ထိုစဉ် ဖွားဖွားလင်းလောင် ရောက်လာကာ ပြောလိုက်လေ၏ “အားလုံးအဆင်သင့်ပဲလား .. အဆင်သင့်ဖြစ်ရင် ငါတို့တွေ သွားကြစို့ .. ”
မိုဝူကျီက မြန်မြန် ဝင်ပြောလိုက်သည် “သူတို့ လေးယောက်ကို ကောင်းကင်ဖွေရှာမြို့ဆီ ပြန်ခေါ်သွားပေးဖို့ စီနီယာကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ကျွန်တော်က မပြန်ခင် ဒီနား ခဏနေရဦးမယ် … ”
သူ့စကားအဆုံးတွင် မိုဝူကျီက စန်ယီပင်း၊ ဖူချန်းနှင့် ကျန်သည့်နှစ်ယောက်ကို ပြောလိုက်လေသည် “ကျုပ်မှာ အင်မော်တယ်အမွေကို လာရှာတဲ့ နောက်ထပ် မိတ်ဆွေနှစ်ယောက်ရှိသေးတယ်။ မပြန်ခင် သူတို့ကို ရက်အနည်းငယ် ရှာကြည့်ချင်သေးတယ်။ အတော်ကြာလို့မှ မတွေ့တော့ရင် ကောင်းကင်ဖွေရှာမြို့ဆီ ချက်ချင်း ပြန်လာခဲ့မယ် … ”
“အဲဆို မင်း ဘယ်လိုပြန်လာမှာလဲ …” ဖွားဖွားလင်းလောင်က မိုဝူကျီကို ကြည့်ရင်း မေးလိုက်လေသည်။
မိုဝူကျီက အမှန်တိုင်းသာ ပြောလိုက်ရသည် “ကျွန်တော့်မှာ ကားပျံရှိတယ် .. ”
သူက ကားပျံကို ပြောနေရင်း ထုတ်ပြလိုက်သည်။
“အာ .. ဒီကားပျံက နည်းနည်း ရင်းနှီးနေသလိုပဲ …”ဖွားဖွားလင်းလောင်က မိုဝူကျီ၏ ကားပျံကို မြင်၍ အံ့ဩတကြီး ပြောလိုက်လေသည်။
မိုဝူကျီက ဖွားဖွားလင်းလောင်သည် သူ့ကားပျံကို မှတ်မိနိုင်ကြောင်း မှန်းဆမိ၍ ရိုးရိုးသာ ပြန်ပြေလိုက်လေ၏ “ဒါက ဓားရေကန်က စီနီယာချိန်ရဲ့ လက်ဆောင်ပါ …”
ဖွားဖွားလင်းလောင်က မိုဝူကျီကို အဓိပ္ပါယ်ရှိရှိ ကြည့်ကာ ပြောလိုက်သည် “ဟုတ်ပြီလေ။ ဒီလိုဆိုမှတော့ ငါတို့အခုသွားနှင့်မယ်။ အားလုံး တက်ကြပါ … ”
စန်ယီပင်းက အလောတကြီး ရှေ့ထွက်လာကာ “စီနီယာမို ဒီပင်လယ်ထဲမှာ သားရဲတွေ သိပ်မရှိဘူးဆိုပေမဲ့ ကျင့်ကြံသူတွေတော့ ရှိနေဦးမှာ။ စီနီယာမှာ ကားပျံရှိမှတော့ ကျွန်မတို့တွေလည်း စီနီယာကို လိုက်ကူရှာပေးမယ်လေ .. ”
မိုဝူကျီက ခဏတာ တွေးတောလိုက်ပြီး စန်ယီပင်း ပြောသည်က မှန်ကြောင်း သတိပြုမိလိုက်သည်။ သူမက ပြောသည်အထဲမှ ပင်လယ်တွင် ကျင့်ကြံသူများ ရှိနေနိုင်သည် ဆိုသည့် အချက်မဟုတ်ဘဲ သူ့တွင် ကားပျံရှိသည့်အချက် ဖြစ်သည်။ ထို့အပြင် ဤနေရာသို့ လာသည်နှင့် ပြန်သွားသည်က မတူညီပေ။ ဤတစ်ကြိမ်တွင် သူက တည်နေရာနှင့် ကြာမြင့်ချိန်ကို သေချာ သိ၍ ကောင်းကင်ပင်လယ်ထဲတွင် နောက်တစ်ကြိမ် လမ်းပျောက်တော့မည် မဟုတ်ပေ။
ထို့အပြင် သူ့ကားပျံမှာ လူခုနှစ်ယောက်၊ ရှစ်ယောက်လောက် ဆန့်၍ ကျန်သူများအားလုံးကို ခေါ်ဖို့ရာ သူ့အတွက် သက်ရောက်မှု များများစားစားမရှိလှချေ။ အကြောင်းမှာ သူတို့လေးယောက်သာ ကောင်းကင်ဖွေရှာမြို့သို့ ပြန်ရောက်သွားပြီး လိန်မျိုးနွယ်စုမှ သတိထားမိသွားပါက သူတို့အတွက် အန္တရာယ်ရှိနေနိုင်လေသည်။
ထို့အပြင် ဟော်ယွီချန်က မိုဝူကျီသည် ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ပထမပုံစံကျင့်စဉ်ကို ဝယ်ယူသွားသည့်သူမှန်း စုံစမ်းနိုင်ပါက လိန်မျိုးနွယ်စုလည်း လုပ်ဆောင်နိုင်လိမ့်မည်။ လိန်မျိုးနွယ်စုက သူ့အကြောင်းကို သိသွားပါက ကောင်းကင်ဖွေရှာမြို့တွင် စောင့်နေနိုင်ပေသည်။
“ဟုတ်ပြီ အတူတူသွားကြတာပေါ့ ..” မိုဝူကျီက နေရာတွင် ဆုံးဖြတ်လိုက်ပြီးနောက် ဖွားဖွားလင်းလောင်ဘက် လှည့်ကာ “စီနီယာ အရင်ပြန်နှင့်လိုက်ပါ။ ယန်အာကို စောင့်ရှောက်ပေးဖို့ စီနီယာဆီပဲ အပ်ထားရဦးမယ် … ”
ယန်အာကိစ္စအတွက် မိုဝူကျီက တစ်ခွန်းသာ ပြောလိုက်လေသည်။ သူမ၏ သန္ဓေပြောင်းဝိညာဉ်ကြောနှင့်အတူ ကျင့်ကြံနှုန်းမှာလည်း သူ့ထက် မြန်ဆန်လှ၍ သူ မမှာကြားလျှင်ပင် ကောင်းကင်ဖွေရှာနန်းတော်က သူမကို ရတနာသဖွယ် ဆက်ဆံမှာ ဖြစ်လေသည်။
ဖွားဖွားလင်းလောင်က မိုဝူကျီသည် ထိုလေးယောက်နှင့် ရင်းနှီးလှကြောင်း ပြောနိုင်လေသည်။ ထို့အပြင် သူမတွင် အရေးတကြီး ဖြေရှင်းစရာ ကိစ္စများရှိနေသေး၍ ပြောလိုက်တော့သည် “အဲဆိုလည်း အရင်သွားနှင့်လိုက်မယ်။ အနက်ဝတ်အမျိုးသားကိုလည်း ဂရုစိုက်ဦး။ သူက ဝေးဝေးမရောက်လောက်သေးဘူး။ သူက ငါ့ကြောင့် ဒဏ်ရာရသွားတယ် ဆိုပေမဲ့ သူက မင်းတို့တွေ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ”
“ကျွန်တော် သိပါတယ် …” မိုဝူကျီက ထပ်မေးလိုက်သည် “စီနီယာ အဲဒီအနက်ဝတ်အမျိုးသားက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ သိလား … ”
ယန်မြို့တော်တွင် သူက အမှတ်များကို လဲလှယ်စဉ်က သူ မတော်တဆသတ်မိသွားသော နယ်ခြားကျင့်ကြံသူသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်တွင် ရှိကြောင်း သိလိုက်ရသည်။ မှော်ရတနာများလဲလှယ်ရေးနေရာတွင် ဖြစ်တည်ခြင်းမဲ့နတ်ဘုရားအဆင့် (၁) သည် အမှတ် ၅၀၀၀ မှစ၍ ပြီးပြည့်စုံခြင်းအဆင့်သည် ၉၀၀၀ ထိ ရနိုင်၏။ ရိုးရိုးလေးချီနှင့် တိုက်ပွဲဖြစ်နေသည့် နယ်ခြားကျင့်ကြံသူကို သူသတ်လိုက်သောအခါ အမှတ်သည် ၉၀၀၀ တစ်ခါတည်း ရရှိသွားလေသည်။
ဖွားဖွားလင်းလောင်က ဂုဏ်သိက္ခာကြီးဟန် အမူအယာကျန်ရှိနေပြီး “အဲဒီလူက ငါ့လောက် အားကောင်းတယ် ဖြစ်နိုင်တာက စစ်မှန်ခြင်း နတ်ဘုရားအဆင့် (၁) ဖြစ်လောက်တယ် … ”
“စီနီယာက စစ်မှန်ခြင်း နတ်ဘုရားအဆင့်လား..” မိုဝူကျီက လေအေးများ ရှုရှိုက်လိုက်တော့သည်။ ဖွားဖွားလင်းလောင်သည် အဆင့် ၇ ဆေးလုံးဆရာ ဖြစ်မှန်း သိသော်လည်း သူမ ကျင့်ကြံဆင့်မှာ ထိုမျှမြင့်နေလိမ့်မည်ဟု ထင်မထားမိပေ။
“အင်း ငါက စစ်မှန်ခြင်း နတ်ဘုရားအဆင့် (၁) မှာပဲ။ တကယ်လို့ အဲဒီလူက ငါ့ကို အဆိပ်မမိစေခဲ့ရင် သူနဲ့ ရင်ဆိုင်ဖို့ ကြောက်စရာ မလိုဘူး.. ” ဖွားဖွားလင်းလောင်က တစ်ခုခု တွေးမိဟန်ဖြင့် မေးလိုက်သည် …
“မိုဝူကျီ မင်းရဲ့ အနက်ဆေးလုံးက ဘယ်က ရလာတာလဲ။ ပြီးတော့ ဘာလို့ ကွဲနေတာလဲ။ ငါသိသလောက် ဒီအင်ပါယာငါးခုလုံးမှာ ဒီဆေးလုံးကို ဖော်စပ်နိုင်တာ နှစ်ယောက်ပဲရှိတယ်။ ငါရယ် နောက်ထပ် တစ်ယောက်ရယ် … ”
မိုဝူကျီက ရိုးရိုးလေးချီ အသက်ရှင်နေနိုင်ဦးမည့် အကြောင်းကို တွေးမိလိုက်လေသည်။ မိုဝူကျီက သူ့ကိုယ်သူ သတိပေးလိုက်ရသည်။ နောင်အချိန် သူ ထျန်းဂျီဂိုဏ်းသို့ ဝင်သည့်အခါ ရိုးရိုးလေးချီသည် သူပထမဆုံး စောင့်ကြည့်ရမည့် ပုဂ္ဂိုလ် ဖြစ်လေသည်။
သူသတ်လိုက်သည့် ကျင့်ကြံသူက ပြီးပြည့်စုံခြင်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရှိသည်ကို မြင်၍ ရိုးရိုးလေးချီသည်လည်း ကျင့်ကြံဆင့် တူလောက်မည် ဖြစ်ကြောင်း တွေးမိလိုက်သည်။
“ဒါက မတော်တဆ တွေ့ခဲ့တာပါ။ ပြီးတော့ ကျွန်တော်က ဆေးလုံးတွေအကြောင်း ဗဟုသုတနည်းနည်းရှိတော့ မြင်မြင်လိုက်ချင်း အနက်ဆေးလုံးမှန်း တန်းသိလိုက်တာ။ အဲဒါကြောင့် သိမ်းထားလိုက်တာ .. ” မိုဝူကျီက ရိုးရိုးလေးချီနှင့် သူ့စိတ်စွမ်းအားအကြောင်း မပြောလိုက်ပေ။
ဖွားဖွားလင်းလောင်က သူ့ကို ဆက်မမေးတော့ဘဲ သင်္ဘောပျံထဲကိုသာ ဝင်သွားလေသည် “အဲဆို သွားနှင့်တော့မယ်။ ဂရုစိုက်ကြပါ … ”
စကားအဆုံးတွင် သင်္ဘောပျံက အရိပ်သာ ချန်ရစ်ပြီး ကောင်းကင်ပင်လယ်မှ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားလေသည်။
“စီနီယာခေါင်းဆောင်အစ်ကိုကြီး အဲဒီစီနီယာက ကောင်းကင်နယ်ပယ်အဆင့်က စစ်မှန်ခြင်းနတ်ဘုရားအဆင့်ဆိုတာ တကယ်လား .. ”
ဖွားဖွားလင်းလောင် ထွက်သွားသည်နှင့် စန်ယီပင်းက သိချင်စွာ မေးလိုက်တော့သည်။ ဖူချန်းနှင့် ကျန်လူများမှာလည်း မိုဝူကျီကို စိတ်အားထက်သန်စွာ ကြည့်နေလေသည်။ သူတို့အတွက် ကောင်းကင်အဆင့် ကျင့်ကြံသူမှာ ဒဏ္ဌာရီထဲသာ ကြားဖူးသောအရာ ဖြစ်၏။
မိုဝူကျီက ပြုံးကာ “အမှန်ပဲ။ သူမက ကောင်းကင်ဖွေရှာနန်းတော်က ဖွားဖွားလင်းလောင်ပဲ။ အဲဒီစီနီယာနဲ့ တွေ့ခွင့်ရတာကိုက ကျုပ်အတွက် အတော်လေး ကံကောင်းနေပြီ .. ”
“အာ ..” စန်ယီပင်းက နောက်တစ်ကြိမ် ထပ်မေးလိုက်သည် “စီနီယာခေါင်းဆောင် အစ်ကိုကြီး သူမကို ဆက်ဆံရခက်တဲ့ လူလို့ ပြောကြတာ မဟုတ်ဘူးလား .. ”
မိုဝူကျီက ခေါင်းခါပြလိုက်ပြီး “သူမသာ ကြင်နာပြနေရင် တစ်ရက် တစ်ရက် ကျင့်ကြံဖို့ကို အချိန်ရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူမနဲ့ တွေ့ခွင့်မရတဲ့ လူတွေက သူမကို ပုတ်ချကြတာ။ တစ်ခါတလေ လူကိုယ်တိုင် ဆက်ဆံကြည့်မှ သိရတဲ့ အရာတွေရှိတယ် .. ”
ကျောင်းယန်က သဘောတူစွာ ဝင်ပြောလိုက်လေသည် “ဟုတ်တယ် အဲဒီစီနီယာက အရမ်းဖော်ရွေတယ် ကောလဟာလတွေနဲ့ တခြားစီပဲ … ”
စန်ယီပင်းက ခေါင်းညိတ်ပြကာ “အမှန်ပဲ။ သူမက အင်ပါယာငါးခုလုံးမှာ အကြီးမြတ်ဆုံး ဆေးလုံးဆရာပဲ။သူမသာ လူတိုင်းကို ကူညီနေရင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်ထိ ရောက်လာနိုင်မှာ မဟုတ်ဘူး .. ”
မိုဝူကျီက သူ့ကားပျံကို အသက်သွင်းလိုက်ကာ “ဒီနေရာကနေ အရင်ဆုံးထွက်သွားကြရအောင် … ဒီနေရာမှာ အကြာကြီးနေတာက မလုံခြုံဘူး … ”
ဤနေရာတွင် ဖုတ်ကျင့်ကြံသူက တံခါးပိတ် ကျင့်ကြံခဲ့သောကြောင့် မိုဝူကျီက အနည်းငယ် ထူးဆန်းနေကြောင်း ခံစားမိလေသည်။ သူက ဖုတ်ကျင့်ကြံခြင်းအတွက် လိုအပ်ချက်ကို နည်းနည်းသာသိသော်လည်း မြေအောက်တွင် ကျင့်ကြံခြင်းက ဘေးမကင်းမှန်းတော့ သိလေသည်။
အားလုံးက မိုဝူကျီ နောက်လိုက်ကာ ကားပျံထဲ ဝင်သွားကြလေသည်။ သူက ကားပျံကို ထိန်းချုပ်ရင်း ကျွန်းမှ ထွက်လာလိုက်သည်။ ကားပျံက အရမ်းမကြီးမားသော်လည်း လူငါးယောက်က ကျပ်တည်းမနေပေ။ နေရာပင် အနည်းငယ် ချောင်နေလေသေး၏။
သူတို့ငါးယောက်ကား မြန်မြန်ဆန်ဆန် ရင်းနှီးလာလေသည်။ ယခုအခါ သူတို့အားလုံးမှာ ထျန်းဂျီဂိုဏ်းသားများ ဖြစ်နေကြလေ၏။ ကျောင်းယန်က စိတ်ဓာတ်ကျနေဟန် ရှိသည်။ အကြောင်းမှာ သူမက ဤနေရာတွင် အားအနည်းဆုံး ဖြစ်နေ၍ မဟုတ်ဘဲ ချူဝမ်ရွမ်ကို မမေ့နိုင်သေး၍ ဖြစ်သည်။
နေ့ဝက်အကြာတွင် မိုဝူကျီ၏ ကားပျံသည် ပင်လယ်တဝှိုက် လှည့်ပတ်နေလေသည်။
ဤနယ်မြေကို မိုဝူကျီ တစ်ယောက် တစ်နာရီကျော်လောက် ပတ်နေသည်ကို သတိပြုမိ၍ စန်ယီပင်းက မေးလိုက်လေသည် “စီနီယာခေါင်းဆောင်အစ်ကိုကြီး ဘာလို့ ဒီနေရာမှာ ဝေ့နေတာလဲ … ”
မိုဝူကျီက ကျင်းလင်ပေး ဆွဲပေးလိုက်သည့် မြေပုံကို ထုတ်ကာ “ဒါက ကျုပ်ရထားတဲ့မြေပုံပဲ ။ အမှတ်အသားတွေအရ ဒီနေရာမှာ ဘူးသီးပုံကျွန်း ရှိနေရမှာ။ ဒါပေမဲ့လည်း ဒီနေရာမှာ ဘာမှမတွေ့လို့ မြေပုံများ မှားနေတာလားလို့ …. ”
“အာ ဒီမြေပုံမှာလည်း အင်မော်တယ် အမွေအနှစ် တည်နေရာ ပါတယ်ဆိုပေမဲ့ နေရာက ကျွန်မတို့ဆီမှာ ရှိတဲ့ဟာနဲ့ မတူဘူး … ” စန်ယီပင်းက မိုဝူကျီ မြေပုံကို ပထမဆုံး သတိပြုမိသည့်သူ ဖြစ်လေသည်။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ကာ “အင်း အင်မော်တယ် အမွေအနှစ်မြေပုံ ဆိုပေမဲ့ အတုထင်တယ် … ”
“စီနီယာခေါင်းဆောင်အစ်ကို ဒါက အတု မဟုတ်ဘူး။ ကျုပ်က ဒီရောက်နေတာ တစ်လကြာပြီ။ ဒီနေရာမှာ ဘူးသီးပုံကျွန်းကို တကယ်တွေ့ခဲ့တယ်။ ဒါပေမဲ့ အခု တစ်လတာအတွင်း ကျွန်းက ပျောက်ဆုံးသွားပြီ … ” ဖူချန်းလည်း ဝင်ပြောလိုက်လေသည်။
အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြရင်း ဆက်တိုက်ပြောလိုက်ကြသည် “ဖြစ်နိုင်တာ ကျွန်းက မြှပ်သွားတာများလား .. ”
မိုဝူကျီက ထောက်ခံစွာ ပြောလိုက်တော့သည် “ကျုပ်တော့ ရေအောက်ထဲသွားပြီးတော့ ကြည့်ကြည့်ချင်တယ် …. ”
“အတူတူ သွားရအောင်။ အဲဒီမှာ အင်မော်တယ် အမွေအနှစ်ရှိနေနိုင်တယ် … ” စန်ယီပင်း မျက်လုံးတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီး အကယ်၍ ဤနေရာတွင် အင်မော်တယ် အမွေအနှစ်ရှိပါက ထျန်းဂျီဂိုဏ်းကို ပြန်လည်မြှင့်တင်ရေး ကိစ္စသည် ဖြစ်နိုင်ပေ၏။
မိုဝူကျီက ကြိုးကို ထုတ်ကာ ကြိုးရှေ့ကို ဆုပ်ကိုင်ထားလိုက်သည် “အဲဆိုလည်း အတူတူ သွားကြတာပေါ့။ အားလုံး ကြိုးကို သေချာကိုင်ထားကြနော် ကျုပ် ဦးဆောင်သွားမယ် .. ”
ကျောင်းယန်က ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်သော်လည်း စိတ်ဝိညာဉ်တည်ဆောက်ခြင်း နောက်ပိုင်းအဆင့်ထဲ ဖြစ်သည့်အတွက် သူမက ရေအောက်ထဲတွင် အသက်မရှုဘဲ ရက်အနည်းငယ် နေနိုင်ပေလိမ့်မည်။
အားလုံးက ကြိုးကို ကိုင်ထားပြီးနောက် မိုဝူကျီက ကားပျံကို သိမ်းကာ ပင်လယ်ထဲ ခုန်ချလိုက်တော့သည်။ ကျောင်းယန်က ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်သည့်အတွက် မိုဝူကျီနှင့် ကပ်လျက် ရှိနေလေသည်။ မိုဝူကျီ ပြီးလျှင် ဒုတိယအားအကောင်းဆုံး ဖြစ်သည့် ဖူချန်းက ကြိုးနောက်ဆုံးတွင် ရှိ၏။
ပင်လယ်ရေက အလွန်အမင်းအေးစက်နေပြီး အနက်ပိုင်းသို့ရောက်လေလေ ဖိအားများလေလေ ဖြစ်သည်။ မီတာရာဂဏန်းလောက် သွားပြီးနောက်တွင် အားအနည်းဆုံး ကျောင်းယန်က ထပ်၍ တောင့်မခံနိုင်တော့ပေ။ မိုဝူကျီက အသက်ကယ်ယွမ်ဆေးလုံး ထုတ်၍ ကျောင်းယန်ပါးစပ်ထဲ ထည့်ကာ မျိုချခိုင်းလိုက်တော့သည်။
အသက်ကယ်ယွမ် ဆေးလုံးမှာ လူတစ်ယောက်၏ အတွင်းသဘာဝစွမ်းအားများကို လှုံဆော်ပေးနိုင်ရာ အချိန်တိုအတွင်း အင်အားတိုးမြင့်လာစေသည်။ သို့သော်လည်း ဆိုးကျိုးတော့ ရှိလေသည်။ ဆေးလုံးကို မျိုချပြီးနောက် ကျောင်းယန်ခန္ဓာအတွင်းတွင် သဘာဝစွမ်းအားများက ထွက်ပေါ်လာပြီး ရေဖိအားက သိသိသာသာ လျော့နည်းသွား၏။ သူမက မိုဝူကျီကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။ အသက်ကယ်ယွမ် ဆေးလုံးကြောင့်သာ မဟုတ်ပါက သူမက ရေမျက်နှာပြင်အထက်သို့ ပြန်ရောက်သွားပေလိမ့်မည်။ ထိုနေရာတွင် တစ်ယောက်တည်း မလုံခြုံရုံသာမက တခြားလူများ၏ အာရုံစိုက်မှုလည်း ရလိမ့်မည်။
နောက်ထပ် မီတာ ရာဂဏန်းလောက် သွားပြီးနောက်တွင် စန်ယီပင်းနှင့် ဖူချန်းတို့ပင် စတင်၍ ရုန်းကန်လာရသည်။ သူတို့ခြေထောက်များက ပင်လယ်ကြမ်းပြင်ဆီ ရောက်သွားလေပြီ။
အားလုံးက သက်ပြင်းချလိုက်သော်လည်း ဖူချန်းနှင့်တခြားလူများက သူတို့ခြေချထားသည်မှာ ပင်လယ်ကြမ်းပြင်မဟုတ်ဘဲ မြက်များနှင့် နေရာတစ်ခု ဖြစ်ကြောင်း သိရှိသွားကြသည်။ ဖူချန်းက သူတို့ရပ်နေသည့်အရာမှာ ဘူးသီးပုံစံကျွန်းမှန်း အရင်သိလိုက်သည်။ ထိုကျွန်းမှာ ပင်လယ်အောက်သို့ အမှန်တကယ် နှစ်မြှပ်နေလေသည်။
မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် နေရာအနှံ့ ကြည့်လိုက်သောကြောင့် ကျန်လူများထက် ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ သူတို့ရပ်နေသည့် နေရာမှာ ဘူးသီးပုံ ဖြစ်သောကြောင့် ဘူးသီးကျွန်း ဖြစ်ရမည်။
မိုဝူကျီက လက်ဖြင့် အချက်ပြကာ သူ့နောက်မှ လိုက်လာရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူက ဘူးသီးဝင်ပေါက်သို့ စတင်ရွေ့လျားလိုက်တော့သည်။
ကျွန်းမှာ မကြီးလှသည့်အပြင် သူတို့၏ မြန်ဆန်လှသည့် အရှိန်ကြောင့် မိုဝူကျီက အဝင်ဝသို့ အမွေးတိုင်တစ်တိုင်ခန့်အတွင်း ရောက်အောင်သွားနိုင်လေသည်။ သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ထိုသည်က ကျွန်း၏ အဝင်ပေါက် အမှန်ပင် ဖြစ်နေလေသည်။