“ဒီနေ့က စပြီးတော့ ဒီလူ ၈၀၀က ငါတို့အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်။ ဝူချောင်ဝူရွှောင်အဖွဲ့က ပျက်သုန်းသွားပြီ။ ငါတို့သိမ်မွေ့အမဲလိုက်သုံးဖော်အဖွဲ့ပဲ ရှိတော့မယ် …”
ဟွားရွှမ် ပြောသည်ကို ကြားပြီး မိုဝူကျီက အနည်းငယ် စိတ်ရှုပ်ထွေးသွားမိ၏။ သူ သတ်လိုက်သော မြင်းစီသမားမှလွဲ၍ မြင်းစီးသမား ၉၀၀၀ ဝန်းကျင် ကျန်ရှိနေသေးသည်။ သို့သော် ဟွားရွှမ်က လူ ၈၀၀သာ လက်ခံမည်ကို ပြောသောကြောင့် သူမရှေ့မှ လူထောင်ချီက အငြင်းခံရမည် ဖြစ်၏။
“ငါတိုအဖွဲ့ရဲ့ ပိုက်ဆံတစ်ပြားစီက ချွေးတွေ၊ အားထုတ်မှုတွေနဲ့ ရထားတာ။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် ဝူချောင်ဝူရွှောင်အဖွဲ့ရဲ့ ဝင်ငွေက မသမာမှုနဲ့ ရလာတာပဲ။ ငါတို့အဖွဲ့က အဲလိုလူမျိုးကို အလိုမရှိဘူး .. ”
ထိုအရာကို ကြားပြီး မြင်းစီးသမားအုပ်စုအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသော်လည်း တစ်ယောက်မှ မလှုပ်ရှားရဲကြပေ။ မိုဝူကျီက အဝေးတစ်နေရာတွင် ရပ်နေသောကြောင့် အားလုံးက ဦးဆုံးလှုပ်ရှားမှု လုပ်မိလျှင် အင်မော်တယ်ဆရာဆီမှ အသတ်ခံရမလားဟု သတိထားနေကြခြင်း ဖြစ်သည်။
မိုဝူကျီက သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။ ထိုသည်က ကိစ္စများကို ဖြေရှင်းရာ၌ “အုပ်စုတစ်ခုထဲ သိမ်းသွင်း၍ နောက်တစ်အုပ်စုလုံးကို သတ်ဖြတ်ခြင်း” နည်းလမ်းကား အမှန်ကန်ဆုံး နည်းလမ်း ဖြစ်လေသည်။ ဟွားရွှမ်က ပြောလိုက်သည့်အကြောင်းက သူတို့လက်မှာ အပြစ်မဲ့လူများ၏ သွေးများ စွန်းထင်းနေ၍ ဖြစ်သည်။
“အဆိပ်ဆူးကို အရင်သတ်ကြ …”
ဟွားရွှမ်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
လူနှစ်ယောက်က မိုဝူကျီလက်ချက်ဖြင့် ဒဏ်ရာရနေသည့် အဆိပ်ဆူးကို တရွတ်တိုက် ဆွဲခေါ်လာကြသည်။ သူတို့ဓားကို မြှောက်လိုက်သည့်အချိန် လွဲချလိုက်သည်နှင့် အဆိပ်ဆူး ဦးခေါင်းလည်း မြေခသွားရတော့သည်။
ရုတ်ရုတ်သဲသဲ ဖြစ်နေကြသော မြင်းစီးသမားများက ငြိမ်ကျသွားလေသည်။ ထိုသတ်ဖြတ်မှုက သူတို့အပေါ် များစွာ သက်ရောက်မှု ရှိ၏။ မိုဝူကျီ စိတ်ထဲတွင် လူသတ်သမားများက ဆက်ဆံဖို့ကောင်းသော လူများ မဟုတ်ပေ။ ဟွားရွှမ်က အမျိုးသမီး ဖြစ်သော်လည်း သူမက ကောင်းကောင်းကိုင်တွယ်နိုင်စွမ်း ရှိသည်။
သူမက မြင်းစီးသမားများကို ဝေ့ဝှက်ကြည့်လိုက်ပြီး ဟွားရွှမ်က ကျေနပ်စွာ ပြောလိုက်သည်
“အခု တစ်ယောက်ကို တစ်ယောက် ပြောဖို့ ခွင့်ပြုပေးမယ်။ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးစွန်းနေတဲ့သူတိုင်း ချွင်းချက်မရှိ အသတ်ခံရမယ်။ ကောင်းကောင်း ပြောနိုင်တဲ့သူတွေက သိမ်မွေ့အမဲလိုက်သုံးဖော်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာလိမ့်မယ်။ ရှေ့တန်း ၈၀၀ အုပ်စု ရှေ့တက်ကြမယ်။ တစ်ယောက်ယောက် တစ်ခုခု ကြံစည်နေတာ တွေ့ရင် သတ်ပစ်လိုက်ကြ … ”
“ဟုတ်ကဲ့ပါ ”
ဟွားရွှမ် ဦးဆုံးလက်ခံထားသော လူ ၈၀၀ကာ ဓားရှည်များ မြှောက်ကာ ရှေ့တက်လာကြပြီး အချိန်မရွေး သတ်ပစ်ဖို့ရာ အဆင့်သင့် ဖြစ်နေလေသည်။
“လျိုဆန်းအကြောင်း ပြောချင်ပါတယ်။ အရင်တုန်းက … ”
ဟွားရွှမ် စကားဆုံးသည်နှင့် မြင်းစီးသမား တစ်ယောက်က တခြားတစ်ယောက်ကို လက်ညိုးထိုးပြပြီးတော့ ပြောလိုက်တော့သည်။
သို့သော် သူ့စကားမဆုံးခင် သူ့ဘေးမှ မြင်းစီးသမားကြောင့် သူ့ခေါင်းပြတ်သွားလေသည်။
မြင်းစီးသမား အများစုက တိတ်ဆိတ်သွားကြလေသည်။ မကြာခင်တွင် သူတို့သည် ဟွားရွှမ်က တင်ပြသူ အသတ်ခံရသည့်အကြောင်းကို ဘာမှအရေးမယူမှန်း သိလိုက်ကြသည်။
ထိုအချက်ပြချက်ကြောင့် မြင်းစီးသမားအုပ်စုတွင် ရုတ်ရင်းဆန်ခတ် ဖြစ်လာလေသည်။ တစ်ယာက်ပြီး တစ်ယောက် သူတို့ဓားများကို မြှောက်ကာ တစ်ယောက်နှင့် တစ်ယောက် သတိထားနေကြသည်။ တချို့သူများက ဆက်ဆံရေးကောင်းသောကြောင့် အဖွဲ့ဖွဲ့၍ နေနေကြသော်လည်း တချို့လူများက သူတို့အသက်သာ ကာကွယ်ဖို့ ကြိုးစားနေကြသည်။
ထိုမြင်းစီးသမားအုပ်စုထဲတွင် ရှိနေသရွေ့ ချိန်ရွယ်ထားသည့် ဓားများရှိနေမည် ဖြစ်ပြီး အပြင်ထွက်ဖို့ကြိုးစားပါက ရှေ့တွင် စောင့်နေကြသော လူ၈၀၀ ၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။
သက်ပြင်းချလိုက်ကာ ….
