ပြောလိုက်သူမှာ မေးချွန်ချွန်နှင့် အမျိုးသား ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအားများ လွှမ်းခြုံထားလေ၏။ မိုဝူကျီအတွက် ယွမ်ဒန်အဆင့် ကျင့်ကြံသူများနှင့် တွေ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ အကြည့် တစ်ချက်တည်းဖြင့် ထိုသူ အဆင့်သည် ဂျုချီဂျန်းထက် များစွာ မြင့်ကြောင်း ခံစားမိလိုက်သည်။
သူက လက်ရှိလူနှစ်ဆယ်ကို ကြည့်လိုက်ပြီး မိုဝူကျီက ထိုမေးချွန်ချွန်လူသည် အားအကောင်းဆုံး ဖြစ်ကြေင်း သေချာသွားလေသည်။
ကျောက်ခန်းမကား အလွန်နေရာကျယ်ဝန်း၍ မိုဝူကျီတို့ အဖွဲ့ တဲနားသို့ ကပ်လာလျှင်ပင် သူတို့က မည်သူ့ကိုမှ နှောင့်ယှက်မိမည် မဟုတ်ပေ။ ထို့ကြောင့် အသံစူးစူး ထွက်လာသည်နှင့် ဖူချန်းက သူ့နောက်ကျောမှ ဓားကို ဆွဲထုတ်လိုက်လေသည်။ သူက မိုဝူကျီကို တစ်ချက် ကြည့်လိုက်လေသည်။ မိုဝူကျီသာ တိုက်ခိုက်လျှင် သူက နောက်က ထပ်ချပ်မကွာ လိုက်မည် ဖြစ်သည်။
မိုဝူကျီ အဆင်ပြေနေသည်ကို မြင်၍ နှုတ်ဆက်ချင်သည့် ကျန်းရှားပိုင်က ချက်ချင်း ပါးစပ်ပိတ်သွားလေသည်။ အကြောင်းမှာ သူတို့က မိုဝူကျီ ထက် စောရောက်နေ၍ မိုဝူကျီကို အမိန့်ပေးနေသူမှာ အားကောင်းသည့် ကျင့်ကြံသူ ဖြစ်ကြောင်း သိ၏။ ထို့ကြောင့် သူက မိုဝူကျီနှင့် ရင်းနှီးနေကြောင်း မပြလိုပေ။
“ခဏ ..”
မိုဝူကျီက ဖူချန်းကို ရပ်တန့်စေလိုက်ပြီး သူ့စိတ်စွမ်းအားကို တဲဆီ ပို့လွှတ်လိုက်လေသည်။ တဲကို အလွှာအထပ်ထပ်နှင့် ကာရံထားသည့်အတွက် သူ့စိတ်စွမ်းအားမှာ အပေါ်ယံသာ ထိုးဖောက်နိုင်လေသည်။ မိုဝူကျီက ထိုတဲသည် တစ်ခုခု ထူးဆန်းနေကြောင်း ခံစားမိ၏။
တဲအတွင်းတွင် သွေးဆာနေသည့် အငွေ့အသက်ရှိကာ အလောင်းပုပ်၏ အငွေ့အသက်များပင် ရနေလေသည်။ မိုဝူကျီက တဲကို သေချာမသိသော်လည်း ရတနာမရှိကြောင်းတော့ သေချာလေသည်။ သူက သင်္ဘောပေါ်မှ ကျင့်ကြံသူ တစ္ဆေကို နှိမ်နှင်းလာခါစ ဖြစ်သောကြောင့် ထိုသို့သောအရာမျိုးကို အာရုံခံစားလွယ်နေလေသည်။
တဲအတွင်းမှ ယင်စွမ်းအားမှာ မသိပ်သည်းလှပေ။ ထို့ကြောင့် ကျင့်ကြံသူ တစ္ဆေတော့ မဟုတ်လောက်ချေ။ သို့သော် အားလုံးက မြေပုံအတူတူ ရထားကြသည့်အတွက် ထိုမြေပုံက မည်သို့ ထွက်ပေါ်လာသနည်း။ တစ်ယောက်ယောက်က သူတို့ဆီ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးခဲ့ခြင်း ဖြစ်ရမည်။ ထို့ကြောင့် တဲအတွင်းတွင် ကျင့်ကြံသူ တစ္ဆေ မဟုတ်လျှင် မိုဝူကျီက ထင်ထင်ရှားရှား မဖြစ်လိုပေ။
