မိုဝူကျီက ကျင်းကုမူကို အလွတ်မပေးဘဲ ပြောလိုက်သည်
“အားလုံး ငါ့ကို စောင့်နေရင်း ငါလှည့်ပတ်ထားတဲ့ စွမ်းအားလမ်းကြောင်း အတိုင်း လိုက်လုပ်ကြ... ”
သူက ကျင်းကုမူ မပြောလျှင်ပင် ကြယ်တာရာ လှည့်ပတ်ဖြတ်သန်းခြင်း ပညာရပ်သည် လျှို့ဝှက်ကျင့်စဉ်ဖြစ်ကြောင်း သိ၏။
မိုဝူကျီစကားအတိုင်း ဖူချန်းနှင့် ကျန်လူများက သူတို့စွမ်းအားများကို မိုဝူကျီ၏ စွမ်းအားလှည့်ပတ်မှုအတိုင်း စတင်ပို့ဆောင်ကာ ကြယ်တာရာ လှည့်ပတ်ဖြတ်သန်းခြင်း ကျင့်စဉ်အတွက် ဖြည့်စွက်ပေးနေကြသည်။ ထိုအရာက မိုဝူကျီအပေါ်မှ ဖိအားများကို သိသိသာသာ သက်သာရာရသွားစေသည်။
“ဘမ်း ..”
မိုဝူကျီက လက်နှစ်ဖက်ဖြင့် လျှပ်စီးမိုးများကို ထုတ်လွှင့်လိုက်ရင်း ကျင်းကုမူဆီ ချိန်ရွယ်လိုက်တော့သည်။
ထိုစဉ် အခန်းကို နှစ်ပိုင်းခြားထားနိုင်လေသည်။ တစ်ဖက်တွင် ဓားနက်မိုးများ ပြည့်နှက်နေကာ တစ်ဖက်၌ အပြာရောင်လျှပ်စီးများဖြင့် ပြည့်နေလေ၏။
“ရပ်လိုက် ...”
ကျင်းကုမူ၏ ကျန်ရှိနေသော ဝိညာဉ်အပိုင်းက ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။ အကြောင်းမှာ အကယ်၍ ထိုသို့ဆက်ဖြစ်နေပါက သူက ပြန်လည်မွေးဖွားဖို့ မျှော်လင့်ချက်ပင် မရှိဘဲ ပြာအဖြစ် လောင်ကျွမ်းသွားလိမ့်မည်။
မိုဝူကျီက သူ့လျှပ်စီးမိုးများကို ပို၍ ကြမ်းတမ်းစွာ ကျရောက်စေလိုက်သည်။ တိုက်ပွဲအတွင်း သူက မလိုအပ်သည်များကို ဘယ်သောအခါမှ မပြောပေ။ ပြောစရာများ သို့မဟုတ် ဆွေးနွေးစရာများသည် တဖက်ရန်သူကို ဖယ်ရှားပြီးမှ လုပ်ဆောင်နိုင်လေသည်။
“ဝှီး ..”
