Part-5.3
ပင့်ခ်ချက်ချင်းပင် မေဗယ်လ်အနားသို့ ရောက်သွားပြီးမှ မကျေမချမ်း ကြည့်လိုက်ကာ၊
“ငါ့ကို အဲ့ဒါနဲ့ စမ်းသပ်လိုက်တာပေါ့ ဟုတ်လား”
မေဗယ်လ်က မဖြေပေ။ ငါကတော့ သူ့ကို ရေခဲထောင်ထဲ ရောက်သွားမှာ ဆိုပြီးတော့ သနားသွားမိသေးတာ၊ ငါ့စိတ်လေးကို အနိုင်ကျင့်လိုက်တာပဲ၊ လူတိုင်းက စေတနာနဲ့ မတန်ဘူး။
“မင်း”
မှော်လောကစိုးစံသူက မေဗယ်လ်ကို ဆူပူလိုသော ဟန်ပန်ဖြင့် ဆိုလာလေသည်။
“အိုကေ သူငယ်ချင်း အချင်းချင်း ဒီလောက်ထိ အပြင်းအထန် မနောက်ပြောင်ရဘူး၊ ရုပ်ထိန်းအပင်းကို သုံးလနဲ့အထက် ကျွေးထားရင် အသိစိတ်ပျောက်သွားတတ်တာ မသိတာလဲ မဟုတ်ပဲနဲ့”
အိုး၊ ပင့်ခ် ထိုနေရာမှာတင် ရုပ်ထုလို ဖြစ်သွားမိသည်။ ငါ့ကို ကိုးလတောင်မှ ကျွေးထားချင်သေးတာလေ၊ အဲ့ဒါကြီးကို၊ ကိစ္စက ပြီးသလို ဖြစ်သွားသဖြင့် ဆရာ ဆရာမများနှင့် မြို့နယ်လူကြီးများက အရင်ဆုံး ထွက်သွားနှင့်ကြသည်။ ခန်းမထဲဝယ် မှော်လောကစိုးစံသူ ဇနီးမောင်နှံ၊ မေဗယ်လ်၊ ပင့်ခ်၊ ဇော်ဒီယန်နှင့် ဇက်တို့သာ ကျန်နေရစ်ခဲ့သည်။
မှော်လောကစိုးစံသူ မိခင်က မေဗယ်လ်အား အလိုမကျသလို မျက်နှာပေးနှင့်၊
“စောစောတည်းက ဘာလို့ ခီရာရဲ့သမီးဆိုတာကို မပြောလိုက်တာလဲ၊ ငါ့ကို အလုပ်ရှုပ်အောင် ဒုက္ခပေးနေတာပဲ၊ ငါ ဘယ်ကနေ လာခဲ့ရတာလဲ သိလား”
မှော်လောကစိုးစံသူက ပြောတော့ မေဗယ်လ်က မျက်လွှာပင့်ကြည့်သည်။ ပြီးမှ တုံးတိလေသံဖြင့်၊
“ဒီကလူတွေ ဘယ်သူမှ ဂါးဒီးယန်းနတ်ကို မခေါ်နိုင်ဘူး၊ ပြောလည်း အပိုပဲ ဖြစ်မှာ၊ ကိစ္စပြီးပြီ ဆိုတော့ ပြန်သွားလို့ ရပြီ”
“အိုး၊ မင်းက ဘယ်လို ညီမလေးမျိုးလဲ၊ ငါ့ကို နည်းနည်းလေးတောင်မှ အသိအမှတ်မပြုချင်ဘူးလား”
ခန်းမထဲကနေ ထွက်သွားဖို့ ခြေလှမ်းပြင်နေပြီ ဖြစ်တဲ့ မေဗယ့်လ်ခြေလှမ်းတွေ ရပ်သွားပြီးမှ၊
