“ဘမ်း ...”
လျှပ်စီး ကျရောက်လာသည့်အခါ လျှပ်စီးသံနှင့်အတူ သစ်သားပြားများ ကျိုးကြေသံက ထွက်ပေါ်လာလေသည်။
နောက်အခိုက်အတန့်တွင် အခန်းအတွင်းမှ လူရှစ်ယောက်က ချက်ချင်းလက်ငင်း ပြေးထွက်သွားကြသည်။ မိုဝူကျီနှင့် မိန်းမငယ်လေးသာ ကျန်ရစ်နေလေသည်။ မိန်းကလေးက မည်သည့်နေရာကိုမှ မသွားဘဲ မတ်တပ်ရပ်လိုက်သည်။ ထိုသည်က သူမ ကျင့်ကြံဆင့်မှာ အရမ်းမမြင့်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။
မိုဝူကျီ မလှုပ်ရှားရသည့် အကြောင်းအရင်းမှာ သူက စိတ်စွမ်းအားဖြင့် သိရှိပြီးပြီ ဖြစ်ရာ လျှပ်စီးက သင်္ဘောကုန်းပတ်ကို ကျိုးသွားစေကြောင်း အတည်ပြုပြီးလေပြီ။ သို့သော်လည်း သင်္ဘောကို ချက်ချင်း မမြှပ်သွားစေနိုင်သည့် အက်ကွဲကြောင်းအသေးလေး တစ်ခုတော့ ဖြစ်ပေါ်လာလေသည်။ ထိုသည်က အချိန်တချို့ တောင့်ခံထားနိုင်ပေလိမ့်မည်။ မိုဝူကျီက စိတ်ထဲမှ သက်ပြင်းချရုံမှ အပ မတတ်နိုင်ပေ။ သင်္ဘောကို ရှားရှားပါးပါး တွေ့ခဲ့သော်လည်း ဤပေါ်တွင် ကြာကြာ မနေနိုင်လောက်တော့ချေ။
မိုဝူကျီက တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်ကို တွေ့၍ မိန်းမငယ်လေးက နောက်တစ်ခါ ပြန်မထိုင်ခင် တွေဝေသွားလေသည်။ သူမက မိုဝူကျီကို ချောင်းကြည့်ပြီးနောက် ခေါင်းကို အမြန်အဆန် ငုံ့လိုက်သော်လည်း သူမ အပြုအမူများက မိုဝူကျီ မြင်ကွင်းအောက်မှ မလွတ်နိုင်ပေ။ မိန်းမငယ်လေး မျက်နှာတွင် အဖုအချိုင့်များ ရှိနေလေ၍ ရုပ်ပျက်ဆင်းပျက် မဟုတ်သော်ငြား သူမက ထိုအတိုင်း မွေးဖွားလာခြင်းသာ ဖြစ်ရမည်။
ထွက်သွားကြသည့် လူရှစ်ယောက်က ပြန်ရောက်လာကြသည်။ သူတို့က အပြင်ဘက်ရှိ အခြေအနေများကို လေ့လာဆန်းစစ်ခဲ့ပြီး ကုန်းပတ်က ကျိုးသွားသော်လည်း သင်္ဘောက တောင့်ခံနိုင်သေးလေသည်။
သူတို့အပြုအမူများနှင့် အလှမ်းကွာသော်လည်း မိုဝူကျီက သူတို့စွမ်းအားများကို ခံစားမိသည်။ မျက်နှာမည်း ဘုန်းကြီးသည် အနည်းဆုံး လူသားအဆင့်လွန် အဆင့် ၆ တွင် ရှိပြီး သေရည်အတူတူ သောက်သုံးနေကြသည့် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့မှာလည်း လူသားအဆင့်လွန် အဆင့်တွင် ဖြစ်ကြသည်။ တံခါးဘေးတွင် ထိုင်နေသော အတွဲမှာ အမျိုးသားက လူသားအဆင့်လွန်အဆင့်သို့ တက်လှမ်းပြီးခါစ ဖြစ်ကာ အမျိုးသမီးက စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်တွင် ဖြစ်လေ၏။
မိုဝူကျီ မမှန်းဆနိုင်သော တစ်ဦးတည်းသော လူမှာ မိန်းမငယ်လေးနှင့်အတူ ရှိနေသည့် လူအိုကြီး ဖြစ်၏။ သူ့ကျင့်ကြံဆင့်က အနည်းငယ် ပုံမှန် မဟုတ်ပေ။
“အစ်ကိုကြီးက ဘာလို့ ထွက်မကြည့်တာလဲ ...”
