“လူငယ်လေး.....ခဏလောက်စောင့်ပါဦး.....”
မိုဝူကျီ အဆောက်အဦးမှ ထွက်သွားတော့မည့်ဆဲဆဲတွင် အသက်ကြီးကြီးတစ်ယောက်၏ အသံက သူ့အား တားဆီးလိုက်သည်။
မိုဝူကျီသည် လူလတ်အရွယ်လူကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာသည် သူ့အသံကဲ့သို့ အိုမင်းနေ၏။
“ကျွန်တော့်ကို ခေါ်တာလား....”
မိုဝူကျီသည် လူလတ်အမျိုးသားကို သုံးသပ်ကာ မေးလိုက်သည်။ သူ့တွင် သူ့နားလည်မှုအတွင်းရှိ မြင်သမျှ အရာအားလုံးကို သိနေသကဲ့သို့ စူးရှထက်မြက်သည့် မျက်လုံးများရှိလေသည်။
“ဟုတ်တယ်.... ငါ ခေါ်လိုက်တယ်.... မင်းစိတ်မရှိရင် ငါတို့ တိတ်ဆိတ်တဲ့နေရာရှာပြီး စကားပြောရအောင်လေ....”
လူလတ်အမျိုးသားသည် အဖွဲ့အစည်းခန်းမနှင့် မျက်နှာချင်းဆိုင်မှာရှိသည့် လက်ဖက်ရည်အခန်းကို ညွှန်ပြကာ ပြောလိုက်၏။
မိုဝူကျီသည် ပြုံးလိုက်သည်
“ရတာပေါ့.... ကျွန်တော်အားပါတယ်.....”
မိုဝူကျီသည် လူလတ်အမျိူးသားနှင့်အတူ လက်ဖက်ရည်အခန်းသို့ လျှောက်သွားသည်ကို မြင်သည့်အခါ အဖွဲ့အစည်းရှိ လူများသည် စတင်၍ ဆွေးနွေးရေရွတ်နေကြသည်။
“အဲလူက ဒန်းဟန်ဆေးဖော်စပ်ရေးရဲ့ ပိုင်ရှင် လုကျိုးကျွင်း မဟုတ်ဘူးလား.....ဒီကအားလုံးက အဲကောင်လေးက အတုအယောင်ဆိုတာသိရဲ့သားနဲ့ သူက အဲဒီအရူးကို ခေါ်ဖို့ ကြိုးစားနေတာလား..... သူ့ဆေးလုပ်ငန်း နောက်တစ်ကြိမ် ပိတ်သွားမှာ မကြောက်ဖူးလား.... သူက ဉာဏ်ကို မရှိဘူး....”
“ဟီးဟီး ..... မင်းသိသားပဲ...... မင်းကသာ အခုမှ ပြောနေတယ်..... လုကျိုးကျွင်း ထက်မြက်တယ်ဆိုရင် ဒန်းဟန်ဆေးလုပ်ငန်းက ကျရှုံးသွားစရာအထိ မဖြစ်နိုင်ဘူး.... ပထမမှာ အဲဒီလူပုံစံက လိမ္မာပါးနပ်တယ်လို့ထင်ရပေမဲ့ တကယ်တမ်း အဲလို မဟုတ်ဘူး..... ဒန်းဟန်ဆေးလုပ်ငန်း ဘာဖြစ်သွားလဲဆိုတာသာ ကြည့်တော့...”
“လုကျိုးကျွင်း အသုံးမကျတာ ဘယ်သူက မသိလို့လဲ..... ဒါပေမဲ့ ဒန်းဟန်ဆေးလုပ်ငန်းဖြစ်သွားတဲ့ ကိစ္စက တကယ်ကို သနားစရာပဲ...... ချင်ယွီပြည်နယ်မှာ.... ရှင်းဟန်အင်ပါယာထဲမှာတောင် အကောင်းဆုံးဆေးလုပ်ငန်းထဲက တစ်ခုဖြစ်ရဲ့သားနဲ့ကွာ...... အခုတော့ အသေးစားဆေးလုပ်ငန်းဖြစ်သွားရှာပြီ..... အချိန်ကြာလာရင် ပျောက်ကွယ်သွားလောက်တယ်....”