ကျင်းကုမူ၏ ဝိညာဉ် တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားသည်နှင့် ကုတင်အောက်မှ ဝိညာဉ်သွေးကြောမှ ရွှေရောင်အလင်းများ ပေါက်ကွဲလာလေသည်။
သူတို့ငါးယောက်လုံးကို ပိတ်လှောင်ထားသော ဓားမိုးစုစည်းခြင်း အစီအရင်သည် ပျောက်ကွယ်သွားသဖြင့် မိုဝူကျီ မျက်နှာပျက်သွားမိသည်။ ထိုသည်က အကြောင်းအရင်း နှစ်ချက်ကြောင့် ဖြစ်နိုင်လေသည်။ ပထမတစ်ချက်မှာ အဆင့်မြင့် ကျင့်ကြံသူနှင့် တိုက်ခိုက်သည့် အကျိုးဆက်လည်း ဖြစ်နိုင်သလို ကျင်းကုမူ ထွက်ပြေးသွားခြင်းလည်း ဖြစ်နိုင်လေသည်။
“စီနီယာခေါင်းဆောင် အစ်ကိုကြီး ကျွန်မတို့တွေ ဝိညာဉ်ကို သတ်နိုင်လိုက်ပြီလား ... ”
ကျောင်းယန်က အခန်းတိတ်ဆိတ်သွားမှုကို သတိပြုမိ၍ မေးကြည့်လိုက်သည်။
မိုဝူကျီက ခေါင်းခါပြလိုက်ပြီး
“မဟုတ်ဘူး။ ဒီလူက အသာလွန်ဆုံးအဆင့် လွှတ်မြောက်ရေး ရတနာကို သုံးပြီး သူကို မသတ်ခင်လေးမှာ ထွက်ပြေးသွားတာ .. သူက အသက်မျှင်းမျှင်းလေးပဲ ကျန်တော့မှာဆိုတော့ ဆက်ကျင့်ကြံချင်သေးတယ်ဆိုရင် ကောင်းကင်ခွင့်ပြုချက် တောင်းခံရဲမှာ မဟုတ်ဘူး ... ”
“ကံကောင်းတကာ က သူက ဒီပစ္စည်းတွေ ယူသွားဖို့ အချိန်မရသွားတာပဲ .. ”
မိုဝူကျီက လျှောက်လှမ်းလာပြီး သိုလှောင်လက်စွပ်နှစ်ကွင်းကို ကောက်ယူလိုက်သည်။ တျန်းဂျီဂိုဏ်းမှ ရလာသော ပစ္စည်းများသည် အကြိမ်တိုင်း ကောင်းလာသည့်အတွက် သူတို့သည် ဂိုဏ်းကို ပြန်လည်ထူထောင်ရေးနှင့် နီးကပ်လာလေပြီ။
“ဟူး ... ကျွန်မတို့တွေ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ လက်အောက်က အသက်ရှင်နိုင်ရုံတင်မကဘူး။ သူ့ကို သတ်လဲ သတ်နိုင်ခဲ့တယ်၊ ဒီအကြောင်းတွေသာ ပြန့်သွားရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး ... ”
စန်ယီပင်းက ဆက်ပြောလိုက်သည်။
သူမ စကားအဆုံးတွင် သူမက တစ်ခုခု တွေးမိဟန်ဖြင့် ပြောလိုက်လေသည်
“စီနီယာခေါင်းဆောင် အစ်ကိုကြီး ... ဖွားဖွားလင်းလောင် နောက်ကို လိုက်နေတဲ့ အနက်ဝတ်အမျိုးသားက နယ်ခြားကျင့်ကြံသူလား။ တကယ်လို့ သူသာ နယ်ခြားကျင့်ကြံသူဆိုရင် အမှတ်တွေအများကြီး ရတော့မှာပဲ .. ”
မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်သည့်အခါ နံပါတ်ကို မြင်၍ အံ့ဩတကြီး ဖြစ်မိသွားသည်။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အမှတ်ပေါင်း ၁၁၂ ၀၇၆၊ အဆင့် (၁) ဟူ၍ ပြနေလေသည်။
နောက်တွင် မိုဝူကျီ အသုံးပြုထားသော အမှတ် ၁၀ ၀၀၀သာ ရှိသေးသော်လည်း ကျင့်ကြံသူ အဆင့်ဇယားတွင် ဝင်နေဆဲ ဖြစ်သည်။
“အိုဘုရားရေ .. အဆင့် တစ်တဲ့လား ... ”
စန်ယီပင်းက မိုဝူကျီ အမှတ်ကို မြင်သည့်အခါ အံ့ဩတကြီး အော်မိသွားလေသည်။
“စီနီယာခေါင်းဆောင် အစ်ကိုကြီးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အစစ်ပဲ ... ”
ဖူချန်းက ရုတ်တရက် သတိပြုမိသွားပြီး အလွန်အမင်း ကျေနပ်သွားလေသည်။ သူက ယန်မြိုတော်ကို မရောက်ဖူး၍ နာမည်ကျော် တာ့ရှီရှုန်းက မည်သူမှန်း မသိပေမဲ့ ကျင့်ကြံသူအများအပြား၏ စိတ်ထဲတွင် နတ်ဘုရားကဲ့သို့ မှတ်ယူထားကြသော နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်းကိုတော့ ကြားဖူးလေ၏။
စီနီယာခေါင်းဆောင် အစ်ကိုကြီးက အမှန်တကယ်ပင် နတ်ဘုရားကဲ့သို့လူဖြစ်ကြောင်း လူအနည်းငယ်ဖြင့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ပြီး တစ်ယောက်ကို အနိုင်ယူနိုင်ရာမှ ကြည့်၍ သိသာလှသည်။ သာမာန် လူတစ်ယောက်က မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
ကျောင်းယန်သည်လည်း အံ့ဩတကြီး ဖြစ်နေကာ နာမည်ကျော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူမဘေးတွင် ရှိနေပြီး သူတို့၏ စီနီယာခေါင်းဆောင် အစ်ကိုကြီးဖြစ်လာ၍ ကျေနပ်ပီတီဖြစ်နေလေသည်။
မဟုတ်သေးဘူး .. နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ ကောလဟာလများက နောင်တွင် ပိုကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်။ ဂိုဏ်းတစ်ရာ မဟာမိတ်အဆင့်ဇယားတွင် အမှတ်ပေါင်း ၁၀၀ ၀၀၀ကျော်နှင့် နံပါတ်တစ် ချိတ်ဆွဲနိုင်သည့် သူက မည်မျှပင် စွမ်းဆောင်နိုင်လိမ့်မည်နည်း။
မိုဝူကျီက သူ့ကိုယ်သူ ရေရွတ်လိုက်လေသည်
“အမှတ် ၁၀၀၀၀၀ ကျော်နေတဲ့ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ သတ်နိုင်ခဲ့တာ ကျုပ် ကံအတော်လေး ကောင်းနေတာပဲ။ ငါတို့တွေ ဒီအမှတ် ၁၀၀ ၀၀၀နဲ့ လဲလို့ရမဲ့ ပစ္စည်းတွေကို တွေးကြည့်လိုက်စမ်းပါဦး .. ”
အမှတ်လဲလှယ်ရေးခန်းမရှိ အပြင်ဘက်တွင် ချိတ်ဆွဲထားသော ဇယားတွင် နယ်ခြားကျင့်ကြံသူတစ်ယောက်ချင်းစီကို သတ်နိုင်သည့်အခါ ရရှိလာမည့် အမှတ်ကို ပြသထားလေသည်။ သို့သော်လည်း အမြင့်ဆုံးမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၉ ထိ သာဖြစ်၏။
စစ်မှန်ခြင်း နတ်ဘုရားအဆင့်ကို သတ်ဖြတ်နိုင်လျှင် ရမည့် အမှတ်ကို မပြထားသော်လည်း မိုဝူကျီက တစ်ယောက်အတွက် အမှတ် ၁၀၀ ၀၀၀တန်ကြောင်း သိလိုက်သည်။
မိုဝူကျီက ကျောက်စိမ်းပြားကို သိမ်းထားကာ ပြောလိုက်သည်
“ငါတို့တွေ ယန်မြို့တော်ကို ပြန်ရောက်တဲ့အခါ ဒီအမှတ်တွေကို သွားလဲကြမယ်။ အခု အားလုံး ကျောက်စိမ်းပုလင်းတွေထဲမှာ ဆေးတွေရှိနေသေးလားဆိုတာ တစ်ချက်ကြည့်ကြည့်လိုက်ဦး ... ”
ဤအခန်းသည် မကျယ်ဝန်းလှသည့်အတွက် မိုဝူကျီ၏ လျှပ်စီးမိုးနှင့် ဂိုဏ်းချုပ်ကျင်း၏ ဓားမိုးစုစည်းခြင်း အစီအရင်တို့ကို ကြုံတွေ့ပြီးနောက်တွင် အစပိုင်း၌ သေချာစီရီထားသော ပုလင်းများက မွစာကြဲကုန်လေသည်။ ကြမ်းပြင်ပေါ်တွင်လည်း ပုလင်းကွဲ အများအပြားရှိနေလေသည်။
မိုဝူကျီ ညွှန်ကြားချက်ဖြင့် အားလုံးက ထိုပုလင်းများကို စုစည်းပြီး တစ်နေရာတည်း ထားလိုက်ကြသည်။
“မြေကမ္ဘာယွမ်ဆေးလုံး တစ်ပုလင်း တွေ့တယ် ... ”
“အခြေအနေမှန်ဆေးလုံး.. ”
“ဒီမှာ အဆင့်ခြောက် ဝိညာဉ်ဟုန်ဆေးလုံး တွေ့တယ်.. ”
“အာ .. ဒီမှာ ရွေအသွင်ဆေးတစ်ပုလင်း တွေ့တယ် ... ”
အားလုံးက ဖူချန်းစကားကြောင့် စိတ်လှုပ်ရှားသွားကြလေသည်။ ရွှေအသွင်ဆေးလုံးမှာ အဆင့်လေး ဆေးလုံးဖြစ်ကာ ဝိညာဉ်ဟုန်ဆေးလုံးလောက် တန်ဖိုးမကြီးသော်လည်း ဤနေရာတွင် ရှိနေသော လူအားလုံးအတွက် အဖိုးတန်ဆုံးဖြစ်၏။
ရွှေအသွင်ဆေးလုံးမှာ လူသားနယ်ပယ် လူသားအဆင့်လွန်အဆင့်မှ မြေကမ္ဘာနယ်ပယ် ယွမ်ဒန်အဆင့်သို့ တက်လှမ်းနိုင်သော ဆေးလုံးဖြစ်သည်။ ထိုအရာက အဆင့်လေး ဆေးလုံးဖြစ်သော်လည်း အသုံးပြုရသော ဆေးပင်များမှာ အင်မတန် ဈေးကြီးလှသည်။ ထိုဆေးပင်များကို လူသားတွေ စိုက်ပျိုးနိုင်သည့်အရာတော့ မဟုတ်ချေ။ ဈေးကြီးပေးရသော ဆေးပင်များသာမက ရွှေအသွင်ဆေးလုံးမှာ ဖော်စပ်ဖို့ရာလည်း အလွန်ခက်ခဲလှသည်။ အဆင့်လေး ဆေးလုံးများကြားတွင် အခက်ခဲဆုံးများအနက် တစ်ခု ဖြစ်လေ၏။
ရွှေအသွင်ဆေးလုံး ဖော်စပ်နိုင်သော ဆေးလုံးဆရာများမှာ အဆင့်ငါးဆေးလုံးဆရာများသာ ဖြစ်ကြသည်။ အကြောင်းမှာ သာမာန်အဆင့်လေး ဆေးလုံးဆရာများအတွက် ဤဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားရသည်မှာ အလွန်အမင်း ခက်ခဲပေ၍ ဖြစ်သည်။
မိုဝူကျီက မြန်မြန်သွားကြည့်လိုက်ပြီး ဖူချန်းလက်ထဲမှ ဆေးလုံးကို သေချာစစ်ဆေးကြည့်လိုက်သည်
“ဖူချန်း ပြောတာ မှန်တယ်။ ဒါက ရွှေအသွင်ဆေးလုံးပဲ ။ အားလုံးအခု ကိုယ့်ကျင့်ကြံဆင့်ကို ပြောကြ ...”
“ကျုပ်က လူသားအဆင့်လွန် အဆင့် (၇) ပါ ..”
ဖူချန်းက အရင်ဦးစွာ ပြောလိုက်သည်။
“ကျတော်က လူသားအဆင့်လွန် အဆင့် (၄) ...”
နှဲ့ကျန်းနွန်က ပြောလိုက်သည်။
စန်ယီပင်းလည်း ပြောလိုက်သည်
“ကွန်မက အခုမှ လူသားအဆင့်လွန် အဆင့် (၁) ထဲမှာပါ .. ”
“ကျွန်မက စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့် (၇) .. ”
ကျောင်းယန်က ထပ်ပြောလိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်
“ကျုပ်က လူသားအဆင့်လွန် အဆင့် (၁၂) ... ”
လေးယောက်သား မိုဝူကျီကို ပါးစပ်ဟောင်းလောင်းဖြင့် အံ့ဩတကြီး ကြည့်ကာ
လူသားအဆင့်လွန် အဆင့် (၁၂) လား ... လူသားအဆင့်လွန် အဆင့်ထဲမှာ အဆင့် (၁၂) ထိ ရှိတာလား ...
“စီနီယာခေါင်းဆောင် အစ်ကိုကြီးပြောတာက လူသားအဆင့်လွန်ဆုံး အဆင့်ကို ပြောတာလား ...”
စန်ယီပင်းက ခဏတာ တအံ့တဩဖြစ်နေပြီးနောက် မေးလိုက်သည်။
“ဟုတ်တယ်။ ကျုပ်က လူသားအဆင့်လွန်ဆုံး အဆင့်ထဲမှာပဲ ... ”
မိုဝူကျီက လူသားအ ဆင့်လွန်ဆုံး အဆင့် ဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။ အကြောင်းမှာ သူ့ခန္ဓာတွင် သူများ မမြင်နိုင်သော လူသားအဆင့်လွန်ဆုံးကို ကိုယ်စားပြုသည့် ဝိညာဉ်ကွင်း ရှိနေလေသည်။
ဖူချန်းနှင့် အခြားလူများက အသက်ဝအောင်ရှုလိုက်ကြပြီး ‘လူသားအဆင့်လွန်ဆုံးတဲ့လား ..’
မိုဝူကျီ အားကောင်းနေသည်မှာ အံ့ဩစရာ မရှိတော့ပေ။ သူတို့သည် အင်ပါယာငါးခုထဲတွင် အဆင့်တစ်ခုချင်းစီတွင် အဆင့်သေး ဆယ်ခုကို ရောက်ခဲ့သော ကျင့်ကြံသူများအကြောင်း ကြားဖူးသော်လည်း အလွန်ဆုံးနယ်ပယ်အထိ ရောက်နိုင်သူကို မကြားဖူးသေးပေ။ သူတို့က တျန်းဂျီဂိုဏ်းခေါင်းဆောင် ဖြစ်လာတော့မည့် သူတို့၏ စီနီယာခေါင်းဆောင် အစ်ကိုကြီးသည် လူသားအဆင့်လွန်ဆုံး ဖြစ်နေလိမ့်မည်ဟု မယုံကြည်နိုင်ကြပေ။
ဖူချန်းနှင့် ကျောင်းယန်တို့က နည်းနည်း အပြစ်ရှိစိတ် ခံစားမိလိုက်ကြသည်။ အစပိုင်းတွင် သူတို့က မိုဝူကျီသည် သူတို့ထဲတွင် အနိမ့်ဆုံးဖြစ်ရမည်ဟု ထင်နေမိလေသည်။ ယခု ပျောက်ဆုံးနယ်မြေတစ်ခုလုံးတွင်ပင် သူတို့၏ စီနီယာခေါင်းဆောင် အစ်ကိုကြီးကို လိုက်မှီနိုင်သော သူ ရှိလာလိမ့်မည်မှန်း မဟုတ်ကြောင်း သတိပြုမိလိုက်ကြသည်။
စန်ယီပင်းက နောက်ထပ် တအံ့တဩ ထပ်မေးလိုက်သည်
“စီနီယာခေါင်းဆောင် အစ်ကိုကြီး လူသားအဆင့်လွန်မှာ အဆင့် ဆယ်ဆင့်ပဲ ရှိတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အဆင့် (၁၂) လဲ ... ”
မိုဝူကျီက ခေါင်းခါပြလိုက်ပြီး
“ကျုပ်မှာ သင်ကြားလမ်းညွှန်ပေးမဲ့ ဆရာမရှိတော့ မိတ်ဆွေတွေဆီ မေးမြန်းရင်း ကိုယ့်ဘာသာ ဖြတ်သန်းကျော်ဖြတ်ခဲ့ရတာ။ အဲဒါကြောင့် အဆင့် (၁၂) ထိ ရောက်နေတာပဲ ကျုပ်လည်း သေချာတော့ မသိဘူး .. ”
အားလုံးလည်း မိုဝူကျီကဲ့သို့ သူ အဘယ်ကြောင့် အဆင့် (၁၂) ထိ ရောက်သွားကြောင်း မသိကြပေ။
“စီနီယာခေါင်းဆောင် အစ်ကိုကြီးမှာ အလားအလာကောင်းတွေ ရှိတာပဲ။ ကျတော်တို့ တျန်းဂျီဂိုဏ်းရဲ့ အနာဂတ်တော့ စီနီယာလက်အောက်မှာ ထွန်းတောက်နေတော့မှာ သေချာတယ် ..”