“နောက်ဆုတ်ပြီး ပြန်ကြစို့ ... ”
မိုဝူကျီက အားလုံးအကြည့်များကိုလည်း ဂရုစိုက်မနေနိုင်ပေ။ အမှန်ပင် ခြေလှမ်းများ ဆုတ်လိုက်လေသည်။
မိုဝူကျီကို သိသည့် ဘုန်းကြီးက ရုတ်တရက် ထမေးလိုက်လေသည်
“ဆရာမိုတို့ သင်္ဘောပေါ်က ရတနာတွေများ ရလာကြတာလား။ ဖူချန်းဆီမှာ ဘယ်လိုလုပ် သိုလှောင်အိတ်ရှိနေတာလဲ .. ကိုယ်တော်တောင် ဒကာဆီ မှီခိုသွားချင်မိပြီ။ ကိုယ်တော်ကိုလည်း သိုလှောင်ရေး ရတနာ ပေးမလား .. ”
ထိုစကားတစ်ခွန်းဖြင့် အားလုံး၏ အကြည့်များက သူတို့သုံးယောက်ဆီ နောက်တစ်ဖန် ရောက်ရှိလာပြန်သည်။
“မင်းတို့တွေက အခွင့်ကောင်းနဲ့ ကြုံခဲ့တာကိုး ... ”
မေးချွန်ချွန်လူက မိုဝူကျီကို မေးလိုက်သည်။
“မင်းလည်ပင်းက ဘာကြီးလဲ။ ကြည့်ရအောင် ချွတ်လိုက်စမ်း .. ”
သူ့အကြည့်က မိုတူကျီခါးရှှိ သိုလှောင်အိတ်ဆီကနေ လည်ပင်းမှ သိုလှောင်လက်စွပ်အထိ ရောက်သွားလေသည်။
“ခင်ဗျားတို့ တိုက်မယ်ဆိုလည်း လာကြ ... လျှောက်ပြောမနေကြနဲ့ ...”
နောက်စက္ကန့်ပိုင်းလေးအတွင်း မိုဝူကျီ လက်ထဲတွင် ထျန်းဂျီတုတ် ပေါ်လာလေသည်။ အစပိုင်းတွင် သူက မတိုက်ခိုက်ချင်သည့် အကြောင်းအရင်းမှာ တဲအကြောင်းများစွာ မသိသေး၍ ဖြစ်သည်။ သို့သော် သူ့သိုလှောင်လက်စွပ်ကို မျက်စိကျနေကြသည့် လူများရှိနေသည့်အတွက် သူတို့နှင့် ရင်ဆိုင်ရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ စိတ်ထဲတွင် သူက အတော်လေး အခက်တွေ့နေလေသည်။ သူက သိုလှောင်လက်စွပ်ကို လည်ပင်းတွင် ချိတ်ဆွဲထားသော်လည်း သတိထားမိသူများ ရှိနေသေးလေ၏။
သို့သော်လည်း မိုဝူကျီက ဘုန်းကြီးသည် လူပြောင်တစ်ယောက် မဟုတ်ကြောင်း တစ်ချက်တော့ သေချာသွားလေသည်။ သူက နောက်ဆုတ်သွားပြီ ဖြစ်ရာ တိုက်ပွဲကို ဝင်မတိုက်ချေ။ ထို့ကြောင့် ဘုန်းကြီးက သူနှင့် ယွမ်ဒန်အဆင့် ကျင့်ကြံသူကြား မီးစညှိပေးရုံသာ ဖြစ်လေသည်။
ဖူချန်းက ဓားကို ထုတ်ရင်း မိုဝူကျီ ဘေးတွင် ရပ်နေလေသည်။ သူတို့က မိတ်ဆွေတွေ ဖြစ်သည့်အတွက် သူက ထိုတိုက်ပွဲတွင် သေချာပေါက် ဝင်ပါရမည်။ ကျောင်းယန်က အားနည်းသော်လည်း သူမလည်း မှော်ရတနာတစ်ခုကို ဆွဲကိုင်ကာ သူတို့နှစ်ယောက်နောက်တွင် ရပ်နေလေသည်။
“ငါတို့လည်း ပါတယ် ..”
