book

Index 4

အခန်း - ၄ (ပြသနာဖြစ်စေသော ကန်ချက်)

  • Author : Thuu သု
  • Genres : Romance, Adventure, Action, Fantasy
  • Original Author : Shan Gumu

လီချန် လှည့်ပတ်ကြည့်လိုက်သည်။ မိစ္ဆာဆိုင်က အနီးအနားမှာဆိုတာ သိသွားပြီး သူ၏နှုတ်ခမ်းကို တွန့်လိုက်ပြီး ရှီမာယူယူအား လှောင်ပြောင်သလိုနှင့် ကြည့်လိုက်သည်။ “ရှီမာယူယူ မင်းအမှတ်မရှိဘူးလား။ မူရုန်ကို ဝိဉာဉ်မိစ္ဆာပေးတာနဲ့ မင်းရဲ့ အဆင့်ကိုမြင့်တင်နိုင်မယ်လို့ တကယ်ထင်နေတာလား။ ငါသာမင်းဆိုရင် ကိုယ့်ကိုယ်ကို သတ်သေတာကြာလှပြီ။ ဒီလို အသက်ရှင်နေတာ အစားအသောက်ကို ဖြုန်းတီးတာပဲ”


“မင်းပြောလို့ ၀ ပြီလား” ရှီမာယူယူ သူ့ကို ကြည့်ပြီးအေးစက်စွာ ပြန်ပြောလိုက်သည်။ “ပြီးခဲ့တဲ့အခေါက်က မင်းအုပ်စုဖွဲ့ပြီး ငါ့ကို ရိုက်နှက်ခဲ့တယ်မလား။ ကောင်းပြီ ငါ့ကို ဒီနေ့ တွေ့တာ မင်းကံမကောင်းဘူးလို့မှတ်လိုက်ပါ”


“ဟား ဟား ဟား” ရှီမာယူယူ ပါးစပ်မှထွက်လာသော မာနကြီးသည့် လေသံသည် လီချန်ကို ရယ်မောစေခဲ့သည်။ “နားထောင် ဝါး ကြည့်ရတာ မင်းလက်စားချေချင်နေတယ် ထင်တယ်။ ဟား ဟား ဟား၊ ငါ ထင်တာ ငါနားကြားမှားနေသလားလို့ မင်းငါနဲ့ ရန်ဖြစ်ချင်တာလား။ လာခဲ့လေ  ငါမင်းကို ဒီနေ့မသတ်သေးဘူး။ အဲနေ့မှ ဖြေရှင်းပြီး ငါတို့လူတွေ့ရဲ့ မျက်နှာကို မှတ်ထားလိုက်” သူ အထင်သေးစွာ ကြုံးဝါးလိုက်ပြီး ဝိဉာဉ်စွမ်းအင်တွေကို စုစည်းလိုက်ပြီးနောက် သူ့လက်ထဲတွင်ပင် အနီရောင် အလုံးအသွင်သို့ ဖွဲ့လိုက်သည်။


သိပ်မကြာခင်ကပဲ ရှီမာယူူယူ လူထူထပ်သော လမ်းတွင်လျှောက်နေခဲ့ပြီး လျှောက်သွားရင်းနှင့်ပင် ကျဉ်းမြောင်းပြီး တိတ်ဆိတ်သော လမ်းကြားထဲတွင် အဆုံးသတ်ခဲ့သည်။ ဒီလိုနေရာတွင် ရှီမာယူယူကို သတ်လိုက်ရင် ခြေရာလက်ရာမကျန်ခဲ့ဘဲ ပြဿနာတစ်စုံတစ်ရာပင်ရှိမှာမဟုတ်၊ ထို့ကြောင့်ပင် လီချန် ရက်စက်ယုတ်မာသော လှုပ်ရှားမှုကို ဟန်ပြင်လိုက်သည်။ သူ ရှီမာယူယူတည်ရှိနေမှုကို အချိန်အတော်ကြာ မကျေနပ်ခဲ့ပေ။ အမှိုက်သဖွယ် မွေးဖွားခဲ့သော်လည်း ရှီမာယူယူကတော့ ဗိုလ်ချုပ်ကြီး၏ မျိုးဆက်ဖြစ်နေသည်လေ။ ဘယ်လောက်တောင်မတရားလိုက်သလဲ။