“အဖေလည်း မတူဘူး၊ အမေလည်း မတူဘူး၊ ငါတို့က ဘာတွေ တော်စပ်ဖို့ အရေးတကြီး လိုနေလို့လဲ၊ လာခဲ့တဲ့နေရာက အရေးကြီးတယ်ဆို ပြန်သွားလိုက်တော့လေ”
“အင်း အရေးကြီးတယ်၊ ငါက ဂရင်းဟဲလ်ကနေ လာခဲ့တာ၊ ဂျန်ဂယ်တွေ ဘီးဂတ်စ်တွေနဲ့ မှင်စာတွေ အတွက် ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံကနေ လာခဲ့ရတာ၊ မင်းတစ်ယောက်တည်း အတွက်နဲ့လေ”
“ဒီမှာ ဆူညံသံတွေ ကြားထဲမှာ ကိုးလတောင်မှ နေခိုင်းဖို့ ဆုံးဖြတ်တုန်းက ဆူညံသံတွေကို မကြိုက်တာ သတိရမိသေးလား၊ ပြီးတော့ အခု ပြန်သွားလို့ ရပြီ”
“အိုကေ ဟန်နီ မင်း သူမကို မနောက်ပြောင်တော့ပဲနဲ့ ငါတို့ ပြန်ကြရအောင်”
“ကောင်းပြီလေ၊ ပြန်ကြတာပေါ့”
မှော်လောကစိုးစံသူ မောင်နှံက အချင်းချင်း ပြောဆိုပြီးနောက်တွင် ထိုနေရာမှ သွားခါနီးတွင်မှ၊
“ဇောခ့် အချစ်လေး၊ လိမ်လိမ်မာမာနေနော်၊ ဇယ်ရာတွေနဲ့ ရန်မဖြစ်ရဘူး”
“အိုကေ အိုကေ၊ စိတ်ချ စိတ်ချ”
ဇော်ဒီယန်၏ မျက်နှာပေးက ဒါချည်းပဲဟု မပြောရုံတစ်မယ်ပင် ပျင်းအီနေသော ဟန်ပန်ဖြင့် လက်ပါ ယမ်း၍ သွားရန် အချက်ပြလိုက်သေး၏။ မှော်လောကစိုးစံသူမောင်နှံထွက်သွားတော့ ခန်းမအတွင်းမှ ပထမဆုံး ထွက်သွားသူက အထူးတလည်ပြောရန် မလိုတော့သည် မေဗယ်လ်ဖြစ်ကာ အနောက်မှ လိုက်ပါသွားသူက ကြောင်တက်တက်ဖြင့် ဇက် ဖြစ်၏။
ပင့်ခ်နှင့် ဇော်ဒီယန်က နောက်မှ လိုက်ပါလာပြီးမှ ပုခုံးတွန့်ပြလေသည်။ ပင့်ခ် မေးဖို့ကို အခုမှ သတိရသွားပြီးနောက်၊
“မင်းက မှော်လောကစိုးစံသူနဲ့ သိနေတာလား၊ သိတာ ကြာပြီလား၊ သူမက ပုံမှန် ဘယ်လို အပြုအမူတွေ လုပ်လေ့ရှိတာလဲ”
“အင်း သိတာကြာပြီ၊ သူမက ပုံမှန်ဆိုရင် ငါ့အဖေချက်ကျွေးတာတွေ စားလေ့ရှိတယ်”
“ဘာ၊ မင်းအဖေ”
“အင်းလေ ခုနတုန်းက ငါ့အဖေနဲ့အမေပဲဟာ”
“ဘာ!! ဒါဆို မင်းနဲ့မေဗယ်လ်က..”
