ကျန်းရှားပိုင်နှင့် အပေါင်းအပါများက မန်ကျီ ပျောက်ဆုံးသွားကြောင်း သိသွားသည့်အခါ ကျန်းရှားပိုင်က ချက်ချင်းဆိုသလို သူ့လှံရှည်ကို ဆွဲယူ၍ ဆန်အိုးကို ခွဲချလိုက်တော့သည်။
“ဘမ်း ...”
သင်္ဘောတစ်လျောက် ခွမ်းခနဲ အသံထွက်လာကာ မီးဖိုချောင် ကြမ်းပြင် နေရာအနှံ့တွင် သွေးကြောင်းများ ကျန်နေလျက် ပြန့်သွားလေတော့သည်။
“အားလုံး မြန်မြန် ထွက်သွားကြစို့ ... သင်္ဘောက ထူးဆန်းတယ် ..”
မျက်နှာမည်း လူသန်ကြီးက လှည့်မထွက်ခင် ပြောလိုက်သည်။ ကျန်ရှိနေသော လူသုံးယောက်မှာ သူ့နောက်သာ လိုက်သွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့လေးယောက်လုံး အပြင်ကုန်းပတ်သို့ ပြန်လည် ရောက်ရှိလာကြသည်။
“အော်မိသော်ဖော ... ကိုယ်တော် အရင်ကြိုးစားကြည့်မယ် ..”
ဘုန်းကြီးက ကုန်းပတ်သို့ ရောက်ရောက်ချင်း ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်လေသည်။
“ဝှီး ..”
လေထဲတွင် ဘုန်းကြီးကို မမြင်နိုင်သည့် အကာအရံတစ်ခုနှင့် တားဆီးထားသည့်အလား သင်္ဘောပေါ်သို့ ပြန်ကျလာလေသည်။
ထောင်ချောက်အစီအရင်လား ..
ကျန်ရှိနေသော လူတွေက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကာ တစ်ယောက်မှ ထိုသို့ မလုပ်ရဲကြပေ။ မမြင်နိုင်သည့် ထောင်ချောက်ကား သူတို့ ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။
“ကြည့်ရတာ ညီလေးမန်တော့ တစ်ခုခု ဖြစ်သွားပုံပဲ ”
လူသန်ကြီး ဖူချန်းက သက်ပြင်းချကာ ပြောလိုက်သည်။ အကယ်၍ သူသာ ဤ သင်္ဘောက မူမမှန်မှန်း သိခဲ့ပါက သူက ပင်လယ်ထဲမှာသာ နေခဲ့လိုက်မည်။
ကျန်းရှားပိုင်က မိုဝူကျီကို လေးလေးစားစား ဦးညွှတ်လိုက်ပြီး
“ညီလေးမိုက ဒီနေရာမူမမှန်တာကို ပထမဆုံးသိတဲ့သူဆိုတော့ ဘာတွေများ ကြံထားလဲဆိုတာ သိခွင့်ရှိမလား ... ”
တိတ်ဆိတ်သွားသည့် သင်္ဘောကို စစ်ဆေးကြည့်ပြီးနောက်တွင် မိုဝူကျီက အသက်ပြင်းပြင်းရှုရင်း ပြန်ဖြေလိုက်လေ၏
“အားလုံး ခဏတော့ စောင့်သင့်တယ်လို့ ထင်တယ်။ ဒီ သင်္ဘောက သူ့ဘာသာ ရောက်လာတာဆိုတော့ ဦးတည်ရာရှိမှာပဲ။ ပြီးတော့ ကျုပ်တို့က ပင်လယ်ထဲ ရောက်နေတာဆိုတော့ သင်္ဘောပေါ်က ဆင်းတာ၊ မဆင်းတာက သိပ်မကွာခြားဘူး ထင်တယ်။ အားလုံးကို တစ်ယောက်တည်း လျှောက်မသွားဖို့ ပြောချင်တယ်။ ကျုပ်တို့တွေ သေချာအေးဆေး တိုင်ပင်ဆွေးနွေးကြည့်သင့်တယ် ... ”
မိုဝူကျီ ထိန်ချန်ထားသည့် နောက်ထပ်တစ်ချက် ရှိသေးလေသည်။ ထိုအချက်မှာ သင်္ဘောသည် သူတို့ လှုပ်ရှားနိုင်စွမ်းကို မကန့်သတ်ထားသော်လည်း မန်ကျီ တစ်ယောက်တည်း ရှိနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သင်္ဘောပေါ်တွင် အရာများကို မမြင်နိုင်အောင် ပြုလုပ်နိုင်စွမ်းရှိသော်လည်း သူတို့ကိုးယောက်လုံးကို တစ်ချိန်တည်း ရင်မဆိုင်နိုင်ပေ။
အရေးကြီးဆုံးအချက်မှာ သူက ထို သင်္ဘောပေါ်မှ အစီအရင်ကို လေ့လာရန် အချိန်လိုအပ်နေခြင်း ဖြစ်၏။ ထိုထောင်ချောက် အစီအရင်ကို ဖျက်စီးပြီးနောက်ပိုင်းမှသာ သူတို့တွင် အခွင့်အရေး ရလာမည် ဖြစ်သည်။
“ကျုပ်လည်း ညီလေးမို ပြောတာ ထောက်ခံတယ် ..”
