ကျောင်းယန်ဆီ ပေးလိုက်သည့်အိတ်ထဲတွင် အဝတ်အစားအချို့ပါလေသည်။ ထိုအဝတ်များက မိုးကြိုးမြူတောတွင် ပဝါမည်းနှင့် အမျိုးသမီး၏ သိုလှောင်လက်စွပ်မှ ရထားသော ပစ္စည်းများ ဖြစ်လေသည်။ ကျောင်းယန် အဝတ်များက စုတ်ပြဲနေပြီး သူမနောက်ကျောလည်း ပေါ်နေသည့်အတွက် ထိုအဝတ်များကို ပေးလိုက်ခြင်း ဖြစ်သည်။
“ဒါတွေက အရမ်းကို တန်ဖိုးကြီးလွန်းတယ်။ ကျုပ် ဘာမှလည်း မလုပ်လိုက်ရပါဘူး … ”
ဖူချန်းတွင် စိတ်စွမ်းအား မရှိသော်လည်း သူ့လူသားအဆင့်လွန် ကျင့်ကြံဆင့်ဖြင့် သူ့အတွက် သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို အာရုံခံကြည့်ဖို့ရာ လွယ်ကူလှသည်။
ကျောင်းယန်လည်း ဝင်ပြောချင်သည်ကို တွေ့၍ မိုဝူကျီက လက်တားပြကာ ပြောလိုက်သည်
“ကျုပ် အသက်နဲ့ယှဉ်ရင် ဒါတွေက ဘာမှမဟုတ်ပါဘူး။ စိတ်စွမ်းအင် ကျောက်တုံးတွေဆိုတာလည်း ဘယ်လောက် အရည်အသွေးကောင်းကောင်း သုံးပစ်ရမှာပဲလေ။ မိတ်ဆွေတွေကမှ တကယ့် ရတနာတွေပါ .. ကျုပ်အတွက် ညီမကျောင်းယန်တို့ အစ်ကိုဖူတို့ လူမျိုးနဲ့ တွေ့ခွင့်ရတာ တကယ်ကို ကံကောင်းတယ် … ”
ထိုစကားလုံးများက နှလုံးသားမှ ထွက်လာခြင်း ဖြစ်၏။ သူက ဖူချန်းနှင့် ကျောင်းယန်တို့နှင့် အရမ်း မရင်းနှီးလှပေ။ သူက ကျောင်းယန်ကို ကယ်တင်ပြီးနောက်တွင် သူမက ပြန်ရောက်လာလိမ့်မည်ဟု တွေးမထားမိပေ။ ထိုသည်က တစ်ကိုယ်ကောင်းဆန်သူတွေ ပေါများလှသည့် ကျင့်ကြံခြင်းလောက ဖြစ်လေသည်။ အကယ်၍ ကျောင်းယန်က ပြန်ရောက်လာခြင်းမှာ သူမကို ကယ်တင်ဖူး၍ ဖြစ်လိမ့်မည်။ သို့သော် ဖူချန်းလည်း သူ့ကို ကယ်ရန် ရောက်လာလေသည်။ အကြောင်းမှာ သူလုပ်လို၍သာ ဖြစ်ရမည်။ မိုဝူကျီက ဖူချန်းကို မိတ်ဆွေစစ်အဖြစ် ဆက်ဆံရန် ဆုံးဖြတ်လိုက်လေသည်။
“ညီလေးမိုလို လူမျိုးနဲ့ တွေ့တာကိုက ကျုပ်အတွက် ကံကောင်းတာပါ .. ”
ဖူချန်းက သိုလှောင်အိတ်ကို ခါးတွင် သေချာသိမ်းကာ ပြောလိုက်သည်။ သူက မိုဝူကျီသည် ကျောင်းယန်ကို ကယ်တင်လိုက်သည့် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ကျောင်းယန်၏ ခင်ပွန်းသည်ပင် လာရောက်မကူညီပေ။ သို့သော် မိုဝူကျီက ကျောင်းယန်အတွက် သူစိမ်းတစ်ယောက်သာ ဖြစ်ကြောင်း သိ၏။
စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့် ၇ မှာရှိသူအနေနှင့် ကျောင်းယန်က ဤမျှအဆင့်လေးဖြင့် သိုလှောင်အိတ်တစ်လုံး ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မတွေးဖူးပေ။ ထို့အပြင် သိုလှောင်အိတ်ထဲတွင် စိတ်စွမ်းအင် ကျောက်တုံးများနှင့် ထိပ်တန်းဆေးလုံးများလည်း ပါဝင်သေးသည်။ သို့သော် သူမကို စိတ်လှုပ်ရှားစေသည်က မိုဝူကျီက သူမအတွက် အမျိးသမီးအဝတ်များပါ ထည့်ပေးထားခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုမို … ကျွန်မ အခုလဲလိုက်ဦးမယ် ..”