နှဲ့ကျန်းနွန်က သူစိတ်မကူးဖူးသည့်အရာ ဖြစ်လာသည့်အလား စိတ်လှုပ်ရှားကြီးစွာ ပြောလိုက်လေသည်။ လူသားအဆင့်လွန်ဆုံး အဆင့်တွင် ရှိခြင်းက အဓိကအချက်မှာ အင်အားမဟုတ်ဘဲ သေချာသည့် အလားအလာ ဖြစ်၏။
စန်ယီပင်းက ထရပ်ကာ ပြောလိုက်သည်
“ဒီသတင်းက ပြန့်လို့ မဖြစ်ဘူး။ မဟုတ်ရင် တျန်းဂျီဂိုဏ်းကို ပြန်လည်ထူထောင်ဖို့ ခက်ခဲလိမ်မ့ယ် .. ”
အားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
မိုဝူကျီလည်း ထပ်ပြောလိုက်သည်
“ယီပင်း ပြောတာမှန်တယ်။ ဂိုဏ်းတစ်ခုက အမွေအနှစ်ရှိရုံနဲတင် မရသေးဘူး။ အင်အားကောင်းဖို့လည်း လိုတယ်။ အဲဒါကြောင့် အားလုံးကို ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကိုယ်ပိုင် ကျင့်ကြံဆင့်ကို မြှင့်စေချင်တယ်။ အခြေအနေမှန်ဆေးလုံးက လူသားအဆင့်လွန်အဆင့် ကျင့်ကြံဖို့ အကောင်းဆုံးပဲ။ ပြီးတော့ ယွမ်ဒန်အဆင့်ကို တက်လှမ်းနိုင်စေမဲ့ ရွှေအသွင်ဆေးလုံးလည်း ရှိနေပြီ။ ကျုပ်က ဝိညာဉ်သွေးကြောက ဝိညာဉ်စွမ်းအားတွေကို စုစည်းပေးမယ်။ အားလုံးက နောက်နယ်ပယ်အဆင့်တစ်ခုကို မကြာခင် တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံတယ် ... ”
“ကောင်းပါပြိ ..”
ဖူချန်းက ပထမဆုံးသဘောတူသည့်သူ ဖြစ်၏။ သူ့ ကျင့်ကြံဆင့်မှာ မိုဝူကျီပြီးလျှင် ဒုတိယနေရာ ဖြစ်နေသော်လည်း သူက ဤနေရာအထိ ရောက်ရှိဖို့ရန် တစ်လှမ်းချင်း ကြိုးစားလာရခြင်း ဖြစ်သည်။ ပြောရလျှင် သူက ကျင့်ကြံဖို့ရာအတွက် အခြေအနေကောင်းများကိုပင် မကြုံတွေ့ဖူးပေ။ တျန်းဂျီဂိုဏ်းကို ဝင်ဖို့ရန် ဆုံးဖြတ်ချက်သည် သူ့အတွက် အမှန်ကန်ဆုံး ဖြစ်လေသည်။
ကျောင်းယန်က နည်းနည်း စိတ်ဓာတ်ကျနေသည်ကို မြင်၍ မိုဝူကျီက သူမကို ကျောက်စိမ်းပုလင်း လှမ်းပေးကာ ပြောလိုက်သည်
“ဒီဆေးလုံးတွေနဲ့ဆိုရင် ယွမ်ဒန်အထိ ရောက်နိုင်လိမ့်မယ် ..”
“ဟုတ် .. စီနီယာခေါင်းဆောင် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ် ...”
ကျောင်းယန်က မိုဝူကျီသည် သူမပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ဆေးပုလင်းလာပေးသည်ကို မြင်သောအခါ အတော်လေး ကျေနပ်မိသွားလေသည်။
လေးယောက်သား ဆေးလုံးများကို အမြန်အဆန် ဝေခွဲလိုက်ပြီး အခန်းကို သန့်ရှင်းရေးလုပ်ကာ ကျင့်ကြံဖို့ရာအတွက် ကိုယ်စီ နေရာရွေးချယ်လိုက်ကြသည်။
မိုဝူကျီက ဝိညာဉ်သွေးကြောနှင့် အပြင်ဘက်မှ ဝိညာဉ်စွမ်းအားများကို စုစည်းဖို့ရာ စွမ်းအားစုစည်းခြင်း အစီအရင်ကို အသက်သွင်းလိုက်လေသည်။ အချိန်တိုအတွင်း အခန်းအလယ်တွင် အလွန်သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများ လွှမ်းခြုံလာလေသည်။
မိုဝူကျီလည်း ထိုင်ကာ ဝိညာဉ်စွမ်းအားများကို စုပ်ယူရင်း သူ့စွမ်းအားများကို လှည့်ပတ်လိုက်သည်။ အကယ်၍ သူ့တွင် ယွမ်ဒန်အဆင့်သို့ ချိုးဖျက်ဖို့ရာ အခွင့်အရေးရှိပါက အကောင်းဆုံး ဖြစ်၏။
မိုဝူကျီက ဤခရီးမှ အတွေ့အကြုံများကို ပြန်လည်သုံးသပ်မိသည့်အခါ စွမ်းအားသည် အရာအားလုံးဖြစ်ကြောင်း သတိထားမိသွားလေသည်။
စုစည်းထားသည့် ဝိညာဉ်စွမ်းအားများသည် ငါးယောက်သား စုပ်ယူမှုကြောင့် ပါသွာလေသည်။ ထိုအထဲတွင် မိုဝူကျီ စုပ်ယူနှုန်းက ကြောက်ခမန်းလိလိ ဖြစ်၏။ ငါးယောက်လုံး အခန်းအတွင်းမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူနေသောကြောင့် အခန်းမှာ တိတ်ဆိတ်လာလေသည်။
ယန်မြို့တော်
ကျင့်ကြံသူအများအပြားက ဂိုဏ်းတစ်ရာမဟာမိတ် အဆင့်ဇယားရှေ့တွင် စုစည်းနေကြလေသည်။
အားလုံးက ပထမအကြိမ် နာမည်ပြောင်းသွားသည့် နံပါတ်တစ်နေရာကို ကြည့်နေကြလေ၏။ ထို့အပြင် နံပါတ်တစ် ရသူမှာ အားလုံးနှင့် မစိမ်းလှသောသူ ဖြစ်သော်လည်း နံပါတ်တစ် ဖြစ်လိမ့်မည်ဟုတော့ ထင်မထားကြပေ။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၊ အမှတ် ၁၁၂ ၀၇၆၊ အဆင့် (၁)
ယခင် နံပါတ်တစ် ဖြစ်ခဲ့သာ ကြီးမြတန်ရန်ကျူံးမှ ရှီယီရွမ်မှာ နံပတ်နှစ် ဖြစ်သွားလေသည်။ အမှတ်ပေါင်းမှာ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ တစ်ဝက်လောက်သာ ရှိလေ၏။
တတိယနေရာအတွက် ဖုန်းလော့ကျန့်ဖြစ်ကာ အမှတ်ပေါင်း ၅၀ ၀၀၀ ရှိလေသည်။
နယ်လှည့် ကျင့်ကြံသူသည် ကောင်းကင်ဖွေရှာနန်းတော်နှင့် ကြီးမြတ်ရန်ကျုံးကို ဖိအားဖြစ်စေ၏။ ပို၍ ဆိုးသည်က သူတစ်ယောက်တည်းနှင့် အဆင့်နှစ်နှင့် အဆင့်သုံး အမှတ်ပေါင်းထက်ပင် ကျော်လွန်နေခြင်း ဖြစ်သည်။