“ဘယ်သူကများ လုကျိုးကျွင်းကို ဒန်းဟန်ဆေးလုပ်ငန်းကို အမွေဆက်ခံခိုင်းခဲ့တာလဲ..... အဲအရာက ကျရှုံးသွားရင်တောင် အနည်းဆုံးတော့ သူပိုင်သေးတယ်လေ.... အနည်းဆုံးတော့ ငါတို့လို ဒီမှာလာပြီး အလုပ်ရှာစရာ မလိုတာပေါ့....”
ထိုဆွေးနွေးချက်များကို မိုဝူကျီ မကြားသိခဲ့ရချေ။ ထိုအခိုက်အတန့်တွင် သူသည် လုကျိုးကျွင်းနှင့်အတူ လက်ဖက်ရည်အခန်းထဲတွင် ရှိနေသည်။ လုကျိုးကျွင်းသည် ယောင်ကျိုးမြို့၏ ချွင်းရှောင်လက်ဖက်ရည်အိုးကို မှာလိုက်၏။
အစိမ်းဖျော့ဖျော့ လက်ဖက်ရည်များကို လောင်းချလိုက်သည့်အခါ အနံ့သင်းသင်းလေး ထွက်ပေါ်လာလေ၏။ မိုဝူကျီသည် တစ်ငုံသောက်လိုက်သည့်အခါ သူ့ပါးစပ်ထဲတွင် ရနံ့သင်းသင်းလေးဖြင့် ပြည့်သွားပြီး သူ့ခန္ဓာတစ်ကိုယ်လုံးသည်လည်း သက်တောင့်သက်သာ ဖြစ်လာသည်ဟု ခံစားမိလိုက်သည်။ သူက မချီးကျူးဘဲ မနေနိင်ပေ “ကောင်းလိုက်တဲ့ လက်ဖက်ရည်.....”
အတိတ်မှ မိုဝူကျီသည် လက်ဖက်ရည်အကြောင်း မလေ့လာခဲ့ဖူးပေ။ သို့သော် ပိုမို ခက်ခဲသောအရာဖြစ်လေ၏။ သူသည် လက်ဖက်ရည်အမျိုးအစား အများအပြားကို မြည်းစမ်းကြည့်ဖူးပေမဲ့လည်း ယခုကဲ့သို့ အရသာနှင့် မယှဉ်နိုင်ပေ။ ထို့အပြင် မိုဝူကျီသည် ဤလက်ဖက်ရည်သည် အနုစိတ်အချက်များ အထူးဆောင်ရွက်ထားခြင်းမရှိဘဲ ဒီအတိုင်းရိုးရှင်းစွာ ထွက်လာသည်ကိုသာ မြင်လိုက်သည်။ မဟုတ်လျှင် အရသာသည် နောက်ထပ်အဆင့်တစ်ခုသို့ ရောက်နေလိမ့်မည်။
လုကျိုးကျွင်းသည် ပြုံး၍ ပြောလိုက်သည်
“ယောင်မြို့ ချွင်းရှောင်သည် ချင်ယွီပြည်နယ်၏ အကောင်းဆုံးလက်ဖက်ရည် သုံးမျိုးထဲက တစ်ခုအပါအဝင်ပဲ.....တော်ဝင်မျိုးနွယ်စုကို လက်ဆောင်ကဏ္ဍာအဖြစ် ဆက်သလေ့ရှိကြတယ်.... အခုငါတို့သောက်နေတာက အရွက်ဟောင်းကလုပ်ထားတာ.... အဲဒီအရွက်ဟောင်းတွေကလည်း သာမာန်လူတွေတတ်နိုင်တဲ့အရာ မဟုတ်ဘူး.... အရင်ဆုံး ကိုယ့်ဘာသာ မိတ်ဆက်ပါရစေ.... ကျွန်တော်က လက်ရှိ ဒန်းဟန်ဆေးလုပ်ငန်းရဲ့ ပိုင်ရှင် လုကျိုးကျွင်းပါ......”
ထိုအချိန်တွင် လုကျိုးကျွင်းသည် တမင်ရပ်တန့်ကာ မိုဝူကျီကို ကြည့်လိုက်သည်။ သူသည် မိုဝူကျီက မလွဲဧကန် တုံ့ပြန့်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်
“အိုး..... ဒန်းဟန်ဆေးလုပ်ငန်း.... ကျွန်တော်သိတယ်.....”