မိုဝူကျီ စကားများကို နားထောင်ပြီးနောက် ကျောင်းယန်းက သိုလှောင်အိတ်ကို မငြင်းတော့ချေ။ ထို့အစား ကျေးဇူးစကားသာ ပြန်ပြောလိုက်တော့သည်။ သူမက မိုဝူကျီသည် ပြဿနာတိုင်းအတွက် အဖြေရှိသည့် လူစားမျိုးဟု ခံစားမိသည်။ ထို့ကြောင့် သူ့လို လူမျိုးသည် သိုလှောင်အိတ် တစ်လုံး၊ နှစ်လုံးကို ဂရုစိုက်နေမည် မဟုတ်ပေ။
လက်တွေ့တွင် မိုဝူကျီက ထိုသိုလှောင်အိတ်များကို အမှန်ပင် ဂရုမစိုက်ပေ။ သူ့တွင် သိုလှောင်အိတ် တော်တော်များများ ကျန်ရှိနေသေးသည့်အပြင် သိုလှောင်လက်စွပ် လေးကွင်းလည်း ရှိသေးသည်။
“အထဲမှာသွားလဲလေ .. ကျုပ်တို့တွေ အပြင်က စောင့်နေမယ် ..”
မိုဝူကျီက သင်္ဘောအတွင်းသို့ ဦးတည်နေသည့် တံခါးကို ညွှန်ပြလိုက်သည်။
“အာ ….”
ကျောင်းယန်က သင်္ဘောအတွင်းပိုင်းကား မည်မျှပင် ထူးဆန်းကြောက်မက်ဖွယ်ကောင်းကြောင်းကို အမှတ်ရသောအခါ ချက်ချင်းပင် ဖြူဖျော့သွားလေသည်။
မိုဝူကျီက ထိုသို့ပြောရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ
“အဲလိုဆိုရင် ဒီကုန်းပတ်မှာလဲလေ ကျုပ်တို့တွေ ပင်လယ်ကနေ စောင့်နေမယ် .. ”
စကားအဆုံးတွင် မိုဝူကျီက တိုင်လုံးတချို့ကို ဆွဲယူလိုက်ပြီး ပင်လယ်ထဲ ပစ်ချလိုက်တော့သည်။ သူက ဖူချန်းကိုပါ ဆွဲခေါ်သွားပြီး တိုင်လုံးများ အပေါ်မှ ခုန်ပျံကျော်လွှားကာ သွားလိုက်တော့သည်။
“ညီလေးမို .. ညီမကျောင်းယန်ကို တစ်ယောက်တည်း ထားခဲ့တာ .. ” ဖူ
ချန်းက မိုဝူကျီသည် ကျောင်းယန်ကို တစ်ယောက်တည်း ထားခဲ့သည်ကို မြင်သောအခါ အံ့ဩတကြီး ဖြစ်သွားလေသည်။ သို့သော် မိုဝူကျီက ပြုံးရင်း ပြန်ဖြေလိုက်သည် ..
