ကျွန်တော်သူမကိုလှမ်းဆွဲတော့ သူမယဲ့ယဲ့လေးပါလာသည်.. မျက်လုံးများမပွင့်တော့ပါ ကျွန်တော်လှုပ်နှိုးနေပေမယ့် သူမကတော့ဘာမှမတုန့်ပြန်ပါ ကျွန်တော်အလွန်လန့်သွားပြီးပွေ့ချီကာသူမကားပေါ်ကိုတင်ပြီးကျွန်တော်ဆေးရုံကိုအမြန်မောင်းခဲ့သည်.. ဆေးရုံရောက်တော့သူမကိုကုတင်ပေါ်တင်ပြီးဆရာဝန်အလာကိုစောင့်ရသေးသည်.. ကျွန်တော်ချွေးများရွှဲနေပြီ လန့်လည်းအရမ်းလန့်မိသည်.. သူမဆေးတစ်ခုခုများ အလွန်အကျွံသောက်လိုက်တာလား စောင့်ရင်းအတွေးများဝင်နေမိသည်... ခဏနေတော့ဆရာဝန်လာပြီး စမ်းသပ်ကာ glucose ပုလင်းချိတ်စေသည်.. နောက်ကျွန်တော့ဘက်လှည့်တော့ ကျွန်တော်မြန်မြန်ပဲထပြီး
`ဒေါက်တာ သူ့အခြေအနေဘယ်လိုလဲ´
`မင်းက...´
`သူ့ကောင်လေးပါ..´
`ဪ အင်းပါ.. အဓိကကလူနာကအရမ်းအားနည်းနေတာ တော်တော်စိတ်ဖိစီးနေတယ်ထင်တယ် သူ့အခြေအနေကလွှတ်ထားဖို့မဖြစ်နိုင်ဘူး.. သေချာဂရုစိုက်ပါ အသက်အန္တရာယ်မစိုးရိမ်ရဘူးဆိုပေမယ့် ဂရုမစိုက်ရင်ဖြစ်သွားနိုင်တယ်.. သေချာဂရုစိုက်ပေါ့ကွာ´ဟု ဆိုပြီးကျွန်တော့ပုခုံးကိုအာပေးတဲ့အနေနဲ့ပုတ်ပြီးထွက်သွားသည်.. ကျွန်တော်သူမရဲ့ကုတင်ဘေးလေးထိုင်ပြီး ဘာလုပ်ပေးနိုင်မလဲစဥ်းစားသည်.. သူမကိုကျွန်တော့်အမေလိုကြွေလွင့်မသွားစေချင်ပါ.. သူမအိတ်ထဲကဖုန်းသံကြားလို့ထုတ်ကြည့်တော့ မေထွေးတဲ့ ဘယ်သူမှန်းတော့မသိပါ မိသားစုဖြစ်ရင်ကောင်းမယ်ဟုအတွေးနဲ့ပဲဖုန်းကိုင်လိုက်သည်..
`ဟယ်လို...´
`ဟယ်လို ရှင်ဘယ်သူလဲ´
`မင်းက..´
`ကျွန်မက ဒီဖုန်းပိုင်ရှင်ရဲ့ညီမပါ အခုသူဘယ်မှာလဲဟင်´
`သူဆေးရုံမှာ..´
`ရှင်.....´
မေဦးနဲ့နဒီဆေးရုံကိုအပြေးလာပြီး ဟိုမေးဒီမေးရှာခဲ့ကြရသည်.. မေဦးကိုတွေ့တော့ အနားမှာထိုင်နေတဲ့ အသားဖြူဖြူ ရုပ်ခန့်ခန့်နဲ့လူကလှည့်ကြည့်ပြီး
`မေထွေးလား?´
`ကျွန်မပါ..´
`ငါမင်းနဲ့ပြောစရာရှိတယ်´
မေထွေးကနဒီ့ကိုလှည့်ကြည့်သည် နဒီကနားလည်သလိုကြည့်ပြီး
`ငါနင့်အမကိုစောင့်ပေးမယ်´
မေထွေးကလီဝေဘက်လှည့်ကာခေါင်းလေးညိတ်ပြသည်.. ထို့နောက်သူတို့နှစ်ယောက်ဆေးရုံကော်ရစ်တာတစ်လျှောက်လမ်းလျှောက်လာကြသည်..