ရှီမာယူယူ လီချန်လက်ထဲမှ ကြီးမားလာသော အနီရောင်အလုံးကို ကြည့်လိုက်ပြီး ဝိဉာဉ်စွမ်းအင် ဖွဲ့အလုံးဆိုတာ သိလိုက်သည်။ တကယ်လို့ သူမရင်ဆိုရမယ်ဆိုရင် သူမလက်ရှိခန္ဒာကိုယ်သည် ခုခံနိုင်အားမရှိသေးပါ။ သူ မပြီးဆုံးခင် ကာကွယ်ဖို့လိုသည်။ သူမဆုံးဖြတ်ချက်ချပြီးသည်နှင့် ညာဘက်လက်တွင် ဓားမြှောင်ကိုင်၍ သူမခန္ဒာကိုယ်ကို အပြေးအလွှားတိုးလိုက်ပြီး သူ၏ လည်ပင်းကို ရွယ်လိုက်သည်။


ဒီအမှိုက်က ခါတိုင်းလုပ်နေကျအတိုင်း သူ့လက်အတွင်းက ထွက်မပြေးရုံသာမက သူ့ကိုပါ တိုက်ခိုက်ဖို့ကြိုးစားသည်ကို လီချန်အံ့သြသွားသည်။ ဒီရှီမာယူယူက သူသိခဲ့တဲ့ သူနဲ့ကွဲပြားသွားပြီ။ ရှီမာယူယူ၏ လှုပ်ရှားမှုသည် တိကျပြန်သားပြီး လျင်မြန်ဖျတ်လတ်သည်။ အချိန်ခဏအတွင်း သူမလျင်မြန်စွာ သူ့အနားရောက်လာပြီး သူ့ဆီကျရောက်လာသော ဓားသွား၏ အေးစက်မှုကို ခံစားလိုက်ရသည်။


ဓားသွားက သူ့လည်ပင်းပေါ်ကို ထိသွားတာနှင့် လီချန်အလျင်အမြန် အနီရောင်အလုံးကို ပစ်လိုက်ပြီး နောက်ကို ခြေလှမ်းအနည်းငယ် ခလုတ်တိုက်သွားလေသည်။


အလုံးဟာ ပြီးမြောက်မှုမရှိသော်လည်း ရှီမာယူယူအတွက်တော့ ဆိုးဝါးသော စွမ်းအင်ဖြစ်နေတုန်းပါပဲ။ သူမ ရင်ဆိုင်၍မဖြစ်နိုင်သည်ကို သိသောကြောင့် သူမခန္ဒာကိုယ်ကို အလျင်အမြန် ကွေးကောက်လိုက်ပြီး ညာဘက်ကို ရှောင်တိမ်းလိုက်သည်။ သို့သော် အကွာအဝေးမှာ အလွန်နီးနေပြီး ပစ်လိုက်သော အရှိန်မှာ အလွန်မြန်ဆန်သောကြောင့် သူမ အလုံးစုံ ရှောင်တိမ်းဖို့ ရှုံးနိမ့်သွားပြီး သူမ၏ဘယ်လက်မှာ နာကျင်မှုကို ခံစားလိုက်ရသည်။


“ဝုန်း” မြေကြီးကို အလုံး၏ အလင်းရောင်ထိမိသည်နှင့် မြေပေါ်တွင် ကြီးမားသော အပေါက် ဖြစ်သွားတော့သည်။


ရှီမာယူယူ အပေါက်ကို ကြည့်လိုက်ပြီး တုန်သွားသည်။ သေငယ်သော ဝိဉာဉ်စွမ်းအင်သည်ပင်လျှင် ထိုကဲ့သို့ ပေါက်ကွဲနိုင်သော အစွမ်းရှိသည်ကို အံ့သြသွားတော့သည်။ သူမ အရင်ကမ္ဘာမှ ဗုံးနှင့် ဆင်တူသော်လည်း ဒီအရာသည် ပိုပြီး ပြင်းထန်သည်။ ထို့အပြင် လူမှဖန်တီးသော အရာ…..