“စိတ်မပူပါနဲ့ သင်္ဘောက အခု စိတ်ချရပါပြီ။ ကျုပ်လည်း အဲပေါ်မှာ နေလာတာပါ .. ”
သို့သော် ဖူချန်းက ချက်ချင်း သဘောမပေါက်ပေ။ ကျောင်းယန်က ပို၍ပင် ကြောက်လန့်နေလေသည်။ သို့သော်လည်း သူမက မိုဝူကျီသည် သူမကို ထိခိုက်စေလိမ်မည် မဟုတ်မှန်း ယုံကြည်၍ အဝတ်များကို မြန်မြန်ဆန်ဆန် လဲလှယ်ကာ သင်္ဘောပေါ်မှ ခုန်ချလိုက်တော့သည်။
သူမက မိုဝူကျီ သူမအတွက် ပြင်ဆင်ပေးခဲ့သည့် တိုင်လုံးများပေါ် ရောက်သည့်အခါမှ သူမ စိတ်က တည်ငြိမ်သွားလေသည်။ သေခြင်းတရားနှင့် ယှဉ်လျှင် သင်္ဘောပေါ်တွင် နေခြင်းက သူမအတွက် ကြောက်စရာအကောင်းဆုံး ဖြစ်လေသည်။ သူမလို လူမျိုးအတွက် မိုဝူကျီကို ပြန်လာကယ်ဖို့ရန် သတ္တိမည်မျှ လိုအပ်လိမ့်မည်နည်း။
မကြာခင်တွင် သူမက မိုဝူကျီ ထိုသင်္ဘောပေါ် ရောက်သွားပြီ ဘာမှ မဖြစ်ခြင်းမှာ အကြောင်းအရင်းတိုက်ဆိုင်၍ မဟုတ်မှန်း နားလည်လာလေသည်။ သူက သင်္ဘောကား ဘေးကင်းသွားမှန်း သိလိမ့်မည်။ ထို့အပြင် သင်္ဘောပေါ်မှ အမည်မသိအရာကို မိုဝူကျီက သတ်ဖြတ်လိုက်ခြင်း ဖြစ်ရမည်။ မဟုတ်လျှင် မိုဝူကျီက အကြောင်းပြချက်မရှိဘဲ သူမကို တစ်ယောက်တည်း ထားခဲ့မည် မဟုတ်ပေ။
ဖူချန်းက အဖြစ်အပျက်များကို ပို၍ သိရှိသွားလေသည်။ သူက ထိုသင်္ဘောပေါ်ရှိ အရာကို မိုဝူကျီက အပြတ်ရှင်းလိုက်ပြီမှန်း သိကာ သူနှင့် ကျောင်းယန် ရရှိထားသော သိုလှောင်အိတ်များက ထိုမှ ရရှိလာခြင်း ဖြစ်ရမည်။
သို့သော်လည်း သူက ထပ်၍ မမေးတော့ပေ။ တချို့သော အရာများသည် မပြောဘဲ နေသည်က ပိုကောင်းသည် မဟုတ်ပါလော ....
မကြာခင်တွင် သုံးယောက်သား ကျွန်းသို့ ရောက်ရှိလာကြသည်။ သူတို့ရှေ့မှ သွားနှင့်သော ငါးယာက်မှာ ကမ်းစပ်တွင် မရှိကြတော့ချေ။
“အင်မော်တယ် နယ်မြေက ဒီကျွန်းပေါ်မှာ ရှိတယ်ဆိုပေမဲ့ အတုအယောင်လဲ ဖြစ်နိင်တယ်။ မဟုတ်ရင် ဒီနေရာကို ပြထားတဲ့ မြေပုံတွေ အများကြီးရှိမှာ မဟုတ်ဘူး .. ”
ဖူချန်းက သက်ပြင်းချကာ ကျွန်းကို လှမ်းမျှော်ကြည့်လိုက်သည်။
ကျောင်းယန်က မှုန်မှိုင်းမှိုင်း အမူအယာဖြင့်
“နောက်ကျ ဘယ်လိုပြန်ရမလဲဆိုတာ မသေချာတော့ဘူး .... ”
ထိုအတွက် မိုဝူကျီတွင် အဖြေမရှိပေ။ သူတို့လက်ရှိ နေရာမှာ အင်မော်တယ်နယ်မြေဟု သတ်မှတ်ထားသည့်နေရာနှင့် မနီးမဝေးတွင် ဖြစ်လေသည်။ သူတို့က ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့ကို ရှာရန် ရည်ရွယ်ထား၍ သင်္ဘောကို မျှောလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က သင်္ဘောကို ဤနေရာတွင် သိမ်းထားပါက သူတို့ရှေ့မှ ငါးယောက်အတွက် အကျိုးရှိသွားလိမ့်မည်။ ထိုငါးယောက်မှာ အကူအညီလိုတုန်း ပစ်ထားခဲ့သည့်အတွက် မိုဝူကျီက သူတို့အတွက် ထားရှိရန် စိတ်ကူးမရှိပေ။
“သွားကြစို့ .. ကျွန်းအတွင်းပိုင်း အရင်ကြည့်ကြတာပေါ့။ ငါတို့ ရှာတွေ့နိုင်မဲ့အရာတော့ ရှိမှာပါ .. ”
ဖူချန်းက အကောင်းမြင်တတ်သူ ဖြစ်ကာ အခြေအနေတိုင်းအတွက် အကောင်းဆုံးသာ တွေးလေသည်။
မိုဝူကျီက ရှေ့မှ ဦးဆောင်ပြီး ကျောင်းယန်က အလယ်တွင် နေကာ ဖူချန်းက နောက်ဆုံးမှ ဖြစ်လေသည်။
ကျွန်းပေါ်တွင် တောင်အမြင့်များ မရှိသော်လည်း မရေတွက်နိုင်သည့် တောင်ကြောများ ရှိနေသည်။ ဆူးပင်၊ နွယ်ပင်များက နေရာအနှံ့ရှိနေပြီး အဆိပ်ပြင်းမြွေများနှင့် ပုရွက်များက ပျံ့နှံ့နေလေသည်။
ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သည့် ကျောင်းယန်ပင် စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနေသည်မှာ ကျေးဇူးတင်စရာ ကောင်းလှသည်။ လမ်းမရှိတော့ပါက သူတို့သည် သင့်တော်သည့်နေရာမှ သွားကြရသည်။
နှစ်နာရီအကြာတွင် မိုဝူကျီက ရပ်တန့်လိုက်လေသည်။ သူ့တွင် မြေပုံမရှိသော်လည်း သူ့မျက်စိရှေ့မှ မြင်ကွင်းကား လုံးဝပျက်စီးနေသောကြောင့် ဖြစ်သည်။
“ဒီနေရာ ဖျက်စီးခံရတာ မကြာသေးဘူး။ ခဏ ... အင်မော်တယ်နယ်မြေ တည်နေရာက ဒီနားပဲ ...”
ဖူချန်းက မြေပုံကို ဖွင့်ကာ စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းဆိုသလို သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်
“ဟုတ်တယ် .. ဒီနေရာပဲ။ ဘယ်ဘက်မှာ တောင်ခုနှစ်လုံး ရှိပြီးတော့ ညာဘက်မှာ ယောက်ချိုနဲ့ တူတဲ့ တောင်ကပုရှိတယ်။ အဲဒီ အလယ်ရဲ့ ညာဘက်မှာ အင်မော်တယ် နယ်မြေရှိတယ်။ ကြည့်ရတာ ကျန်းရှားပိုင်နဲ့ အခြားလူတွေက ဒီနေရာကို ရောက်ခဲ့ကြပုံပဲ ... ပြီးတော့ ဒီနေရာကို အရင်တုန်းက လာဖူးတဲ့သူတွေလည်း ရှိလိမ့်မယ် ... ”
သူ့စိတ်စွမ်းအားဖြင် မိုဝူကျီက မြေအောက်မှ လှေကားထစ်များကို တွေ့လိုက်ရသည်။ သူ မြေကြီးတချို့ကို တူးလိုက်သည်နှင့် သူက ကျောက်ပြားကို မြင်လိုက်ရသည်။ ကျောက်ပြားအောက်တွင် မြွေလိမ်လှေကား ရှိ၏။ သူ့စိတ်စွမ်းအားတွင် ကန့်သတ်ချက် ရှိနေသည်က နှမြောစရာကောင်းလှလေသည်။ ထို့ကြောင့် သူက မြေကြီးအတွင်းပိုင်းအထိ မမြင်ရပေ။
“အစ်ကိုမို ကျွန်မတို့တွေ ဒီနေရာကနေ ဆင်းသွားလို့ ရတယ်။ မြေပုံပေါ်မှာ အဲအတွက် လမ်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့အရင် လာဖူးတဲ့သူတွေ ရှိနေတာလား ... ” ကျောင်းယန်က ဝေခွဲမရ ဖြစ်နေလေသည်။
မိုဝူကျီက ရယ်မောလိုက်ပြီး
“ကျုပ်လေ့လာနိုင်စွမ်းက အတော်လေး စူးရှလို့ပါ။ ပြီးတော့ ကျုပ်တို့ လျှောက်လာတော့ မြေကြီးက အခေါင်းဖြစ်နေတယ်လို့ ခံစားမိလိုက်တာ ... ”
လက်တွေ့တွင် မြေကြီးက မည်မျှပင် စိုစွတ်နေပါစေ သို့မဟုတ် မြေအောက်လှေကား ရှိနေပါစေ မိုဝူကျီက စိတ်စွမ်းအား အသုံးပြု၍ မြင်တွေ့ခဲ့ခြင်း ဖြစ်လေသည်။ သူလေ့လာဆန်းစစ်နိုင်စွမ်းနှင့် ပတ်သတ်မှု မရှိချေ။ လူသားအဆင့်ကျင့်ကြံသူ အနေနှင့် စိတ်စွမ်းအား ပိုင်ဆိုင်ခြင်းသည် သူ့၏ ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်လေသည်။ ထို့ကြောင့် သူက ကျောင်းယန်နှင့် ဖူချန်းတို့ကို မိတ်ဆွေဟု ယူဆထားလျှင်ပင် ပြောမပြနိုင်ပေ။
“တစ်ချက် သွားကြည့်လိုက်မယ် ..”
ဖူချန်းက သူ့သိုလှောင်အိတ်မှ စူးချွန်ပါ တင်းဘုတ်ကို ထုတ်ကာ မြေကြီး နှစ်ခြမ်းကွဲအောင် ထိုးချလိုက်တော့သည်။ ထိုတင်းဘုတ်သည် အဆင့်နိမ့် ဝိညာဉ်ပစ္စည်း ဖြစ်ကာ မိုဝူကျီက ပေးထားခြင်း ဖြစ်သည်။ သူက လမ်းဖောက်ရာအတွက် ချက်ချင်း အသုံးပြုလိုက်လေသည်။ သူ့ကျောပေါ်မှ ဓားအလေးကြီးကို မသုံးရဲပေ။
ရိုက်ချက် အနည်းငယ်ဖြင့် မြေကြီးအောက်မှ အပြာရောင်ကျောက်ပြားကို မြင်လိုက်ရလေသည်။ တင်းဘုတ်ဖြင့် ကလန့်ကာ ဖွင့်လိုက်တော့သည်။ သုံးယောက်ရှေ့တွင် အဆုံးမရှိသည့် လှေကားကို မြင်တွေ့နေရကာ အောက်မှ လေအေးများ ထွက်ပေါ်နေလေသည်။ မြေအောက်ထဲ၌ အမှန်ပင် အေးလှသည်။
အတွင်းဘက်တွင် မိုဝူကျီက စိတ်ပျက်သွားလေသည်။ အကယ်၍ အင်မော်တယ် နယ်မြေက စုတ်တီးစုတ်ပြတ် နေရာတစ်ခု၌ ဖြစ်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် အင်မော်တယ် နယ်မြေများ များပြားနေလိမ့်မည်။ အားလုံးက မြေပုံသည် အတုမှန်း သိကြသော်လည်း သာမန် လူသားပင် တည်ဆောက်နိုင်သော ဤနေရာဟု သတ်မှတ်ရသည်မှာ ဟာသပြက်လုံးသာ ဖြစ်လိမ့်မည်။
ဤနေရာကား အနုပ်စုတ်ကုပ်စုတ် အင်မော်တယ်နယ်မြေ ဖြစ်နေလျှင်ပင် လျှို့ဝှက်နေရာတွင် အနည်းဆုံးတော့ ဖုံးကွယ်အစီအရင်၊ ခုခံရေး အစီအရင် နှင့် သာမာန် သတ်ဖြတ်ရေး အစီအရင်လောက်တော့ ရှိသင့်လေသည်။ သို့သော်လည်း ဤနေရာတွင် ဂေါ်ပြားနှင့်ပင် တူးဖော်နိုင်သော ကျောက်လှေကားများအပ တခြားအရာမရှိပေ။
“ဒီနေရာက အင်မော်တယ်နယ်မြေဆိုရင် ကျုပ်အိမ်ကမှ အခြေအနေကောင်းဦးမယ် ... ”
ဖူချန်းက ကျောက်လှေကားများကို စိတ်ပျက်လက်ပျက် ကြည့်လိုက်တော့သည်။
သို့သော် ကျောင်းယန်က ရုတ်တရက် ထပြောလိုက်လေ၏
“အစ်ကိုမို အစ်ကိုဖူ ... ဒီနေရာက ထူးဆန်းတဲ့ အငွေ့အသက်တွေလည်း မရှိဘူး။ ပြီးတော့ သာမာန်လူတစ်ယောက်ကတောင် တူးဖော်နိုင်သေးတယ် ... ဒါပေမဲ့ လူသားက ဘယ်လိုလုပ် ဒီနေရာအထိ ရောက်နိုင်မှာလဲ .. ”
ထိုအရာကို ကြား၍ မိုဝူကျီက ခေါင်းညိတ်ပြလိုက်သည်။ ထိုသည်က လူသားအတွက် ဤနေရာအထိ ရောက်လာဖို့က ဖြစ်နိုင်ချေရှိသည်တော့ မဟုတ်လှပေ။ ကောင်းကင်ပင်လယ်တွင် သားရဲများ မရှိသော်လည်း လေပြင်းများက သာမန်လူသားများ တောင့်ခံနိုင်မည့်အရာ မဟုတ်ချေ။
“လာ သွားပြီး ကြည့်ကြည့်ရအောင် ... ”
မိုဝူကျီက ပြောပြီးနောက် ကျောက်လှေကားပေါ် ခြေချလိုက်တော့သည်။
“ကျုပ်က နောက်က ကာပေးမယ်။ ပြီးရင် အပြာရောင်ကျောက်ပြားကို နဂိုအခြေအနေအတိုင်း ပြန်ထားလိုက်မယ် ... ”