ကောင်းကျီက ဦးစွာ တုံ့ပြန်လိုက်လေသည်။
ကျန်ရှိနေသော လူများမှာ မိုဝူကျီပြောသည်က အချိန်ဖြုန်းနေသည်ဟု ထင်ကြသော်လည်း ထိုသည်က သူတို့လုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်နေလေသည်။ ထို့ကြောင့် သူတို့က သင်္ဘောမှ အစီအရင်ကို မချိုးဖျက်နိုင်ပါက သို့မဟုတ် သူတို့လုပ်နိုင်ခဲ့သည် ဆိုလျှင်ပင် ပင်လယ်ထဲ ကျမည် ဖြစ်၏။ ထို့ကြောင့် သင်္ဘာပေါ်မှ စောင့်ဆိုင်းခြင်းက အကောင်းဆုံ ဖြစ်လိမ့်မည်။
အားလုံးက ဝိုင်းဝန်းထိုင်လိုက်ကြပြီး မုန်တိုင်းဆဲမည့်အချိန်ကို စောင့်ဆိုင်းရင်း ကိုယ့်အတွေးနှင့်ကိုယ် အလုပ်ရှုပ်နေလေသည်။ သို့သော်လည်း မိုဝူကျီက ချူရှင်ကျီ မှတ်စုကို ထုတ်ယူကာ ထောင်ချောက်အစီအရင်အကြောင်း စတင်လေ့လာလိုက်သည်။
ထောင်ချောက် အစီအရင်အတွက် သူက ယခင်တစ်ခါ ကြုံတွေ့ဖူးလေသည်။ သို့သော် အခြေခံအဆင့် အစီအရင် ဖြစ်ကာ ယခု သင်္ဘောပေါ်တွင် ရှိနေသည့် အစီအရင်မှာ အလယ်အလတ်အဆင့် အစီအရင် ဖြစ်နေနိုင်လေသည်။ ထို့သို့တွေးတောထားပြီးနောက် နှစ်ရက်တာအတွင်း မိုဝူကျီက သင်္ဘောရှိ ထောင်ချောက် အစီအရင်၏ အားနည်းချက်ကို ရှာတွေ့သွားလေသည်။ တွေးတောထားသည့်အတိုင်း သင်္ဘောပေါ်မှ အစီအရင်မှာ အလယ်အလတ်အဆင့် အစီအရင် ဖြစ်နေသည်။
“ညီလေးမို ..”
ချီဝမ်ရွမ်အသံက မိုဝူကျီ နားထဲ ဝင်ရောက်လာလေသည်။
ချက်ချင်းဆိုသလို မိုဝူကျီက ချူရှင်ကျီ၏ အစီအရင်မှတ်စုကို သိမ်းလိုက်လေသည်။ ထို့နောက် အားလုံးက မတ်တပ်ရပ်နေကြပြီး သူတို့ကိုယ်ပိုင် မှော်ရတနာများပင် ကိုင်ဆွဲထားကြကြောင်း သိလိုက်ရသည်။
“ညီလေးမို အခုလေးတင် ငါတို့ မြေပုံပေါ်မှာ မှတ်သားထားတဲ့ ကျွန်းကို ဖြတ်လာခဲ့တာ။ တကယ်လို့ ငါတို့ လွတ်မြောက်ချင်ရင် အခွင့်ကောင်းပဲ ... ငါတို့တွေ ပူးပေါင်းပြီးတော့ အစီအရင်ကို တိုက်ကြည့်ရအောင် .. ”
မိုဝူကျီက မှတ်စုများ သိမ်းလိုက်သည်ကို တွေ့သောအခါ ကျန်းရှားပိုင်က ဦးစွာ ဝင်ပြောလိုက်သည်။
မိုဝူကျီက သာမာန်လူနှင့် တူကာ ဝိညာဉ်စွမ်းအားများ မရှိသော်လည်း တိုင်းတာ၍ မရနိုင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။
“သေချာတာပေါ့ .. ဒီအစီအရင်က အနည်းဆုံးတော့ အလယ်အလတ်အဆင့် အစီအရင်ဆိုတော့ အားလုံး အတူတူ ချိုးဖျက်မယ်ဆိုရင် ကျုပ်ပြောတာ နားထောင်တာ ပိုကောင်းလိမ့်မယ် ... ”
မိုဝူကျီက ခေါင်းတစ်ချက် ငြိမ့်ကာ မတ်တပ်ရပ်လိုက်တော့သည်။
“ညီလေးမိုက အစီအရင်တာအိုအကြောင်း နားလည်တယ်လား ..”
ကျန်းရှားပိုင်က အံံ့ဩတကြီး မေးမြန်းလိုက်လေသည်။
ကျန်းရှားပိုင်သာမက ကျန်လူများအားလုံးက မိုဝူကျီကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေကြလေ၏။
ဤနေရာတွင် ဂိုဏ်းအမျိုးမျိုးမှ လူများစွာရှိသော်လည်း သူတို့ထဲ၌ အများစုမှာ လူသားအဆင့်လွန်များ ဖြစ်ကြ၍ အစီအရင်တာအိုအကြောင်း နားလည်သည့်သူ များများစားစား မပါပေ။
ဂိုဏ်းကြီးတစ်ခုအတွက်ပင် အစီအရင်တာအိုမှာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းနိုင်သော အရာ မဟုတ်ပေ။ အကြောင်းမှာ အဖိုးတန်လွန်း၍ ဖြစ်သည်။ နယ်လှည့် ကျင့်ကြံသူ တစ်ယောက်အတွက် အစီအရင်တာအိုအပေါ် ကျွမ်းကျင်ခြင်းသည် ကံတရားနှင့် အခွင့်အရေးအပေါ် မူတည်လေသည်။ ထို့ကြောင့်သာ အစီအရင်ဆရာသခင်များက အလွန် ရှားပါးလှခြင်း ဖြစ်၏။
မိုဝူကျီက ရယ်မောရင်း ပြန်ဖြေလိုက်သည်