မိုဝူကျီက ဝင်လာကတည်းမှ လှုပ်လှုပ်ရှားရှား မရှိသည့်အပြင် အပြင်ဘက်သို့ ထွက်ပြီးတော့လည်း စစ်ဆေးမကြည့်သောကြောင့် တံခါးနားတွင် ထိုင်နေသော အမျိုးသမီးက သိချင်စွာ မေးကြည့်လိုက်သည်။
“ယန်ယန် ..”
သူမ ခင်ပွန်းသည်က သူမက သူစိမ်းဖြစ်သည့် မိုဝူကျီကို ထိုသို့ မေးလိုက်သည်ကို ကြား၍ သူမကို အသာလေး ခေါ်ကာ သူမလက်ကို ကိုင်ထားလိုက်သည်။
မိုဝူကျီက ထိုကိစ္စကို စိတ်ထဲမထားပေ။ သူက ထိုအမျိုးသမီးအပေါ်တွင် အမြင်ကောင်း ရှိလေသည်။ အမျိုးသမီးက သင်္ဘောသားများကို ကယ်တင်ဖို့ရာ မေးစဉ် ကြင်နာတတ်သည့် သူမ၏ စရိုက်ကို သိသာနိုင်လေသည်။ တစ်ဖက်တွင် အမျိုးသားက နည်းနည်း သတိတကြီး ထားနေသည်မှာ လူကြောက်ပုံစံ ပေါ်နေလေသည်။
ဤနေရာတွင် စုံတွဲက ဘာလာလုပ်ရမည်ကို မည်သူ သိမည်နည်း။ ပင်လယ်တွင် ဝိညာဉ်စွမ်းအားများ ပြတ်လပ်နေသောကြောင့် သေချာပေါက် ကောင်းသည့်အရာရှိမည် မဟုတ်ပေ။
“မိတ်ဆွေ ကျုပ်အားနာပါတယ်ဗျာ .. ကျုပ်ဇနီးက ဒီနေရာက ကိစ္စတွေကို သိပ်နားမလည်သေးလို့ပါ ... ”
အမျိုးသားက မိုဝူကျီကို အားနာစွာ ပြောလိုက်သည်။
မိုဝူကျီက ပြုံးကာ ပြန်ဖြေလိုက်သည်
“ကိစ္စမရှိပါဘူး။ ကျုပ်က နှေးကွေးနေရုံပါ။ ကျုပ်ထလာမဲ့အချိန်ကျ ခင်ဗျားတို့တွေက ပြန်ရောက်လာပြီလေ ... ”
“ဟားဟား .. ခင်ဗျားစကားတွေက ကျုပ်တို့အားလုံး သေရမှာ ကြောက်နေတဲ့ပုံ ဖြစ်နေပြီ။ ဒါပေမဲ့ ခင်ဗျားမှန်ပါတယ် ကျုပ်တို့တွေ သွားကြည့်ကြည့်၊ မကြည့်ကြည့် သင်္ဘော ဆက်သွားလို့ရတုန်း သွားနေမှာပဲ . အဲဒါကြောင့် အပြင်မှာ ဘာဖြစ်နေလဲ ဆိုပြီး သွားကြည့်တာ အသုံးမဝင်ဘူး ...”
