Part-5.2
“နည်းလမ်းမရှိဘူးလို့ ငါ့ကို လာမပြောနဲ့”
“နည်းလမ်း မရှိတာက ပိုကောင်းမယ်လို့ ငါထင်တယ်၊ မင်းရဲ့နည်းလမ်းတွေက မှန်ပါ့မလား”
“ငါ့မှာ ရဲတိုက်ထဲကို ချောင်းကြည့်ဖို့တို့ စည်းဝေးခန်းတွေကို နားထောင်ဖို့တို့ လျို့ဝှက်ချက်တွေကို သိချင်တာတို့ကို ကျော်ဖြတ်တဲ့ နည်းလမ်းကောင်းတွေ ရှိတယ်၊ ငါ့ကို ယုံစမ်းပါ”
ပင့်ခ်ရဲ့ ကိုယ့်ရင်ဘတ်ကို ကိုယ့်ဖာသာ ပုတ်ပြီး ပြောလိုက်တဲ့ စကားမှာ ဇော်ဒီယန်က ခေါင်းညိတ်လိုက်သည်။ ပြီးမှ၊
“သေချာလို့လား”
“သေချာတယ်၊ ဒီမှာ ငါပြမယ်”
ပင့်ခ်က ကြမ်းခင်းကို သုံးချက်ဆက်တိုက် ခေါက်လိုက်သည်။ ပြီးနောက် ခဏနား၊ နောက်ထပ် တစ်ချက်ကို ခေါက်လိုက်သည်။ ခဏထပ်နားပြီးနောက် ငါးကြိမ် ဆက်တိုက် ခေါက်လိုက်ပြီးမှ၊
“မစ်ကီ ဘယ်မှာလဲ၊ ရောက်တဲ့နေရာကနေ အခုချက်ချင်း လာခဲ့စမ်း”
“ကျွီ ကျွိ”
အသံပေးခြင်းနှင့်အတူ ကြွက်ဖြူလေးက ပင့်ခ်၏ ခြေထောက်တွင် လာရောက်၍ တိုးဝှေ့လေသည်။ ကြွက်ဖြူလေး အနောက်မှ ဇက်က အပြေးတစ်ပိုင်းနှင့် လိုက်ပါလာလေ၏။
“ဟေ့ မင်းဘယ်ကိုပြေး..”
“မစ်ကီ၊ ငါ ဒီအခန်းထဲက အကြောင်းတွေ သိချင်လို့”
ဇက်က ပင့်ခ်တို့ အနားတွင် ရပ်သွားပြီးနောက် ပင့်ခ်ကို လက်ညိုးထိုးလိုက်ကာ၊
“ပင့်ခ် မင်း မစ်ကီကို ဘာတွေ သင်ပေးနေတာလဲ၊ မင်း ဒီလောက်ဖြူစင်တဲ့ ကြွက်ဖြူဖြူလေးကို သူခိုးဖြစ်အောင်လို့”
“တိတ်တိတ်နေစမ်းပါ၊ အသံပြဲကြီးနဲ့ မအော်စမ်းနဲ့”
ပင့်ခ်က ဇက်၏ပါးစပ်ကို လက်ဖဝါးဖြင့် ဖိပိတ်လိုက်ပြီး သတိပေးစကားဆိုသည်။ မစ်ကီက အခန်းနံရံပေါ်သို့ ပြေးတက်သွားပြီးနောက်၊ အလင်းတန်းတစ်ချက်နှင့်အတူ ပြန်၍ ပြုတ်ကျလာလေသည်။ ပင့်ခ်အလန့်တကြားဖြင့် မစ်ကီကို ပြေးကောက်လိုက်ရသည်။
“လူကြီးတွေ ဆွေးနွေးတဲ့ဆီကို အဲ့လို နည်းလမ်းနဲ့ ခိုးကြည့်တာက တရားမဝင်ဘူး ထင်တယ်နော်”
အသံချိုချိုလေးက အနောက်ကနေ ပေါ်လာတော့ ပင့်ခ်ချာခနဲ လှည့်ကြည့်လိုက်မိလေတယ်။ ဆံနွယ်ခွေခွေလေးတွေကို တစ်ဖက်သိမ်းတင်ထားပြီး လည်ပင်းမှ ဗွီပုံစံရွှေရောင်အမှတ်အသားလေးက ထင်းရှင်းနေ၏။ ဒါက မှော်လောကစိုးစံသူ အမှတ်အသား မဟုတ်လား၊ ဘယ်သူမဆို မှော်ဂါထာမရွတ်နိုင်သေးတဲ့ ကလေးဆိုရင်တောင်မှ ဒီအမှတ်အသားကို အသေအချာကို သိပြီးသား၊ ပြီးတော့ အေးခဲနေတဲ့ ရေခဲအရိပ်အငွေ့တွေ၊
“မှော်လောကစိုးစံသူ မိခင်”
ဘေးနားက အရပ်မြင့်မြင့်အမျိုးသား၏လက်ကို အသာဖွဖွလေး ဆုပ်ကိုင်ထားပြီး နွဲ့နွဲ့ကလေး ရပ်နေ၏။ လက်အတွင်းဝယ် ရေခဲလက်အစွပ်ငယ်က ကြည်လင်တောက်ပစွာ နေရာယူထားသေး၏။
“အိုး၊ အငယ်လေးတို့ အထဲကို ဝင်ချင်တယ်ဆိုရင် ဝင်လာခဲ့ပါ၊ တစ်ခုတော့ ကတိပေး ငြိမ်ငြိမ်လေး နေပါမယ် ဆိုတာနဲ့ ဒီအထဲကဟာကို ဒီအထဲမှာပဲ ပြန်ထားခဲ့ပါ့မယ် ဆိုတာလေး.. ဖြစ်နိုင်မလား”
