သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ စန်ယီပင်း၊ နှဲ့ကျန်းနွန်နှင့် ကျောင်းယန်တို့မှာ ထိုမျှ ဗဟုသုတမများကြပေ။ ထို့ကြောင့် သူတို့က များစွာ မတွေးမိကြချေ။ ဖူချန်းကား ကိစ္စများကို လေးလေးနက်နက် တွေးတောကြည့်ဖို့ပင် ပျင်းနေသူ ဖြစ်၏။ သို့သော် မိုဝူကျီက ပြဿနာ အပေါ်ယံ ပြောပြလိုက်သည့်အခါ သူတို့အားလုံးက မမြင်နိုင်သည့် ပြဿနာများစွာ ရှိသေးကြောင်း သိလိုက်သည်။
“အဲဆိုရင် စီနီယာခေါင်းဆောင် အစ်ကိုကြီး ပစ္စည်းတွေကို ထားခဲ့မှာလား… ”
နောက်ဆုံးတွင် စန်ယီပင်းက မိုဝူကျီသည် ပစ္စည်းများ ထားခဲ့သည့် အကြောင်းအရင်းကို နားလည်သွားလေသည်။
“ဖြစ်နိုင်တာ ကောင်းကင်ဂိုဏ်းချုပ်က စေတနာကောင်းပြီးတော့ အင်မော်တယ် အမွေအနှစ်အကြောင်း သတင်း ဖြန့်လိုက်တာလား ”
ကျောင်းယန်က မေးလိုက်သည်။
“မဖြစ်နိုင်ဘူး။ ကောင်းကင်ဂိုဏ်းချုပ်က အဲလောက် စေတနာကောင်းတဲ့သူ မဟုတ်ဘူး။ သိတဲ့အတိုင်း သူက ကမ္ဘာတစ်လွှားက ရတနာတွေ အကုန်လိုက်စုဆောင်းနေတာလေ။ စီနီယာခေါင်းဆောင် အစ်ကိုကြီးက လက်စွပ်ကို ပြန်ထားလိုက်လို့ တကယ်လို့ ဖွင့်ကြည့်ရင် ရတနာတွေ ပါရင် ပါနေမှာ …. ”
စန်ယီပင်းက ထပ်ပြောလိုက်လေသည်။
မိုဝူကျီက အားရပါးရ ပြုံးကာ ပြန်ဖြေလိုက်သည်
“လက်စွပ်ကို သေချာပေါက် ယူသွားမှာပါ။ ဒါပေမဲ့ အဲဒါမလုပ်ခင် အရင်ဖြေရှင်းစရာတွေ ရှိသေးတယ်။ နောက်တစ်ခုက ဒီနေရာမှာရှိနေတဲ့ ဝိညာဉ်စွမ်းအားတွေက အတော်လေး သိပ်သည်းနေပေမဲ့ စွမ်းအားစုစည်းခြင်း အစီအရင် အရာမျိုးကို မတွေ့မိဘူး။ ဖြစ်နိုင်တာက ဝိညာဉ်သွေးကြောများ ရှိနေမလားပဲ .. ”
“ဝိညာဉ်သွေးကြောလား …”
တချို့က ဆက်တိုက်ဆိုသလို အံ့ဩသွားကြသည်။
မိုဝူကျီက ခေါင်းကို ညိတ်ကာ သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ကျင်းကုမူ လဲလျောင်းနေသည့် နေရာမှာ ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သူတို့သာ ဝိညာဉ်သွေးကြော အရင်းအမြစ်ကို စစ်ဆေးလိုပါက ကျင်းကူမူ၏ အလောင်းကို ဖယ်ရှားရန် လိုအပ်လေသည်။ သို့သော် ကျင်းကုမူ၏ သေတမ်းစာထဲတွင် သူက သူ့ခန္ဓာကိုယ်ကို မရွေ့ရန် မှာကြားထား၏။
အားလုံးက မိုဝူကျီ ပြောလိုက်သည့် ဝိညာဉ်သွေးကြောအကြောင်း တွေးနေစဉ် မိုဝူကျီ အမူအယာက ဖြေးဖြေးချင်းဆိုးရွားလာပြီး ရုတ်တရက် ထအော်လိုက်တော့သည် “အားလုံး ဒီကို မြန်မြန် လာကြ … ”
သူ ပြောပြီးသည်နှင့် ကျင်းကုမူ ရှိသည့်အခန်းထဲ အရင်ဝင်လိုက်တော့သည်။ ဖူချန်းနှင့် ကျန်လူများက မိုဝူကျီကို အပြည့်အဝ ယုံကြည်ထားသည့်အတွက် သူ အခန်းထဲသို့ ဝင်သွားသည့်အခါ လေးယောက်သား လိုက်ဝင်လိုက်တော့သည်။
စန်ယီပင်းက သေချာမေးကြည့်ဖို့ ပြင်နေစဉ် အပြင်ဘက်မှ ဟားတိုက်ရယ်မောသံကို ကြားလိုက်ရလေသည်။
“အဲဒါက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူမလား ..”
ကျောင်းယန်က တုန်တုန်ယင်ယင် မေးလိုက်သည်။
သူတို့အားလုံး၏ မျက်နှာကား တစ္ဆေတစ်ကောင်လို့ ဖြူဖျော့သွားကြလေသည်။ ထိုရယ်မောသံကား ခြောက်ခြားဖွယ် ကောင်းလှ၍ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူမှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။
“သူပဲ .. ပြီးတော့ သူက ငါတို့ဒီမှာရှိတာ သိတယ် …”
မိုဝူကျီ ပြောလိုက်သည့် လေသံကား အနည်းငယ် အလျှင်စလို ဖြစ်နေလေသည်။ သူတို့သည် သူတို့ထက် များစွာ အားကောင်းသူနှင့် ရင်ဆိုင်ရမည် ဖြစ်၏။ ထိုသူက ဒဏ်ရာအပြင်းအထန် ရနေလျှင်ပင် သူတို့ရင်ဆိုင်နိုင်သည့်သူ မဟုတ်သေးချေ။
အားလုံး တိတ်ဆိတ်သွားသည်ကို တွေ့၍ မိုဝူကျီက ကျင်းကုမူအလောင်းနောက်မှ အခန်းထောင့်ဆီ ပြေးသွားလိုက်တော့သည်။ တစ်ချိန်တည်းတွင် တခြားလူများကို လက်ဟန် လှမ်းပြလိုက်သည်။ တခြားသူများက အနီးရောက်လာသောအခါ သူက စိတ်စွမ်းအင် ကျောက်တုံးများကို ထုတ်၍ အစီအရင်အလံများ ခင်းကျင်းလိုက်လေသည်။ ထိုအလံများက မိုဝူကျီ ကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်ပေ။ ထိုသည်ထဲမှ တချို့က သူဝယ်လာသော အဆင့်နိမ့် အလံများ ဖြစ်ကြပြီး တချို့မှာ တခြားသူများ၏ သိုလှောင်လက်စွပ်အတွင်းမှ ဖြစ်လေသည်။
မိနစ်အနည်းငယ်အကြာတွင် သူက ရပ်တန့်လိုက်လေသည်။
“စီနီယာခေါင်းဆောင် အစ်ကိုကြီး ဖုံးကွယ်အစီအရင် လုပ်လိုက်တာလား ..”
နှဲ့ကျန်းနွန်က သူ့အပြုအမူကို သတိပြုမိကာ မေးလိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး
“ဟုတ်တယ်။ ဒါက အဆင့်နိမ့် အစီအရင်လို့ကို ယူဆလို့ မရတဲ့ ရိုးရှင်းတဲ့ အစီအရင်လေးပဲ …. ဒီဟာအပြင် နောက်ထပ် အသံလုံအစီအရင်ကိုပါ ထပ်ထည့်ထားတယ် … ”
ထိုစဉ် မိုဝူကျီက ချူရှင်ကျီကို အမှန်ပင် ကျေးဇူးတင်မိသွားလေသည်။ ချူရှင်ကျီ မပါရှိလျှင် သူက အစီအရင်များကို ခင်းကျင်းတာ အသာထား ရိုးရှင်းသော အစီအရင်များကိုပင် သိမည် မဟုတ်ပေ။
စန်ယီပင်းက နောက်မှ ပြောလိုက်သည်
“ဖွားဖွားလင်းလောင်က အနက်ဝတ်အမျိုးသားက စစ်မှန်ခြင်း နတ်ဘုရားအဆင့် (၁) လို့ ပြောထားတယ်။ သူက ဒဏ်ရာအပြင်းအထန် ရနေရင်တောင် သူ့စွမ်းအား တစ် ရာခိုင်နှုန်းလောက်နဲ့ဆိုရင်ရော ဒီအစီအရင်က သူ့စိတ်စွမ်းအားကို ကာထားနိုင်ပါ့မလား … ”
စန်ယီပင်းက ထိုမေးခွန်းကို မေးလိုက်ပြီးနောက်တွင် ဖူချန်းနှင့် တခြားလူများက မိုဝူကျီကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
သို့သော် မိုဝူကျီက ခေါင်းခါပြလိုက်ပြီး
“စစ်မှန်ခြင်းနတ်ဘုရားအဆင့် ကျင့်ကြံသူရဲ့ စိတ်စွမ်းအားကို တားနိုင်မယ်ထင်ရင် အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်။ သူ ဝင်လာတာနဲ့ ဒီအစီအရင်ကို တန်းခံစားမိလိမ့်မယ် ပြီးရင် ငါတို့တည်ရှိမှုကို သိသွားလိမ့်မယ် … ”
“အာ …”
သူတို့တွေက ကြောင်သွားကြလေသည်။ ဤအစီအရင်သည် အနက်ဝတ် မြင်ကွင်းမှ မဖုံးနိုင်လျှင် အဘယ်ကြောင့် အသုံးပြုနေသနည်း။
မိုဝူကျီက အေးအေးဆေးဆေး ပြောလိုက်သည်
“ငါတို့မှာ တခြားပုန်းစရာ နေရာမရှိဘူးလေ။ အဲဒါကြောင့် ဒီဟာက ငါတို့ အကောင်းဆုံးလုပ်နိုင်တာပဲ .. ”
စန်ယီပင်းနှင့် အခြားလူများက ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏ စီနီယာခေါင်းဆောင် အစ်ကိုကြီးက ကိုယ့်ဘာသာ လှည့်ဖျားနေလေသည်။ မဟုတ်လျှင် သူတို့က ဘယ်နေရာတွင် သွားပုန်းရမည်နည်း။
“ဒီလိုလှည့်စားမှုမျိုးကို ငါနေခဲ့တဲ့ နေရာမှာ မိမိဘာသာ လှည့်စားခြင်းလို့ ခေါ်ကြတယ် …”
မိုဝူကျီက ဆက်ပြောလိုက်လေသည်။
“မိမိဘာသာ လှည့်စားခြင်းက ဘာကြီးလဲ …”
ကျောင်းယန်က မေးလိုက်သည့်အခါ သူ့ရှင်းပြချက်မပါဘဲ ချက်ချင်း သဘောပေါက်သွားလေသည်။ ‘ခေါင်းလောင်းခိုးဖို့အတွက် ကိုယ့်နားကိုသာ ပိတ်ထားခြင်း’ ထိုအကြောင်းအရာသည် မိမိဘာသာ လှည့်စားခြင်း ဖြစ်၏။
သို့သော်လည်း စန်ယီပင်းက ဆက်မေးလိုက်သည်
“စီနီယာခေါင်းဆောင် အစ်ကိုကြီးရဲ့ အပြုအမူနောက်မှာ တခြားအကြောင်းပြချက် ရှိသေးတယ်မလား … ”
သက်ပြင်းချရင်း မိုဝူကျီက ပြန်ဖြေလိုက်တော့သည်
“ငါ့ခန့်မှန်းချက် မှန်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ အားလုံး တိတ်တိတ်နေကြ … ဟိုလူ ဝင်လာတော့မယ် .. ”
“ဘမ်း …”
ကျင်းကုမူအခန်းကို ကန်ဖွင့်လိုက်သည့်အတွက် နံရံတစ်လျောက် အက်ကြောင်း ပေါ်လာလေသည်။
ကိစ္စများက မိုဝူကျီ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သွားလျှင် အနက်ဝတ်အမျိုးသားက တံခါးဝတွင် ရပ်နေပေလိမ့်မည်။ မိုဝူကျီက သူ့စိတ်စွမ်းအားကို မသုံးဘဲ ဖွားဖွားလင်းလောင် ပြောထားသည့်အတိုင်း သူ့ဒဏ်ရာများကို မြင်နိုင်လေသည်။ သူက ဤနေရာသို့ ရောက်လာခြင်းမှာ သူက လူသားအဆင့် ကျင့်ကြံသူများကို လုံးဝဂရုမစိုက်၍ ဖြစ်လေသည်။
အနက်ဝတ်အမျိုးသားက အခန်းတစ်လျောက်ကို ဝေ့ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် မိုဝူကျီတို့ ပုန်းနေသည့် အခန်းထောင့်သို့ ရောက်သွားကာ သူ့မျက်နှာတွင် အေးစက်စက် အပြုံးတစ်ချက် ပေါ်လာလေသည်။ ထိုသို့သော ဖုံးကွယ်ရေးအစီအရင်လေးဖြင့် သူတို့က သူ့ဆီမှ ပုန်းနိုင်လိမ့်မည်ဟု ထင်နေလေသည်။
သူတို့က သတ္တိကောင်းနေတာ များလား …
သူက မိုဝူကျီနှင့်အခြားလူများကို ဂရုမစိုက်သေးဘဲ သူ့ရှေ့တွင် ရှိသော အလောင်းဆီမှ ပစ္စည်းသုံးခုကိုသာ အာရုံစိုက်ထားလေသည်။ သူ့အကြည့်များက လင်းလက်လာကာ ရှေ့တက်လာပြီး ပစ္စည်းများကို ကောက်ယူလိုက်တော့သည်။
အနက်ဝတ်အမျိုးသားက သူတို့ကို လွတ်ထားသေးသည်ကို မြင်၍ မိုဝူကျီက သက်ပြင်းချလိုက်မိတော့သည်။ အနက်ဝတ်အမျိုးသားက သူတို့ကို တန်းမတိုက်ခိုက်ပါက သူတို့တွင် အခွင့်အရေး ရှိသေးလေသည်။ သူတို့က အနက်ဝတ်အမျိုးသားနှင့် မရင်းနှီးသော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ဖုတ်ကျင့်ကြံသူကို သတ်လိုက်သည့် အပြုအမူနှင့် ဖွားဖွားလင်းလောင်၏ ရိုက်ခတ်မှုကြောင့် ဖုတ်ကျင့်ကြံသူဆီမှ ပစ္စည်းများယူကာ ထွက်ပြေးသွားသောကြောင့် သူကား မာနကြီးသူမှန်း သိသာစေသည်။ သူက စိတ်ရှိသည်နှင့် တခြားလူများ၏ အမြင်ကို တောင်းခံနေမည် မဟုတ်ပေ။ မိုဝူကျီက ဖုတ်ကျင့်ကြံသူတွင် အင်မော်တယ် အမွေအနှစ်ရှိသည်ဟု ပြောလိုက်သည်ကို ကြား၍ ထိုသူဆီမှ လုယက်ရန် ဆုံးဖြတ်ခဲ့လေသည်။
ယခု သူက ဝင်လာသည်နှင့် သူတို့နှင့် ရင်မဆိုင်သေးဘဲ အလောင်းရှေ့မှ ပစ္စည်းများကို ယူနေခြင်းမှာ ထိုလူသည် သူတို့က ပြောဖို့ပင် မထိုက်တန်သည့် အစီအရင်တချို့ ချထားသည်ကို ခံစားမိ၍ ဖြစ်နိုင်သည်။ အနက်ဝတ်အမျိုးသားက ကျင်းကုမူ ထားခဲ့သည့် ပစ္စည်းအားလုံးကို သိမ်းဆည်းချင်လိုသည်။ သူတို့အစီအရင်ကို မချိုးဖျက်ခင် သူတို့ကို အကြောက်တရားအကြောင်း သေချာခံစားခိုင်းကြည့်ရမည်။
သို့သော် ထိုသည်က မိုဝူကျီ အစီအရင် ပြုလုပ်ထားသည့် ရည်ရွယ်ချက်ဖြစ်၏။ အကယ်၍ သူသာ မလုပ်ထားလျှင် သူတို့ကို ချက်ချင်းမိ၍ နေရာမှာတင် သတ်ပစ်လိမ့်မည်။ အနက်ဝတ်အမျိုးသားက သူတို့အားလုံးကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်လိမ့်မည်။ သို့သော်လည်း လူများက ဉာဏ်ကောင်းဟန်ဆောင်တတ်ကြသည်ကို သိ၍ အနက်ဝတ်အမျိုးသားက မိုဝူကျီနှင့် အခြားလူများသည် ထိုသို့ပြုမူနေကြောင်း တွေးမိလိုက်သည်။
လျှပ်တစ်ပြက်အတွင်း အနက်ဝတ်အမျိုးသားက ကျင်းကုမူထားခဲ့သည့် စာလိပ်ကို ဖတ်ရှုလိုက်ကာ ကျောက်စိမ်းပြားကိုပင် ထပ်ခါ ထပ်ခါ လှည့်ကြည့်လိုက်သေးသည်။ သို့သော်လည်း သူက သွေးကို သုံး၍ မမွမ်းမံခဲ့ပေ။ ထို့အစား ကျင်းကူမူ၏ အလောင်းကိုသာ လက်ဖြင့် တွန်းကြည့်လိုက်သည်။ ကျင်းကုမူပြောထားသည်က သူ့အလောင်းကို မရွေ့ဖို့ရာ ပါလေသည်။ ထိုသည်က သူ့အတွက် သောက်ရေးမပါပေ။
ကျင်းကုမူ အလောင်းကို တစ်ဖက်သို့တွန်းလိုက်သည်နှင့် အနက်ဝတ်အမျိုးသားက ခဏ ရပ်သွားလသည်။ သူက ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ အပြာဝတ်လူငယ် (မိုဝူကျီ) က သူ့ကို စကားလုံးဖြင့် ဖုတ်ကျင့်ကြံသူကို တိုက်ခိုက်ရန် နှိုးဆော်နိုင်ခဲ့သည်။ အဆုံးသတ်တွင် လူငယ်က သူ ရက်အတော်ကြာ လိုက်နေခဲ့သည့် အမျိုးသမီးကို ကယ်တင်သွားလေသည်။
ထို့ကြောင့် လူငယ်မှာ သေချာပေါက် အရူးမဟုတ်ပေ။ သူက အရူး မဟုတ်မှတော့ အစီအရင်ကား သူ့အမြင်ကို မကာကွယ်နိုင်မှန်း သိပေလိမ့်မည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြုလုပ်ထားသနည်း။ ဖြစ်နိုင်သည်က လူငယ်က သူ ဖြစ်နေလိမ့်မည်ဟု မသိခြင်း ဖြစ်ရမည်။ ထို့ကြောင့် သူက အစီအရင်က ကာကွယ်ပေးထားနိင်လိမ့်မည်ဟု မှတ်ယူထားဟန် ရှိသည်။
မည်သို့ပင် ဆိုစေကာမူ လူငယ်လေးကို ဦးဆုံး သတ်ပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ထိုစဉ် သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအားများက ထွက်ပေါ်လာလေသည်။ ထိုသည်က ဝိညာဉ်သွေးကြော၏ ပင်ရင်းဖြစ်၍ အနက်ဝတ်အမျိုးသားက အတော်လေး စိတ်လှုပ်ရှားမိသွားသည်။ သူက ဝိညာဉ်သွေးကြောသည် လူသေအောက်တွင် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကျင်းကုမူက သူ့အလောင်းကို မရွေ့ဖို့ ပြောခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
လူသေက ဝိညာဉ်သွေးကြောနှင့် ဘာလုပ်ချင်နေသနည်း။
မကောင်းတော့ပေ။ အနက်ဝတ်အမျိုးသားက ချက်ချင်း တုံ့ပြန်လိုက်လေသည်။
သူ ပြုမူလိုက်သည့် အခိုက်အတန့်တွင် အားကောင်းလှသည့် နတ်ဝိညာဉ်က သူ့အသိစိတ်ပင်လယ်သို့ စီးဝင်လာလေသည်။
ဝိညာဉ်ပူးကပ်ခြင်းလား …. အနက်ဝတ်အမျိုးသား မျက်နှာတွင် ခါးသီးသည့် အမူအယာပေါ်လာပြီး သူထဲသို့ ဝိညာဉ်ပူးကပ်ဖို့ရန် ကြိုးစားလိမ့်မည်ဟု စိတ်ပင် မကူးဖူးပေ။
သူက ချက်ချင်း တင်ပေခွေထိုင်ကာ သူ့အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသော ဝိညာဉ်ကို ခြေဖျက်ဖို့ရန် လုပ်ဆောင်လိုက်သည်။ သူ့အဓိကရည်ရွယ်ချက်မှာ ထိုနတ်ဝိညာဉ်ကို အပိုင်းပိုင်း အစစ ပြုလုပ်ရန် ဖြစ်လေသည်။
“ခွမ်း ... ”
လက်မြောက်လိုက်သည့်အခါ မိုဝူကျီက သူ့ရှေ့မှ အစီအရင်ကို ပယ်ဖျက်လိုက်ပြီး ရှေ့ဆုံးက ထွက်လာလေသည်။
အနက်ဝတ်အမျိုးသားက ဘာတွေဖြစ်လာမည်မှန်း တန်းသိလိုက်သည်။ ဤလူငယ်ကား အမှန်ပင် ဉာဏ်များလွန်းလှ၍ သူ့အတွက် ဒုတိယအကြိမ် ခံလိုက်ရခြင်း ဖြစ်သည်။
“စီနီယာခေါင်းဆောင် အစ်ကိုကြီးက ဘာလုပ်မို့လဲ ... ”
စန်ယီပင်းက ခြေချိတ်ထိုင်နေသည့် အနက်ဝတ်အမျိုးသားကို မသေချာ မရေရာ ကြည့်လိုက်လေသည်။ အနက်ဝတ်အမျိုးသားတွင် ကြမ်းတမ်းသည့် အမူအယာများရှိနေကာ နာကျင်မှုကို ခုခံနေသည့်နှယ် ဖြစ်သည်။
ဤတစ်ကြိမ်တွင် မိုဝူကျီက သူ့အား အခွင့်အရေးမပေးတော့ပေ။ သူက အနက်ဝတ်အမျိုးသားဆီ ပြောရင်း လျှပ်စီးတွေ တစ်လုံးပြီး တစ်လုံးပစ်လွှတ်လိုက်လေသည်
“ဒီလူကို မြန်မြန် သတ်ပစ်ကြမယ် ... ”
သူ့ခန့်မှန်းချက်ကား ကွက်တိဖြစ်နေလေသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအားများ အလွန်သိပ်သည်းလှသော်လည်း စွမ်းအားစုစည်းခြင်း အစီအရင် သို့မဟုတ် စိတ်စွမ်းအင် ကျောက်တုံးများ မမြင်မိပေ။ ထို့ကြောင့် အနီးအနားတွင် ဝိညာဉ်သွေးကြောရှိနေခြင်းသာ ဖြစ်နိုင်လေသည်။
မိုဝူကျီက ချီသွေးကြော ၁၀၁ ခုထိ ဖွင့်ထားသောကြောင့် သူက ဝိညာဉ်စွမ်းအားများနှင့် ပတ်သတ်၍ အာရုံခံကောင်းေလေသည်။ သူ့စိတ်စွမ်းအား ဖြင့် ရှာနိုင်သည့်အတွက် ကျင်းကုမူ ခန္ဓာအောက်တွင် ဝိညာဉ်သွေးကြောရှိနေကြောင်း ခန့်မှန်းနိုင်သည်။
အနက်ဝတ်အမျိုးသား မှန်းဆထားသည့်အတိုင်း လူသေက အဘယ်ကြောင့် ဝိညာဉ်သွေးကြောအပေါ်တွင် ရှိနေသနည်း။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ထိုလူသေက လုံးဝမသေသေးတာ ဖြစ်နိုင်လေသည်။ လုံးဝမသေသေးသော လူတစ်ယောက်အတွက် အခြားသူများကို မတိုက်ခိုက်လျှင်ပင် ထိုနေရာတွင် နတ်ဝိညာဉ်ရှိနေနိုင်လေသည်။
မိုဝူကျီက နတ်ဝိညာဉ်သည် တခြားသူများဆီ ပူးကပ်လာလိမ့်မည်ဟု စိတ်မကူးမိပေ။ ထို့အပြင် ဝိညာဉ်သွေးကြောအပေါ် ရှိနေသည့် လူသေဆီမှ ဝိညာဉ်စွမ်းအားများသာ ခံစားမိလျှင် တစ်ဖက်သို့ တွန်းလွှတ်မိလောက်သည်။ တစ်ယောက်ယောက်က ကျင်းကုမူ အလောင်းနှင့် ထိတွေ့သွားပါက ထိုသူ့ခန္ဓာကိုယ်ထဲမှ အသိစိတ်ပင်လယ်သို့ အပိုင်စီးကာ ဝိညာဉ်ပူးကပ်နိုင်လိမ့်မည်။
အနက်ဝတ်အမျိုးသားသည် ကျင်းကုမူ ဝိညာဉ်ပူးကပ်လိုသည့် လူ မဟုတ်သော်လည်း သူက အလောင်းကို တစ်ဖက် တွန်းလိုက်သည့်အတွက် ကျင်းကူမူ အတွက် ပူးကပ်ရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။
ကျင်းကုမူက ဝိညာဉ်ပူးကပ်ခြင်း စတင်သောအခါ အနက်ဝတ်အမျိုးသားက မိုဝူကျီနှင့် တခြားလူများကို အချိန်တိုအတွင်း ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် မတိုက်ခိုက်ဘဲ နေရအောင် မိုဝူကျီက အရူးတစ်ယောက် မဟုတ်ချေ။ ထို့အပြင် ထိုအခိုက်အတန့်ကို သူစောင့်မျှော်နေခဲ့ခြင်း ဖြစ်၏။
ကျန်လူများလည်း အဖြစ်အပျက်များကို နားလည်လာကာ သူတို့မှော်ရတနာများကို ကိုင်ဆွဲ၍ အနက်ဝတ်အမျိုးသားကို တိုက်ခိုက်ကြတော့သည်။
အနက်ဝတ်အမျိုးသားက မူလတကည်းမှ ဒဏ်ရာအပြင်းအထန် ရထားလေသည်။ ယခုအခါ မိုဝူကျီဆီမှ လျှပ်စီးများကို ပြန်မတိုက်နိုင်ဘဲ ခံနိုင်ရသည့်အတွက် သူ့ကို အတော်လေး ဒေါသထွက်လာစေသည်။
သို့သော် စစ်မှန်ခြင်းနတ်ဘုရား အဆင့် (၁) ကျင့်ကြံသူအနေနှင့် သူ့အင်အား ၉၀ ရာခိုင်နှုန်းလောက် ကုန်ဆုံးနေလျှင်ပင် မိုဝူကျီ လျှပ်စီးများဖြင့် သူ့ကို အလွယ်တကူ မသတ်နိုင်ချေ။ သူ့ဒဏ်ရာများက ပိုဆိုးရွားလာသော်လည်း သေစေလောက်သည့် ဒဏ်ရာများတော့ မဟုတ်သေးပေ။
“ဘမ်း ဘမ်း ...”
လျှပ်စီးများစွာက သူ့ဆီ ပျံသန်းလာသောကြောင့် အနက်ဝတ်အမျိုးသားက ရယ်မောလိုက်လေသည်။ ထိုကျန်ရှိနေသည့် ဝိညာဉ်လေးက အားကောင်းသော်လည်း ကြာရှည်မခံတော့ပေ၊ အချိန်နည်းနည်းကြာသည်နှင့် သူက အပြည့်အဝ ဖိနှိပ်သွားနိုင်လိမ့်မည်။ ထို့နောက် သူက ဉာဏ်များလှသည့် လူငယ်လေးကို ဖြည်းဖြည်းချင်း သတ်ပစ်ရမည်။ သူ့ခန္ဓာသို့ လာထိရိုက်နေသော လျှပ်စီးများမှ တဆင့် သူက လူငယ်၏ ကျင့်ကြံဆင့်ကို သေချာသိလိုက်ရသည်။ လူငယ်က အလွန်ဆုံး လူသားအဆင့်လွန် အဆင့် (၁) မျှသာ ရှိသေးလေသည်။
ထိုစဉ် သူ့ဆီ လွှမ်းမိုးလာသော ကြောက်မက်ဖွယ် ခံစားချက်က ပြန့်နှံ့လာလေသည်။ ထိုအရာကား သေမင်းကိုယ်တိုင် ရောက်လာသည့်အလား ဖြစ်၏။