သို့သော် မိုဝူကျီသည် လုကျွင်းကျိုးစကားများနောက်ကွယ်မှ အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။ ကြည့်ရသည်မှာ ဒန်းဟန်ဆေးလုပ်ငန်းမှာ ထိုမျှ မရိုးရှင်းလှပေ။ ထို့ကြောင့် သူသည် အားနာစွာ ပြောလိုက်သည်
“တောင်းပန်ပါတယ်.... သူဌေးလု... ကျွန်တော် ဒန်းဟန်ဆေးလုပ်ငန်းကို မကြားဖူးဘူး....”
လုကျိုးကျွင်းသည် ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး မိုဝူကျီစကားများကို ယုံသည့်ပုံမပေါ်ပေ။ ယောင်ကျိုးတွင် ဒန်းဟန်ဆေးလုပ်ငန်းကို မကြားဖူးသည့်သူ ရှိသေးသည်လား....လုပ်ငန်းသည် ကျဆင်းသွားပြီး ဆိုင်အများကြီးနှင့် အလုပ်ရုံအများကြီးတွေကို ဝါးမျိုးခံလိုက်ရပေမဲ့လည်း ထိုအရာများသည် လတ်တလောမှ ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ အတိတ်က အောင်မြင်မှုသည် ထိုသို့မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသည်လား.....
အံ့အားသင့်ပြီးသည့်နောက်တွင် လုကျိုးကျွင်းသည် မိမိဘာသာ အပြစ်တင်သည့်လေသံဖြင့် ပြောလိုက်၏
“ကြည့်ရတာ ကျွန်တော် အတွေးလွန်နေတဲ့ပုံပဲ..... မင်းသားမိုက သူ့နိုင်ငံကို ပြန်လည်ထူထောင်ရာမှာ ပါဝင်နေတာဆိုတော့ စီးပွားရေးအကြောင်းတွေ ဘယ်သတိပြုမိပါ့မလဲ.....”
လုကျိုးကျွင်း နားလည်သွားသည်ကို မြင်ပြီး မိုဝူကျီသည် တိုက်ရိုက်ပြောလိုက်သည်
“လုကျိုးကျွင်းက ကျွန်တော့်အကြောင်းသိတယ်ဆိုတော့ ဒီကို လာပြီး ကျွန်တော့်ကို ဆေးဖော်စပ်သူအဖြစ် လာခန့်တာတော့ မဟုတ်ဘူးမလား....”
ယခုလေးပင် သူသည် အဖွဲ့အစည်းတွင် ဆေးဖော်စပ်သူဖြစ်ကြောင်း ကယောင်ကတမ်းပြောခဲ့ပေမဲ့ မိုဝူကျီသည် သေချာလှသည်။ မည်သူကမျှ သူ့၏ ကယောင်ကတမ်းစကားများကို စိတ်ထဲထားမည် မဟုတ်ပေ။
လုကျိုးကျွင်းသည် လက်ဖက်ရည်သောက်လိုက်ပြီး ခွက်ကို တည်ငြိမ်စွာ ပြန်ချထားကာ ပြုံး၍ ပြောလိုက်သည်
“မင်းသားမို ပြောတာမှန်တယ်.....ကျွန်တော်က ဒီကိုလာပြီး မင်းသားမိုကို ကျွန်တော့်ရဲ့ ဆေးဖော်စပ်ရေး အကြီးအကဲအဖြစ်လာခန့်အပ်တာ......”