“ကျုပ်က အစီအရင်တာအိုအကြောင်း အများကြီးတော့ မသိပါဘူး။ ဒီသင်္ဘောမှာ အားကောင်းတဲ့ ထောင်ချောက် အစီအရင်ရှိတယ်ဆိုပေမဲ့ ဘာကို ဝှက်ထားမှန်း မမြင်နိုင်ဘူး။ တစ်ခုသေချာတာက ကျုပ်တို့က ဒီပေါ်မှာ ကြာကြာနေလို့ မဖြစ်ဘူး။ မဟုတ်ရင် နောက်ထပ် တစ်ယောက် ပျောက်သွားလိမ့်မယ် ... ”
ထိုသည်က သူ့အမြင်များ မူတည်၍ ပြောလိုက်ခြင်း မဟုတ်ပေ။ သင်္ဘောသည် သူတို့ကို နေခွင့်ပြုထားပြီး မန်ကျီ ပျောက်ဆုံးသွားသည့် ကိစ္စနှင့် ပတ်သတ်၍ ဖြစ်နိုင်ချေ နှစ်ခု ရှိလေသည်။ ပထမဦးစွာ သင်္ဘောသည် သူတို့ပူးပေါင်းအင်အားကို မယှဉ်နိုင်ခြင်း ဖြစ်လိမ့်မည်။ ဒုတိယအချက်မှာ သင်္ဘောသည် ဆက်လက် ရှင်သန်နိုင်ရန်အတွက် သွေးလတ်လတ်ဆတ်ဆတ်များ လိုနေ၍သာ သူတို့ကို ဝက်များ မွေးမြူထားသလို အသက်ရှင်လျက် ထားခြင်း ဖြစ်ရမည်။ ထို့အပြင် သူတို့အားလုံး ကျင့်ကြံဆင့်မှာ တူညီလှရာ တဖြည်းဖြည်းချင်း အရသာခံနိုင်အောင် သူတို့ကို ထိန်းသိမ်းထားခြင်း ဖြစ်နိုင်လေသည်။
ထိုသို့ဖြစ်နိုင်ချေမှာ တစ်ချိန်တည်းတွင်သာ ဖြစ်နိုင်ချေ ရှိသည်။
“ဆရာမို .. ကိုယ်တော်ကတော့ ဘာသာရေးကို ခဏစွန့်လွတ်ပြီးတော့ ဒကာရဲ့ တပည့်အဖြစ်ခံပြီး ဒကာအရည်အချင်းတွေကို ဖြန့်ဝေချင်ပါတယ် .. ”
ဘုန်းကြီးက လေးလေးနက်နက် ဆုံးဖြတ်ချက် ပြတ်သားဟန်ဖြင့် ပြောလိုက်သည်။
သို့သော် မိုဝူကျီက ထိုဘုန်းကြီးကို စိတ်ထဲ မထားဘဲ ချက်ချင်း ပြောလိုက်သည်
“ကျုပ်က ဓားနဲ့ အဓိကနေရာတွေကို ပြပေးမယ်။ အားလုံးက တစ်ချိန်တည်း အဲနေရာတွေကို တိုက်ခိုက်ပေးပါ ..”
သူ့စကားအဆုံးတွင် မိုဝူကျီက ပထမဓားကို ထုတ်ကာ လေထဲမှ နေရာတစ်ခုကို ပြသလိုက်လေသည်။
အများစုမှာ လူသားအဆင့်လွန် ဖြစ်သည့်အတွက် ဓားထွက်လာသည်နှင့် မှော်ရတနာ ခုနှစ်ချက်၊ ရှစ်ချက်လောက်က ကျရောက်လာလေသည်။
“ခွမ်း ...”
အသံတစ်ချက်ဖြင့် အနည်းငယ်ကွဲအက်သံ ပေါ်လာလေသည်။
အားလုံးက ပထမအချက်မှာတင် အက်ကွဲသံ ထွက်လာသည့်အတွက် မိုဝူကျီကို ပို၍ ယုံကြည်လာကြလေသည်။ သူက ဒုတိယဓား နေရာပြသောအခါ အားလုံးက စွမ်းအား ပိုစိုက်ထုတ်လိုက်ကြသည်။
တတိယအကြိမ် .... စတုတ္ထအကြိမ် ...
“ခွမ်း ..”
သတ္တမအကြိမ်တွင် အဖွဲ့လိုက် မှော်ရတနာများက နေရာတစ်ခုကို သေချာရိုက်မိသွားကာ လေထဲတွင် အသံတစ်ခု ပဲ့တင်လာလေသည်။ ထို့နောက် ကွဲကြေသွားသံ အကျယ်ကြီး ကို ကြားလိုက်ရသည်။
သူတို့မျက်နှာသို့ ပင်လယ်လေပြေအေးများ တိုက်ခတ်လာ၍ ပျော်ရွင်စွာ အော်ဟစ်လိုက်ကြလေသည်။ ဘုန်းကြီးက အရင်ဦးဆုံး ခုန်ထွက်သွားကာ ပင်လယ်ထဲ ဆင်းသွားလေသည်။
နောက်တွင် ကျန်နေကြသော သူများလည်း မနှေးကြပေ။ အလျှင်အမြန် ခုန်ဆင်းသွားကြလေသည်။ မိုဝူကျီ က ခြောက်ယောက်မြောက်ဖြစ်ကာ သူ့နောက်တွင် ကျောင်းယန်၊ မျက်နှာမည်း လူသန်ကြီးနှင့် ချီစုစုတို့ ကျန်နေသေး၏။
မိုဝူကျီက အပြင်ကုန်းပတ်ကို ဖြတ်စဉ် သူ့စိတ်စွမ်းအားက သူ့နောက်ကို လှမ်းဆွဲလိုက်သည့် အရိပ်မည်းကို အာရုံခံမိလိုက်သည်။ ထိုအရိပ်တွင် အားကောင်းသော ယင်စွမ်းအားများ ရှိနေ၍ ထိုသူကား ကျင့်ကြံခြင်းလောက၌ လူသစ်မဟုတ်ကြောင်း သိသာသည်။ သူက ထိုသူသည် ဤနေရာတွင် ပုန်းအောင်းနေသော ယင်ကျင့်ကြံသူ သို့မဟုတ် ကျင့်ကြံသူ တစ္ဆေသာ ဖြစ်ကြောင်း သိလိုက်သည်။
ထို့အပြင် ထိုလူက မိုဝူကျီသည် သူ့အစားအစာများကို လွတ်ပေးလိုက်သည့် သူမှန်း သိ၍ အငြိုးကြီးထားကာ သူ့ကို ဦးဆုံး နှိမ်နှင်းလိုခြင်း ဖြစ်ရမည်။
သို့သော် မိုဝူကျီတွင် စိတ်စွမ်းအား ရှိသည့်အတွက် ထိုတစ္ဆေကို သူ့အား ဖမ်းခွင့်ပြုရမည်လား ...
လေထဲတွင် ခန္ဓာကိုယ်ကို လှည့်ကာ ရှောင်လိုက်ရင်း လက်ထဲတွင် ထျန်းဂျီတုတ် ပေါ်လာလေသည်။ ကျင့်ကြံသူ တစ္ဆေက မိုဝူကျီ ရှောင်လိုက်သည်ကို မြင်ကာ သူ့အနေနှင့် မိုဝူကျီကို နောက်တစ်ကြိမ် ထပ်ဖမ်းရန် မဖြစ်နိုင်မှန်း သိလိုက်သည်။ ထို့ကြောင့် ကျင့်ကြံသူ တစ္ဆေက နှစ်ပိုင်းခွဲကာ တစ်ကိုယ်က ကျောင်းယန်ဆီ ရောက်သွားပြီး နောက်တစ်ကိုယ်က ချီစုစုဆီ ရောက်သွားလေသည်။ သူက ထိုမိန်းကလေးများက ရင်ဆိုင်ဖို့ လွယ်ကူကြောင်း တွေးမိ၍ ဖြစ်သည်။
“အား ...ကြောက်လန့်တကြား အော်သံတစ်ခု ထွက်ပေါ်လာကာ ချီစုစုကို ကျင့်ကြံသူ တစ္ဆေက တရွတ်တိုက်ဆွဲ ခေါ်သွားကာ ကုန်းပတ်ပေါ်တွင် သွေးကြောင်းများသာ ကျန်ခဲ့လေသည်။
ပုံမှန်အားဖြင့် မိုဝူကျီက အရိပ်လက်သည်းချက်ကို အာရုံခံမိသော်လည်း သူတို့က အရမ်းမြန်ဆန်ကာ ကွာဝေးလွန်းလှ၍ တစ်ယောက်သာ ကယ်တင်နိုင်လေသည်။ ကျောင်းယန်မှာ လူကောင်းဖြစ်ဟန်ပေါ်ကာ သူနှင့်လည်း နေရာနီးလေသည်။ ထို့ကြောင့် သူမကို ကူညီဖို့ရာ ဆုံးဖြတ်လိုက်လေ၏။
အရိပ်လက်သည်းက ကျောင်းယန်ဆီ ရောက်မလာခင် မိုဝူကျီက လေထဲတွင် ခန္ဓာတစ်ပတ်လှည့်ကာ ငါးမီတာလောက်အထိ မြင့်တက်စေပြီး သူ့တုတ်ဖြင့် ပြန်ရိုက်ချလိုက်လေသည်။
စူးစူးဝါးဝါးအော်သံက ထွက်ပေါ်လာပြီး အရိပ်လက်သည်းက ကျောင်းယန် အင်္ကျီစသာ ဆွဲနိုင်လိုက်ပြီး သင်္ဘောအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
“ဂျွတ် ..”
သူ့ခြေထောက်အောက်မှ ကြမ်းပြင်သံကြောင့် မိုဝူကျီ အမူအယာ ပြောင်းသွားလေသည်။ ထို ကျင့်ကြံသူ တစ္ဆေက ရင်ဆိုင်ဖို့ လွယ်ကူသည့်သူတော့ မဟုတ်ချေ။ သူက မိုဝူကျီကို မဖမ်းနိုင်သော်လည်း သင်္ဘောအနေအထားကို ထိန်းချုပ်ကာ မိုဝူကျီကို ပင်လယ်ထဲ ဆင်းမသွားနိုင်စေရန် လုပ်ဆောင်လိုက်သည်။ ကြည့်ရသည်မှာ ထို ကျင့်ကြံသူ တစ္ဆေက မိုဝူကျီကို အလွတ်ပေးမည့်ပုံ မပေါ်ပေ။
သင်္ဘောပေါ်မှ ထောင်ချောက်အစီအရင်က နောက်တစ်ကြိမ် အသက်ပြန်ဝင်လာကာ အပြင်ဘက် ကုန်းပတ်မှ သွေးများက လုံးဝပျောက်ကွယ်သွားလေသည်။ ယခု မိုဝူကျီ သိသည်က အစီအရင် ချိုးဖျက်ရန် မိမိဘာသာ အားကိုးသင့်ကြောင်း ဖြစ်၏။ အကြောင်းမှာ သူက ကျောင်းယန်ကို ကယ်တင်ပြီးနောက်တွင် သင်္ဘောပေါ်တွင် သူတစ်ဦးတည်းသာ ကျန်ရှိလေတော့သည်။
ယခင်နှင့် နှိုင်းယှဉ်လျှင် မိုဝူကျီက ယုံကြည်ချက် အနည်းငယ်သာ ကျန်ရှိတော့သည်။ ကျင့်ကြံသူ တစ္ဆေ လက်သည်းက မိုဝူကျီဆီ ရောက်လာသည့်အခါ သူက ထိုအရိပ်လက်သည်းကို နောက်တစ်ကြိမ် ရိုက်လွှတ်လိုက်လေသည်။ ထိုသည်က သူ့ခန့်မှန်းချက်ကို သေချာသွားစေသည်။ ကျင့်ကြံသူ တစ္ဆေတွင် ကန့်သတ်ချက် ရှိကာ သူက ချောင်းမြောင်းတိုက်ခိုက်မှုအပေါ်သာ မှီခိုအားထားရတာ ဖြစ်လေသည်။ အကယ်၍ သူတို့ကိုးယောက်လုံးသာ သတ္တိမကြောင်ကြလျှင် သူတို့သည် အင်အားတစ်ခုတည်းဖြင့် ထို ကျင့်ကြံသူ တစ္ဆေကို ကိုယ်ထင်ပြခိုင်းလို့ ရလောက်မည်။
“အစ်ကိုရွမ် .. အစ်ကိုမိုကို မြန်မြန် သွားကယ်ရအောင် ...”
ကျောင်းယန်က မိုဝူကျီ သင်္ဘောပေါ် ကျန်ခဲသည့်အကြောင်းအရင်းကို အလေးထားဆုံးသူ ဖြစ်၏။ အကြောင်းမှာ သူက သူမကို ကယ်တင်ဖို့ ကြိုးစားရင်း ကျန်နေခဲ့ခြင်း ဖြစ်သည်။
နှစ်သိမ့်သည့်လေသံဖြင့် ချီဝမ်ရွမ်က ပြန်ဖြေလိုက်သည်
“ယန်ယန် .. အစ်ကိုမိုက လူကောင်းဆိုပေမဲ့ ငါတို့မှာ သူ့ကို ကယ်ဖို့ စွမ်းအားမရှိဘူး။ ဒီအတိုင်းပဲ ထားရအောင်ပါ .. ”
ကျောင်းယန်က ချီဝမ်ရွမ်ကို မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်
“ဒါပေမဲ့ အစ်ကိုရွမ် ... အစ်ကိုမိုက ကျွန်မကို ကယ်တင်ခဲ့တာလေ။ မဟုတ်ရင် ကျွန်မ သေနေလောက်ပြီ ... ”
ချီဝမ်ရွမ်က သက်ပြင်းချလိုက်ပြီးတော့ မနီးမဝေးက ကျွန်းကို လက်ညိုးထိုးပြကာ
“ယန်ယန် ငါတို့တွေ ဘာမှ အကြံမရသေးခင် အဲဒီကျွန်းကို အရင်သွားစို့ .. ညီလေးမို အရည်အချင်းနဲ့ဆိုရင် သူ့က ဘာမှမဖြစ်လောက်ပါဘူး .. ”
“ရှင် ... ”
ကျောင်းယန် မျက်နှာကား လုံးဝဖြူဖျော့သွားကာ ရုတ်တရက် ထအော်လိုက်တော့သည်
“အားလုံးပဲ အစ်ကိုမိုကြောင့်သာ မဟုတ်ရင် ကျွန်မတို့တွေ သင်္ဘောပေါ်မှ သောင်တင်နေဦးမှာပဲ။ အခု ကျွန်မတို့ ဘေးကင်းပြီဆိုပေမဲ့ အစ်ကိုမိုက အခုထိ သင်္ဘောပေါ်မှာပဲ ရှိသေးတယ်။ အားလုံး သင်္ဘောပေါ်သွားကြရင် အစ်ကိုမို ကို ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ် .. ”
ထိုစကားလုံးများက နှလုံးသားမှ စကားများ ဖြစ်၏။ ကျောင်းယန်က အခြားသူများထက် ပိုကြောက်ခဲ့သော်လည်း သူမကို ကယ်တင်ခဲ့သည့်သူကို ပစ်ထား၍ အသက်ရှင် မနေနိုင်ချေ။
မျက်နှာမည်း လူသန်ကြီး ဖူချန်းက ဖြေလိုက်သည်
“ဟုတ်ပြီ သူ့ကို အတူတူသွားကယ်ကြစို့ .. ”
သို့သော် သူတို့နှစ်ယောက်သာ ထိုသို့စိတ်ကူးရှိကြခြင်း ဖြစ်ကာ ကျန်သူများက ဘာမှမကြားသကဲ့သို့ အဝေးက ကျွန်းကိုသာ ကြည့်နေကြသည်။
ကျောင်းယန်က မျက်ရည်များဝေ့ကာ ပြောလိုက်လေသည်
“အစ်ကိုဖူ ... ကျွန်မနဲ့အတူ အစ်ကိုမိုကို သွားကယ်ဖို့ ဆန္ဒရှိတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ကယ်ကို ကယ်ရမယ်။ ပြီးတော့ ကျွန်မ .. ကျွန်မတို့တွေ သေသွားနိုင်တယ် ... ”
ဖူချန်းက လက်မထောင်ပြလိုက်ပြီး
“ညီမလေးကျောင်းယန် ..... မင်းက အမျိုးသမီး ဖြစ်ပေမဲ့ ယောကျ်ားသားများစွာထက် ပိုရဲရင့်တာပဲ .. ဘာလို့ ပြောနေဦးမှာလဲ အခုပဲ သွားကယ်ကြစို့ ... ”
အပြင်ဘက်ကုန်းပတ်တွင် တစ်ယောက်တည်း ရပ်နေသည့် မိုဝူကျီက ထောင်ချောက်အစီအရင်ကို ဖြေရှင်းလိုက်ရုံသာမက သင်္ဘောအတွင်းပိုင်းသို့ ဝင်သွားပြီးတော့ အေးစက်စွာ ပြောလိုက်သည်
“ခင်ဗျားက ကျုပ်ကို ဖိတ်မှတော့ ကျုပ်ကို အပြစ်မတင်နဲ့တော့ ... ”