မိုဝူကျီက ဆက်မကြည့်နိုင်တော့ပေ။ လူတစ်ထောင်ပင် အသက်ရှင်ဖို့ရာ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သိ၏။ သို့သော် ထိုသည်က ကိစ္စများကို ဖြေရှင်းနိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်လေသည်။
ထိုသို့မဟုတ်လျှင် ဟွားရွှမ်အတွက် လူ ၈၀၀ လောက်ဖြင့် လူသောင်းကျော်ကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ချေ။
လေထဲမှ သွေးနံ့က ပြင်းသထက် ပြင်းထန်လာကာ တိုက်ခိုက်သံများက နေ့တစ်ဝက်လောက်အကြာတွင် ငြိမ်သက်သွားလေသည်။ မိုဝူကျီက လှည့်ကြည့်လိုက်သောအခါ ဟွားရွှမ်က သူ့ဆီ လျှောက်လာသည်ကို မြင်လိုက်ရ၏။ သူနှင့် အဝေးတစ်နေရာတွင် သွေးချောင်းစီးကာ အလောင်းများက တောင်ပုံယာပုံ ဖြစ်တည်နေ၏။ အသက်ရှင်နေသော မြင်းအရေအတွက်ပင် ၅၀၀ မရှိပေ။
အတော်လေး အံ့ဩဖို့ ကောင်းလေသည်။ သောင်းချီနေသော လူများကို ရာဂဏန်းအထိ လျော့ချနိုင်လိုက်သည်။ ဟွားရွှမ်က ဤသွေးသံရဲရဲ ဘဝမျိုးနှင့် အမှန်တကယ် လိုက်ဖက်လှသည်။
“အစ်ကိုမို .. ဒုတိယအစ်မရော ဘယ်လိုနေသေးလဲ …”
ဟွားရွှမ်က ဦးညွှတ်ကာ မေးလိုက်သည်။
“အသက်အန္တရာယ် မရှိတော့ပါဘူး။ ခဏနေရင် သူမကို ဟိုးနေရာကို ခေါ်သွားပြီးတော့ သေချာ အာဟာရ ပြည့်အောင် ဂရုစိုက်ပေးလိုက် ..”
မိုဝူကျီက အဝေးတစ်နေရာမှ အဆောက်အဦးကို ညွှန်ပြကာ ပြောလိုက်ခြင်း ဖြစ်၏။ ထိုသည်က ဝူချောင်ဝူရွှောင်တို့၏ နေရာဟောင်း ဖြစ်လေသည်။
“ဟုတ်ကဲ့ပါ …”
ဟွားရွှမ်က နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် စိုးရိမ်စွာ မေးလိုက်သည် …
“အစ်ကိုမို ကျွန်မနည်းလမ်းက အရမ်းများ ရက်စက်သွားလား။”
မိုဝူကျီက ပြုံးကာ ပြန်ဖြေလိုက်သည် ..
“မင်းမှန်တယ်လို့ ထင်တာက မှန်တဲ့အရာဖြစ်လိမ့်မယ်။ နောက်တစ်ခါကျ ဒီနေရာကို ကျင်းလင်ပေးနဲ့အတူ မင်းပါ ဦးစီးပေးရမယ်။ ငါက ရက်တချို့ တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်။ ကိစ္စတစ်ခုခု ရှိရင် အချိန်မရွေး လာခေါ်လှည့် .. ”
ဟွားရွှမ်က မိုဝူကျီသည် ဤနေရာတွင် တံခါးပိတ်ကျင့်ကြံမည်ဆိုတာ သိသည့်အတွက် မြင်းစီးသမားများကို စိုးရိမ်ကင်းစွာ သေချာဖြေရှင်းနိုင်လေပြီ။
ဟွားရွှမ်ကို အဆုံးထိ ကိုင်တွယ်ဖို့ရာ ထားခဲ့ကာ မိုဝူကျီက ဝူချောင်ဝူရွှောင်တို့နေရာဟောင်းသို့ ဝင်သွားတော့သည်။
ဤနေရာကား နန်းတော်တစ်ခု ဖြစ်ရာ ချင်ယွီပြည်နယ်သခင်၏ အိမ်တော်သို့ ရောက်ဖူးသော်လည်း ဤမျှလောက် တန်ဖိုးမကြီးမားပေ။
မိုဝူကျီက နေရာတစ်ခုလုံးကို ရှာဖွေမနေဘဲ သာမာန်အခန်းတစ်ခုကိုသာ ရွေးချယ်လိုက်တော့သည်။ ထို့နောက် အပြင်ဘက်တွင် ဆိုင်းဘုတ်ချိတ်ဆွဲထားပြီးနောက် တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
သူက ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး၏ ဒုတိယပုံစံကို ကြည့်ချင်မိသည်။
ဂျူချီဂျန်းနှင့် တိုက်ပွဲအပြီးတွင် ထိုကျင့်စဉ်များက ရိုးရှင်းလှကြောင်း ခံစားမိနေသည်။
ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ဒုတိယပုံစံကား မပြီးပြည့်စုံသည့် ကျင့်စဉ်ဖြစ်သော်လည်း ပထမပုံစံနှင့် ယှဉ်လျှင် ပို၍ ပြည့်စုံသေး၏။ အနည်းဆုံးတော့ မပြီးပြည့်စုံသည့် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း နည်းလမ်း နှစ်ခုနှင့် ပုံနှစ်ခု ပါဝင်သေးသည်။
ဒုတိယပုံစံကို တောင်ခွင်းငါးချက်ဟု ခေါ်ပြီး မိုဝူကျီက ထိုလျှပ်စီးငါးချက်မှာဆက်တိုက် ထွက်လာလိမ့်မည်ဟု ကောက်ချက်ချမိသည်။ သို့သော် လက်တွေ့တွင် သူက ပထမပုံစံတွင် လျှပ်စီးများစွာ ထုတ်လွှင့်နိုင်ထားသောကြောင့် ဒုတိယပုံစံမှ သိပ်များစွာ မျှော်လင့်မထားပေ။
မျှော်လင့်ချက်နည်းစွာဖြင့် မိုဝူကျီက ကောက်ချက်မချခင် လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကျင့်စဉ်အသစ် တစ်ခုကို သင်ယူရသည်က ဆိုးလှသော အရာတော့ မဟုတ်ပေ။
ဝိညာဉ်လှည့်ပတ်ခြင်း လမ်းကြောင်းမှာ ရှင်းလင်းလှရာ မိုဝူကျီက အလွယ်တကူ ပထမလှည့်ပတ်ခြင်းကို ပြီးမြောက်သွားပြီး ပထမလျှပ်စီးအားကို ဖြစ်တည်လာစေသည်။
ဒုတိယပုံစံလှည့်ပတ်ခြင်းကား မိုဝူကျီအတွက် ပြဿနာမရှိချေ။ သူက ဒုတိယလျှပ်စီးကို နောက်တစ်ကြိမ် စုစည်းလိုက်ပြန်သည်။
စိမ်ခေါ်မှု မများပြားလှပေ။ တတိယလှည့်ပတ်ခြင်း လမ်းကြောင်းက မပြီးပြည့်စုံသော်လည်း မိုဝူကျီက များများစားစား မစိုးရိမ်မိပေ။ သူက သူ့ဘာသာ လမ်းကြောင်းရှာကာ ဆက်လက် လုပ်ဆောင်ရမည်။ သူက ကျင့်စဉ်နားလည်နိုင်စွမ်းတွင် မကျွမ်းကျင်သေးသော်လည်း ကျင့်စဉ်များကို မွမ်းမံရာတွင် သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကိုသာ မှီခိုအားထားရမည် ဖြစ်သည်။
ကျင့်စဉ်တစ်ခုကို တိုက်ခိုက်ရေးနည်းလမ်းအတွက် မွမ်းမံခြင်းဖြင့် ကြောက်ခန်းမလိလိ ဖြစ်ဖွယ် လျှပ်စီးအားများအတွက် မိုဝူကျီ တစ်ယောက်သာ ထိုသို့ လုပ်ဝံ့လိမ့်မည်။