ဖူချန်းက နောက်သို့ ပြန်လျှောက်ရင်း ပြောလိုက်သည်။
သူမက မိုဝူကျီနောက် လိုက်ပါသွားလိုက်သည်။ ကျောင်းယန်က အလင်းကျောက်တုံးကို ထုတ်ယူလိုက်သည့်အခါ လှေကားဝန်းကျင် ဆယ်မီတာလောက်တွင် လင်းထိန်သွားလေသည်။ ထိုမှသာ မိုဝူကျီက ထိုကျောက်လှေကားကို အပြာရောင်ကျောက်များဖြင့် ဝန်းရံထားကြောင်း သတိထားမိလိုက်လေသည်။ ကြည့်ရသည်မှာ ထိုလှေကားကို ပြုလုပ်ခဲ့သူကား ရိုးရှင်းသည့်သူတော့ မဟုတ်လောက်ချေ။
လှေကားအဆုံးတွင် ကျောက်တံခါးတစ်ချပ် ထပ်ရှိနေလေသည်။ မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ခဏတာ မှင်တက်သွားလေသည်။ တံခါးနောက်တွင် ခန်းမကျယ်တစ်ခု ရှိနေပြီး ခန်းမအတွင်းမှ လူများက မိုဝူကျီနှင့် မစိမ်းလှပေ။ ထိုလူများမှာ ကျန်းရှားပိုင်တို့ အုပ်စု ဖြစ်နေလေသည်။ သို့သော်လည်း သူ့ကို အံ့ဩစေသည်က အထဲတွင် လူနှစ်ဆယ်လောက် ရှိနေခြင်း ဖြစ်သည်။ ကျန်းရှားပိုင်တို့ အုပ်စုမှ လွဲ၍ အခြားသော လူဆယ်ယောက်ကျော်ကို သူမသိပေ။
အခန်းအလယ်တွင် တဲနှင့်တူသည့်အရာ ရှိနေလေသည်။ လူနှစ်ဆယ်နီးပါးက ထိုတဲကို ဝန်းရံထားကြသည်။
မိုဝူကျီက ကျောက်တံခါးကို ဖွင့်လိုက်သည့်အခါ လူနှစ်ဆယ်ကျော်၏ အကြည့်များက သူတို့သုံးယောက်ဆီ ရောက်ရှိလာလေသည်။ ချီဝမ်ရွမ်က ချက်ချင်း ရောက်လာကာ
“ယန်ယန် ငါ မင်းကို စိုးရိမ်နေတာ။ မင်း ဘာမှမဖြစ်လို့ တော်သေးတယ်။ လာလာ ငါ့ဘေးကို လာခဲ့ ... ”
ထိုသို့ပြောသည့်အခါ ကျောင်းယန်က ခေါင်းကို ညိတ်ပြသော်လည်း မိုဝူကျီနှင့် ဖူချန်းတို့ဘေးတွင်သာ နေနေလေသည်။
သူမက အစကတည်းမှ ပင်လယ်ထဲသို့ မသွားလိုသော်လည်း ချီဝမ်ရွမ်က ခဏတိုင်း သူမကို ကာကွယ်ပေးပါ့မည်ဟု ကတိအကြိမ်ကြိမ် ပေး၍ အင်မော်တယ်နယ်မြေကို ရောက်ပြီးသည်နှင့် သူတို့အတူတူ သက်ဆုံးတိုင် နေကြမည်ဟု မျှော်လင့်ထားမိသည်။ သူမက ထိုအရာကြောင့် လိုက်ပါလာခြင်း ဖြစ်သည်။ သို့သော်လည်း သူမက ထိုစကားလုံးများမှာ ဘာအဓိပ္ပါယ်မှ မရှိကြောင်း သိခဲ့ပြီးလေပြီ။
“နောက်ကျမှ လာတဲ့သူတွေက ကိုယ့်ဘာသာ နေရာသိပြီးတော့ နောက်မှ ရပ်နေ ...”
မိုဝူကျီ တစ်ယောက် အခန်းအလယ်သို့ တည့်တည့် လျှောက်လှမ်းလာသည်ကို မြင်၍ စူးရှရှအသံတစ်ခုက ကျယ်လောင်စွာ အမိန့်ပေးလိုက်လေသည်။