ဆိုလိုက်ရင်းက မှော်လောကစိုးစံသူမိခင်က မျက်လုံးတစ်ဖက်ကို မှိတ်ပြရင်း တောင်းဆိုသလို ဆိုလာသည်။ ထိုအပြုအမူလေးက ပင့်ခ်တို့အားလုံးကို အလိုလျှောက် ခေါင်းညိတ်လက်ခံချင်စဖွယ်ပင် ဖြစ်စေ၏။ ကိုယ်စီက တွေးမိသည်မှာ သူမက သိပ်ပြီးတော့ နာခံချင်စဖွယ် ကောင်းတာပဲ၊
“မင်းရော လိုက်လာခဲ့”
ဇော်ဒီယန်ကို လက်ညိုးထိုးပြီး ပြောလိုက်ပြီးနောက် သူမက ဦးဆောင်၍ အတွင်းသို့ ဝင်သွားလေသည်။ သူမအနောက်မှ ပင့်ခ်တို့ အားလုံး ဝင်သွားကြတော့ ဆရာတွေရော တခြားသော မြို့နယ်ဆိုင်ရာ လူကြီးတွေကပါ ပင့်ခ်တို့ကို မျက်မှောင်ကုတ်လျက် ကြည့်ကြသည်တွင်၊
“မင်းတို့ ဟိုးနားက ခုံလေးတွေမှာ ငြိမ်ငြိမ်လေး ထိုင်နေမယ် မဟုတ်လား၊ ငါ့ကို သူတို့တွေ အရှေ့မှာ မျက်နှာမပျက်စေဘူး မဟုတ်လား”
ပင့်ခ် ခုနတုန်းကတော့ မှော်လောကစိုးစံသူမိခင်ကို ပထမဆုံး စတင်တွေ့ဖူးလိုက်သဖြင့် သူမ၏အရှိန်အဝါအောက်တွင် မျှောပါသွားခဲ့ပြီး တကယ့်အဖြစ်အပျက်ကို မေ့သွားခဲ့ပြီး သူမကိုသာ ငေးကြည့်နေခဲ့မိသည်။ အခုကျတော့ မှော်လောကစိုးစံသူ ရောက်လာသည်အထိ မေဗယ့်လ်ကိစ္စက ဘယ်အထိများ ကြီးကျယ်သွားတာလဲ ဆိုသည့်အတွေးဖြင့် စတင်တုန်ရင်လာသည်။
မျက်လုံးအတွင်းဝယ် နွယ်ပန်းစံအိမ်၏ ရေခဲထောင်ကို ပြေးမြင်မိကာ မထုံတက်တေး မတုန်မလှုပ်နဲ့ မေဗယ်လ်က ထိုဆီသို့သာ ဝင်လိုက်ရပါက တကယ့်ကို ကျောက်တုံးတစ်တုံး ဖြစ်သွားမှာလားဟု အပြေးအလွှား စိတ်ထဲမှာ အစီအရီ ပေါ်လာလေတော့သည်။ သို့နှင့် ပင့်ခ် စတင်ကာ တုန်ရင်လာတော့သည်။ ပြီးနောက် အခုလေးတင် ထိုင်နေမိရာမှ မတ်တပ်ရပ်လိုက်မိပြီး၊
“ဒါက ပင့်ခ်တို့ သူငယ်ချင်း အချင်းချင်း စနောက်ကြတာပါ”
ပင့်ခ် အသံခပ်ကျယ်ကျယ်ဖြင့်ပင် ဆိုလိုက်မိတော့သည်။ တစ်ခုခု စတင်ပြောဖို့ ပြင်နေသော ဆရာမဟေဒီက ပင့်ခ်ကို ပြန်လှည့်ကြည့်လာ၏။ မှော်လောက၏မိခင်က ဆရာမဟေဒီအား ကိုင်းညွှတ်၍ ဖက်လိုက်ပြီးနောက်၊
“ဟေဒီ မတွေ့ရတာ ကြာလှပြီ၊ အဆင်ပြေတယ် မဟုတ်လား၊ တစ်ရက်လောက် သေချာဆုံရအောင်”
“မှော်လောကစိုးစံသူ ဒီနေ့ကိစ္စက ပေါ့သေးသေး မဟုတ်ဘူး”
“ကောင်းပြီ သူမက ခီရာရဲ့သမီး ဆိုရင်ကော”
“ခီရာ၊ ခီရာ ဆိုတာက”
လူကြီးတွေအားလုံးက ပင့်ခ်၏ စကားကို အာရုံမစိုက်ကြပါတော့ပဲနှင့် မှော်လောကစိုးစံသူ ပြောလိုက်သော စကားတွင် ငြိမ်သက်စွာ တွေဝေသွားကြလေ၏။ မှော်လောကစိုးစံသူက သူ့အမျိုးသားကို ကိုင်ထားသော လက်ကို လွတ်လိုက်ပြီးမှ ရေခဲလက်အစွပ်လေးကို ဝှေ့ယမ်းလိုက်ပြီးနောက်၊ ခပ်ပြတ်ပြတ် အမိန့်စကားကို ဆိုလေသည်။
“တရိုင်ဇီကို ကုစ်တိုစ်!!..”
