book

Index 11

Part-5.1

မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း


Part-5.1


ဘာသောက်ကျိုနည်း အဆင်ပြေမှုလဲ၊ သွားသေလိုက်၊ ဘယ်နေရာမှာလဲ အဆင်ပြေနေမှာလဲ၊ မေဗယ်လ်၊ တစ်ရက်ရက် ငါ့အလှည့် မရောက်နိုင်ဘူးလို့ မင်းဆုတောင်းထားစမ်း၊ ဒါမှမဟုတ် ပြေးစမ်း၊ ဝေးဝေးကို ဟွန့်၊


@@@@@@@@


ထိုရုပ်ထိန်းအပင်း၏ အစွမ်းကြောင့် ပင့်ခ်မှာတော့ မေဗယ်လ်ကို ဒုက္ခမပေးနိုင်ဖို့ နေနေသာသာ မေဗယ်လ်က အနားသို့ ကပ်သွားသည်နှင့် ပင့်ခ်၏ရုပ်ခန္ဓာက ပင့်ခ်အလိုသို့ မပါနိုင်တော့ပဲ မေဗယ်လ်နှင့် ဝေးရာသို့သာ ဦးတည်၍ သွားနေတော့သည်။ 


လုံးဝမကျေနပ်ဘူး၊ ဒီအကျိုးနည်း ရုပ်ထိန်းအပင်းကို ဖယ်ပစ်မှပဲ ရမယ်၊ မေဗယ်လ်နှင့် စကားပြောဖို့ရာ စာသင်ခန်းအတွင်းမှာသာ ကြိုးစားဖို့ ရနိုင်မည်မို့ ပင့်ခ် စာသင်ချိန်ခဏနားသည်နှင့် ကြိုးစားသော်လည်း ပင့်ခ်စကားပင်မစရသေးမှီမှာပဲ မေဗယ်လ်က ပင့်ခ်အား စကားမပြောစေဖို့ ကန့်သတ်ပစ်လေ့ ရှိသည်။ 


သို့နှင့် တစ်ရက်တွင်တော့ ဆေးရည်တီထွင်မှု ဘာသာရပ်တွင်မှ ဆရာမ ရှိနေစဉ်မှာပင် ပင့်ခ် ထရပ်လိုက်ကာ၊ 


“မနက်ဖြန် ဆိုရင်ပဲ မင်းနဲ့ငါက ယှဉ်ပြိုင်ရတော့မှာ မင်း ငါ့ကို ရုပ်ထိန်းအပင်းနဲ့ ထိန်းချုပ်ထားချင်သေးတာလား၊ မင်းငါ့ကို အလွယ်တကူ အနိုင်ယူနိုင်အောင်လို့လား ဇိုးဒန်တွေ ဝှိုက်ဝှစ်ချ်တွေက ဒီလောက် အရှက်မရှိတာ မမြင်ဖူးဘူး”


ဆေးရည်တီထွင်မှုကို သင်ကြားရန် ပစ္စည်းများကို ပြင်ဆင်နေသော မျက်မှန်ပါဝါထူထူနှင့် ဆရာမ ဟေဒီက ပင့်ခ်ကို လှည့်ကြည့်လာပြီးနောက်၊


“တစ်ဆိတ်လောက် မင်းတို့ ဘာတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြတာလဲ”


စကားပြောနိုင်တာကို မပိတ်ပင်လိုက်သေးမှန်း သိသည်နှင့် ပင့်ခ်၏ စွာကျယ်ကျယ်အသံက ခန်းမအတွင်းသို့ လွှမ်းခြုံ သွားတော့၏။ 


“သူက သမီးကို ရုပ်ထိန်းအပင်းကျွေးထားတယ် ဆရာမ”


ဆရာမဟေဒီက မေဗယ်လ့်ကို ကြည့်လိုက်ပြီးမှ၊ ပင့်ခ်ကို ပြန်လှည့်ကြည့်လာသေးလျက်၊ 


“သူက ဖြစ်နိုင်လို့လား၊ သူက အခုမှ အထက်တန်းကျောင်းဆင်းထားတာ မဟုတ်လား၊ ရုပ်ထိန်းအပင်းဆိုတာက သူကလည်း ဆေးတစ်မျိုးပဲ မဟုတ်လား၊ ဒါကို တီထွင်ဖို့ သူ့အသက်အရွယ်အရ ငယ်သေးတယ်၊ ပြီးတော့ အောင်မြင်နိုင်ဖို့ကလည်း သိပ်နည်းသေးတယ်”


ဆရာမ၏ စကားအဆုံးတွင် ပင့်ခ်ကို မေဗယ်လ်က နှုတ်ခမ်းစွန်းတစ်ဖက်ကလေး တွန့်ခနဲ ကွေးသွားရုံ ပြုံးပြလာလေ၏။ ဒါက အပြုံးမှ မဟုတ်တာ လှောင်ပြောင်တာပဲ၊ လှောင်ပြောင်တာ၊ ဒီလောက်နဲ့ ပင့်ခ်က လက်လျော့လိုက်ဖို့လား၊ လုံးဝပဲ၊


“သူ သမီးကို အပင်းကျွေးတဲ့အချိန် ဇော်ဒီယန်လည်း ရှိတယ်”


ဆရာမဟေဒီ၏အကြည့်က ဇော်ဒီယန်ထံသို့ ရောက်ရှိသွားပြီးနောက်၊ 


“အိုး အချစ်ကလေး၊ မင်း ငါ့ကို မှန်မှန်ဖြေမယ် မဟုတ်လား”


ဇော်ခ့်က ဆရာမဟေဒီကို ကြည့်လိုက်ပြီးမှ၊ 


“အဟမ်း၊ ဒါက ဖြစ်နိုင်စရာ ရှိတယ် မဟုတ်လား၊ ဆရာမ သူမက ဝှိုက်ဝှစ်ချ်လေ အပင်းဆေးတွေ ဖော်စပ်တဲ့နေရာမှာ သိပ်ပြီးတော့ မှော်အစွမ်းသက်ရောက်မှု ရှိနိုင်တဲ့ လအရသာကို ခံယူနိုင်တဲ့ စုန်းဖြူ မဟုတ်လား”


“အိုကေ မေဗယ်လ် ကျောင်းသားအချင်းချင်း အပင်းကျွေးရလောက်အောင် ဘယ်လို အခြေအနေတွေ ရှိနေခဲ့လို့လဲ”


“သူမက ဆူဆူညံညံနဲ့မို့လို့ တိတ်ဆိတ်အောင်လို့”


အံ့ချီးဖွယ်ရာ အကြောင်းပြချက်ပဲ၊ အကျိုးနည်း အကြောင်းပြချက်၊ ဒါကြီးကို ဘယ်သူက လက်ခံမှာလဲ၊ ဆူညံတာက ငါ့ရဲ့လွတ်လပ်ခွင့်ပဲကို၊


“မေဗယ်လ် သမီး ပင့်ခ်ကို ပြန်ဖြေပေးမယ် မဟုတ်လား၊ ပြီးရင် နှစ်ယောက်သား အဆင်မပြေတာကို မေ့ပြီးတော့ လက်ဆွဲနှုတ်ဆက်ရမယ်”


မေဗယ်လ်က ထိုင်နေရာမှ မထသေးပဲနှင့် မီးခိုးရောင်လက်ညိုးစွပ်လေးက အလင်းမှိုင်းမှိုင်းတစ်ချက်ဖြင့် ပင့်ခ်အား ပစ်ခတ်လိုက်သည်။ ရုတ်တရက် ပျို့အန်ချင်လာပြီးနောက်၊


“အဟွတ် အဟွတ်..”


အန်ချလိုက်တော့ လှုပ်ရွနေသော ရုပ်ထိန်းအပင်းငယ်က ပင့်ခ်၏ လက်အတွင်းဝယ် ပါလာ၏။ ထိုအပင်းရုပ်ထိန်းအား အမြင်ကပ်စွာဖြင့် ညစ်ပစ်လိုက်ဖို့ တွေးမိစဉ်မှာပဲ၊ 


“စတန်းဖိုစ်!!”


နောက်ထပ်ကျိန်စာက လင်းခနဲ ဖြစ်ပေါ်လာပြီးနောက် ထိုရုပ်ထိန်းအပင်းက မေဗယ်လ့်လက်အတွင်းသို့ ရောက်ရှိသွားတော့၏။ ပင့်ခ်လက်အတွင်းဝယ် ခါးထောက်ထားသည့် ပုံစံဖြင့် ဖြစ်နေသော ထိုကျိကျိချွဲချွဲသဏ္ဍာန် ရုပ်ထိန်းအပင်းငယ်က မေဗယ်လ့်လက်အတွင်းသို့ ရောက်သွားတော့ မေဗယ်လ်၏လက်ချောင်းလေးများနှင့် ပွတ်တိုက်ပြီး ချွဲနွဲ့နေဟန် ဖြစ်သွားလေသည်။ သူက ရုပ်ထိန်းအပင်းပဲ မဟုတ်လား၊ ဘာလို့ အိမ်မွေးတိရိစ္ဆာန်လို ပြုမူနေသေးတာလဲ၊ 


“ရုပ်ထိန်းအပင်းတွေက ပြောရရင် အထူးပညာရပ်တစ်ခုအနေနဲ့ ဇိုးဒန်မြို့တော်မှာ ကျောင်းရှိပါတယ်၊ ဒါပေမယ့် အသက်နှစ်ဆယ်မပြည့်သေးရင် ဘယ်သူမှ မသင်ရဘူး အဲ့ဒီတော့ မေဗယ်လ်၊ ဒီကိစ္စ မှော်ကောင်စီမှာ ရှင်းချင်လား၊ ဆရာမကို ရှင်းပြချင်လား”