“ရှုး”


သူမ လေအေးကို ရှုသွင်းလိုက်ပြီး သူမလက်ကိုကြည့်လိုက်သည်။ အလုံး၏ အလင်းရောင်သည် အနည်းငယ်ဖြတ်သွားရုံသာဖြစ်သော်လည်း သူမ၏ အင်္ကျိလက်သည် လောင်ကျွမ်းနေပြီး သူမ၏ လက်တစ်ခုလုံးသည်လည်း လောင်ကျွမ်းသွားတော့သည်။


“ဟားဟား အခုတော့ ငါ့ရဲ့ အစွမ်းကို မင်းသိပြီမလား” ရှီမာယူယူ ထိုကဲ့သို့ ရှောင်တိမ်းမည်ကို လီချန်မျှော်မှန်းမထားသော်လည်း သူ၏ စွမ်းအင်ကို မြင်ပြီး အံ့သြသောအမူအရာကို မြင်သောအခါ မာနများ ပေါက်ထွက်လာတော့သည်။


“ဒီလို စွမ်းအင်အလုံး ဖန်တီးဖို့ မင်းလို အမှိုက်ကတော့ ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ဘူး။ ငါမင်းကိုပေးမယ်ဆိုရင် ဘယ်လိုလဲ”


လီချန်ဟာ သူ၏လက်တွင် စွမ်းအင် စတင်စုစည်းနေသည်ကို ရှီမာယူယူမြင်တွေ့ချိန်မှာတော့ သူ့ကို ထပ်ပြီး ဝိဉာဉ်စွမ်းအင် စုဖို့ အခွင့်အရေးပေးလို့မဖြစ်တော့ဘူးဆိုသည်ကို သိလိုက်သည်။

ရှီမာယူယူ အရင်ကထက် မြန်လာသည်ကို လီချန်ထင်မထားဘဲ သူ စွမ်းအင်အနည်းငယ်မျှသာ စုစည်းခဲ့သည်။ သို့သော် သူမ၏ဒဏ်ရာနှင့် စက္ကန့်အနည်းငယ်အတွင်း သူ့ဆီကိုရောက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ သူမက သူ့ရှေ့တွင်၊ သူမ ခြေထောက်ကိုမြှောက်လိုက်ပြီး သူ၏ဗိုက်ကို ရက်စက်စွာ ကန်လိုက်သည်။ သူနောက်ပြန်လှန်သွားပြီး ဘုတ်ခနဲ မြေကြီးပေါ်သို့ ပြင်းထန်စွာကျသွားတော့သည်။


လီချန် ပါးစပ်မှ သွေးများထွက်ကျလာပြီး မြေပြင်ပေါ်မှ ကြက်သွေးရောင်အကွက်ကို မင်သက်စွာ ကြည့်လိုက်သည်။ အဲဒီအမှိုက်က သူ့ကိုသွေးထွက်အောင်လုပ်လိုက်တာလား။ သူဒေါသနှင့် ကြိမ်းဝါးလိုက်သည် “မင်းလို အမှိုက်က ငါ့ကို ကန်ရဲတယ်။ အဟွတ် အဟွတ်”


သူသေချာမရပ်မိခင်မှာပင် ရှီမာယူယူ တိတ်ဆိတ်စွာပေါ်လာပြီး ထပ်ကန်လိုက်သည်။ သူ မြေပေါ်သို့ကျသွားတော့သည်။ 


ဝိဉာဉ်သခင်၏စွမ်းအားသည် ဝိဉာဉ် စွမ်းအင်များကိုသာ ထိန်းချုပ်နိုင်ကြပြီး သူတို့၏ ခန္ဒာကိုယ်မှာ သာမန်သူအတိုင်းပင်။ သူမ နှစ်ကြိမ်မက ရက်စက်စွာကန်လိုက်ပြီး ထိုသူမှာ မတ်တပ်ရပ်ရန်အားအင် မရှိတော့ဘဲ မြေပြင်ပေါ်တွင် ညည်းညူ၍ လဲလျောင်းသွားတော့သည်။