`ကျွန်မအမကိုကယ်ပေးတာကျေးဇူးတင်ပါတယ်နော်´
`မင်းတို့ညီအမတွေက ဒါပဲပြောတတ်တာလား´
`ရှင်...´
မျက်လုံးအဝိုင်းသားနဲ့ကြည့်နေသောမေထွေးကိုကြည့်ရင်း သက်ပြင်းချကာ
`ငါမင်းအမကိုကယ်ရတာလေးကြိမ်ရှိပြီ´
`ရှင်..´
လီဝေကမေထွေးကိုတစ်ချက်ကြည့်ပြီး
`ငါသူသစ္စာဖောက်ခံရတာသိတယ်´
မေထွေးအရမ်းကိုအံဩနေသည်.. သူကဘယ်သူလဲ ဘာလို့မေဦးအကြောင်းသိနေတာလဲ မေဦးကသူငယ်ချင်းမရှိတဲ့သူ ဘယ်လိုသူကသိနိုင်မှာလဲ
`အခုသူ့အခြေအနေကအသက်အန္တရာယ်မရှိဘူး ဒါပေမယ့် သူမဒီလိုဆက်ဖြစ်ရင်တော့ အသက်အန္တရာယ်ရှိလာလိမ့်မယ် မင်းငါ့ကိုလူကောင်း လူဆိုးခွဲခြားနေဖို့အချိန်မရှိမှာကြောက်တယ်´
`ဘာလို့လဲ´
`ငါနောက်လပြန်တော့မှာ..´
မေထွေးမျက်နှာငယ်သွားသည် အမဖြစ်သူကိုကယ်ချင်သည်.. စဥ်းစားဖို့အချိန်လည်းမရတော့ပါ.. မေထွေးသက်ပြင်းတစ်ချက်ကိုခပ်ပြင်းပြင်းချလိုက်သည်..
`သူ့ကံကိုပဲလောင်းကြေးထပ်ကြည့်ရတော့မယ်.. ရှင်ပြောပါ.. ဘယ်လိုအစီအစဥ်ရှိလဲ?´
လီဝေနှစ်လှမ်းလောက်အကွာလောက်ကိုလျှောက်ပြီး သက်ပြင်းလေးချကာ.. မေထွေးဘက်လှည့်ပြီး
`မနက်ဖြန် သူမေ့လဲခဲ့တဲ့နေရာကိုလာခိုင်းလိုက်ပါ သူတစ်ယောက်တည်းပဲလွှတ်လိုက်´
`ဟာ.. အဲဒါကတော့ရှင့်ကိုဘယ်လိုယုံရမှာလဲ?´
လီဝေတစ်ချက်ရယ်ကာ မေထွေးဆီလျှောက်လာပြီး ဘောင်းဘီထဲကပိုက်ဆံအိတ်ကိုထုတ်လိုက်သည်.. ပိုက်ဆံအိတ်ဖွင့်ပြီးအိတ်ထောင့်က card အမဲရောင်လေးထုတ်ကာ မေထွေးလက်ထဲထည့်လိုက်သည်..
`အဲဒါက black card.. အထဲမှာ US ဒေါ်လာ 970000ရှိတယ်.. passwordက .......... မင်းယူထားပါမင်းအမသာတစ်ခုခုဖြစ်ခဲ့ရင်.. အဲဒါမင်းအပိုင်ပဲ´
`အဲလောက်အများကြီး ရှင်ကျွန်မလိမ်မှာမကြောက်ဘူးလား´
`ငါမင်းအမကို ကူညီတာအကြောင်းရှိတယ်.. ပြီးတော့ မင်းတို့ကိုကြည့်ရတာ စိတ်ကောင်းရှိတဲ့ပုံပါ´
`ကျွန်မ... ´
`မင်းဖုန်းပေး...´
မေထွေးလှမ်းပေးတော့ လီဝေကယူရင်းသူ့ဖုန်းကိုပါထုတ်လိုက်သည်
`password?´
မေထွေး finger printကိုနှိပ်ပေးလိုက်တော့ လီဝေတစ်ယောက်ဖုန်းနှစ်လုံးကိုဟိုကြည့်ဒီကြည့်နှိပ်ပြီး `ဒါငါ့ဖုန်း´
မေထွေးကိုဖုန်းပြန်ပေးသည်ကြည့်လိုက်တော့ viberမှာ သူ့နံပါတ် နာမည်အကုန်ရေးထားသည်.
