ဤသို့သော အခြေအနေမျိုးတွင် လူများစွာကို စုစည်းနိုင်သည်က တာ့ရှီရှုန်း စွမ်းရည်သာ ဖြစ်၏။ ကျောက်တံခါးသည် အပြင်ဘက်မှ တိုက်ခိုက်မှုများကြောင့် ပြိုကျသွားမည့်ကိစ္စနှင့် ပတ်သတ်၍ အတွင်းဘက်မှ ကျင့်ကြံသူများ၏ တုံ့ပြန်မှုမှာလည်း မြန်ဆန်လှသည်။ မိုဝူကျီ စကားဆုံးသည်နှင့် အားလုံးက ကိုယ်ပိုင်မှော်ရတနာများ ဆွဲကိုင်ပြီး တံခါးကို တိုက်ခိုက်ကြတော့သည်။
ကျောက်ခန်းမက ဘာမျှ မဖြစ်လျှင်ပင် ကျောက်တံခါးမှာ အားလုံး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သို့သော် ကျောက်ခန်းမကား ကျောက်တံခါးနှင့်အတူ တုန်ခါလာလေသည်။ ထို့ကြောင့် ကျင့်ကြံသူအုပ်စု၏ ပူးပေါင်းတိုက်ခိုက်မှု တစ်ကွက်တည်းဖြင့် တံခါးတွင် အက်ကြောင်းပေါ်လာလေသည်။ အားလုံးက တံခါးကို ဖြတ်၍ အပြေးအလွှား ထွက်သွားကြတော့သည်။ ကံကောင်းလှစွာ ကျောက်လှေကားက ကျန်ရှိနေသေး၏။ တစ်ယောက်ချင်းစီ အပြေးအလွှားတက်သွားကြပြီး မြေကြီးထဲမှ ထွက်လာကြတော့သည်။
အပေါ်တွင် တိုက်ပွဲဖြစ်နေသည့် ကျင့်ကြံသူ နှစ်ယောက်က မြေကြီးထဲမှ လူနှစ်ဆယ်လောက် ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် တိုက်ခိုက်မှုကို ရပ်လိုက်ကြသည်။ မိုဝူကျီ မြင်သည့် ပထမဆုံးပုဂ္ဂိုလ်မှာ ခိုးကိုးရာမဲ့ ဖြစ်နေသည့် ဖွားဖွားလင်းလောင် ဖြစ်လေသည်။ သူမခန္ဓာကိုယ်တွင် သွေးခြောက်များ ပေပွနေကာ အသက်ဝအောင်ရှုရှိုက်ရင်း ကျောက်တုံးကြီးကို မှီထားလေသည်။
သူမ ရန်သူမှာ အနက်ဝတ်အမျိုးသား ဖြစ်ကာ မောပန်းနေရင်း ဒဏ်ရာရထားသည်မှာ အတူတူ ဖြစ်လေသည်။ သူ့အခြေအနေမှာလည်း ဖွားဖွားလင်းလောင်ထက် မကောင်းနိုင်ချေ။
ဖွားဖွားလင်းလောင်က မိုဝူကျီကို တွေ့သည်နှင့် သူမက သက်ပြင်းချလိုက်တော့သည်။ သူမက အနီးအနားတွင် ကောင်းကင်ဖွေရှာနန်းတော်မှ တစ်ယောက်ယောက်ရှိနေမှန်း သိ၍ သူမက ဝမ်းသာသွားလေသည်။ သူမအတွက် ရန်သူလက်ထဲမှ လွတ်မြောက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ပင်လယ်က လေးဘက်လေးတန် ဝန်းရံထားသေး၍ သူမအတွက် တည်နေရာကိုပင် သေချာမပြောပြနိုင်ပေ။ ဤနေရာတွင် တိုက်ခိုက်ရန် ရပ်လိုက်ခြင်းက အလွန်အန္တရာယ်များလှသည်။ သူတို့တိုက်ခိုက်သည်နှင့် သူမက လွတ်မြောက်ဖို့ရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူမက ကောင်းကင်ဖွေရှာနန်းတော်မှ အကူအညီကို အားထားခဲ့ခြင်း ဖြစ်သော်လည်း ရောက်လာသူမှာ မိုဝူကျီ ဖြစ်နေလိမ့်မည်ဟု ထင်ထားပါ့မည်နည်း။ အနည်းဆုံးတော့ အကြီးအကဲတစ်ယောက် သို့မဟုတ် မြေကမ္ဘာအဆင့် ကျင့်ကြံသူနှင့်အထက် ဖြစ်နေလျှင် သူမ အသက်ရှင်နိုင်ခြေ ရှိသေး၏။ သို့သော်လည်း မိုဝူကျီ ပေါ်လာ၍ သူမ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားလေသည်။
အနက်ဝတ်အမျိုးသားက ပေါ်လာသည့် ကျင့်ကြံသူအားလုံးက အလွန်အားနည်းလှ၍ သူနှင့် မယှဉ်နိုင်ကြောင်း သိလိုက်သည်။ ဒုက္ခပေးနိုင်သည့် တစ်ဦးတည်းသောသူမှာ ရက်အတော်ကြာ လိုက်နေခဲ့ရသည့် အမျိုးသမီးသာ ဖြစ်လေသည်။ ထို့ကြောင့် ကျန်အရာအားလုံးက သူမကို သတ်ပြီးသည့်အချိန်အထိ စောင့်ဆိုင်းနိုင်လေသည်။ သို့သော် သူက ဖွားဖွားလင်းလောင်ဆီ ခုန်မဝင်ခင် မိုဝူကျီက အော်ပြောလိုက်သည်
“အားလုံး မြန်မြန် ထွက်မသွားကြနဲ့ဦး။ ဖုတ်ကျင့်ကြံသူက အင်မော်တယ် အမွေရထားတာဆိုတော့ ကျုပ်တို့ကို နှုတ်ပိတ်ဖို့ ကြိုးစားလိမ့်မယ်။ အဲဒါကြောင့် သူထွက်လာတာနဲ့ အတူတူ ချကြစို့ …
တကယ်လို့ ကျုပ်တို့ မအောင်မြင်ခဲ့ရင် နေရာခွဲပြီး ထွက်ပြေးကြမယ်။ ကျုပ်တို့ထဲက တစ်ယောက် လွတ်သွားတာနဲ့ ဖုတ်ကျင့်ကြံသူက သူ့လျို့ဝှက်ချက်ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး … ”
အင်မော်တယ် အမွေအနှစ်
ထိုစကားနှစ်လုံးမှာ ဖွားဖွားလင်းလောင်ကို မှင်တက်သွားစေရုံသာမက အနက်ဝတ်အမျိုးသားလည်း မှင်တက်သွားလေသည်။
အင်မော်တယ် အမွေအနှစ်က ဘာများလဲ … ထိုသည်က ဒဏ္ဍာရီထဲမှ အင်မော်တယ်တွေ ချန်ထားရစ်ခဲ့သော ထိပ်တန်းရတနာ ဖြစ်လေ၏။ သာမာန် ကျင့်ကြံသူများအတွက် ထိပ်တန်းဝိညာဉ်ပစ္စည်း ရရှိခြင်းက သူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာ ဖြစ်လေသည်။ သို့သော် ထိပ်တန်း ဝိညာဉ်ပစ္စည်းများကို အင်မော်တယ် အမွေအနှစ်ရှေ့တွင် အမှိုက်ဟုပင် ယူဆ၍ ရလေသည်။
နောက်နည်းလမ်း တစ်ခုမှာ လူတစ်ယောက်က မည်မျှပင် ဆိုးရွားနေပါစေ သူသာ အင်မော်တယ် အမွေအနှစ်ရရှိပါက သူ့တောင်ပံများကို ဖြန့်၍ ထူးဆန်းအံ့ဩဖွယ် အင်မော်တယ်ထဲမှ တစ်ယောက် ဖြစ်လာနိုင်လေသည်။
“ဘမ်း …”
နောက်ထပ် ပေါက်ကွဲသံ ထွက်ပေါ်လာကာ အလောင်းကောင်၏ အနံ့ဆိုးဆိုးက လေထဲ ပြန့်နှံ့လာလေသည်။