ရှီမာယူယူ သူ့ရှေ့တွင်ရပ်လိုက်ပြီး လှောင်ရယ်လိုက်သည်။ “မင်းငါ့ကို ကန်ရတာကြိုက်တာမလား။ ကောင်းပြီ အကန်ခံရတဲ့ ခံစားချက်ကဘယ်လိုလဲ”


သူမအရင်ဘဝမှာ ခန္ဒာဗေဒနှင့်အကျွမ်းတဝင်ရှိခဲ့သဖြင့် လူသား ခန္ဒာကိုယ်၏ အားနည်းချက်နေရာများကို သိသည်။ သူမ ခြေထောက်မြောက်၍ နောက်တစ်ချက်ကန်လိုက်သည်။


“မင်း ငါသက်သာတဲ့အထိစောင့်လိုက် ငါသေချာပေါက်မင်းကို သတ်မယ်” လီချန် အလွန်နာကျင်မှုကို ခံစားရ၍ ဆင်ခြင်တုံတရားမဲ့ကာ မရပ်မနားအော်နေတော့သည်။


“ငါ့ကို သတိပေးတာ ကျေးဇူးပဲ မင်းပေါင်းသင်ရင် အမြစ်ကိုပါ ပါအောင်နှုတ်ရမှာပေါ့ အဲလိုမှမဟုတ်ရင် လေပြေညင်းနဲ့အတူ ပြန်ကြီးထွားလာလိမ့်မယ်။ မင်းကို လက်စားချေဖို့ အခွင့်အရေးငါပေးရမလား”


ရှီမာယူယူ ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ထိုသူက အရင် ရှီမာယူယူအားလုပ်ခဲ့သကဲ့သို့ မေ့မြောသည်အထိ အကြိမ်အနည်းငယ် ထပ်ကန်လိုက်သည်။


သူလက်စားချေမှုကို ကျိန်းဝါးပုံကို ပြန်တွေးရင်လည်း ထိုသူ၏ လက်စားချေမှုကို သူမ မကြောက်ပါ။ သူမ အပို ပြဿနာများ မတက်ချင်ရုံသာ။ သူ့ပါးစပ်သေးသေးလေးက သူမကို အမှိုက်လို့ ဆက်တိုက်ခေါ်နေတာတောင် ဘာလို့ ခံစားနေရတာလဲ။


သူမ ကြေမွနေသော နံရံဘေးက ကျောက်တုံးပေါ်တွင် လဲနေသော ထိုသူအား ကြည့်လိုက်သောအခါတွင် သူမ မျက်နှာတွင် အပြုံးပန်းတစ်ပွင့် ပွင့်သွားလေသည်။


“မင်းဟာ လက်ပါးစေဖြစ်စေဦးတော့ မင်းဘယ်လိုပဲ သူမဘဝကို လိုချင်နေပါစေ မင်းကို ငါအလွယ်တကူ မပေးနိုင်ဘူး။ မင်းဟာ တကယ့်အမှိုက်ပဲ ငါမင်းကို အဲအရသာကို သိအောင်လုပ်ပေးမယ်။ ပြီးမှ ငါ့ကို ကျေးဇူးမတင်နဲ့”


“အား…” ကျယ်လောင်သော အော်သံသည် လမ်းကြားငယ်တွင် ပျံ့နှံ့သွားတော့သည်။


သွေးစွန်းနေသော ကျောက်တုံးကို ဖယ်ရှားလိုက်ရင်း သူမ လက်နှစ်ဖက်ကို လက်ခုတ်တီးလိုက်ပြီး “ကောင်းပြီ မင်းသူမဘဝကို လိုချင်တယ် အခုတော့ မင်းကို ငါအဆုံးသတ်ပေးလိုက်ပြီ။ ဒါဟာ သူမအတွက် လက်စားချေမှုလို့ ယူဆလိုက်ပြီ။ မင်းနိုးလာတဲ့အခါ အမှိုက်လို့ခေါ်တာကို ခံစားကြည့်လိုက်ပါ အဲဒါ တကယ် ခံရခက်တယ်။”


သူ ဒဏ်ရာရနေသော လက်မောင်းအား ဖိဆုပ်လိုက်ပြီး လမ်းကြားထဲမှ တိတ်ဆိတ်စွာ ထွက်လာခဲ့သည်။ ပြီးတွင်တော့ ဘာမှမဖြစ်ခဲ့သလိုမျိုး စစ်သူကြီးအိမ်တော်သို့ လမ်းလျှောက် ပြန်လာခဲ့လိုက်သည်။