အခု မိုဝူကျီလောက် မည်သူမျှ အံ့သြနိုင်မည် မထင်ချေ။ သူသည် ခွက်ဘေးတွင် လက်ကိုချထားလိုက်ရင်း မယုံကြည်နိုင်စွာ ပြောလိုက်သည်
“ဖြစ်နိုင်တာက သူဌေးလုက ကျွန်တော့်အကြာင်း မကြားဖူးဘူးထင်တယ်..... ကျွန်တော်လေလုံးထွားပြီး လျှောက်ပြောနေတာ မဟုတ်တာ သေချာရဲ့လား..... ဒါမှမဟုတ် သာမာန်လူတစ်ယောက်ရဲ့ စကားတွေလား.... ”
လုကျိုးကျွင်းသည် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်
“ကျွန်တော်က ဆေးမဖော်စပ်နိုင်ရင်သာ မဖော်စပ်နိုင်မယ်...... ဒါပေမဲ့ ကျွန်တော့်မှာ လူအကဲခတ်ကောင်းတဲ့ မျက်လုံးတွေရှိတယ်....... မင်းသား ရူးနှမ်းတဲ့စကားတွေ ပြောနေတဲ့အခါက ဒီမျက်လုံးတွေက ကိုယ့်ဘာသာယုံကြည်မှုတွေနဲ့ပြည့်နေတဲ့လူကို မြင်ခဲ့တယ်..... အဲဒီအရာက ကြွားလုံး ဒါမှမဟုတ် ဦးနှောက်မရှိဘဲ ပြောတဲ့စကားတွေ မဟုတ်တာ သေချာတယ်...... အဲဒီအပြင် မင်းသားရဲ့ လက်တလောစကားလုံးတွေက ကျွန်တော်ကို ယုံကြည်ချက်ပေးစွမ်းနိုင်တယ်......ထိုစကားလုံးတွေက မူမမှန်တဲ့သူ ပြောတာ မဖြစ်နိုင်ဘူး..... အဲဒီကြောင့် ကျွန်တော်က မင်းသားမို ပြောတာတွေ မှန်မမှန် အလောင်းအစားလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ..... ဘယ်လိုလဲ မင်းသားမို .....ကျွန်တော်နဲ့ တစ်ခါလောက် အလုပ်အတူတူ တွဲလုပ်ဖို့ စိတ်ဝင်စားရဲ့လား....”
လုကျိုးကျွင်းသည် ထပ်ပြောလိုက်သည်
“ဟုတ်သား.... ကျွန်တော့်မှာလည်း နာမည်ပြောင်ရှိတယ်.... အရူးလုတဲ့..... ကျွန်တော့ရဲ့ ဒန်းဟန်ဆေးလုပ်ငန်း မြန်မြန် ကျရှုံးတဲ့ အကြောင်းပြချက်က ကျွန်တော်က မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့လို့တဲ့.....”
လုကျိုးကျွင်းသည် သူပြောလိုက်သည့် စကားများကို မယုံကြည်နိုင်ပေ။ ပင်ကိုအားဖြင့် သူသည် မိုဝူကျီအား သူ့၏ ယုံကြည်ချက်ကြောင့် ခန့်အပ်ခဲ့ခြင်း မဟုတ်ပေ။ ထိုသည်လည်း တစိတ်တပိုင်းပါဝင်သော်လည်း သူသိသည့် နောက်ထပ်အရေးကြီးလှသော အကြောင်းပြချက်ရှိသေး၏။ ထိုသည်က မိုဝူကျီ၏ အဖိုး မိုထင်းချန်ဖြစ်ပြီး သူ့တွင် မည်သူမျှ မသိသည့် ပုံစံတစ်ခုထပ်ရှိသေးသည်။ ထိုပုံစံသည် ဆေးဖော်စပ်သူဖြစ်ပြီး အဆင့်လည်း မြင့်မားလှသည်။
သူ့လုမိသားစု၏ ဒန်းဟန်ဆေးလုပ်ငန်း ယောင်ကျိုးမြို့တွင် နာမည်ကြီးလာနိုင်သည်က မြောက်ဖက်ပိုင်း ချင်စီရင်စုသခင် မိုထင်းချန်ကြောင့်သာ ဖြစ်၏။ သူ့အဖိုနှင့် မိုထင်းရှောင်သည် သူငယ်ချင်းတွေဖြစ်ပေမဲ့လည်း လုမျိုးနွယ်စုသည် မိုထင်းချန်ကို ထောက်ပံ့ပေးရန် မြင့်မားသည့်တန်ဖိုး ပေးချေခဲ့၏။
တစ်နည်းအားဖြင့်ဆိုရလျှင် အမြတ်ငွေ၏ အဓိကပမာဏများသည် မိုထင်းချန်ဆီ ရောက်မသွားခဲ့လျှင် ဒန်းဟန်ဆေးလုပ်ငန်းသည် မြန်မြန် ကျရှုံးသွားဖို့ မဖြစ်နိုင်ချေ။ ထို့ကြောင့် အခြားသောသူများက မိုဝူကျီသည် ဆေးဖော်စပ်သူဖြစ်ကြောင်း မယုံကြည်ကြလျှင်ပင် လုကျိုးကျွင်းအနေဖြင့် အနည်းငယ် လက်ခံယုံကြည်လေ၏။ သူသည် မိုထင်းချန်နေရာ ရှိခဲ့လျှင် သူသည်လည်း မျိုးဆက်များကို ပညာရပ်များကို အမွေပေးခဲ့မှာဖြစ်၏။ မိုဝူကျီသည် ထိုမျှ ယုံကြည်ချက်ရှိနေသည်မှာ အံ့သြစရာမရှိပေ။ အမှန်သည် ထိုကိစ္စအား မိုဝူကျီပင် မသိပေ။ သူသည် သူ့ကို ရှင်းပြမည်လည်း မဟုတ်ပေ။
လုကျိုးကျွင်း၏ စကားများကို ကြားပြီး မိုဝူကျီသည် စိတ်အေးသွားလေသည်။ သူသည် လုကျိုးကျွင်းက သူ့အား မလိမ်ညာခဲ့သည့်အတွက် ဆေးဖော်စပ်ရေး အကြီးအကဲအဖြစ် ခန့်အပ်ချင်သည့်ကိစ္စကို မယုံကြည်နိုင်သေးပေ။ ကမ္ဘာပေါ်တွင် အလကားရသော အရာဟူ၍ မရှိပေ။ ထိုအရာကို မိုဝူကျီသည် ရှင်းရှင်းလင်းလင်း သိ၏။ တစ်ဖက်လူက ထိုသို့ အရဲစွန့်ခြင်းမရှိလျှင် ဒန်းဟန်ဆေးလုပ်ငန်း ဖြစ်လာမည် မဟုတ်ချေ။
“ဘာလဲ..... မင်းသားမိုက လိမ်ညာနေတာများလား..... အခု ကျွန်တော်က အလုပ်ပေးတော့ နောက်ဆုတ်ချင်တာလား....”
လုကျိုးကျွင်းသည် မိုဝူကျီက ဘာမှ မပြောသည်ကို မြင်ပြီး ထပ်ပြောလိုက်သည်။
မိုဝူကျီသည် လုကျိုးကျွင်း၏ စကားလုံးများကြောင့် စိတ်မလှုပ်ရှားသွားခဲ့ပေ၊ သူသည် လက်ဖက်ရည်သောက်ပြီး ပြောလိုက်သည်
“ကျွန်တော် ပါဝင်ပါ့မယ်.... ဒါနဲ့ လုပ်အားခကရော ဘယ်လိုလဲ....”
“တစ်လကို ရွှေပြားငါးဆယ်..... နေရေးထိုင်ရေး အကုန်ထောက်ပံ့ထားတယ်... အဲဒါအပြင် တောင်းဆိုမှုတွေက အဓိပ္ပါယ်ရှိတာ ဖြစ်သရွေ့ ဒန်းဟန်ဆေးလုပ်ငန်းက မင်းသားရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ ကြိုးစားပေးပါ့မယ်....”
လုကျိုးကျွင်းသည် မိုဝူကျီကို ကြည့်လိုက်သည်။ သူသည် မိုဝူကျီက ထိုသို့မြင့်မားလှသည့် လုပ်ခကို ငြင်းပယ်လိမ့်မည်ဟု မယုံကြည်ပေ။ ပုံမှန်အားဖြင့် ထိုလုပ်အားခသည် အမှန်တကယ် ဆေးဖော်စပ်သူ၏ လုပ်အားခလောက် မမြင့်မားပေမဲ့လည်း ချန်လင်းဆေးလုပ်ငန်းထက်တော့ အဆများစွာ ပိုများလေသည်။
သူ့၏မှန်းဆချက်နှင့်ယှဉ်လျှင် ထိုကမ်းလှမ်းမှုသည် မိုဝူကျီအား စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။
သို့သော်လည်း လက်တွေ့က သူ့အား စိတ်လွတ်သွားစေသည်။ မိုဝူကျီသည် လက်ဖက်ရည် အေးဆေးသောက်ကာ သူ့စကားများအား ကြားပုံမပေါ်ပေ။ လုကျိုးကျွင်သည် သည်းခံမှုကုန်ဆုံးလာခါနီးတွင် သူသည် မဆီမဆိုင် မေးခွန်ကို ထမေးလိုက်သည်
“သူဌေးလု..... စိတ်ဝိညာဉ်ဖွင့်တာက အရမ်းဈေးကြီးတယ်လို့ ကြားတယ်.... တကယ်တမ်း ဘယ်လောက်လောက်ရှိလဲ...”
မိုဝူကျီသည် ပိုက်ဆံမက်သည့်သူ မဟုတ်ပေ။ သူ့အား မည်သူမျှ မသိသည့်အချိန်တွင် သူသည် ရွှေဆယ်ပြားအတွက် စိတ်လှုပ်ရှားခဲ့ရ၏။ သူသည် သူကိုယ်တိုင်နှင့်ယန်အာ အား ကောင်းကောင်းမွန်မွန် ကျွေးမွေးရန် အလုပ်မြန်မြန်ရှာချင်ခြင်း ဖြစ်၏။ သူအလုပ်ရလျှင်ပင် အများဆုံး တစ်လလောက်လုပ်ပြီးနောက် ထွက်ရန် ကြံစည်ထားလေသည်။
သို့သော်လည်း သူ့ရှေ့မှ ပုဂ္ဂိုလ် လုကျိုးကျွင်း သည် သူ့အား တစ်လပြီးသည်နောက်တွင် အလွတ်ပေးမည့်ပုံ မပေါ်ချေ။ သူသည် စာချူပ်ဖြင့် လက်မှတ်ထိုး အလုပ်လုပ်ရလောက်သည်။
လုကျိုးကျွင်းသည် မိုဝူကျီအား နားမလည်နိုင်စွာ ကြည့်လိုက်သည်။ မိုဝူကျီသည် သူ့စိတ်ဝိညာဉ်ကို အရင်က ဖွင့်ဖူးသည်ဟု ကြားခဲ့ပြီး သေမျိုးဝိညာဉ်ကြောအား ပိုင်ဆိုင်ကြောင်းလည်း သိခဲ့သည်။ ဤမေးခွန်းနောက်တွင် မည်သို့ အဓိပ္ပါယ်များရှိနေမည်နည်း......
မိုဝူကျီ၏ ရည်ရွယ်ချက်ကို မသိပေမဲ့လည်း သူသည် အသေးစိတ် ပြောပြလိုက်၏
“စိတ်ဝိညာဉ်ကို ဖွင့်ဖို့ နည်းလမ်းသုံးမျိးရှိတယ်........ ပထမတစ်ခုက သက်စောင့်ဆေးကိုသုံးတာ.....ဒီနည်းလမ်းက အများဆုံးအသုံးပြုကြတယ်.... ဈေးနှုန်းက ဆေးရဲ့ အဆင့်အပေါ်မူတည်ပြီးတော့ ဈေးအချိုဆုံးဆို ရွှေပြား တစ်သောင်းလောက်ကျနိုင်တယ်...... ဒုတိယတစ်ခုက....”
မိုဝူကျီသည် အားနာစွာဖြင့် လုကျိုးကျွင်းကို ဝင်မေးလိုက်သည်
“သူဌေးလု ဈေးအနည်းဆုံးက ရွှေပြားတစ်သောင်းဆို..... ဈေးအကြီးဆုံးရောရှိမှာပေါ့..... အဲဒါ ဘယ်လောက်ရှိမလဲ သိပါရစေ....”
လုကျိုးကျွင်းသည် တဟားဟား ရယ်မောလိုက်ပြီး
“အမြင့်ဆုံးဈေးမရှိဘူး.... ကြားဖူးတာက ချင်ယွီပြည်နယ်တစ်ခုလုံးမှာ တန်ဖိုးအကြီးဆုံးဆေးကို တတ်နိုင်တဲ့သူ မရှိဘူးတဲ့....”
ထိုသို့ဆိုလျှင် မိုဝူကျီသည် သူ့စိတ်ဝိညာဉ်ဖွင့်ရန်အတွက် သူမိဘများက ပိုက်ဆံဘယ်လောက်များများ သုံးစွဲခဲ့ကြောင်း မမှန်းဆတတ်တော့ပေ။ သူခန့်မှန်းရသလောက် ဆေးဈေးနှုန်းနည်းလေလေ စိတ်ဝိညာဉ်ဖွင့်ရန် ရလဒ်က ဆိုးရွားလေလေဖြစ်၏။
လုကျိုးကျွင်းသည် ဆက်လက်၍ ပြောလိုက်သည်
“ဒုတိယတစ်ခုက စိတ်ဝိညာဉ်ကိုဖွင့်ဖို့ ကျွမ်းကျင်သူကို အကူညီတောင်းတာပဲ.... ကျွမ်းကျင်သူရဲ့ ခံစားချက်ပေါ် မူတည်တယ်.... ပုံမှန်အားဖြင့် သူတို့ကို ရွှေပြားတစ်သောင်းလောက်နဲ့မရဘူး..... ဈေးနှုန်း က ရွှေပြားတစ်မီလီယံလောက်ဆိုရင်ပဲ ဈေးချိုတယ်လို့ သတ်မှတ်လို့ရနေပြီ..... တတိယတစ်ခုက ချင်ယွီပြည်နယ်မှာ မရှာတွေ့နိုင်ဘူး...... ရှင်းဟန်အင်ပါယာမှာ စိတ်ဝိညာဉ်ဖွင့်တဲ့ အစီအရင်ရှိတယ်လို့ ကြားတယ်...... အရည်ချင်းပြည့်မှီတဲ့သူပဲ အစီအရင်ထဲ ဝင်ရောက်နိုင်တယ်....”
မိုဝူကျီသည် တိတ်ဆိတ်စွာ နေနေလေသည်။ နည်းလမ်းက မည်သို့ပင်ဖြစ်နေပါစေ.... သူ့ဝင်ငွေက ရွှေပြားတစ်ရာဖြစ်နေလျှင်ပင် ထိုပိုက်ဆံအများကြီးကို ရရှိရန် နှစ်များစွာ စောင့်ဆိုင်းရလိမ့်မည်။
“သူဌေးလု စိတ်ဝိညာဉ်ကို ဖွင့်ဖူးလား.... အနိမ့်ဆုံးဈေးက ရွှေပြား တစ်သောင်းဆိုရင် လူနည်းနည်းသာ တတ်နိုင်မှာမလား.... အဲလိုဆို ဆင်းရဲတဲ့သူတွေကျ စိတ်ဝိညာဉ်ဖွင့်ကြည့်ဖို့ အခွင့်အရေးမရှိဘူးပေါ့.....”
ခဏကြာပြီးသည့်နောက်တွင် မိုဝူကျီသည် နောက်ဆုံးတွင် စကားပြောလာခဲ့သည်။
လုကျိုးကျွင်းသည် ခေါင်းကို ခါလိုက်ပြီး
“ကျွန်တော်လည်း စစ်ဆေးဖူးတယ်.... သေမျိုးဝိညာဉ်ကြောပဲရှိတယ်.... ကျွန်တော်က ကျင့်ကြံတာလည်း စိတ်မဝင်စားတော့ ထပ်ဖွင့်ဖို့ မကြိုးစားကြည့်တော့ဘူး....”
“စိတ်ဝိညာဉ်မဖွင့်ခင် စစ်ဆေးမှုကလည်း ပိုက်ဆံကုန်တာလား.... ”
မိုဝူကျီသည် မေးလိုက်၏။
“ဒါပေါ့ ပိုက်ဆံက ရွှေပြားငါးရာလောက် ကုန်တယ်..... ဝိညာဉ်ကြောရှိမရှိ စမ်းသပ်ပြီး စိတ်ဝိညာဉ်ကို ဖွင့်ရင်တောင် ကျင့်ကြံနိုင်မယ်လို့ ဆိုလိုတာတော့ မဟုတ်သေးဘူး....”
“အကယ်၍ စစ်ဆေးမှုက သေမျိုးဖြစ်ကြောင်း ပြရင်..... စိတ်ဝိညာဉ်ကို ဖွင့်ဦးမှာပဲလား....”
လုကျိုးကျွင်းသည် ရယ်မောလိုက်ပြီး
“ကျွန်တော်လည်း နည်းနည်းပဲ သိပေမဲ့ ဖြစ်နိုင်ချေက တစ်ရာခိုင်နှုန်းထက် နည်းတာတော့ သိတယ်..... သူတို့မှာ ဝိညာဉ်ကြောမရှိကြောင်း လက်မခံနိုင်တဲ့သူတွေသာ သေမျိုးဖြစ်တာသိရက်နှင့် စိတ်ဝိညာဉ်ကို ဖွင့်လှစ်ဖို့ ပိုက်ဆံတွေ သုံးနေကြတာ......”
သူ့၏ သနားစရာကောင်းသည့်ဖခင်သည် မိုဝူကျီတွင် သေမျိုးဝိညာည်ကြောရှိနေမှန်းသိရက်နှင့် မိုဝူကျီကို စိတ်ဝိညာဉ်ဖွင့်လှစ်ရန် ပိုက်ဆံအမြောက်အမြားကို အသုံပြု၍ ကြိုးစားပေးဆဲဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားလေပြီ။