၊ မင်း မညံ့လောက်ပါဘူး”


ပင့်ခ်တို့ စာသင်ခန်းထဲကို ပြန်ရောက်လာတော့ အားလုံးသော မျက်လုံးတွေက ပင့်ခ်နှင့် ဇော်ဒီယန်ထံသို့ ဝိုင်းကြည့်လာကြသည်။ သူတို့လည်း သိချင်ရှာမှာပေါ့၊ မဟုတ်လား။ ဒါပေမယ့် ပင့်ခ်ကမှ ပြောပြလို့ မရတာ၊ 


“အင်း ကိစ္စက ဒီလိုနဲ့ ပြီးသွားတာပါပဲ၊ ဇက်ကို မေးကြည့်”


မစ်ကီကို ပွေ့ပိုက်ပွတ်သပ်နေတဲ့ ဇက်က ပင့်ခ်ကို တအံ့တသြနဲ့ ကြည့်လာပြီးမှ၊ ငါ့ဆီ ဘာလို့ လွဲချတာလဲ ဆိုသော အကြည့်တို့က ထင်ထင်ရှားရှား၊ 


“အာ ငါဗိုက်ဆာနေပြီ၊ စားဖို့တစ်ခုခု သွားရှာမှ ထင်တယ်”


“ဒီမှာ ဆရာကန်ဆယ်လ် လာကပ်သွားတာ နောက်သုံးရက်ကျရင် တစ်ပတ်တာ ပြီးဆုံးတဲ့ ပြိုင်ပွဲတဲ့”


“ဂါထာရွတ် ပြိုင်ပွဲပဲ မဟုတ်လား အထက်တန်းတုန်းကလို တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တာပဲ မဟုတ်လား”


“အဟမ်း အားလုံး ကိုယ့်နေရာနဲ့ကိုယ် ဝင်ထိုင်မယ်၊ အထက်တန်းတုန်းက ကိစ္စကို အထက်တန်းမှာပဲ ထားခဲ့ကြဖို့ မျှော်လင့်ပါတယ်၊ ဒါက လေ့ကျင့်ရေးကျောင်းပါ၊ မင်းတို့တွေက မှော်ဝင်မြို့တော်က အကြီးအကဲတွေ ဖြစ်လာကြမယ့်သူ အသီးသီးမို့ ဒီကျောင်းကို လာတက်ရတာဖြစ်တယ်၊ မင်းတို့အတွက် ပြိုင်ပွဲတွေကို လွယ်လွယ်ကူကူ ကျော်ဖြတ်ဖို့ မင်းတို့ မတွေးကြဘူးလို့ ထင်တယ်”


ဆရာကန်ဆယ်လ်က ဆက်တိုက် ပြောသွားရင်းက ကပ်ထားသည့် စာရွက်ကို အရှေ့သို့ ဆင့်ခေါ်လိုက်ပြီးမှ ထောက်ပြသည်။ 


“ဒီမှာ ပန်ဒိုရာမြို့ရဲ့ အနောက်ဘက်မှာ ဖန်တီးမှု တောအုပ် ဆိုတာ ရှိတယ်၊ အဲ့ဒီမှာ မှော်ဝင်သားရိုင်းတွေကို သဘာဝအတိုင်း မွေးမြူထားလေ့ ရှိတယ်၊ ရိုးရှင်းတဲ့ တောကောင်ကနေ မီးမှုတ်တဲ့မီးလျှံငှက်အထိ ထူးဆန်းတဲ့ သားရိုင်းတွေ အများကြီး ရှိတယ်၊ မှော်ကျိန်စာတွေကို ခံနိုင်ရည်ရှိတဲ့ အကောင်တွေလည်း အများကြီး ရှိတယ်၊ မင်းတို့ရဲ့ ဒီအပတ် ပြိုင်ပွဲက အဲ့ဒီဖန်တီးမှု တောအုပ်မှာ ဖြစ်တယ်”