မေဗယ်လ်က ဆရာမဟေဒီအား တောက်ပစွာ ကြည့်ရှုနေပြီး တစ်ခွန်းမှ မဟလာပေ။ နောက်ဆုံးတွင်တော့ ဆရာမဟေဒီက ဘာမှမပြောတော့ပဲနှင့် ဆေးရည်ပညာကို ဆက်သင်ရန်သာ စလေတော့သည်။ ထိုအဖြစ်အပျက်က ထိုတွင် မပြီးဆုံးသေးပဲနှင့် ဆရာဟေဒီ၏ သင်ခန်းစာအဆုံးပြီးနောက်တွင် ပန်ဒိုရာမြို့တော်ဝန်နှင့် ဆရာ၊ဆရာမတချို့ ရောက်လာပြီးနောက်၊ 


“မေဗယ်လ် ခဏလိုက်ခဲ့ပေးပါ”


ပင့်ခ်မျက်နှာလေး ငယ်သွားမိသည်။ ရုပ်ထိန်းအပင်းက ဒီလောက်ဆိုးတဲ့ ကိစ္စလား၊ ပင့်ခ်ဘယ်တုန်းကမှ မသိခဲ့ဘူး။ အဲ့လိုမှန်းသာ သိခဲ့ရင်..။ အတွေးနဲ့အတူ အတူလိုက်ပါသွားရသော မေဗယ့်လ်နောက်သို့ လိုက်ပါသွားမိလေ၏။ ပင့်ခ်အနောက်တွင် ဇော်ဒီယန်က လိုက်ပါလာသည်။ 


“ဇော်ခ့် မင်းက ငါ့ကို ဘာလို့ ရုပ်ထိန်းအပင်းအကြောင်း သတိမပေးခဲ့တာလဲ”


“မင်း သိမယ်ထင်လို့၊ အဲ့ဒါ အသက်နှစ်ဆယ်မပြည့်မချင်း မသုံးရဘူး”


“အဲ့ဒါကို သူက ဘာလို့ ငါ့ကို လာသုံးရတာလဲ”


“ငါလည်း မသိဘူးလေ၊ သူ စိတ်ရှုပ်လို့ နေမှာပေါ့”


“ငါ သူ့ကို တမင်သက်သက် ဒုက္ခရောက်စေချင်တာ မဟုတ်ပါဘူး”


“မင်း အဲ့လောက်ထိ စိတ်မပူပါနဲ့၊ မေဗယ်လ်က ဒါကို ဖြေရှင်းနိုင်မှာပါ”


“ဒါပေမယ့် လူကြီးတွေက”


“ငါ့ကို ယုံ၊ ငါ့ကိုယုံ”


ပင့်ခ် ခေါင်းယမ်းလိုက်မိသည်။ ဘယ်လိုကြည့်ကြည့် အသားဖြူဖြူဖျော့ဖျော့ အရပ်ပါးပါးနွဲ့နွဲ့လေးနဲ့ ဇော်ဒီယန်က ယုံကြည်စရာ ဘယ်နေရာမှကို မကောင်းဟု ထင်မြင်မိသည်။ 


“မင်းရုပ်က ဘယ်လို ကြည့်ကြည့် ယုံကြည်ဖို့ကို မကောင်းတာ၊ ဒီမွန်းတွေက သန်မာတယ်လို့ ကြားပေမယ့် မင်းက ဘာလို့ ဒီလောက်ပိန်နေရတာလဲ”


ပင့်ခ်တို့က အရှေ့က ကိစ္စကိုလည်း မျက်ခြေမပျက်စေရ၊ ဘေးနားက လူကိုလည်း အပြစ်တင်မပျက်စေရ၊ ဇော်ဒီယန်က ခေါင်းကုတ်လိုက်ရင်းမှ၊ 


“ငါတို့ အဲ့ဒီစည်းဝေးခန်းထဲထိ လိုက်သွားမှာလား”


“မလိုက်သွားရင် ငါတို့ သူတို့ပြောတာ ဘယ်လို ကြားရမှာလဲ”


“ငါတို့ကို ပေးဝင်မှာမှ မဟုတ်တာ၊ ပြီးတော့ ငါတို့က ဝိုက်ဝှုစ်ချ်တွေ မဟုတ်ဘူးလေ၊ ရေခြားမြေခြားကို မကြားနိုင်ကြဘူး”


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:05 5

    Good

    reply

  • reader JuliusJulius 26.11.2019, 16:02 4.9

    So good. I love u.

    reply