`ငါမင်းအမနဲ့ဘယ်သွားတယ်ဘာလုပ်တယ်ကအစ မင်းကိုပြောပြနိုင်တယ် မင်းအမကိုတော့အခုမပြောနဲ့ဦး မင်းဘက်ကငါ့နံပါတ်ကိုပဲတခြားသူတွေကိုလျို့ဝှက်ထားပါ´ ပြောပြောဆိုဆိုနှင့်သူမေထွေးရှေ့ကထွက်သွားသည်...
နဒီရဲ့ဖုန်းသံမြည်လာတော့မေထွေးဖုန်းချက်ချင်းကိုင်လိုက်သည် မမနိုးပြီတဲ့လေ မေဦးကိုခေါ်ပြီးဆေးရုံကဆင်းဖို့လုပ်တော့ ဆေးရုံစရိတ်တွေအကုန်ရှင်းပြီးသားပါတဲ့ ဒီအမရဲ့ကောင်လေးရှင်းသွားပါတယ်တဲ့ မေထွေးကျိတ်ရယ်မိသည် သူ့ကိုယ်သူများမမရဲ့ကောင်လေးတဲ့လား...
ညရောက်တော့မေထွေးမေဦးအတွက်ကြက်စွပ်ပြုတ်လေးလာပေးသည်.. မေဦးကတော့ကုတင်ပေါ်မှာ ပျော့ခွေစွာထိုင်နေသည်.. အခန်းကိုလည်းမီးမဖွင့်ထားတော့မှောင်နေသည် မေထွေးစွပ်ပြုတ်ပန်းကန်လေးကိုချကာ မီးဖွင့်လိုက်တော့ အလင်းဒဏ်ကိုမေဦးလက်နှင့်ကာနေသည် မေထွေးကမေဦးလက်လေးကိုကိုင်ကာ အနားမှာကပ်ထိုင်ပြီး
`မမ စွပ်ပြုတ်နည်းနည်းသောက်လိူက်ပါလား. မမကဆန်ပြုတ်လည်းမကြိုက်ဘူး ဒါလေးတော့သောက်လေ. ´
မေဦးကမေထွေးကိုလှည့်ကြည့်ပြီး
`ငါ့ကိုဘယ်လိုရှာတွေ့တာလဲ´
`မမကိုမေထွေးတို့ရှာတွေ့တာမဟုတ်ဘူး´
`ဒါဆိုဘယ်သူလဲ´
`မမ... ဒါလေးစားပြီးရင်ဘယ်သူလဲပြောပြမယ်´
မေဦးဟိုဘက်ကိုခေါင်းပြန်လှည့်သွားသည် မစားဘူးဆိုတဲ့သဘောကိုဆောင်နေပေမယ့် မေထွေးကအကင်းပါးပါးနဲ့
`မမကိုသူမကယ်ရင် သေသွားနိုင်တယ်နော် မမသူ့ကိုကျေးဇူးသွားမတင်ချင်ဘူးလား´
မေဦးခေါင်းလေးပြန်လှည့်ကာ
`သူ့ကို ဘယ်သူကကယ်ခိုင်းလို့လဲ´
မေထွေးကခေါင်းလေးခါကာ
`ကယ်ရုံတင်မဟုတ်ဘူး.. ဆေးရုံစရိတ်တွေလည်းရှင်းပေးထားတာ ပြီးတော့မမကိုလာတွေ့ဖို့နေရာတောင်ပြောသွားသေးတယ်´
`ဘယ်နေရာလဲ´
`မမ ဒါစားရင်သိချင်တာအကုန်ပြောပြမယ်´
မေဦးလက်ကလေးလှမ်းတော့ မေထွေးကစွပ်ပြုတ်ခွက်လေးထည့်ပေးလိုက်သည်....
.....