ရဲတိုက်အပြင်ကို သွားရမည် ဆိုသဖြင့် ပင့်ခ်၏ မျက်ဝန်းများက တဖြတ်ဖြတ်ပင် လင်းလက်တောက်ပ လာတော့မတတ်၊ ပင့်ခ်၏ပြိုင်ဖက် ဖြစ်သော မေဗယ်လ်ကို ကြည့်လိုက်တော့ မေဗယ်လ်က ထုံးစံအတိုင်း လက်ပိုက်၍ထိုင်နေပြီး ကိုယ်ကို မတ်မတ်ထားကာ ခြေထောက်ကို ချိတ်ထား၏။ 


“နှစ်ယောက်တစ်ဖွဲ့ တွဲဖက်ထားမယ်၊ တွဲဖက်က ကိုယ့်အသင်းထဲက မဖြစ်ရဘူး၊ တစ်ဖက်အသင်းကနေ ဖြစ်ရမယ်”


အသင်းသားတွေ မြန်မြန်ဆုံးဖြတ်လိုက်ကြပြီးနောက် စာသင်ခန်းမအတွင်း ဆူညံသံများက တိတ်ကျသွားသည်တွင် လိုက်ဖက်သော တွဲဖက်များ ရလာ၏။ ပင့်ခ်နှင့် မေဗယ်လ်က တစ်ဖွဲ့၊ ဇက်နဲ့ဂျီနိုက တစ်သင်း၊ ဂေါ်ရမ်နဲ့ ဇေဒီယန်က တစ်သင်း၊ ဒီမန်းနဲ့ လူးရာက တစ်သင်း၊ စသဖြင့် အသင်းရှစ်သင်းပေါ်ထွက်လာသည်။ 


ထိုတွင်မှ ဆရာကန်ဆယ်လ်က ဆက်၍ ပြောလာသည်။ 


“မင်းတို့ တစ်သင်းစီက မှော်ဝင်သားရိုင်းကောင် တစ်ကောင်စီကို ဖမ်းလာရမယ်၊ သတိပြုချက်တွေကို ပြောမယ်၊ သေချာနားထောင်၊ အကောင်ကြီးလေလေ မင်းတို့ ပိုပြီးတော့ အမှတ်များများရလေလေပဲ၊ ဒါပေမယ့် သေစေလောက်တဲ့ ဒဏ်ရာရအောင်ထိ ထိခိုက်အောင် မလုပ်ရဘူး၊ မသတ်ရဘူး၊ အဲ့ဒီအတွက် ငါးမှတ် သတ်မှတ်ထားတယ်၊ နောက်ထပ်ငါးမှတ်က မင်းတို့ရဲ့တွဲဖက်အသင်းသားကို ကာကွယ်ပေးမှပဲ ရလာလိမ့်မယ်၊ မင်းရဲ့တွဲဖက်မှာ ဒဏ်ရာရလာတယ် ဆိုရင် မင်းက ငါးမှတ်ဆုံးရှုံးမယ်၊ မင်းတို့တွေ မှော်ဝင်သားရိုင်းတစ်ကောင်ကို ဖမ်းလာဖို့ တစ်ပတ်အချိန်ရမယ်”


“ဒါကြီးက မဖြစ်နိုင်တာ”


“ဒါကြီးက မတရားဘူး၊”


“ငါတို့က ငါတို့ကိုယ်ထက်ကို တခြားသူကို ကာကွယ်ရမယ်လို့ ပြောလိုက်တာလား”


အားလုံးသော ကျောင်းသားများ၏ ဟိုတစ်စ ဒီတစ်စ ကျွတ်စိကျွတ်စိအသံများ ထွက်လာကြသည်။ ပင့်ခ်ကတော့ ဘယ်လို အကောင်သေးမျိုးကို ဖမ်းရမလဲဟု စတင်တွေးတောနေပြီ ဖြစ်၏။ မထိခိုက်ရဘူး၊ မသေစေရဘူး ဆိုမှတော့ ပင့်ခ်မှာ ရှိတဲ့ မှော်စွမ်းအားနဲ့ လိုက်ဖက်တာကို အလွယ်တကူ ဖမ်းလိုက်ဖို့က ထိုသို့ လိပ်တို့ ငါးတို့ကို ရေအေးထဲမှာ ဖမ်းခဲလိုက်ပြီး ဖမ်းရန်သာ ရှိတော့သည်။ 


“နားလည်ပြီ”


ထို နားလည်ပြီ ဆိုသော စကားကို တိတိကျကျ ပြတ်ပြတ်သားသားနှင့် ပြောလိုက်သူက တစ်ဦးတည်း၊ ဘယ်သူရှိရမလဲ၊ မေဗယ်လ်ကလွဲလို့ တခြားသောသူက ဒီလောက် အေးစက်စက်ထုံပေပေကြီး ဒီလိုလေသံနဲ့ ပြောနိုင်မလား။ 


မဖြစ်နိုင်တာတွေ ဘာတွေ ထားလိုက်၊ ဒီလို နည်းလမ်းကို သုံးပြီးတော့ ရမှတ်ကို အကဲဖြတ်မယ်ဆိုတာ မကျေနပ်ကြဘူး ဆိုလည်း ထားလိုက်၊ ရဲတိုက်ထဲကနေ ထွက်ကာ သွားလာရမယ် ဆိုတာကိုတော့ အားလုံးက ကျေနပ်ပျော်ရွှင်နေကြလေသည်။ 


သုံးရက်တာသော ဖြတ်သန်းမှုမှာ သင်တန်းကျောင်းသားတွေ အားလုံးက ကိုယ်စီကိုယ်စီ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြသည်။ အကာအကွယ်ဝတ်ရုံတွေ ဘာတွေ ရဲတိုက်အစောင့်ကို မှာယူခိုင်းတာလည်း ရှိသေး၏။ အစွမ်းထက်သော မှော်ဝင်ပစ္စည်းအချို့ကိုလည်း မှာယူဝယ်ယူကြသေးသည်။ ဒီရက်ပိုင်းအတွင်း ရဲတိုက်အစောင့်များက အလုပ်များသလို ဝင်ငွေကလည်း မဆိုးလှဟု ပြောရမည်။ 


ပန်ဒိုရာမှော်ဝင်ဈေးကို သွားဖို့ ရဲတိုက်အစောင့်တွေကို သွားခ ပစ္စည်းဝယ်ခ ရဲတိုက်ထဲကို ခိုးသွင်းပေးခ သူတို့တွေမှ မကိုက်ရင် ဘယ်သူတွေ ကိုက်မလဲ၊ သိသာသိစေ၊ မမြင်စေနဲ့ ဆိုတဲ့အတိုင်း ပင့်ခ်က မြင်နေရပေမယ့် တိုင်တောဖို့ ဘာဖို့လည်း စိတ်တော့မဝင်စားပေ။ 


ပင့်ခ်ကတော့ အကာအကွယ်ခံယူရဖို့ကိုသာ စောင့်ဆိုင်းနေလိုက်သည်။ ပင့်ခ်က သူများကို ကာကွယ်ပေးဖို့များ တွေးဖို့တောင်မလိုဘူး၊ ပင့်ခ်ကာကွယ်တာကို မေဗယ်လ်က ငြိမ်သက်စွာနဲ့ ခံယူဖို့ဆိုတာ တစ်ရေးနိုးတွေးမိရင် ခေါင်းထလျှော်လိုက်ဖို့သာ အကြံပြုပါရစေ။ အဲ့ဒါမို့ ပင့်ခ်က ငါးမှတ်ကို အဆုံးရှုံးခံဖို့သာ တွေးထားပြီးသားဖြစ်ပေမယ့် အဲ့လောက်ထိ ဖြစ်လာမှာ မဟုတ်ဟုလည်း ယုံကြည်သည်။ 