ဝါး..၊ ဒီကျိန်စာ၊ လူတိုင်း အသက်မသွင်းနိုင်တဲ့အရာ၊ ဒါက လူတိုင်း တစ်သက်မှာ တစ်ခါသာ ပေါ်လာနိုင်တဲ့ ကိုယ်စောင့်နတ်ကို ဆင့်ခေါ်တဲ့ ဂါထာ၊ မှော်လောကစိုးစံသူက လုံးဝကို မှော်လောကစိုးစံသူ ပါပဲ၊ ဘယ်သူနဲ့မှ မတူဘူးပဲ၊
မေဗယ်လ်၏ ကိုယ်အတွင်းဝယ် လင်းလက်သော အလင်းတန်းတစ်ချက် ပေါ်လာပြီးနောက်တွင် မိခင်၏ကိုယ်စောင့်နတ်နှင့် ဖခင်၏ကိုယ်စောင့်နတ်တို့ ပေါင်းစည်းပြီးနောက် မေဗယ်လ်၏ ကိုယ်စောင့်နတ်က ပေါ်ထွက်လာလေသည်။ ဒါက ပင့်ခ်တို့ ပထမဆုံး ကျိန်စာရွတ်တဲ့အချိန် တစ်ကြိမ်မျှသာ ပေါ်လာမည် ဖြစ်သော်လည်း ကိုယ်စောင့်နတ်ကို ဆင့်ခေါ်သည့် ဂါထာက မှော်လောကစိုးစံသူ လက်အတွင်းဝယ် ခမ်းနားစွာ အသက်ဝင်နေလေသည်။
အခိုးအငွေ့များ ပျောက်ကွယ်သွားတော့မှ အားလုံးသော သူများက မှတ်တမ်းဌာနနှင့် တိုက်ရန် အမြင်အာရုံမှတ်တမ်းများ ပြုလုပ်လိုက်ကြသည်။ မှော်လောကစိုးစံသူက တစ်ချက်မျှ သေးသေးလေး ပြုံးလိုက်ပြီးနောက်၊
“သူတို့ သူငယ်ချင်း အချင်းချင်း နောက်ပြောင်တာပါလို့ ပြောထားတယ် မဟုတ်လား၊ ငါတို့ ဒီကိစ္စကို ဟိုစာအုပ်ကြီးသမားတွေဆီကို မသယ်သွားကြပဲနဲ့ ဒီမှာပဲ ပြီးလိုက်ကြမလား”
ထိုစကားတွင် တောင်းဆိုခြင်းတွေ ပါဝင်နေသလို သူမ၏ဆန္ဒကိုပါ တစ်ပါတည်း ညွှန်းဆိုထားပြီး ဖြစ်လေ၏။ မည်သူကများ ငြင်းဆန်ပါမည်နည်း၊
“ဒါပေမယ့် မေဗယ်လ် ဒီနေ့ကိစ္စ ဒီမှာပဲ ပြီးလိုက်ပေမယ့် ရုပ်ထိန်းအပင်းကို မင်းအသက်နှစ်ဆယ် မပြည့်မချင်း လူတွေ အပေါ်မှာ မသုံးရဘူး၊ ကြားလား”
“စမ်းကြည့်လိုက်တာ”
ဘာ၊ ငါ့ကို စမ်းကြည့်လိုက်တာ ဟုတ်လား၊ ငါက အစမ်းသပ်ခံလား၊ ငါက တိရိစ္ဆာန်လားဟင်၊ အတွေးကနောက်မှ လူက အရှေ့က၊