ပြတင်းပေါက်ကစာကလေးသံတွေက ကျလိ ကျလိနှင့်ဆူညံလှသည် နားကိုပိတ်ထားတာတောင်ကြားနေရသည် မျက်လုံးများကိုအားတင်းပြီးဖွင့်တော့ ကောင်းကင်ကလင်းစပြုနေပြီ နာရီကိုလှမ်းကြည့်တော့ ၅:၄၅.. တစ်ကိုယ်လုံးအားမရှိသလိုခံစားရပေမယ့် ဆေးကြောင့်တစ်ညလုံးအိပ်ထားတော့ မနေ့ကလောက်မဆိုးပါ အားတင်းထပြီးဝေယျာဝစ္စတွေလုပ်ပြီးအောက်ဆင်းကာ မီးဖိုချောင်ဝင်တော့ဘာမှမရှိ.. ဟုတ်ပါရဲ့ အဖေနဲ့အမေက ဘန်ကောက်သွားပြီလေ ဒါနဲ့ရေခဲသေတ္တာဖွင့်တော့ ပစ္စည်းအစုံအလင်ရှိပေမယ့် ဘာမှမစားချင်ပါ မေဦးရေခဲသေတ္တာဘေးကပိုထွက်နေတဲ့စားပွဲအဖီလေးမှာထိုင်လိုက်သည်.. သစ္စာဖောက်ခံရတဲ့အကြောင်းကိုတွေးနေပေမယ့်ဘယ်လိုဖြစ်ပြီး လီဝေဆိုတဲ့လူအကြောင်းရောက်သွားမှန်းမသိပါ.. လီဝေတဲ့ နာမည်ကလည်းရယ်စရာကောင်းလိုက်တာ.. ငါ့ကိုကယ်ပြီးပိုက်ဆံတွေပါရှင်းပေးသေးတယ် ငါ့ကိုကယ်တာလည်း၄ကြိမ်ရှိပြီဆိုပဲ ဒါနဲ့ငါဘာလို့မသိရတာပါလိမ့် မေထွေးကတော့ Tall white handsomeဆိုပဲ
`မမ.. နိုးနေပြီလား.. မေထွေးရှမ်းခေါက်ဆွဲဝယ်လာတယ် စားရအောင်လေ.. ´
မေဦးဘာမှမပြောဘဲဆင်းလာကာ ရှမ်းခေါက်ဆွဲထိုင်စားသည်. ကြည့်ရတာတော့ တော်တော်အဆင်ပြေသွားပုံပဲ.. မေထွေးစားပြီးတော့ မေဦးကိုလွှတ်ထားပေးလိုက်သည်.. အခန်းထဲပြန်လာကာ ဖုန်းကလိရင်းနှင့် လီဝေကိုသတိရသွားသည်.. viberထဲဝင်ကြည့်တော့ onlineတဲ့
`Hi´ မေထွေးကစပို့လိုက်သည်.. လီဝေ စာဖတ်ပြီးတာပေါ်ပေမယ့်ဘာမှပြန်မပို့ပါ... ချေလိုက်တာဟယ် မေထွေးတွေးရင်း viberထဲကထွက်လိုက်သည်.. ရုတ်တရပ်ပဲဖုန်းဝင်လာသည်.. နံပါတ်ကအစိမ်းနဲ့ မေထွေးကိုင်လိုက်သည်. ..
`ဟယ်လို..´
`မင်းအမ ဘယ်လိုနေလဲ´
`လီဝေလား´
`အင်း..´
`မဆိုးပါဘူး မနေ့ကထပ်စာရင်တော်တော်သက်သာတယ်´
`မင်းပြောကြည့်..မင်းအမကဘယ်လိုလူမျိုးလဲ´
`ရှင်...´
`ငါသူ့ကိုကူညီဖို့ဆိုသူ့အကြောင်းသိထားမှရမယ်´
`ဟုတ်.. မမကသူများနဲ့မတူတဲ့မိန်းကလေး.. ဘာကိုမှသိပ်မကြောက်သလောက်ပဲ ဒေါသကြီးတယ်ဒါပေမယ့်ကြင်နာတတ်တယ်..အယုံကြည်နည်းတယ် လွယ်လွယ်နဲ့မယုံဘူးလူအများကြီးနဲ့အပေါင်းအသင်းမလုပ်ဘူး အဲဒါကြောင့်လဲအခုလိုသစ္စာဖောက်ခံရတော့ပြိုလဲတာ.. ခွင့်မလွှတ်တတ်တဲ့သူ ဒါပေမယ့်အဲလိုပြောလို့အမြဲဆိုးလားဆိုတော့လဲမဆိုးဘူး အဲလိုလူမျိုး´
`ဪ.... ငါသိပြီ.´
တီ....... ဖုန်းကျသွားသည် မေထွေးယောင်လည်လည်ဖြစ်သွားသည် ရုတ်တရက်ကြီးပြောချင်ရာပြောပြီးချသွားသည်.. ဘယ်လိုလူပါလိမ့် အမအတွက်တစ်ခုတည်းသောနည်းမို့သာ မေထွေးစိတ်ထိန်းလိုက်သည်..
...
ညနေမေထွေးအတင်းတိုက်တွန်းသောကြောင့်ရယ် ကျေးဇူးတင်စကားပြောချင်တာကြောင့်ရာ်နှင့် မေဦးတစ်ယောက်ကမ်းနားလေးကိုတစ်ခေါက်ထပ်ရောက်လာခဲ့သည်.. ကန်ရေပေါ်ကဖြတ်သန်းလာသောလေများကမေဦးစိတ်ကို အနည်းငယ်တော့ကြည်လင်စေသည်.. ကားတံခါးလေးဖွင့်ပြီးကန်ဘက်မျက်နှာမူထိုင်နေပေမယ့် ဘယ်သူမှထူးထူးခြားခြားမတွေ့သေးပါ.. ခပ်လှမ်းလှမ်းမှာ အသားဖြူဖြူ အရပ်မြင့်မြင့်လူတစ်ယောက်မေဦးကိုကြည့်နေသည်.. နေပါဦးလေ ဒီလူကိုမေဦးသိပါတယ်.. ဘယ်မှာတွေ့ဖူးပါလိမ့် တစ်ခေါက်သေချာပြန်ကြည့်တော့ မျက်ခုံးထူထူနဲ့နှာတံဆင်းဆင်း နှုတ်ခမ်းခပ်လှလှယောကျ်ားတစ်ယောက်.... ရင်းရင်းနှီးနှီးကိုသိသည်.. မေဦးခေါင်းလေးကုတ်ပြီးခေတ္တစဥ်းစားပြီးမှ... ဪ.. ဒီလူ ဟိုတစ်ခါ ကားပါကင်မှာဖိနပ်စီးပေးသွားတဲ့သူပဲ.. မေဦး ဟိုကြည့်ဒီကြည့်လုပ်တော့ တခြားသူမတွေ့ပါ.. မေဦးကိုကယ်ခဲ့တဲ့သူတော့ မလာတော့ဘူးထင်ပါရဲ့ စောင့်နေတာက နာရီဝက်ကျော်ပြီ.. မှန်းတာမမှားရင်ဟိုလူရောက်နေတာလည်းကြာပြီ... မေဦးစရောက်တည်းကစက်ဘီးကိုမှီပြီးရပ်နေခဲ့တာ...မေဦးအညောင်းပြေလမ်းလျှောက်ရန်ကားကနေထလာပြီး ထိုခပ်ဖြောင့်ဖြောင့်လူရှိရာသို့လမ်းလျှောက်လာတော့ သူကကြည့်မြဲကြည့်နေသည်.. မေဦးအနေခက်လာပြီး စကားစလိုက်သည်..
`ရှင်ကိုး... တိုက်ဆိုင်တယ်နော်..´
`မတိုက်ဆိုင်ဘူး... ငါမင်းကိုပဲစောင့်နေခဲ့တာ..´
မေဦးနည်းနည်းတော့အံဩသွားသည်..
`ဒါဆို ကျွန်မကိုကယ်တာက... ရှင်ပေါ့´
`မှန်တယ်´
စကားပြောပုံကလည်းခပ်တည်တည်နဲ့.. လူကလည်းခပ်ဖြောင့်ဖြောင့် စိတ်ကြီးဝင်နေပုံပေါ်သည်.. မေဦးစကားအများကြီးမပြောတော့ပဲ ကျေးဇူးတင်စကားပြောပြီးပြန်ရန်သာဆုံးဖြတ်ခဲ့သည်..
`ကျေးဇူးတင်ပါတယ်ရှင် ကျွန်မကိုကယ်ပေးခဲ့တဲ့အတွက် အကူအညီလိုရင်အချိန်မရွေးပြောပါ ကျွန်မတတ်နိုင်တဲ့ကိစ္စဆိုပြန်ကူညီပါ့မယ်´
`အကူအညီမလိုပါဘူး မင်းကူညီနိုင်တာရှိမှာမဟုတ်ဘူး ဒါပေမယ့်လုပ်စေချင်တာတော့ရှိတယ်´
`ရှင်....´
ဘယ်လိုတွေစိတ်ကြီးဝင်နေတဲ့လူပါလိမ့် မေဦးဒေါသနည်းနည်းတော့ထွက်လာပြီ.. သူကယ်ပေးဦးတော့ ဒီလိုလူကိုချိုးနှိမ်ပြောစရာလား...
သူမေဦးကိုတစ်ချက်ငုံကြည့်သည်...
`လုပ်ပေးနိုင်မလား´
`ပြောပါ တတ်နိုင်တယ်ဆိုရင်လုပ်ပေးပါ့မယ်´
`မင်းတတ်နိုင်ပါတယ်´
`ဒါဆို ကျေးဇူးပြုပြီးပြောပါ´
`ဒီနေရာကြီးမှာတော့ရပ်ပြီးမပြောချင်ဘူး တစ်နေရာရာမှာအေးအေးဆေးဆေးပြောချင်တယ်´
အို.... သူကပဲဈေးကိုင်သေး.. မေဥိးဒေါသထွက်နေသဖြင့်အသံကဆောင့်ဆောင့်အောင့်အောင့်ဖြစ်လာသည်..
`ဒါဖြင့် ရှင်ကဘယ်သွားချင်လို့လဲ?´
သူကမေဦးကိုမလှမ်းမကမ်းကအုတ်ခုံလေးဆီလက်ညှိုးထိုးပြသည် ထို့နောက်လိုက်ခဲ့ဆိုတဲ့ပုံနဲ့ မျက်စပစ်ကာထွက်သွားသည် မေဦးဒေါသထွက်ပြီးအသက်ရှူသံပင်ပြင်းလာသည်.. ဘာမို့လို့အဲလောက်တောင်စိတ်ကြီးဝင်ပါလိမ့် ဒါပေမယ့်ကြိုးစားပြုံးပြီးလိုက်သွားသည်... သူထိုင်နေတဲ့ဘေးတစ်ပေလေါက်အကွာမှာ ထိုင်လိုက်သည်..
`ရှင်ပြောလို့ရပြီ...´
`မင်းကဒေါသထွက်ရင်ချစ်ဖို့ကောင်းတယ်´
`ဘာရှင့်... ရှင်လွန်လာပြီ.. ရှင်ကကျွန်မကိုကယ်ခဲ့တယ် အခုကျွန်မလာပြီးကျေးဇူးတင်တယ် ရှင်လိုတာကိုပဲပြောပါ တခြားစကားတွေမပါလာပါနဲ့´
သူကခပ်ရိရိပြုံးသည်..
`ငါမင်းဆီကလိုချင်တာက ဒီနှစ်ပတ်အတွင်းမင်းငါပြောတဲ့အတိုင်းနေဖို့ပဲ´
`ဘာ.. ရှင်စိတ်ကူးယဥ်နေတာပဲ.. ကျွန်မကိုဘာများထင်နေလဲ?´
`ငါမင်းကို ၄ကြိမ်ကယ်ခဲ့ရတယ် မင်းဒီလိုထွက်လာစေဖို့ ငါဒေါ်လာ 970000ကျော်အကုန်ခံခဲ့တယ် ပြန်ရဖို့လည်းစိတ်မကူးဘူး မင်းကိုထိခိုက်စေချင်တယ်ထင်လို့လား´
`ဘာ... ရှင်ဘာတွေပြောနေတာလဲ´
`နားထောင်... ငါမင်းကိုဒီကိုခေါ်တာမင်းအတွက်ပဲ မင်းကိုငါ့စကားနားထောင်စေချင်တာကလည်း မင်းအတွက်ပဲ မင်းကိုကယ်ခဲ့တိုင်းလည်းမင်းအန္တရာယ်မင်းမမြင်ခဲ့ဘူး မင်းကိုမသေစေချင်ရုံပဲ နားလည်ပြီလား´
`နားမလည်ဘူး ရှင်ပြောတဲ့ ဒေါ်လာ 970000ကျော် ဆိုတာကရောဘာလဲ ကယ်တယ်ဆိုတာကဘယ်လို ၄ကြိမ်တောင်ဖြစ်သွားတာလဲ´
သူသက်ပြင်းတစ်ချက်ချကာ မေဦးအနားကပ်လာသည်..
`မင်းဘွဲ့ယူတဲ့နေ့ကချော်လဲမလိုဖြစ်တော့ မင်းမကြည့်ဘူး.. မင်းသာချော်လဲရင်မင်းခေါင်းကကျောက်ခဲနဲ့ရိုက်မှာပဲ... ဒုတိယတစ်ခေါက်မင်း cafeထဲမှာ အိမ်သာနားချော်လဲမလိုဖြစ်တော့ အနောက်မှာရေနွေးအိုးတွေတင်ထားတဲ့လှည်း ဒါလည်းမင်းမသိဘူး.. နောက်တစ်ကြိမ်ကမင်းမှတ်မိပါတယ် ကားနားခြေချော်တော့ ငါသာမဆွဲရင်မင်းအဲနားကမြောင်းထဲကျလိမ့်မယ် မင်းသိလားအဲမြောင်းဖုံးကကျိုးနေတာကို.. အခုမင်းပြော ငါမင်းကိုဒီလောက်ကူညီခဲ့တာ ငါ့စကားနားထောင်ဖို့ခက်ခဲလို့လား မင်းကိုဆေးရုံတင်ပြီးတော့မင်းညီမကို မင်းကိုကူညီခွင့်ပေးဖို့ ငါ့ black cardကိုအပေါင်ထားရတယ် မင်းကိုထိခိုက်ရင်အဲထဲကငွေတွေကသူ့အပိုင်ပဲ ငါpassword ပါပေးထါးတာ ငါအဲလောက်လုပ်ပေးထါးတာတောင်မင်းက သံသယဝင်သေးတာလား´
မေဦးဘာမှပြန်မပြောနိုင်အောင် အံဩနေမိသည်.. ဒီလိုကမ္ဘာကြီးမှာဒီလိုတိုက်ဆိုင်မှုတွေရှိလို့လား ဖြစ်ရောဖြစ်နိုင်ရဲ့လား ကိုယ့်နားကိုယ်ပင်မယုံနိုင်ပါငါအကြိမ်ကြိမ်သေဖို့ဖြစ်ခဲ့တာလား ဖြစ်သမျှတိုင်းကရော သူပဲအနားမှာရှိနေတာလား မေဦးခတ္တငြိမ်သက်သွားသည်.. အရမ်းလည်းအံသြနေသည်.. သူလည်းဘာမှဆက်မပြောတော့ပါ.. သူခဏနေတော့ထပြီး မေဦးရှေ့မှာရပ်သည်.. မေဦးခေါင်းလေးမော့ကြည့်တော့ သူကသက်ပြင်းချကာ
`ငါမင်းကိုကူညီချင်ရုံကလွဲပြီး ဘာအကြောင်းမှမရှိဘူး မင်းငါ့ကိုယုံမယ်လို့ဆုံးဖြတ်ရင်မနက်ဖြန်မနက် ၅ခွဲ မင်းအိမ်နားကပန်းခြံလေးကိုလာခဲ့ ငါစောင့်နေမယ်.. မင်းမလာရင်တော့မင်းငါ့ကိုနောက်တွေ့စရာမလိုတော့ဘူး...´
`ရှင် ကျွန်မကိုဘာလို့ကူညီချင်တာလဲ´
`မင်းဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ပြော မပြောကိုငါဆုံးဖြတ်မယ်´
သူပြောပြောဆိုဆိုနဲ့ပဲ မေဦးရှေ့ကနေစက်ဘီးဆီသွားကာစက်ဘီးမောင်းထွက်သွားသည်.. မေဦးကိုတစ်ချက်တောင်လှည့်မကြည့်ပါ.. မေဦးတစ်ယောက်တည်းဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေရသည်.. ယုံမယ် မယုံဘူးက တဖြည်းဖြည်းနဲ့အစိုင်အခဲတုံးကြီးအဖြစ်သိစိတ်မသိစတ်ထဲနေရာယူလာသည်.. မေဦးမတွေးနိုင်တော့ပါ ကားလေးမောင်းပြီးသာပြန်လာတော့သည်..