ထိုသည်က အစစ်အမှန် ဖုတ်ကျင့်ကြံသူလား .. အနက်ဝတ်အမျိုးသားက ချက်ချင်းပင် တက်ကြွလာလေသည်။ မိုဝူကျီ ပြောထားသည့်အတိုင်း ထိုဖုတ်ကောင်သည် သူတို့ကို နှုတ်ပိတ်ရန် ရောက်လာခြင်း ဖြစ်ရမည်။
“အားလုံး တိုက်ကြ…”
ဤတစ်ကြိမ်တွင် အင်မော်တယ် အမွေအနှစ်အကြောင်း ဘာမျှ မဆိုဘဲ မိုဝူကျီက သူ့ထျန်းဂျီတုတ်ကို ကိုင်ဆွဲလိုက်တော့သည်။ အင်မော်တယ် အမွေအနှစ်လို ရတနာသည် တစ်သက်မှ တစ်ခါ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ သူသာ ထိုစကားနှစ်လုံးကို ထပ်ခါ ထပ်ခါ ပြောနေလျှင် ကျန်သူများက သူ့အား သံသယဝင်ပေလိမ့်မည်။ အရေးကြီးဆုံးက မိုဝူကျီသည် ဖုတ်ကျင့်ကြံသူကို အင်မော်တယ် အမွေအနှစ်အကြောင်း မသိစေလိုပေ။
ထင်ထားသည့်အတိုင်း မိုဝူကျီနှင့် အပေါင်းအပါများ မတိုက်ခိုက်ခင် အနက်ဝတ်အမျိုးသားက ဖုတ်ကျင့်ကြံသူဆီ ခုန်ဝင်သွားလေသည်။ အင်မော်တယ် အမွေအနှစ်နှင့် နှိုင်းယှဉ်လျှင် ဖွားဖွားလင်းလောင်က ဘာမျှ မဟုတ်ချေ။ အလင်းတန်များက ပြေးထွက်လာသည့်အတွက် ဖုတ်ကျင့်ကြံသူမှာ အနက်ဝတ်အမျိုးသား၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။
မိုဝူကျီက သူတို့ကို ဖုတ်ကျင့်ကြံသူဆီ ချီတက်ဖို့ ပြောသည်ကို မည်သူကမျှ မကြားကြသည့်အတွက် တချို့မှာ အကြမ်းဖျင်း နားလည်သွားကြသည်။ အကြောင်းမှာ သူတို့အတွက် အနက်ဝတ်အမျိုးသားကို ဖုတ်ကျင့်ကြံသူနှင့် ရင်ဆိုင်လိုခြင်း ဖြစ်ကြောင်း သိလိုက်ကြလေသည်။
လူအများက လှည့်ထွက်သွားကြပြီး မကြာခင်တွင် အဝေးရောက်သွားကြလေသည်။ သို့သော်လည်း အများစုမှာ သင်္ဘောမရှိကြောင်း သိ၍ အမှန်အကန် မလွှတ်မြောက်နိုင်မှန်း သတိပြုမိကာ နောက်တွင် နေခဲ့ကြလေသည်။
မိုဝူကျီက ဖွားဖွားလင်းလောင်ဆီ သွားရင်း လေးလေးစားစား ဦးညွှတ်လိုက်ကာ
“အကြီးအကဲ.. စီနီယာ အင်အားက ကျုပ်တို့ထက် အများကြီးသာတယ်ဆိုတော့ ဟိုအနက်ဝတ်အမျိုးသားနဲ့ ဖုတ်ကျင့်ကြံသူတို့ တိုက်နေတဲ့အထဲ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ တကယ်လို့ အဲဒီဖုတ်ကျင့်ကြံသူသာ ထွက်ပြေးသွားရင် အတော်လေး အခက်တွေ့ရလိမ့်မယ် … ”
အနက်ဝတ်အမျိုးသားနှင့် ဖွားဖွားလင်းလောင်တို့က သူတို့အင်အား ဆယ်ပုံတစ်ပုံလောက် ကျန်သည်အထိ တိုက်ခိုက်ထားသော်လည်း မိုဝူကျီက သူတို့ကို ရန်စဖို့ရာ မတတ်နိုင်မှန်း သိ၏။