သူမထွက်သွားသည့်နောက်တွင်တော့ လမ်းကြားထဲတွင် လူရိပ်နှစ်ခုပေါ်လာသည်။ တစ်ဦးမှာ ခရမ်းရောင် ဝတ်ဆုံကို ဝတ်ဆင်ထားပြီး အလွန်အမင်းချောမောသော မျက်နှာနှင့်လိုက်ဖက်အောင် မာနထောင်လွှား စိတ်ကြီးဝင်နေပုံပေါက်သည်။ သူ၏ မျက်နှာတွင် ဖော်ပြမထားသော်လည်း သူ့မျက်လုံးမှာတော့ စိတ်ဝင်စားမှု တစ်စွန်းတစ်စ ကျန်ှရှိသော လက္ခဏာဖြစ်နေသည်။ သူကတော့ မီးကဲ့သို့ ရဲနေသော ဆံပင်နှင့် မီးတောက် ဝတ်ရုံကို လွှမ်းခြုံထားသည်။ တစ်ဖက်ကကြည့်မည်ဆိုလျှင် ထိုသူသည် လူသားမဟုတ်ဘဲ ဝိဉာဉ်မိစ္ဆာဖြစ်သည်ကို သိသာစေသည်။

“ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ပွဲကို ကြည့်ရမယ်လို့ထင်မထားဘူး။ ဝိဉာဉ်သခင်ကဝိဉာဉ်စွမ်းအင်တောင် မရှိတဲ့ ဘာမဟုတ်တဲ့ မိန်းကလေးကြောင့် အထိနာရတယ်လို့။ ဘယ်လောက် သတ္တိရှိလိုက်လဲ” မီးတောက် ကီရင်းက ချီးကျူးလိုက်သည်။


ဝူလင်ယူ မြေပေါ်တွင် သွေးများနှင့် လဲနေသော သူကိုကြည့်၍ သူမ တိုက်ခိုက်နေချိန်မှာ မျက်တောင်တစ်ချက် မခတ်သော မိန်းကလေးကို ပြန်တွေးနေလိုက်သည်။ သူ ပဟေဠိဆန်စွာပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဟုတ်တယ် စိတ်ဝင်စားစရာပဲ”


သူမ မိန်းကလေးဖြစ်သည်ကို ဖုံးကွယ်ရန် စိတ်လှည့်စားသော လက်စွပ်ကို အသုံးပြုထားသော်လည်း ထိုလှည့်စားမှုသည် သူတို့အပေါ်တွင် အလုပ်ဖြစ်သည့်ပုံ မပေါ်ပေ။ အကြည့်တစ်ချက်နှင့်ပင် သူတို့ အယောင်ဆောင်ထားသည်ကို မြင်နိုင်သည်။


“သခင် မင်းဟာ မြင့်မြတ်တဲ့ ပညာရှိရဲ့ သန့်စင်မွန်မြတ်တဲ့သားတော်ပဲ ကျေးဇူးပြုပြီး အဲလို အမူအရာ မလုပ်ပါနဲ့” ဝူလင်ယူ ရှီမာယူယူကို ကြည့်လိုက်သောအခါ ဖြစ်သွားသော အမှတ်တမဲ့ပြုံးကို မီးတောက် ကီရင် တွေ့လိုက်ပြီး စိုးရိမ်စွာသတိပေးလိုက်သည်။


ဝူလင်ယူ မီးတောက် ကီရင်အား ကြည့်လိုက်ပြီး သူ၏ မူလပုံစံဖြစ်သော ခပ်တန်းတန်းပုံသို့ ပြန်ပြင်လိုက်သည်။ ခံစားချက်ကင်းမဲ့စွာ ရုတ်တရက်ပင် နှစ်ယောက်လုံးပျောက်သွားပြီး ထိုနေရာတွင် သူတို့ ရှိခဲ့သည်မှာ သဲလွန်စ တစ်စိုးတစ်စိမျှ မကျန်ခဲ့ပေ။



rate now: