ကံကြမ္မာပြောင်းလဲခြင်းသည် ဝမ်းနည်းဖို့ကောင်းသော်လည်း မိုဝူကျီသည် ဂရုမမူခဲ့ချေ။ သူသည် အရိုက်အရာကျ မင်းသားဖြစ်လာလျှင်ပင် မိုဝူကျီသည် စိတ်ထဲ မထားပေ။ သူအနေဖြင့် တစ်ခုတည်းသော စိတ်ပျက်ဖွယ် ဆန္ဒမရှိသည့်အရာက သူသည် သေမျိုးဝိညာဉ်ကြောနှင့် လူသားဖြစ်နေခြင်းဖြစ်၏။
ကမ္ဘာပေါ်တွင် အားလုံးသည် တူညီကြ၏။ မည်သူမျှ မကျင့်ကြံနိုင်သည်ကိုလည်း မစိုးရိမ်ကြချေ။ သူသည်လည်း အခြားသောနယ်ပယ်များတွင် ထူးခွန်လှသည်။ သို့သော်လည်း ဤကမ္ဘာအသစ်တွင် မကျင့်ကြံနိုင်ခြင်းသည် အခွင့်အရေးများကို လုံးဝဆုံးရှုံးခြင်းဖြစ်၏။
သူ့အား ဝိညာဉ်ကြောမပါသည့်လူ ဟု ဆုံးဖြတ်ထားကြသော်လည်း ထိုအရာကို ကိုယ်တိုင်မစစ်ဆေးကြည့်ဘဲ လက်မလျော့နိုင်ပေ။ ထိုကဲ့သို့ စိတ်ပူစရာအတွေးများကို ပွားပြီး မိုဝူကျီသည် ဘယ်အချိန်အိပ်ပျော်သွားမှန်း မသိတော့ချေ။
မိုဝူကျီသည် ထမင်းအနံ့သင်းသင်းလေးကြောင့် နိုးထလာပြီး မျက်လုံးဖွင့်လိုက်သည့်အခါ နေပင် ထွက်နေပြီဖြစ်၏။ သူထိုင်လိုက်တာနှင့် အိုဟောင်း ကျိုးပဲ့နေသည့် လေးထောင့်စားပွဲပေါ်တွင် ထမင်းပွဲကိုမြင်လိုက်ရသည်။ ရှာလကာရည်စိမ်ထားသည့် သခွားချဉ်ပါ ရှိနေလေ၏။
“သခင်..... ရှင်နိုးလာပြီပဲ.... မြန်မြန် ဆေးကြောပြီး စားတော့လေ.....”
မိုဝူကျီစကားပြောခြင်းကို မစောင့်ဘဲ ယန်အာသည် ပျော်ရွှင်မှုဖြင့် သူ့ကိုဆက်တိုက် ပူပန်ပေးနေသည်။
“မနေ့ညက မင်း မအိပ်ဖူးမလား...”
မိုဝူကျီသည် ယန်အာ၏ ဖျော့တော့တော့မျက်နှာပေါ်ရှိ မျက်ကွင်းမည်းများနှင့် နွမ်းလျှနေသည့် မျက်လုံးများကို မြင်၍ ယန်အာသည် တစ်ညလုံး အိပ်မထားကြောင်း သိရှိလိုက်သည်။
“မနေ့ညက အန်တီလုဆိုင် ခန်းကျင်းဖို့ သွားကူညီပေးတာ.... စီးပွားရေးက အရမ်းကောင်းတယ်...”
ယန်အာသည် အလွန်ပင်ပန်းနေသော်လည်း မိုဝူကျီသည် သူမ၏ ပျော်ရွှင်မှုကို ခံစားမိသည်။
မိုဝူကျီသည် သူမပျော်ရွှင်ရခြင်း အကြောင်းကို နားလည်လေသည်။ စီးပွားရေးကောင်းသည့်အတွက် အန်တီလုသည် သူမအား ပိုပေးလိမ့်မည်။
မိုဝူကျီသည် သူ့သစ်သားကုတင်မှ ဆင်းလာပြီး ယန်အာ၏ ရှုပ်ပွနေသည့် ဆံပင်များကို ထိကာ အချိန်အတော်ကြာ စကားမပြောဘဲ နေနေလေ၏။
ဤတစ်ခေါက်က ယန်အာက သူ့ကို ကျွေးမွေးဖို့ရန် ပထမဆုံးအကြိမ် ညလုံးပေါက်အလုပ်လုပ်ခြင်း မဟုတ်ကြောင်း သေချာလေသည်။ သူမသည် ကြာမြင့်စွာ လုပ်ကိုင်နေတာ ဖြစ်ရမည်။ ဤမိုရှင်းဟယ်သည် ဝက်ကဲ့သို့ သူမျိုးဖြစ်၏။ သူသည် မိန်းမငယ်လေးတစ်ယောက်အပေါ်တွင် တိတ်တိတ်နေရင်း မှီခိုရုံသာမက ဘုရင်ဖြစ်ရန်လည်း အိမ်မက်မက်ကာ အချိန်ဖြုန်းနေသေးသည်။ အလုပ်မှ ပြန်လာသည့်အခါ ယန်အာသည် သူ့၏ဘုရင်ကစားနည်းကို ဆော့ကစားရန် အပေါင်းအပါများကို အချိုဝယ်ကျွေးရပြီး ငွေကြေးသုံးဖြုန်းရသေး၏။
“သခင်.... မနေ့ကလဲ ဘာမှ အများကြီးမစားရဘူး..... မြန်မြန် ဆေးကြောပြီး စားပါတော့လား.....”
ယန်အာသည် သခင်လေးနိုးထလာပြီးနောက်တွင် သူ့တွင် အများကြီး ပြောင်းလဲသွားသည်ဟု ခံစားရပြီး ထိုအရာသည် သူမအား ပျော်ရွှင်စေသည်။
“မင်း အရင်စားလေ.... ငါအခု သွားဆေးကြောလိုက်မယ်.....”
မိုဝူကျီသည် သနားမှုနှင့် စိတ်လှုပ်ရှားမှုကိုပါ နှစ်မျိုးလုံးခံစားလိုက်ရသည်။ သူ့နှစ်ဘဝလုံးတွင် မည်သူမှ သူ့အား ထိုသို့ မဆက်ဆံဖူးပေ။ သူ့အတိတ်က ချစ်သူသည်လည်း အေးစက်သည့်ပင်ကိုယ်စရိုက်ရှိသူဖြစ်သည်။ သူမသည် သူ့အပေါ်တွင် ကောင်းသော်လည်း သူမသည် ယန်အာကဲ့သို့ စိတ်လှုပ်ရှားအောင် မလုပ်ဖူးချေ။ အဆုံးသတ်မှာ သူမသည် သူ့ကို ဆန့်ကျင်၍ သစ္စာဖောက်သွားခဲ့၏။
ယန်အာသည် အလောတကြီး ပြောလိုက်သည်
“ကျွန်မ အခုလေးတင် စားပြီးသွားပြီ.... သခင်လေး ...ရှင်.....”
ယန်အာသည် သခင်လေးက ကုတင်ပေါ်မှ ထ၍ သူမဆီ လျှောက်လာပြီး ခေါင်းအုံးဘေးတွင် စားလက်စပေါင်မုန့်ကို ဖြေးဖြေးချင်းကုန်း၍ ကောက်ယူလိုက်သည်ကို မြင်သည့်အခါ ဆက်၍မပြောတော့ပေ။
မိုဝူကျီသည် ဘာမှမပြောခဲ့ချေ။ သူသည် မာပြီး မည်းနေသည့် ပေါင်မုန့်ကို ကိုင်ထားရင်း တုန်လှုပ်သွားလေသည်။ စောစောတွင် ယန်အာက သူမ စားပြီးပြီဟု ပြောစဉ်က သူမပါးစပ်ဘေးတွင် အမဲရောင်ပေါက်မုန့်အပိုင်းအစတချို့ကို မြင်လိုက်ရ၏။
ပေါင်မုန့်ကို ဖြေးညှင်းစွာ နှာခေါင်းနားကပ်၍ အနံ့ခံကြည့်သည့်အခါ အောက်သိုးသိုးအနံ့နှင့် ဆီချေးစော်အနံ့ ရလိုက်သည်။ ချဉ်စူးစူးအနံ့ရှိသည့် ပေါင်မုန့်နှင့် ထမင်းပူပူလေး ရနံ့ကြားတွင် ပြဒါးတစ်လမ်းသံတစ်လမ်းကဲ့သို့ ခြားနားလှပေသည်။ ဤမိန်းမငယ်လေးသည် ညစ်ပတ်ပေရေနေသော ဝါကျင်ကျင်ဆံပင်ရှိနေသည့် အကြောင်းရင်းက သိသာနေလေ၏။
ချဉ်စူးစူးအနံ့သည် မိုဝူကျီနှာခေါင်းဆီရောက်လာပြီး သူ့နှာခေါင်းအား အချဉ်ပေါက်လာစေပြီး မျက်လုံးများလည်း ယားယံလာစေသည်။
“သခင်.....ဒါကို စားလို့မရဘူးနော်.....”
ယန်အာသည် မိုဝူကျီက ထိုပေါင်မုန့်ကိုစားတော့မည်ဟု ထင်လိုက်ပြီး အလျှင်အမြန် တားလိုက်၏။
မိုဝူကျီသည် သူ့လက်ထက် ကြမ်းတမ်းနေသည့် ယန်အာလက်ကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်ပြီး ဖြေးဖြေးချင်း ပြောလိုက်လေသည်
“ယန်အာ.... အခုချိန်ကစပြီး ငါဘာစားစား မင်းလည်း စားရမယ်..... မင်း ဘယ်တော့မှ မဆာလောင်စေရဘူး...... ဒီနေ့ အပြင်ထွက်ပြီး ဈေးဆိုင်ကို သွားမကူနဲ့တော့...... အစ်ကိုကြီးရဲ့ စကားတွေမှတ်ထားနော်..... အခုချိန်က စပြီး မင်းကို ထောက်ပံ့ပေးမယ်....”
ကျေးဇူးတရားများနှင့် ပြည့်နေသည့် ဤထမင်းပွဲသည် ဘယ်တော့မှ မေ့ရမည် မဟုတ်ပေ။
“သခင်.....”
ယန်အာသည် စိုးရိမ်စွာ ခေါ်လိုက်သည်။ သူမသည် သခင်လေးက ဒီနေ့တွင် မည်သို့ပြုမူမလဲဟု စိတ်ပူနေတာဖြစ်၏။
မိုဝူကျီသည် ဆက်လက်၍ မပြောတော့ပေ။ သူသည် ယန်အာလက်ကို ပုတ်ပေးလိုက်ပြီး သူ့မျက်လုံးထောင့်မှ မျက်ရည်များကို ဆေးကြောရန် အပြင်သို့ ထွက်သွားလေ၏။
မနက်စာစားပြီးသည့်နောက်တွင် မိုဝူကျီသည် ထွက်သွားလေသည်။ သူသည် ယန်အာအာ မနက်စာကို အတင်းဝေမျှပေးခဲ့ပြီး ထွက်မလာခင် သူမအား အနားယူရန် အတင်းစေခိုင်းခဲ့သော်လည်း သူသည် စိတ်မကောင်း ဖြစ်နေဆဲဖြစ်၏။ တတ်နိုင်သမျှ အလုပ်ကို မြန်မြန်ရှာ၍ ယန်အာအား ပိုမိုလွယ်ကူသည့်ဘဝကို နေခိုင်းစေချင်မိသည်။
ချင်ယွီပြည်နယ်တစ်ခုလုံးတွင် ယောင်ကျိုးမြို့သည် အကြီးဆုံးနှင့် အကြွယ်ဝဆုံးမြို့ဖြစ်၏။ ဆူညံ့စည်ကားလှသည့် လမ်းပေါ်တွင် လျှောက်ရင်း မိုဝူကျီသည် ယောင်ကျိုးမြို့မှ ဘဝကာရံကို ခံစားနေလေသည်။ ထိုအရာများသည် ကမ္ဘာမြေထက် နောက်ကျကျန်ခဲ့ခြင်း မရှိပေ။
ယောင်ကျိုးအဖွဲ့အစည်းသည် မိုဝူကျီအလုပ်ရှာရန် လာသည့်နေရာဖြစ်၏။ ထိုနေရာသည် အားလုံးက အလုပ်ရှာရန် သို့မဟုတ် အလုပ်သမား ဌားရမ်းရန် လာကြခြင်းဖြစ်သည်။
အဖွဲ့အစည်းသို့ လျှောက်လာရင်း မိုဝူကျီသည် များပြားသော အလုပ်ခေါ်စာများ ခင်းကျင်းထားသည်ကို မြင်လိုက်ရ၏။ တချိုု့သည် တချို့ကြီးမားလှသည့် အလုပ်ရုံများအတွက် ကြာမြင့်စွာလုပ်ရမည့် အရာဖြစ်ပြီး တချို့က အချိန်ပိုင်းအလုပ်ခေါ်စာဖြစ်၏။ ထို့အပြင် သတင်းအချက်အလက်မျိုးစုံနှင့် နံရံကပ်အလုပ်ခေါ်စာများလည်း ပေါများလှသည်။ ကမ္ဘာမြေအခေါ်အဝေါ်အရဆိုလျှင် ဤနေရာသည် အရည်ချင်းမျိုးစုံ ဆုံစည်းရာဈေးကွက် ဟု ခေါ်ဆိုနိုင်သည်။
အဖွဲ့စည်းသည် အလွန်ကြီးမားပြီး အထဲတွင် လူတစ်ထောင်လောက် သွားလာလှုပ်ရှားနေကြသော်လည်း နေရာလွတ်များကျန်ရှိသေးလေ၏။
မိုဝူကျီသည် အဖွဲ့စည်းအတွင်း ခဏလေ့လာဆန်းစစ်နေပြီး အလုပ်လျှောက်သင့်သည့် နှစ်ခုကို တွေ့လိုက်သည်။ တစ်ခုက ဆေးပင်များ စိုက်ပျိုးရန်ဖြစ်ပြီး နောက်တစ်ခုက သတ္တု ရှာဖွေရန်ဖြစ်၏။
မိုဝူကျီသည် ခေါင်းကို ခါလိုက်သည်။ ဤကမ္ဘာသည် သိပ္ပံနှင့်နည်းပညာထွန်းကားသည်ဟု ယူဆ၍ ရသော်လည်း အဆင့်မြင့်အိမ်သုံးပစ္စည်းများသည် အမျိုးအစားမစုံလှချေ။ ထို့ကြောင့် လူများသည် လျှပ်စစ်ပညာရှင်များကို တန်ဖိုးထားခြင်းမရှိပေ။ ယန္တရားဆရာတစ်ယောက်ကို ပေးငွေသည် ဆေးပင်စိုက်ပျိုးသူဝင်ငွေ၏ သုံးပုံတစ်ပုံသာရှိပြီး သတ္တုရှာဖွေသူ၏ ငါးပုံတစ်ပုံသာရှိလေ၏။
မိုဝူကျီသည် စိတ်ထဲမထားပေ။ ကမ္ဘာပေါ်တွင် သူသည် အတော်ဆုံး ဇီဝဗေဒပညာရှင်ဖြစ်ပြီး ရုက္ခဗေဒပညာရပ်တွင်လည်း ကျွမ်းကျင်လှသည်။ ဤနေရာတွင် အလုပ်ရှာခြင်းက အလွန့်လွန် လွယ်ကူလှပေ၏။
နှိုင်းယှဉ်ကြည့်ပြီးသည့်နောက်တွင် မိုဝူကျီသည် မကြာခင် သင့်တော်သည့်အလုပ်များကို ရှာတွေ့သွားလေသည်။
ယောင်ကျိုးဆေးဝါးထုတ်ဖော်မှုနယ်ပယ်တွင် တစ်လလျှင် ငွေပြားသုံးဆယ်ရသည့် ဆေးပင်ကိုင်းကူးအလုပ်ခေါ်နေလေသည်။ သူတို့သည် ဆေးပင်များအကြောင်းကို ကျွမ်းကျင်ပြီး ဥယျာဉ်တွင် စောင့်ရှောက်ရန် တစ်လလျှင် ငွေဆယ်ပြားပေး၍လည်း ခေါ်နေလေ၏။ တစ်ဖက်တွင် ကြေးနီတူးဖော်ခြင်းနေရာတွင် သူတို့၏ သတ္တုများကို အကဲဖြတ်ရန် တစ်လလျှင် ငွေငါးဆယ်ပြားဖြင့် ခန့်အပ်နေသည်။
ထိပ်တန်း ဇီဝဗေဒပညာရှင်တစ်ယောက်အနေနှင့် မိုဝူကျီသည် သတ္တုများကို သူတို့၏ ပါဝင်မှုအပါ်လိုက်ပြီး အကဲဖြတ်ပေးရန် ယုံကြည်ချက်ရှိလေသည်။ ယခု သူသည် အလုပ်ရှာနေတာဖြစ်ပြီး အလုပ်အခြေအနေနှင့် ကိုက်ညီမှုများကို ထည့်မစဉ်းစားချေ၊။ သူ့အတွက် အလုပ်မလုပ်တာ ကြာလှပြီဖြစ်သည့်အတွက် ပိုက်ဆံများများရရှိရေးသည် အကောင်းဆုံးဖြစ်၏။
ထိုအရာသည် အလားလားကောင်းသည့်အလုပ်ဖြစ်၏။ မိုဝူကျီသည် ကြေးနီတူးဖော်ရေးရုံငယ်သို့ သွားပြီး လူတန်းနောက်တွင် တန်းစီတော့မည့်ဆဲဆဲတွင် အနီးရှိ ပြတင်းပေါက်တွင် ကပ်ထားသည့် အလုပ်ခေါ်စာအသစ်ကို မြင်လိုက်ရသည်
“ချန်လင်း ဆေးအလုပ်ရုံတွင် အကူဆေးဖော်စပ်သူအများအပြားကို အရေးတကြီး ခန့်အပ်နေသည် ..... တစ်လလျှင် ရွှေဆယ်ပြားဖြစ်သည်....”
မိုဝူကျီသည် ချက်ချင်းရပ်လိုက်သည်၊ သူသည် ယခုလက်ရှိငွေကြေးသည် ရွှေ၊ ငွေ နှင့် ကြေးပြားများဖြစ်ကြောင်းသိ၏။ ရွှေတစ်ပြားလျှင် ငွေအပြားတစ်ရာဖြင့် လဲလှယ်နိုင်ပြီး ကြေးပြားတစ်သောင်းဖြင့် ညီမျှ၏။လစဉ်ပေးငွေ ရွှေဆယ်ပြားသည် ကျန်သည့်အရာအားလုံးကို မိုင်ပေါင်းများစွာ ကျော်လွန်သွားလေသည်။ ဤအလုပ်ကို မလုပ်ခြင်းက သူ့၏ အရင် ထိပ်တန်း ဇီဝဗေဒပညာရှင်အဖြစ်ကို မျက်နှာသာ မပေးခြင်းသာဖြစ်လေ၏။
ဆေးဖော်စပ်ခြင်းက ရိုးရှင်းလှသည့် ဆေးဝါးမဟုတ်ပါလော.....ကမ္ဘာမြေပေါ်တွင် ဗိုင်းရပ်ပိုးမွှားများသည် ခုခံနိုင်စွမ်း မြင့်လာသည်နှင့်အမျှ ချမ်းသာသူများသည် ဖြေးဖြေးချင်း အနောက်တိုင်းဆေးဝါးများကို လက်လျော့လာကြ၏။ အချုပ်အားဖြင့် အမျိုးမျိးသော တရုတ်ဆေးဝါးများနှင့် အပင်များမှ ထုတ်လုပ်ထားသည့် တရုတ်ဆေးများကြောင့် ပို၍ နာမည်ကြီးလာခဲ့၏။ ထိပ်တန်း ဇီဝဗေဒပညာရှင်နှင့် ဆေးဝါးဆရာတစ်ယောက်အနေနှင့် သူသည် များစွာသော ကုမ္ပဏီများမှ တရုတ်ဆေးဖော်မြူလာများကို သိ၏။ သူသည် ကြီးကြပ်သူအဖြစ်ပေါ်လာသည့်အခါတိုင်း အနည်းတိုင်း တစ်မီလီယံလောက် ဝင်ငွေရှိသည် မဟုတ်ပါလော.....
မိုဝူကျီသည် ရေပန်းဆီသို့ လျှောက်လှမ်းလာပြီး ချန်လင်းဆေးအလုပ်ရုံခေါ်စာ ကပ်ထားသည့် ပြတင်းပေါက်နား သွားလိုက်ပြီး ထိုင်ချလိုက်သည်။ မိမိဘာသာ ကျွမ်းကျင်သူတစ်ယောက်အဖြစ် ညင်သာစွာပြုံးလိုက်ပြီး ပြောလိုက်သည်
“မင်းတို့ ကုမ္ပဏီမှာ အလုပ်လျှောက်ချင်တယ်..... အင်း..... လစာများတဲ့အလုပ်....”
အလုပ်ခေါ်သည့် ရုံးဝန်ထမ်းသည် စမတ်ကျပြီး လုပ်ကိုင်နိုင်စွမ်းရှိသည့် အသက်ရွယ် အလယ်အလတ်အမျိုးသမီးဖြစ်သည်။ သူမသည် ဘာမှဆက်၍ ပြောဘဲ တံခါးရှေ့တွင် ထိုင်နေသည့် မိုဝူကျီကို မြင်လေသည်။ အနည်းငယ် တွေဝေသွားပြီး မေးလိုက်သည်
“ရှင် ဘယ်အလုပ်ကိုများ လျှောက်ချင်တာလဲ သိပါ့ရစေ”
“ကြော်ငြာကပ်ထားတဲ့ အကူဆေးဖော်စပ်တဲ့ အလုပ်ကို လျှောက်ချင်တယ်....”
မိုဝူကျီသည် သူစကားမဆုံးခင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ သူ ထိုစကားကို ပြောလိုက်သည့်အခါ သူ့ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ထိုအခိုက်အတန့်တွင် မျက်လုံးများအားလုံးနီးပါးသည် သူ့အပေါ်သို့ ကျရောက်လာလေ၏။
သက်လတ်အရွယ် အမျိုးသမီးသည် မိုဝူကျီကို အံ့သြနေသည့်ပုံဖြင့် ကြည့်လိုက်ပြီးနောက် မိမိဘာသာပြန်ထိန်းလိုက်ရင်း လေးစားသည့်အသံဖြင့် ပြောလိုက်သည်
“ရှင်ရဲ့ အရည်ချင်းအသိမှတ်ပြု လက်မှတ်လေးများ ပြလို့ရမလား...”