ဖွားဖွားလင်းလောင်သည် မိုဝူကျီ၏ ကူညီပေးဖို့ရန် တောင်းဆိုသည့် စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားလေသည်။ သူမနာမည်မှာ လင်းလောင်ဖြစ်သည့်အကြောင်းမှာ သူမက တခြားလူများ၏ အမြင်ကို အလွယ်တကူ နားလည်၍ လေ့လာနိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဖွားဖွားလင်းလောင်က မိုဝူကျီ၏ အကြံကို ချီးကျူးမိလိုက်သည်။
ယခုအခါ မိုဝူကျီက သူမကို ကူညီရန် ဖိတ်ခေါ်သည့်အတွက် သူမက တိုက်ခိုက်ဖို့ အင်အားမကျန်တော့သည့် အချက်ကို ထည့်မတွက်လျှင်ပင်
“ငါက အဆိပ်မိနေတာ။ ငါက ဆေးလုံးတွေနဲ့ ထိန်းထားပေမဲ့ အချိန်မှီ ပြန်ကောင်းလာမှာ မဟုတ်လောက်ဘူး။ ဖုတ်ကျင့်ကြံသူက အင်မော်တယ် အမွေတကယ် ရခဲ့တာလား .. ”
ထိုသို့ ကြားပြီး မိုဝူကျီက ဖူချန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်
“အစ်ကိုဖူ .. မြေပုံ ထုတ်ပြလိုက်ပါဦး … ”
ဖူချန်းက တွန့်ဆုတ်နေခြင်းမရှိဘဲ မြေပုံကို မိုဝူကျီဆီ ပေးကာ ဖွင့်ပြလိုက်လေသည်
“အကြီးအကဲ ကြည့်ကြည့်ပါ။ ကျုပ်တို့က ဒီမြေပုံကနေ လိုက်လာကြတာ။ ကျုပ်တို့တွေ အင်မော်တယ် အမွေတွေ့တာနဲ့ ဖုတ်ကျင့်ကြံသူပါ တွေ့လာမယ်လို့ ထင်မထားမိဘူး။ ဖုတ်ကျင့်ကြံသူက အင်မော်တယ် အမွေကို လုယူထားရုံတင်မကဘူး ကျုပ်တို့ကိုလည်း နှုတ်ပိတ်ချင်နေတာ …”
အနက်ဝတ်အမျိုးသားက ဖုတ်ကျင့်ကြံသူနှင့် ရင်ဆိုင်နေစဉ် သူ့စိတ်စွမ်းအားဖြင့် ဖွားဖွားလင်းလောင်ကို ဆက်တိုက် စောင့်ကြည့်နေလေသည်။ သို့သော် သူက ဖုတ်ကျင့်ကြံသူကို အလွှတ်မပေးနိုင်ပေ။
မိုဝူကျီက ဖူချန်းလက်ထဲမှ မြေပုံဖွင့်လိုက်သည့်အခါ သူက စိတ်စွမ်းအားဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ထိုအရာက အတုအယောင်ဖြစ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ထိုသို့သော မြေပုံကို အလောတကြီး ပြုလုပ်၍ မရချေ။ အင်မော်တယ် အမွေအနှစ်က ဤနေရာတွင် ရှိနေနိုင်ကာ မိုဝူကျီ ပြောသည့်အတိုင်း သူတို့တွေ့ရှိသည်ကို ဖုတ်ကျင့်ကြံသူက လုယူသွားသည်က ဖြစ်နိုင်ချေ ရှိလေသည်။ ဖုတ်ကျင့်ကြံသူက သူတို့ကို အရင်မသတ်သေးသည်မှာ ဖုတ်ကျင့်ကြံသူက အင်မော်တယ် အမွေအနှစ်ကို ရှာဖွေထိန်းသိမ်းလို၍ ဖြစ်ရမည်။ အင်မော်တယ် အမွေအနှစ်နှင့် ယှဉ်လျှင် ကျန်သည့်အရာအားလုံးမှာ ဘာမှမဟုတ်ချေ။