မျက်နှာမည်းလူသန်ကြီးက မိုဝူကျီ ပြောသည်ကို သဘောတူသည့်ဟန်ဖြင့် ပြောလိုက်သည်။
သို့သော်လည်း မိုဝူကျီ စိတ်စွမ်းအားက လှိုင်းလုံးများက သင်္ဘောကိုယ်ထည် အပေါက်ထဲကို ဝင်လာမည် ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထိုသိုဆိုလျှင် ရေထဲတွင် နောက်ထပ် မိနစ်အနည်းငယ်သာ အချိန်ရတော့မည်။
စိတ်မရှည်တော့သည့် မိုဝူကျီက မတ်တပ်ရပ်ကာ လက်များကို ပုတ်လိုက်ပြီး ပြောလိုက်သည်
“သင်္ဘောကို တစ်ခုခု ရိုက်မိတဲ့အသံ ကြားလိုက်တယ် .. တချက်သွားကြည့်လိုက်ဦးမယ် .. ”
အားလုံးထွက်သွားသည့်အချိန်တွင် မိုဝူကျီက လိုက်ပါမသွားခဲ့ပေ။ သင်္ဘောက ကောင်းဆဲ ဖြစ်ကာ မိုဝူကျီက သွားကြည့်ရန် မတ်တပ်ရပ်သည့်အခါ အားလုံးက တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်မှာလားဟု သံသယဝင်မိနေကြသည်။
ယန်ယန်အမည်ရှိ အမျိုးသမီးလည်း ထရပ်လိုက်ကာ
“အစ်ကိုရွမ် ကျွန်မတို့လည်း သွားကြည့်ကြရအောင် .. ”
အမျိုးသားက စိုးရိမ်နေသော်လည်း သူက ထိုသို့အခွင့်အရေးကို မယူရဲပေ။ အမျိုးသမီး ပြောလိုက်သည်နှင့် သူက ချက်ချင်း ထရပ်ကာ သူမနှင့်အတူ ကုန်းပတ်ဆီသို့ ထွက်သွားလေသည်။
နှစ်ယောက်သား သင်္ဘောကိုယ်ထည် အပေါက် ပွင့်သွားပြီး ပင်လယ်ရေများ စီးဝင်လာနေသည်ကို မြင်လိုက်ကြရ၍ ခဏတာ ကြောင်သွားမိကြသည်။ ကျင့်ကြံသူပင် ဖြစ်ဖြစ်၊ သေမျိုးပင် ဖြစ်ဖြစ် အဆုံးမဲ့ ပင်လယ်ထဲတွင် သူတို့လမ်းကြောင်းကို မသိသရွေ့ အနှေးနှင့်အမြန် သေမည် ဖြစ်သည်။
“အစ်ကိုရွမ် ကျွန်မတို ဘယ်လို လုပ်ကြမလဲ ..”
ယန်ယန်မျက်နှာက ဖြူဖျော့လာလေသည်။
ထိုစဉ် နောက်မှ ခြေသံများကို ကြားလိုက်ရ၍ အခန်းအတွင်းမှ လူအားလုံးက ထွက်လာကြလေသည်။ သင်္ဘောကား ပင်လယ်ထဲ နှစ်မြှုပ်တော့မည်ကို မြင်ပြီး သူတို့အမူအယာများမှာ ပြောင်းလဲသွားကြသည်။
“အားလုံး ကြည့်ကြ .. ဟိုမှာ သင်္ဘောတစ်စင်းလာနေပြီ ..”
အံ့ဩတကြီး ရေရွတ်သံကြောင့် အားလုံးက စိတ်လှုပ်ရှားလာကြသည်။
သင်္ဘောကို ဦးဆုံးမြင်သူမှာ သေရည်သောက်နေသည့် အုပ်စုထဲမှ အမျိုးသမီး ဖြစ်ရာ သူမက အဝေးကို လက်ညိုးထိုး၍ တက်တက်ကြွကြွပြောလိုက်လေသည်။
“တကယ့်ကို သင်္ဘောတစ်စင်းပဲ ..”