“တူဝရီးတွေ၊ ငါပြောသားပဲ ငါတို့ ငယ်ငယ်တည်းက သိတာပါဆို”
“အစတည်းက ရှင်းရှင်းလင်းလင်း ပြောတာ မဟုတ်ဘူး”
ပင့်ခ် မကျေမနပ် ရေရွတ်ပေမယ့် ဇော်ဒီယန်က ပုခုံးသာ တွန့်ပြ၏။
“ဒါနဲ့ ခုနတုန်းက ခီရာ ဆိုတာနဲ့ သူတို့က ဘာလို့ ဒီအတိုင်း လက်ခံပေးသွားတာလဲ”
“ခီရာက လနက်ပလ္လင်ရဲ့စောင့်ရှောက်သူလေ၊ ပြောရရင် စုန်းဖြူတစ်မျိုးလုံးကို စောင့်ရှောက်ရတဲ့သူ၊ မေဗယ်လ်ရဲ့အဖေကမှ စုန်းဖြူစစ်စစ်၊ စောင့်ရှောက်သူနဲ့မျိုးနွယ် ညားပြီးမှ မွေးလာတဲ့ကလေးက စုန်းဖြူတွေ အားလုံးထက် စွမ်းတယ်၊ အဲ့ဒီတော့ စုန်းဖြူရဲ့ မှော်စွမ်းအားကို အခြေခံထားတဲ့ ပညာရပ်တွေကို မေဗယ်လ်က လွယ်လွယ်လေး ဆက်ခံရရှိနိုင်တာ မဆန်းဘူး”
“အော် အဲ့လိုလား”
“စုန်းဖြူမျိုးရဲ့ပညာရပ်တွေ ငါတို့ အကြိမ်ကြိမ် စမ်းသပ်ပြီး ကျရှုံးနေမယ် ဆိုရင်တောင် မေဗယ်လ်က တစ်ခါတည်းနဲ့ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းများတယ်၊ မင်း အထက်တန်းတုန်းက မှော်သမိုင်းရော သင်ခဲ့ရဲ့လား”
ပင့်ခ် ရှက်သလိုလို ပြုံးလိုက်မိသေးရင်းမှ၊
“ငါက မှတ်ဉာဏ်အားနည်းတယ်လေ”
“ငါကြားတာကတော့ ငါတို့ မျိုးနွယ်စုတစ်ခုချင်းစီက ခေါင်းဆောင်တွေရဲ့ သားသမီးတွေက ကျောင်းကိုယ်စီမှာ ထိပ်သီးလို့ ပြောကြတာပဲ”
“ငါ့ရမှတ်တွေ အားလုံးက ငါ့အဖေ ဝယ်ထားပေးတာမို့ မင်း ငါ့ကို စိတ်မပူလဲရပါတယ်”
“ဘာ!!”
ဒီတစ်ကြိမ်မှာ ဇော်ဒီယန်က တအံ့တသြနှင့် ဆိုလာလေသည်။ ပင့်ခ်ကတော့ ပုခုံးလေးပင် တွန့်ပြလိုက်ရင်း မတတ်နိုင်ဘူးဟုသာ အမူအရာဖြင့် ပြုမူလိုက်မိသည်။
“မတတ်နိုင်ဘူး၊ ငါ့အဖေက ပြောတာ..”
ပင့်ခ် အဖေ၏အမူအရာအတိုင်း လုပ်လိုက်ရန် ကိုယ်ကို ဆတ်ခနဲမတ်လိုက်ပြီးမှ လက်ကို ရင်ဘတ်နားထိ ကွေးလိုက်ကာ ကျန်တစ်ဖက်ကို တင်ပါးအနောက်သို့ ပစ်လိုက်ရင်း ခြေလှမ်းကို ခပ်ကျယ်ကျယ် တစ်လှမ်းချလိုက်သည်။
“ငါတို့ စနိုးဖလိတ်က တော်ဝင်မျိုးနွယ်စုက သူများထက်ပိုပြီးတော့ ထူးချွန်ရမယ်၊ သူများထက် မထူးချွန်တဲ့သူ ဆိုတာ မရှိသင့်ဘူး၊ တဲ့”
ပြောပြီးသည်နှင့် စိတ်ပျက်လက်ပျက် ကိုယ်ကို ကိုင်းညွှတ်လိုက်ရင်းက၊
“မတတ်နိုင်ဘူး၊ ငါကတော့ စနိုးဖလိတ်က တော်ဝင်မျိုးနွယ် ဆိုတာက နာမည်ခံပဲ ရှိတယ်၊ ငါအကျွမ်းကျင်ဆုံးက ပြသနာရှာတာပဲလို့ ငါ့အဖေက ပြောဖူးတာတော့ မှတ်မိပေမယ့် ငါ့အမှတ်တွေကို ကျောင်းကနေ ဝယ်တာကတော့ ငါ့ဆုံးဖြတ်ချက် မဟုတ်ဘူး”
“ငါ့အထင် မင်းက မညံ့ပါဘူး၊ မင်းရဲ့ပညာစွမ်းတွေကို လျိုထားတာပဲ နေမှာပါ”
“သေချာပေါက် ငါက မညံ့ဘူးပေါ့၊ ဒါပေမယ့် ငါမလုပ်ချင်တာတွေကို မလုပ်ချင်ရုံတင်ပေးပါ၊ လုံးဝ ကန့်ကွတ်တယ်!!”
@@@@@@@
ဆက်ရန်---