မေဗယ်လ်လို ကျောက်ရုပ်ကို ဒဏ်ရာရအောင် ဘယ်သူတွေက လုပ်နိုင်မှာ မို့လို့လဲ၊ မှော်ဝင်သားရိုင်းတွေကလား၊ မေဗယ်လ်က အကုန်လုံးကို မသတ်ပစ်ရင်တောင် ကံကောင်း၊ မေဗယ်လ်က ဒဏ်ရာရမှာ မဟုတ်ဘူးဟု ပင့်ခ်ကတော့ တစ်ထစ်ချ ယုံကြည်ထားပြီးနှင့်နေပြီ ဖြစ်လေသည်။ 


ပင့်ခ် ထိုနေ့အတွက် ယူသွားရမည်များကို ပြင်ဆင်တော့ မစ်ကီကို သေချာမှာရသည်။ 


“မစ်ကီ ငါက ဖန်တီးမှု တောအုပ်ထဲကို တစ်ပတ်သွားရမှာ၊ မင်းက ငြိမ်ငြိမ်လေး နေခဲ့နော်၊ ဘယ်ကိုမှ သွားမကြည့်ရဘူး၊ ဒီမှာ ကျွေးထားတာကိုစား၊ မီးဖိုထဲကို ခိုးဝင်ပြီး အသားကင်ကြွက်ဖြစ်သွားတဲ့အခါ ငါနဲ့မဆိုင်ဘူး၊ လုံးဝနော် မစ်ကီ ကြားလား”


“ကျွိ”


ဇက်ကိုသာ လျှောက်ပြောထားတာ ဖြစ်သော်လည်း မစ်ကီက ချောင်းနားထောင်သည့် အခါမှလွဲ၍ တခြားသော အသုံးကျသည့် နေရာ မရှိပေ။ သူများခိုတွေဆို စာပို့တာတွေ ဘာတွေ ရှိသေးသော်လည်း မစ်ကီက ခြေတိုတိုလေးတွေနှင့် စာလည်း မပို့ပေးနိုင်၊ တခြားသော ထူးဆန်းတာ ဘာညာ မရှိသည့် မှော်မဲ့ဒေသမှ ကြွက်အလားပင်၊ ထားလိုက်ပါတော့ ငယ်ငယ်တည်းက မွေးထားခဲ့တော့လည်း သံယောဇဉ်ဆိုတာက၊ 


ပင့်ခ် နေပူရင်ဆောင်းဖို့ ထီးပန်းရောင်လေးကို ယူလိုက်သည်။ ပြီးနောက် လက်ကိုင်အိတ်ပန်းရောင်လေး အတွင်းသို့ မှော်ဝင်အပ်နှင့်အပ်ချည်ကို ထည့်လိုက်သည်။ ဒီအပ်ကလေးတွေက ကြည့်တော့တာ အသုံးမဝင်သလိုနဲ့၊ ဘယ်လို မှော်သားရိုင်းကိုမဆို ချည်နှောင်နိုင်တဲ့အထိ စွမ်းသည်။ ဒါက ပင့်ခ်မေမေက ပေးထားခဲ့တာ ဖြစ်ပြီး လိုအပ်ရင် အသုံးပြုရန် ဆိုပြီး ပြောပြထားဖူးသေး၏။ 


ပြီးတော့ ရေသန့်ဘူးပန်းရောင်လေး၊ ဒီရေသန့်ဗူးက ကြည့်ရင် တစ်လီတာဗူးပုံစံ ဖြစ်ပေမယ့် အလေးချိန်ကလည်း အဲ့ဒီလောက်လေးပေမယ့် ရေက သောက်လိုက်၍ လျော့သွားလျှင် အလိုလျှောက် ပြန်ဖြည့်နိုင်သည်။ နောက်ဆုံးမှာတော့ ဒေါက်ဖိနပ်ပန်းရောင်လေး စီးကာ အောက်သို့ ဆင်းရန် ပြင်လိုက်သည်။ လှေကားထိပ်တွင် မေဗယ်လ်နှင့် စဆုံသည်။


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:07 5

    Good

    reply

  • reader JuliusJulius 29.11.2019, 13:15 5

    So good

    reply