လက်ရှိတွင် ရှိနေသော လူများမှာ သူတို့ဆီ ရွက်လွှင့်လာနေသည့် သင်္ဘာပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလေသည်။
မိုဝူကျီလည်း သင်္ဘောကို မြင်လိုက်ရသည်။ ထိုသင်္ဘောမှာ သူတို့ရှိနေသည့် သင်္ဘောထက် ဆယ်ဆမက ပို၍ကြီးမားရာ ဧရာမဟုပင် ဆိုနိုင်လေသည်။
သင်္ဘောသည် အနည်းဆုံး မီတာရာချီ၍ ရှည်လျားကာ မီတာအတော်ကျယ်ဝန်းလေသည်။ သူတို့နှင့် အခြားသင်္ဘောကြားတွင် အကွာအဝေးလှမ်းသေးသော်လည်း မိုဝူကျီက နေရာနှင့် ရှင်းလင်းနေသည့် ကုန်းပတ်ကို သေချာမြင်နိုင်လေသည်။ ထိုအပေါ်တွင် အမှိုက်များ၊ အကျိုးအပျက်များ ရှိမနေချေ။ မိုးရေစက်များသာ ကျန်ရှိနေလေသည်။ သိုသော် မိုဝူကျီကို နားမလည် ဖြစ်စေသည်က ထိုသင်္ဘောပေါ်တွင် လူတစ်ယောက်မှ မမြင်မိခြင်း ဖြစ်၏။
ပြင်းထန်သည့် မုန်တိုင်းအတွင်း သင်္ဘောနှစ်စင်းမှာ တစ်ခုနှင့်တစ်ခု နီးကပ်လာကြသည်။
“ဘမ်း ...”
နောက်ထပ် ကျိုးကြေသံနှင့်အတူ သူတို့သင်္ဘောကား လုံးဝ ကျိုးပျက်သွားလေသည်။ သင်္ဘောအပေါက်က ကျယ်လာသောကြောင့် ရေများက အတားအဆီးမရှိ ဝင်လာကြလေသည်။
နှစ်မြှပ်နေပြီ ဖြစ်သည့် သင်္ဘောနှင့် ဧရာမသင်္ဘောတို့မှာ ဆယ်မီတာကျော် ကွာဝေးနေသေးသည်။ သို့သော်လည်း မိုဝူကျီက မလှုပ်ရှားသေးပေ။ သူက ရုတ်တရက် ထိုအခြေအနေကား ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။
အိပ်ငိုက်နေသူကို ခေါင်းအုံလာပေးသကဲ့သို့ အဆင်သင့်ဖြစ်မနေပေဘူးလား ... ထို့အပြင် ခေါင်းအုံးမှာလည်း ခေါင်းတည့်တည့် ရောက်လာသေးလေသည်။ မထူးဆန်းပေဘူးလား ....
ဧရာမ သင်္ဘာကြီးက ခေါင်းအုံးကြီး ဖြစ်ပြီး သူတို့သင်္ဘောနှစ်မြှပ်ခါနီးတွင် ထိုသင်္ဘောကြီးက မည်သည့်နေရာကမှန်း မသိ ထွက်ပေါ်လာလေသည်။ ထို့အပြင် သင်္ဘောရွေ့လျားနေသည့် အရှိန်မှာ စင်းလုံးချော ဖြစ်၏။
“ဟိုဘက် သင်္ဘောပေါ် မြန်မြန် တက်ကြ .. ဒီဟာက မြှပ်တော့မယ် ..”
ယန်ယန်က မိုဝူကျီ တစ်ယောက် မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့၍ အော်ဟစ်သတိပေးလိုက်သည်။
မိုဝူကျီက မည်မျှပင် ထူးဆန်းစေကာမူ သူက ထိုသင်္ဘောပေါ် တက်ရမည်ကို သိ၏။ သင်္ဘောကြီးသည် သူရှိနေသည့် သင်္ဘောပျက်လေးနှင့် အလွန်နီးကပ်နေပြီ ဖြစ်၍ အနည်းငယ်ခုန်ရုံမျှဖြင့် သင်္ဘာကြီးပေါ် ရောက်ရှိနိုင်လေသည်။
သင်္ဘောကြီးပေါ် ရောက်သည့်အချိန်တွင် သူ့စိတ်စွမ်းအားဖြင့် နေရာအနှံ့ စစ်ဆေးကြည့်လိုက်သည်။ မိုဝူကျီကို အံ့ဩတကြီး ဖြစ်သွားစေသည်က ကုန်းပတ်ပေါ်တွင် လူမရှိရုံမျှမက သင်္ဘောအတွင်းပိုင်းတွင်လည်း မည်သူမျှ မရှိကြပေ။ သင်္ဘော၏ အခန်းအများစုက လွတ်နေပြီး မီးဖိုချောင်ထဲတွင် အစားအစာများလည်း ရှိနေသေးသည်။
သင်္ဘောပေါ်က လူတွေ ဘယ်ရောက်သွားကြတာလဲ ....
မိုဝူကျီက မောင်းနှင်ရေးကိရိယာများကို စစ်ဆေးကြည့်သည့်အခါ အံ့ဩသွားစေသည်က သင်္ဘောကို အစီအရင်ပြားဖြင့် ထိန်းချုပ်မောင်းနှင်ထားခြင်း ဖြစ်သည်။ အစီအရင်ပြားကား အလွန်ရိုးရှင်းလှ၍ အခြေခံအစီအရင်ဟုပင် ယူဆ၍ မရချေ။ ထို့ကြောင့် သင်္ဘောကို အလွယ်လေး ကြည့်နိုင်ခြင်း ဖြစ်သည်။
မိုဝူကျီက သင်္ဘောကြီးကို လေ့လာနေစဉ် အခြားသော ကိုးယောက်မှာလည်း တူညီစွာ ဆန်းစစ်နေကြသည်။ အားလုံးက ထူးဆန်းသော အခြေအနေများကို တွေ့ရှိသွား၍ အပြင်ဘက် ကုန်းပတ်ပေါ်တွင်သာ ရပ်နေကြပြီး အထဲသို့ မဝင်ကြပေ။ မိုဝူကျီ လုပ်နေသည့်အရာနှင့် အတူတူပင် ဖြစ်လေသည်။
“ဒီမှာ တစ်ယောက်ယောက်များ ရှိလား။ ကျုပ်တို့ သင်္ဘောက နှစ်မြှပ်သွားလို့ ခဏတာ ဒီမှာ နေချင်လို့ပါ ..”
လူလတ်အမျိုးသားက ရှေ့ထွက်လာပြီး အော်ပြောလိုက်သည်။ သူက သင်္ဘောကို လေးလေးစားစား ဦးညွှတ်၍ ကျယ်ကျယ် ပြောလိုက်ခြင်း ဖြစ်သည်။
သူက အသံကို သဘာဝစွမ်းအားနှင့် ပို့လွှတ်လိုက်သည့်အတွက် သင်္ဘောက မည်မျှပင် ကြီးမားစေကာမူ နေရာအနှံ့ ရောက်ရှိသွားလိမ့်မည်။ သို့သော် သူ့စကားဆုံးသွားသော်လည်း တိတ်ဆိတ်မှုသာ ကြီးစိုးနေဆဲ ဖြစ်သည်။ အသံတစ်သံမှ မကြားရပေ။
မိုဝူကျီက သင်္ဘောပေါ်တွင် လူမရှိသောကြောင့် အကြောင်းပြန်လိမ့်မည် မဟုတ်မှန်း သိ၏။ သန့်ရှင်းသပ်ရပ်နေပြီး အစားအစာအပြည့်နှင့် သင်္ဘောလွတ် တစ်စင်းသာ ဖြစ်လေသည်။ ထိုသည်က မိုဝူကျီကို စိတ်ချောက်ချားစေသည်။
“မိတ်ဆွေတို့ ကျုပ်တို့က ပင်လယ်မှာ ဒုက္ခတွေ့ပြီးတော့ ဆုံစည်းကြတယ်ဆိုတော့ အခက်အခဲတွေကို အတူတူ ကျော်လွှားတာ ပိုကောင်းမယ်လို့ ထင်တယ်။ ကျုပ်ဘာသာ အရင်မိတ်ဆက်ပါရစေ .. ကျုပ်က ကျန်းရှားပိုင်ပါ ဒီနှစ်ယောက်က မန်ကျီနဲ့ ချီစုစုပါ ... ”
သူ့ကို မည်သူကမှ အကြောင်းမပြန်မှန်း သိလိုက်ပြီးနောက်တွင် လူလတ်အမျိုးသားက လှည့်လာကာ အားလုံးကို တလေးတစား နှုတ်ဆက်လိုက်လေသည်။
ကျန်းရှားပိုင်က ထိုသို့ ပြောသည်ကို ကြားပြီး မိုဝူကျီက အားလုံးက သူ့လိုမျိုး မမျှော်လင့်ဘဲ ထိုသင်္ဘောပေါ်သို့ ရောက်လာကြောင်း သေချာသွားလေသည်။ ကြည့်ရသည်မှာ တစ်ယောက်ကမှ သင်္ဘာပေါ်မရောက်ခင်အထိ တစ်ယောက်နှင့် တစ်ယောက် မသိကြပေ။
ဘုန်းကြီးက ဗုဒ္ဓအမည်နာမဘွဲ့ကို ပြောပြလိုက်ပြီ
း “အားလုံးက ကိုယ်တော်ကို ဘုန်းကြီးနရှောင်လို့ ခေါ်လို့ရပါတယ်။ ကိုယ်တော်က ရယ်ရတာကို သဘောကျပြီးတော့ ဟာသတွေ ပြောရတာကို သဘောတွေ့တယ်။ တစ်ခုခု မထူးခြားရင် အားလုံးပင်ပန်းနေတဲ့အခါ ကိုယ်တော် ဟာသတချို့ ပြောပြနိုင်တာပေါ့ ... ”
လူအုပ်တစ်ခုလုံးက ကြောင်သွားကြလေသည်။ သူ့တို့အတွက် ဘုန်းကြီးတစ်ပါး ထိုသို့ပြောသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ရာ သူက မည်မျှပင် ဟာသပြက်လုံးများကို စိတ်ဝင်စားနေသနည်း။ ဖြစ်နိုင်သည်က သူ့စကားထဲမှာပင် ဟာသများ ပါဝင်နေဟန် ရသည်။
သူ့နောက်တွင် မျက်နှာမည်းလူသန်ကြီးက တည့်တိုးပြောလိုက်သည်
“ကျုပ်က ဖူချန်းပါ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပဲ ... အစ်ကိုကျန်းပြောတာ မှန်တယ်။ အခုလိုအချိန်မျိုးမှာ အားလုံးက ပူးပေါင်းသင့်တယ်။ ကျုပ်မှာ အကြံဉာဏ်တော့ မရှိပေမဲ့ အင်အားတော့ စိုက်ထုတ်နိုင်တယ် ... ”
“ကျုပ်က ချီဝမ်ရွမ် ဒါကကျုပ်ဇနီး ကျောင်းယန်ပါ .. ကျုပ်တို့ ကူညီနိုင်တာ ရှိသရွေ့ ကျုပ်တို့က မျက်နှာလွဲထားမှာ မဟုတ်ဘူး ..”
လူငယ်က ပြောလိုက်သည်။
လူငယ်ပြောပြီးသည်နှင့် လူအိုကြီးက တလေးတစား ဦးညွှတ်ကာ ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်
“ဒီလူအိုကြီးက အသုံးမဝင်တော့ပါဘူး။ ကျုပ်က ကျုပ်အသက်လေးကို မနည်းကယ်တင်ခဲ့ရပေမဲ့ ဒီက ညီလေးကျန်းတို့ ပြောသလို ကျုပ်လုပ်ပေးရမဲ့အရာရှိရင် နောက်ဆုတ်နေမှာ မဟုတ်ပါဘူး .. ”
“မိတ်ဆွေ နာမည်လေး ပြောပါဦး။ အဲဒါမှ တစ်ယောက်နဲ့ တစ်ယောက် ခေါ်ရတာ လွယ်ကူမှာပေါ့ ..”
လူအိုကြီးက နာမည်ထုတ်မပြောသည်ကို မြင်ပြီး ကျန်းရှားပိုင်က ထပ်မေးလိုက်သည်။
“ကျုပ်ကို လူအိုကြီးချောင်ကောင်းကျီလို့ ခေါ်လို့ ရပါတယ် .. ကျုပ်မြေးနာမည်က စူတန်းကျီပါ ... လွယ်လွယ် မှတ်မိနိုင်တဲ့ နာမည်တွေပါ ..”
လူအိုကြီးက ပြုံးရင်း ပြောလိုက်သည်။
ချောင်ကောင်းကျီနှင့် စူတန်းကျီ ..