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က ပြောရင်း မိုဝူကျီဘေး ဝင်ရပ်လိုက်လေသည်။
ထိုနှစ်ယောက်ကို နားမလည်စွာ ကြည့်လိုက်ရင်း သူအနေဖြင့် သူတို့ကို တစ်ခါမှ မမြင်ဖူးကြောင်း သေချာ၏။ သို့သော် သူတို့က အဘယ်ကြောင့် ကူညီပေးသနည်း။ ထို့အပြင် တိုက်ပွဲက ယွမ်ဒန်အဆင့် ကျင့်ကြံသူနှင့် ဖြစ်နေသေးလေသည်။
“တာအိုရောင်းရင်းနှစ်ယောက်ကို ကျုပ်တော့ မတွေ့ဖူးဘူး ...”
မိုဝူကျီက မေးကြည့်လိုက်တော့သည်။
အမျိုးသမီးက လေးစားစွာ ဦးညွှတ်၍
“တာ့ရှီရှုန်းက ကျွန်မတို့ကို မသိပေမဲ့ ကျွန်မတို့က တာ့ရှီရှုန်းကို ကြည့်နေတာ ကြာလှပါပြီ .. ကျွန်မက စန်ယီပင်းပါ။ ဒါကတော့ ကျွန်မရဲ့ ဂိုဏ်းတူအစ်ကို နှဲ့ကျန်းနွန်ပါ . ..”
စန်ယီပင်းဘေးတွင် ရပ်နေသည့် အမျိုးသားက လေးလေးစားစား နှုတ်ဆက်လိုက်လေသည် “နှဲ့ကျန်းနွန်က တာ့ရှီရှုန်းကို နှုတ်ဆက်ပါတယ် ... ”
နောက်ထပ် တာ့ရှီရှုန်း အခေါ်ခံရတုန်းလား ....
မိုဝူကျီက သူ့လက်ထဲမှ ထျန်းဂျီတုတ်ကို ကြည့်ပြီး လက်ရှိအခြေအနေများကို နားလည်သွားလေသည်။ သူတို့သည် သူ့ကို နာမည်ကျော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း အမှတ်ရသွားဟန် ရသည်။
“ဒီလိုဆိုမှတော့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ အားလုံး အရင်မတိုက်ကြသေးနဲ့ဦး နောက်မှာပဲ နေပြီး ကူပေးပါ ... ”
မိုဝူကျီက ပြောရင်း ခေါင်းညိတ်ပြလိုက်သည်။
မေးချွန်ချွန်အမျိုးသားက ဂျူချီဂျန်းထက် အဆင့်မြင့်သည့် ယွမ်ဒန်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း အင်အားချင်းဖြင့် သူက ဂျူချီဂျန်းထက် အားမကောင်းနိုင်ပေ။ မိုဝူကျီက ဂျူချီဂျန်းကို သတ်နိုင်ခဲ့၍ ထိုလူကို သိပ်စိတ်ထဲထားစရာ မလိုပေ။
စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က မိုဝူကျီ ဘေးတွင် ရပ်နေသည့်အခါ မေးချွန်လူက တစ်ခုခုကိုအမှတ်ရသွားဟန်ဖြင့် သူက မိုဝူကျီလက်ထဲမှ ထျန်းဂျီတုတ်ကို သေချာကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ဦးညွှတ်လိုက်ကာ
“ခင်ဗျားကို ရန်စမိတာ တောင်းပန်ပါတယ်။ ဒီမှာပဲ ဆက်နေနေ ဒါမှမဟုတ် ထွက်သွားမယ်ဆိုလည်း မိတ်ဆွေ လုပ်ချင်သလိုသာ လုပ်ပါဗျာ ”
ထိုစကားကို ကြားပြီးနောက် အားလုံးက ကြောင်သွားကြသည်။ အလယ်အလတ်အဆင့် ယွမ်ဒန်ကျင့်ကြံသူဖြစ်သည့် မေးချွန်ချွန်လူက ဤနေရာတွင် အားအကောင်းဆုံးလူ ဖြစ်သော်လည်း ဒေါသထွက်သည့်အခါ အရာအားလုံးကို လျှစ်လျူရှုမိလိုက်လေသည်။ ယွမ်ဒန်အဆင့် ကျင့်ကြံသူက ထိုသို့စကားမျိုး ပြောသည်က တောင်းပန်မှုနှင့် တူညီလေသည်။ သို့သော် မိုဝူကျီတွင် ဝိညာဉ်စွမ်းအားများမရှိသည့်အပြင် ငယ်ရွယ်သေးသည့်အတွက် အများဆုံး လူသားအဆင့်လွန် အခြေခံအဆင့်သာ ရှိလိမ့်မည်။ လူသားအဆင့်လွန် ကျင့်ကြံသူ တစ်ယောက်က ယွမ်ဒန်အဆင့် ကျင့်ကြံသူ တောင်းပန်အောင် ဘယ်လိုများ လုပ်ခဲ့သနည်း။
စန်ယီပင်းက ပုံမှန်ဖြစ်နေကျ ကိစ္စလိုမျိုး တည်တည်ငြိမ်ငြိမ် ရှိနေလေသည်။ အကယ်၍ မိုဝူကျီသာ ထိုမျှ မစွမ်းဆောင်နိုင်ပါက သူက လူများစွာမှ တာ့ရှီရှုန်းခေါ်ဆိုခံရမှာ မဟုတ်ပေ။ သို့မဟုတ် နာမည်ကျော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်လာမည် မဟုတ်ပေ။ ထို့အပြင် သူမ မွေးစားအဖေက သူ့ကို ထျန်းဂျီဂိုဏ်းခေါင်းဆောင်အဖြစ် သတ်မှတ်ပေးခဲ့သေးသည် မဟုတ်ပါလော ...
သူ့ရန်သူက မတိုက်လိုတော့သည်ကို တွေ့သောအခါ မိုဝူကျီလည်း မတိုက်တော့ပေ။ သူက မေးချွန်ချွန်လူသည် သူ့ကို မှတ်မိသွားကြောင်း သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ သူ့ထျန်းဂျီတုတ်က အတော်လေး သိသာနေဟန် ရှိသည်။
“သွားကြစို့ ..”
သူတို့က မတိုက်လိုသောကြောင့် မိုဝူကျီက လှည့်ထွက်လိုက်သည်။
မိုဝူကျီ ထွက်သွားသည်ကို တွေ့၍ ဖူချန်းနှင့် ကျောင်းယန်တို့က အမြန်အဆန် လိုက်ပါသွားကြသည်။ သူတို့က မိုဝူကျီနောက် လိုက်ပါသွားသောကြောင့် မိုဝူကျီသည် အင်မော်တယ်နယ်မြေထက်ပင် ဆွဲဆောင်မှုပိုရှိသွားလေသည်။
ထူးဆန်းသည့် “ဟီးဟီး” ဟူသော ရယ်သံက အခန်းအတွင်း ပဲ့တင်ရိုက်လာကာ ထိုအသံက လူအများအား အဆင်မပြေဖြစ်စေသည်
“ဒီနေရာမှာ မင်းတို့အားလုံး စုစည်းထားဖို့ အရမ်းခက်ခဲတာဆိုတော့ မင်းတို့တွေ ထွက်မသွားသင့်ဘူး ... ”
အသံရပ်သွားသည်နှင့် တဲအလယ်မှ စတင်၍ ဖြည်းဖြည်းချင်း ဖွင့်လာပြီး အက်ကြောင်းအသေးလေး ဖြစ်ပေါ်လာလေသည်။ ထိုအက်ကြောင်းက ပိုပို၍ ကြီးမားလာကာ တဲပင် ထိုအရာကို ဖုံးမထားနိုင်တော့ပေ။
တဲကို ဝန်းရံနေကြသည့် ကျင့်ကြံသူ အားလုံးက နောက်ဆုတ်လိုက်ကြသည်။ တချို့မှာ ကျောက်တံခါးဖွင့်ရန် အပြေးအလွှား သွားကြသော်လည်း တံခါးကား တုတ်တုတ်မျှ မလှုပ်ပေ။
“အခြေအနေတွေ မကောင်းတော့ဘူး။ ဟူး … ကျုပ်တို့တွေ လောဘကြီးမိသွားတယ် ..”
မိုဝူကျီ ဘေးတွင် ရပ်နေသည့် ဖူချန်းက သက်ပြင်းချလိုက်တော့သည်။
သို့သော်လည်း စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က မိုဝူကျီကို ကြည့်လိုက်သည့်အခါ သူတို့ဂိုဏ်းချုပ်တွင် အမြင်ကောင်းရှိကြောင်း နှစ်ယောက်လုံး အံ့အားသင့်မိသွားကြသည်။ သူတို့က မိုဝူကျီသည် ယွမ်ဒန်အဆင့် ကျင့်ကြံသူနှင့် ရင်မဆိုင်လိုသည့်အခါ ဘာမျှ ထူးဆန်းလှသည်ဟု မတွေးမိပေ။ သို့သော်လည်း မိုဝူကျီက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သိသောအခါ ထိုသည်က သူ့တို့အတွက် မစဉ်းစားတတ်တော့ပေ။
ယခုအခါမှ သူတို့သည် အဖြစ်အပျက်ကို နားလည်သွားတော့သည်။ မိုဝူကျီက ယွမ်ဒန်အဆင့် ကျင့်ကြံသူကို ကြောက်ရွံ့နေခြင်းမဟုတ်ချေ။ ထို့အစား တဲနှင့်ပတ်သတ်၍ တစ်ခုခု မှားယွင်းနေကြောင်းကို ခံစားမိ၍သာ ဖြစ်၏။ သို့သော်လည်း သူတို့က တဲအနီးအနားတွင် အချိန်အတော်ကြာ ရပ်နေခဲ့သော်လည်း ဘာပြဿနာမှ မခံစားမိကြပေ။
“တာ့ရှီရှုန်းရဲ့ လေ့လာဆန်းစစ်နိုင်စွမ်းက အမှန်တကယ်ကို ထိပ်တန်းပဲ။ ဒီဲဂျူနီယာက စီနီယာဆီက သင်ယူဖို့ ဆန္ဒရှိပါတယ် .. ”
တဲမှ အက်ကြောင်းက ကြီးမားလာသည်ကို တွေ့ပြီး မိုဝူကျီဘေး ပထမဆုံးရောက်လာသူမှာ မေးချွန်ချွန် ယွမ်ဒန်အဆင့် ကျင့်ကြံသူ ဖြစ်နေ၏။
တာရှီရှုန်းတဲ့လား ..
လူသားအဆင့်လွန် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် သူလည်း မိုဝူကျီဆီ အပြေးအလွှားရောက်လာကာ ခေါ်လိုက်တော့သည်
“တာ့ရှီရှုန်း ဒီဂျုနီယာလဲ စီနီယာဆီက သင်ယူဖို့ ဆန္ဒရှိပါတယ် … ”
ဤတာ့ရှီရှုန်းကို မကြားဖူးကြသော ကျန်ရှိနေသူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြလေသည်။ သို့သော်လည်း လက်ရှိတွင် အားအကောင်းဆုံ ဖြစ်နေသည့် မေးချွန်ချွန်လူက မိုဝူကျီဆီ ချည်းကပ်သွားသောကြောင့် ကျန်လူများက နောက်မှလိုက်ကာ မိုဝူကျီကို သူတို့၏ တာ့ရှီရှုန်းအဖြစ် သတ်မှတ်လိုက်ကြတော့သည်။ ထို့နောက် သူ့နောက် လာရပ်နေကြသည်။
“ဆရာမို … ဒီကိုယ်တော်က တစ်ခါက ဒကာရဲ့နာမည်ကို ဖြန့်ဝေပေးချင်တဲ့အကြောင်း ကျိန်ဆိုဖူးပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က လာရန်စရင် ကိုယ်တော်နဲ့ အရင်ဦးဆုံး တွေ့သွားစေရမယ် … ”
ဘုန်းကြီးက ယုံကြည်ချက်အပြည့်ဖြင့် မိုဝူကျီ ဘေးတွင် ရပ်ရင်း ပြောလိုက်သည်။
အဖြစ်အပျက်အားလုံးအပြီးတွင် မိုဝူကျီက ပြောစရာရှာမတွေ့ ဖြစ်သွားလေတော့သည်။ မူလက သူ့အကြံစည်သည် ထွက်ပြေးရန် ဖြစ်သော်လည်း သူက အဖွဲ့ခေါင်းဆောင် ဖြစ်လာလေသည်။
“တာ့ရှီရှုန်း အထဲက ဘာများလဲ … ”
မိုဝူကျီနှင့် အနီးဆုံးတွင် ရှိသည့် စန်ယီပင်းက တဲကို ကြည့်ရင်း မေးလိုက်သည်။
မိုဝူကျီလည်း တဲကို ကြည့်ပြီး လေ့လာနေရင်း ပြန်ဖြေလိုက်သည်
“အထဲမှာ အားကောင်းတဲ့ ဖုတ်ကျင့်ကြံသူ ရှိတယ်။ ကျောက်လှေကားနဲ့ ဒီနေရာက သူ ဖုတ်ကောင်ကျင့်ကြံခြင်း မစခင် ကိုယ်တိုင် ဆောက်ထားတာပဲ .. ”
အားလုံးက ထိုစကားကြားသောအခါ ကျောရိုးတစ်လျောက် ချမ်းစိမ့်စိမ့်ဖြစ်သွားကာ သူ့တို့ခေါင်းများပင် ကျိန်းလာသလို ခံစားလိုက်ရသည်။
ကျင့်ကြံသူ တစ္ဆေ သို့မဟုတ် ယင်ကျင့်ကြံသူတို့နှင့် ယှဉ်လျှင် ဖုတ်ကျင့်ကြံသူ ဖြစ်ဖို့က များစွာ ခက်ခဲလှသော်လည်း ကျင့်ကြံဆင့်တူသည့်သူများတွင် ဖုတ်ကျင့်ကြံသူက အားအကောင်းဆုံး ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ အကြောင်းမှာ သူတို့တွင် တာရှည်ခံသည့်အပြင် အဆိပ်ပြင်းသော ခန္ဓာကိုယ်ပိုင်ဆိုင်ကြသောကြောင့် ဖြစ်လေသည်။
“ဟီးဟီး … ကောင်လေး မင်းက တော်တော်သိတာပဲ ..”
တဲအထဲမှ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာကာ အက်ကြောင်းက ပွင့်လာလေသည်။
“တာ့ရှီရှုန်း ကျုပ်တို့ ဘာလုပ်သင့်လဲ ..”
မေးချွန်ချွန်လူက အတော်လေး စိုးရိမ်လာမိသည်။ သူက မိုဝူကျီကို အားထားဖို့ ရွေးချယ်လိုက်ခြင်းမှာ မိုဝူကျီသည် သူ့တာ့ရှီရှုန်းဟု သတ်မှတ်ထားသော နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သိ၍ ဖြစ်သည်။
နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် စစ်မှန်ရေအဆင့် ၉ တွင် ရှိသော ရှီကျင်းဝမ်ကို စစ်မှန်ခြင်း နတ်ဘုရား တစ်ပိုင်းအဆင့်ရှိ နယ်ခြားကျင့်ကြံသူကို သတ်ဖို့ရာ ကူညီပေးခဲ့သည့် အကြောင်းမှာ ကောလဟာလ မဟုတ်ပေ။ ရှီကျင်းဝမ်ကိုယ်တိုင် အတည်ပြုထားပြီးပြီ ဖြစ်သည်။
သူက မည်မျှ အားကောင်းစေကာမူ သူက ယွမ်ဒန်အလယ်အလတ်အဆင့်တွင်သာ ရှိသေး၏။ စစ်မှန်ခြင်းနတ်ဘုရားတစ်ပိုင်းအဆင့်ကို သတ်ခဲ့ဖူးသော နယ်လှည့် ကျင့်ကြံသူကို သူက မည်သို့ ဆန့်ကျင်ရမည်နည်း။ ရှီကျင်းဝမ်က အပြည့်အဝ ထောက်ပံ့ထားလျှင်ပင် ထိုသို့သတ်ဖို့ရာက သူ့လုပ်နိုင်သော အရာတော့ မဟုတ်ချေ။
မိုဝူကျီက ပြောခါနီးတွင် သူ့သိုလှောင်အိတ်မှ ကျောက်စိမ်းပြားက တုန်ခါလာလေသည်။
သူက ကျောက်စိမ်းပြားကို အမြန်အဆန် ထုတ်ယူလိုက်သည်။ ထိုသည်က ကောင်းကင်ဖွေရှာနန်းတော် တပည့်အမှတ်အသားပြား ဖြစ်လေသည်။ အကယ်၍ တုန်ခါလာပါက ကောင်းကင်ဖွေရှာနန်းတော်မှ တစ်ယောက်က အနီးအနားတွင် ရှိနေကြောင်း ပြသခြင်း ဖြစ်၏။ တွန့်ဆုတ်နေခြင်းအလျှင်းမရှိစွာ သူက တစ်ဖက်လူကို သူ့တည်နေရာ ပြသရန် ကျောက်စိမ်းပြားကို အသက်သွင်းလိုက်တော့သည်။
သူလည်း အကူအညီတောင်းခံရလိမ့်မည်။ သူသာ ကျောက်တံခါးကို မဖွင့်နိုင်ပါက ဖွင့်ဖို့ရာ အလွန်ခက်ခဲကြောင်း မှန်းဆမိလေသည်။
“ဘမ်း ..”
ကြောက်မက်ဖွယ် ပေါက်ကွဲမှုက သူတို့ခေါင်းအထက်မှ ဖြစ်ပေါ်လာလေသည်။ ထို့နောက်တွင် ကျောက်နံရံများက အဆက်မပြတ် တုန်ခါလာလေသည်။ နံရံပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး ကျောက်တုံးများပင် ပြုတ်ကျလာလေသည်။ မိုဝူကျီက ချက်ချင်း အော်ပြောလိုက်လေ၏
“အားလုံး ကျောက်တံခါးကို အတူတူ တိုက်ကြစို့ … ”