အင်မော်တယ် အမွေအနှစ်လို ရတနာမျိုးကို ရှာတွေ့သည်နှင့် တတ်နိုင်သမျှ မြန်မြန် ထိန်းသိမ်းထားသင့်သည်။ မဟုတ်လျှင် တခြားဆီ ရောက်သွားလိမ့်မည်။ မိုဝူကျီနှင့် တခြားလူများကဲ့သို့ ပါးမွှားလေးများအတွက် အင်မော်တယ် အမွေအနှစ်ကို ထိန်းသိမ်းပြီးမှ သတ်လို့ရလေသည်။
အင်မော်တယ် အမွေအနှစ် တည်ရှိမှုကို အတည်ပြုပြီးနောက် အနက်ဝတ်အမျိုးသား၏ တိုက်ခိုက်မှုများက ပြင်းထန်လာလေသည်။ ဖုတ်ကျင့်ကြံသူလည်း ရူးသွပ်တော့မတတ် ဖြစ်နေလေသည်။ သူ့ကျင့်ကြံဆင့်အတွက် ပါးမွှားလေးတချို့ ဖမ်းဆီးပြီး အဆင့်တက်ဖို့ရာ ကြံစည်ထားသော်လည်း ထိုမျှ အားကောင်းသော ကျင့်ကြံသူနှင့် တွေ့လိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။ အကယ်၍ ထိုလူသာ မမောပန်းနေလျှင် သူအသတ်ခံပြီးသည်မှာ ကြာလောက်လေပြီ။ ကံဆိုးလှစွာ သူက မိုဝူကျီအရင်က ပြောသည့်စကားများကို မကြားလိုက်ပေ။ မဟုတ်လျှင် သူ့တွင် အင်မော်တယ် အမွေအနှစ်မရှိကြောင်း ရှင်းပြမိလိမ့်မည်။
မိုဝူကျီက အနက်ဝတ်အမျိုးသား အသည်းအသန် တိုက်ခိုက်နေသည်ကို တွေ့သောကြောင့် ဖွားဖွားလင်းလောင်ကို တီးတိုးမေးလိုက်သည်
“စီနီယာ ဘာအဆိပ်မိထားတာလဲ … ”
ဖွားဖွားလင်းလောင်က မိုဝူကျီသည် သူမကို ကယ်တင်ချင်မှန်း သိသည့်အတွက် သက်ပြင်းချရင်း ဖြေလိုက်လေသည်
“ငါမိလာတဲ့အဆိပ်ကို သိသိလိုက်ချင်း ဖြေဆေးကို ငါကိုယ်တိုင်တောင် မဖော်စပ်နိုင်ခဲ့ဘူး။ အဆင့် ၇ ကောင်းကင်အဆင့် ဆေးလုံး လိုနေတာ။ ဆေးပင်တွေကလည်း အတော်လေး တန်ဖိုးကြီးတယ်။ အနက်ဆေးလုံး .. ”
“စီနီယာက အကြောဆိပ်မိလာတာလား …” မိုဝူကျီက ဖွားဖွားလင်းလောင်ကို ကျောက်စိမ်းပုလင်း လှမ်းပေးရင် ပြောလိုကသ်ည်
“ဒီဆေးလုံးအကွဲလေးကို မြန်မြန် သောက်လိုက်ပါ။ ဖုတ်ကျင့်ကြံသူက အားသိပ်မကောင်းဘူးဆိုတော့ မကြာခင် သေသွားလိမ့်မယ် … ”
“ဒါက အနက်ဆေးလုံးလား .. မင်း .. ”
စကားတချို့ ပြောပြီးနောက်တွင် ဖွားဖွားလင်းလောင်က ဆေးလုံးအကွဲကို ပါးစပ်ထဲ ထည့်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။
အနက်ဝတ်အမျိုးသားက ဖွားဖွားလင်းလောင် ဆေးသောက်လိုက်သည်ကို မြင်ပြီး တစ်ခုခု ခံစားမိကာ သူမဆီ အလင်းတန်း ပစ်လွှတ်လိုက်လေသည်။
မိုဝူကျီက နောက်မဆုတ်တော့ချေ။ သူ့ထျန်းဂျီတုတ်ဖြင့် အလင်းတန်းကို တိုက်ရိုက်ဝှေ့ယမ်းလိုက်တော့သည်။
“ဘမ်း …”
အလင်းတန်းမှ လာသော သဘာဝစွမ်းအားများက နေရာအနှံ့ ပြန့်ကျဲသွားလေသည်။ ထိုစွမ်းအားက မိုဝူကျီကို ဆယ်မီတာလောက် လွှင့်စင်သွားစေသည်။ သို့သော် တစ်ဝက်တစ်ပျက်တွင် ဖူချန်းက သူ့ကို ဖမ်းထားနိုင်လိုက်လေသည်။
အမှန်ပင် တစ်ခုခု ဖြစ်လာလေသည်။ ပြင်းပြင်းထန်ထန် အပြုအမူအနေဖြင့် အနက်ဝတ်အမျိုးသား ခန္ဓာကိုယ်က အနီရောင်တောက်ပလာပြီး သူ့ဝန်းကျင်တွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
“ဘမ်း …”
အနီရောင်အလင်းက ဖုတ်ကျင့်ကြံသူဆီ ရောက်သွားပြီး ဓားနီဖြင့် သူ့ခေါင်းကို ဖြတ်လိုက်လေသည်။ အနက်ဝတ်အမျိုးသား လက်သည်းအောက်တွင် ဖုတ်ကျင့်ကြံသူကား အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလေသည်။
ထို့နောက် ဖွားဖွားလင်းလောင်က မျက်လုံးပြန်ဖွင့်လာပြီး လေထဲသို့ ခုန်ဝင်လိုက်သည့်အခါ ထောက်တိုင်သုံးခုပါသည့် ဒယ်စောက်က အနက်ဝတ်အမျိုးသား နောက်ကျောဘက်သို့ ပြေးဝင်သွားလေသည်။
သူ့ရှေ့မှ အဖြစ်အပျက်များကို ကြည့်ပြီး မိုဝူကျီက ကြောင်သွားမိသည်။ ရှီကျင်းဝမ်၏ ဒယ်စောက်သုံး၍ တိုက်ခိုက်ခြင်း နည်းလမ်းမှာ ဖွားဖွားလင်းလောင်ဆီမှ လက်ဆင့်ကမ်း ရလာကြောင်း ဖြစ်ရမည်ဟု တွေးလိုက်မိသည်။
“ဘမ်း .. ”
ဧရာမ ဒယ်စောက်ကြီးက အနက်ဝတ်အမျိုးသား နောက်သို့ ထိမှန်သွားရာ သွေးများပင် အန်ထွက်လာစေသည်။
ထိုသို့ ဖြစ်နေလျှင်ပင် အနက်ဝတ်အမျိုးသားက ဖွားဖွားလင်းလောင်ဘက် လှည့်၍ မခုခံဘဲ ဖုတ်ကျင့်ကြံသူပေါ်မှ အရာအားလုံးကို ဆွဲကာ အနီရောင်အလင်းနှင့် ပျောက်ကွယ်သွားလေသည်။
မိုဝူကျီက ပါးစပ်ဟောင်းလောင်း ဖြစ်သွားကာ ထိုသို့သော စွမ်းရည်မျိုးကား သူ့စိတ်ကူးထက်ပင် ကျော်လွန်နေသေး၏။ အနက်ဝတ်အမျိုးသား ထွက်သွားသည်နှင့် သူက အာကာသနှင့်အချိန် လှိုင်းတွန့်လေး တစ်ခုကို ခံစားမိလိုက်သည်။ သူသည် ထိုလူဦးတည်သွားသော နေရာကို မသိလိုက်ချေ။
တစ်ဖက်မှ ဖွားဖွားလင်းလောင်က သက်ပြင်းချလိုက်ကာ ကျေးဇူးတင်စွာ ပြောလိုက်သည်
“မိုဝူကျီ ဒီနေ့ ငါ့ကို မင်းကယ်ခဲ့တာပဲ .. ”
“အကြီးအကဲ တကယ်တော့ ကျွန်တော်တို့က အချင်းချင်း အပြန်အလှန် ကူညီခဲ့တာပါ။ တကယ်လို့ စီနီယာသာ တံခါးကို မပေါက်ကွဲစေခဲ့ရင် ကျွန်တော်တို့ အဲဒီဖုတ်ကျင့်ကြံသူ လက်ထဲ သေတာ ကြာနေလောက်ပြီ။ ဒါနဲ့ အနက်ဝတ်အမျိုးသားက ဘယ်လိုထွက်သွားတာလဲ … ”
မိုဝူကျီက အနက်ဝတ်အမျိုးသား ထွက်ပြေးသွားသည့်နည်းလမ်းကို အံ့ဩနေဆဲ ဖြစ်သည်။
“သူက ငါ့ရဲ့ ဒယ်စောက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားလို့ လွတ်မြောက်ရေ နည်းလမ်းကို အသုံးပြုပြီး ထွက်သွားတာပဲ။ လွတ်မြောက်ရေ နည်းလမ်းက သဘာဝအခြေခံငါးမျိုးထဲက တစ်ခုပဲ ပြီးတော့ ကောင်းကင်ကျင့်စဉ်ထဲ ပါတယ်။ တိုင်းတာလို့မရတဲ့အထိ တန်ဖိုးကြီးတယ်။ ငါတို့ ကောင်းကင်ဖွေရှာနန်းတော်မှာတောင် အဲဒီလို တစ်ခုမှ မရှိဘူး …”
ဖွားဖွားလင်းလောင်က ရှင်းပြလိုက်လေသည်။
ဖုတ်ကျင့်ကြံသူက အသတ်ခံရပြီးပြီ ဖြစ်ရာ အနက်ဝတ်အမျိုးသားလည်း ထွက်ပြေးသွားလေပြီ။ မိုဝူကျီက အဆင့်မြင့်ကျင့်ကြံသူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နေလေသည်။ ကျင့်ကြံသူအများစုက လာနှုတ်ဆက်ကြပြီး ကျွန်းမှ ထွက်သွားနိုင်ရန် ကိုယ်ပိုင်အရည်အချင်းအပေါ်သာ မှီခိုရလိမ့်မည်။
ဖွားဖွားလင်းလောင်က ကျင့်ကြံသူများသည် မိုဝူကျီကို လာနှုတ်ဆက်ကြပြီး တချို့မှာ သူ့ကို တာ့ရှီရှုန်းဟုပင် ခေါ်ဆိုသွား၍ သူမက စိတ်ရှုပ်ထွေးသွားလေသည်။ သူမ လေ့လာမိသလောက် မိုဝူကျီ အရည်အသွေးမှာ သာမာန် ဖြစ်လေသည်။ သို့သော် သူမက ကောလဟာလအကြောင်း မကြားမိသောကြောင့် တာ့ရှီရှုန်းသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း လွတ်သွားလေ၏။
ကျောင်းယန်က ချီဝမ်ရွမ် အကြည့်ကို မြင်သောအခါ သူမက စိတ်ကို ခိုင်ခိုင်ထား၍ နေရစ်ခဲ့လေသည်။ ပထမတစ်ကြိမ် အလိမ်ခံရလျှင် ထိုသူ့အမှား ဖြစ်ကာ ဒုတိယအကြိမ် လှည့်ဖျားခံရပါက မိမိအပြစ်သာ ဖြစ်လေသည်။
ကျောင်းယန်နှင့် ဖူချန်းမှ လွဲ၍ မိုဝူကျီကို ရှေ့ထွက်ကူညီကြသော အမျိုးသားနှင့် အမျိုးသမီးတို့လည်း ထွက်မသွားကြသေးချေ။
“ခင်ဗျားတို့နှစ်ယောက်က ကျုပ်ကို ပြောစရာရှိသေးလို့လား ..”
ထိုလူနှစ်ယောက် ထွက်မသွားသေးသည်ကို မြင်ပြီး မိုဝူကျီက သူတို့သည် သူ့အား နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်သည့်အကြောင်းထက် ပိုသိနေလိမ့်မည်ဟု ခံစားမိလိုက်သည်။