မိုဝူကျီက သူ့ဘာသာ တွေးမိလိုက်လေသည်။ သူတို့နာမည်များကား အမှန်ပင် မှတ်ရလွယ်ကူလေသည်။
ကျန်းရှားပိုင်အကြည့်က သူ့ဆီ ရောက်လာသောကြောင့် မိုဝူကျီက လေးလေးစားစား ပြန်နှုတ်ဆက်လိုက်သည်
“ကျုပ်ကလည်း နယ်လှည့် ကျင့်ကြံသူပါ မိုဝူကျီလို့ ခေါ်ပါတယ် ... ”
ကျန်းရှားပိုင်က မိုဝူကျီသည် ကိုယ့်နေရာကို မသိသည့်အတွက် စိတ်မကျေမနပ် ဖြစ်သွားလေသည်။ မိုဝူကျီကား ကျင့်ကြံဆင့် နိမ့်ဟန် ရှိသော်လည်း သူ့ကို သွားရှုပ်၍ မဖြစ်သောလူဖြစ်ကြောင်း ခံစားမိနေသည်။ ထို့ကြောင့် မိုဝူကျီက ကိုယ့်ဘာသာ ကောင်းကောင်းမနှုတ်ဆက်သော်လည်း သူက တစ်ခွန်းမျှ မပြောတော့ပေ။
“မိတ်ဆွေတို့ ဒီသင်္ဘောပေါ်က အခြေအနေက အတော်လေး ထူးဆန်းနေတယ်။ အခု အထဲမှာ လူတစ်ယောက်မှ မရှိဘူး။ အဲဒါကြောင့် အားလုံးအတူတူ အပေါ်အောက် အကုန်ရှာကြည့်ရင် ကောင်းမယ်လို့ ထင်တယ်။ ပြီးတော့မှ သုံးသပ်ကြည့်ကြတာပေါ့ ...”
အားလုံးက မိတ်ဆက်ပြီးသွားသည်နှင့် ကျန်းရှားပိုင်က သူ့စိတ်ထဲ ထင့်နေသည့် အကြောင်းအရာကို ပြောလိုက်လေသည်။
သူ့စိတ်ကူးကား အားလုံးကို စုစည်း၍ လုပ်ဆောင်လိုခြင်း ဖြစ်သည်။ မိုဝူကျီက အဓိပ္ပါယ်မရှိသည့် အပြူအမူ မလုပ်ချင်သည့်အတွက် အားလုံးပြောသည့်အတိုင်း သဘောတူလိုက်ရသည်။
သင်္ဘောပေါ်တွင် အခန်းများစွာ ရှိ၍ အများစုမှာ သန့်ရှင်းကျယ်ဝန်းသော အခန်းများ ဖြစ်ကြသည်။
အားလုံးက သင်္ဘာကို လိုက်လံစစ်ဆေးနေသောကြောင့် မိုဝူကျီက အမြဲနောက်တွင် ရပ်နေလိုက်သည်။ အကြောင်းမှာ သူက နေရာတစ်ခုလုံးကို စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ရှုပြီးလေပြီ။
တစ်နာရီအကြာတွင် အားလုံးက မီးဖိုချောင်ကို ရောက်ရှိလာကြသည်။ အခန်းသို့ မဝင်ခင် မိုဝူကျီက မီးဖိုချောင်တစ်ခုလုံးကို စိတ်စွမ်းအားဖြင့် အကုန်စစ်ဆေးကြည့်လိုက်သည်။ သစ်သားချောင်း၊ ဆန်၊ ဆီ၊ ဆား အစရှိသဖြင့် အားလုံးက ပုံမှန်ဖြစ်လေသည်။ အားလုံးက ထိုပစ္စည်းများကို မြင်တွေ့ပြီးနောက်တွင် သူ့ကဲ့သို့ပင် သုံးသပ်မိလိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်။ သို့သော် နောက်မှ စူတန်းကျီက အနည်းငယ် မျက်မှောင်ကျုတ်နေလေသည်။ သူမက မသိမသာ ခြေလှမ်းများပင် ပြန်ဆုတ်မိသွားသေးသည်။