“ဘမ်း …”
မိုဝူကျီက တတိယလမ်းကြောင်းကို ပြန်လည်မွမ်းမံနေစဉ် ဝိညာဉ်စွမ်းအားများက တစ်ဝက်တစ်ပျက် ဖြစ်သွားသောကြောင့် သူ့ချီသွေးကြောများက ကျယ်ပြန့်လာကာ ပေါက်ကွဲမှု ဖြစ်သွားလေသည်။ ကြောက်ခမန်းလိလိ စွမ်းအားများက နေရာအနှံ့ ပြန့်နှံ့ကုန်ကာ မိုဝူကျီ၏ ချီသွေးကြောများအတွင်းတွင် အပြင်းအထန် တိုက်မိကုန်ကြသည်။
မိုဝူကျီက ထိုသို့ဖြစ်နိုင်ချေကို ထည့်စဉ်းစားမိပေမဲ့လည်း သူက သူ့ချီသွေးကြောများဆီမှ လျှပ်စီးများကို မြေကြီးထဲ ရုတ်ချည်း လျော့ချလိုက်ရသည်။
ဝိညာဉ်စွမ်းအား လှည့်ပတ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ နည်းလမ်းမရှိတော့ပေ။ သူက ကမူးရူးထိုးလုပ်မိခြင်းအပေါ် နောင်တရနေလေသည်။ မသိနားမလည်ခြင်းက အကြောက်တရား ကင်းမဲ့စေသည်။ သူက အကြောက်တရားကင်းမဲ့သောကြောင့် သူက ကျင့်စဉ်ကို ပြန်လည်ပြင်ဆင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် လျှပ်တစ်ပြက် လျှပ်စီးကို ပြင်ဆင်နိုင်ခြင်းကား အမှန်တကယ် ကံကောင်းမှုကြောင့် ဖြစ်လေသည်။
“ဘမ်း ..”
လျှပ်စီးအားက မိုဝူကျီ၏ သက်စောင့်နန်းတော်ထဲ ရောက်လာကာ သူ့ခေါင်းတစ်ခုလုံးအား ပေါက်ကွဲလုမတတ် ဖြစ်သွားစေသည်။ အကယ်၍ သူသာ ကြိုတင်မကာကွယ်ထားနိုင်လျှင် နောက်အခိုက်အတန့်လေးတွင် သူ့ဝိညာဉ်ကား လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။
အစပိုင်းတွင် သူက အလွန်အေးစက်နေသည့် နေရာတွင် ပထမပုံစံကို အောင်မြင်ခဲ့ခြင်း ဖြစ်ရာ ဒုတိယပုံစံက သူ့ချီသွေးကြောများကို မလောင်ကျွမ်းစေသော်လည်း သူ့စိတ်စွမ်းအားက သတိမပြုခဲ့ပေ။
ဟုတ်သား … အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်း …
မိုဝူကျီက သူ့ဝိညာဉ်ပျောက်ကွယ်ခါနီး အခြေအနေကို ခံစားခဲ့မိသောကြောင့် သူက အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းကိုသာ တွေးမိသွားသည်။ ကံကောင်းလှစွာ သူက အသုံးပြုထားသည်မှာ မကြာသေးလှသည့်အတွက် မှတ်ဉာဏ်များက လတ်ဆတ်နေသေးသည်။
မိုဝူကျီက အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းကို ချက်ချင်းထုတ်ယူလိုက်ပြီး ပွင့်ချပ်တစ်လွှာကို စားသုံးလိုက်တော့သည်။
အေးစက်စက် ခံစားချက်က သူ့ခန္ဓာအနှံ့ ပြန့်လာကာ သူ့စိတ်အတွင်းပိုင်းထိ ဝင်ရောက်လာလေသည်။ မိုဝူကျီ စိတ်က ယခုအချိန် အရှင်းလင်းဆုံး ဖြစ်နေသည်။ သူ့အတွင်းမှ လျှပ်စီးများက လတ်ဆတ်လှသည့် စွမ်းအားများကြောင့် အားပျော့သွားလေသည်။
ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို ဆက်လုပ်သင့်ရဲ့လား …
မိုဝူကျီက သူ့လက်ထဲမှ အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်း ပွင့်ချပ်များစွာကို ကြည့်ကာ အံ့ကို ကြိတ်၍ နောက်တစ်ကြိမ် ထပ်မံ လှည့်ပတ်လိုက်ပြန်သည်။ တစ်ခုခု မှားယွင်းလာပါက သူက နောက်ထပ် ပွင့်လွှာတစ်ချပ်ကို စားသုံးမှာ ဖြစ်ပြီး ဒုတိယပုံစံ ဖန်တီးမှုကို ရပ်တန့်မှာ ဖြစ်သည်။
မိုဝူကျီကို အံ့အားသင့်စေသည်က ဤတစ်ကြိမ်တွင် အခက်အခဲများ မရှိချေ။ ယခင်တစ်ခါနှင့် လုံးဝခြားနားလှသည်။ သူက တတိယလှည့်ပတ်ခြင်းကို သက်သက်သာသာ ပြီးဆုံးသွားနိုင်လေသည်။
ထိုအချိန်တွင် မိုဝူကျီက သူ့လက်ထဲ လျှပ်စီးများစွာ ဖြစ်ပေါ်လာကာ သူ့ချီသွေးကြောတွင်လည်း ဗြောင်းဆန်မှုများ မရှိတော့ချေ။ လက်ဟန်များ ဖော်ပြီး သူက စွမ်းအားများကို ထုတ်လွှင့်လိုက်တော့သည်။
အခန်းအတွင်း သိပ်သည်းလှသည့် လျှပ်စီးအားများက ဖြာကျလာကာ အပြာအလင်းများ တောက်ပနေ၍ လျှပ်စီးမိုးရွာနေသည့်အလား ဖြစ်၏။ လျှပ်စီးများ သည်းသည်းမဲမဲ ဖြာကျပြီးနောက်တွင် အိမ်အတွင်း မီးတောင်ဝကဲ့သို့ ဖြစ်သွား၏။
သူ အောင်မြင်သွားလေပြီ ….
မိုဝူကျီက သူ့လက်ကို တအံ့တဩ ကြည့်လိုက်သည်။ ဒုတိယပုံစံကား ပြည့်စုံသွားသော်လည်း မူလတောင်ခွင်းငါးချက်တော့ မဟုတ်တော့ပေ။ ထို့အစား လျှပ်စီးလှိုင်းများက ကျရောက်လာပြီး မူလတောင်ခွင်းငါးချက်ထက် ပို၍ စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။
လျှပ်စီးလှိုင်းများက ယခင် သူဖန်တီးခဲ့သည့်အလင်းနံရံနှင့် ဆင်တူလေသည်။ သူတို့အားလုံးက တိုက်ကွက်ကြီးများ ဖြစ်ကြသည်။ သို့သော်လည်း မိုဝူကျီက ထိုလျှပ်စီးအားများက ယခင်အလင်းတန်းများထက် အားကောင်းကြောင်း သေချာလေသည်။
အလင်းတန်းက သာမာန်လူများကိုသာ သက်ရောက်မှုရှိစဉ် လျှပ်စီးအားများက ကျင့်ကြံသူများနှင့် ရင်ဆိုင်နိုင်လိမ့်မည်။ သာမာန် အခြေခံ စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူတို့သည် ထိုလျှပ်စီးအားများနှင့် ထိတွေ့မိပါက သေချာပေါက် ပြင်းပြင်းထန်ထန် ဒဏ်ရာရကြလိမ့်မည်။
ဝိညာဉ်စွမ်းအားလှည့်ပတ်ပြီးနောက်တွင် မိုဝူကျီက ထိုလျှပ်စီးအားများက များစွာ အားကောင်းကြောင်း ပို၍ သေချာသွားလေသည်။ အကယ်၍ သူသာ သူ့လျှပ်စီးပညာရပ်ကို လျှပ်စီးစွမ်းအား စုပ်ယူခြင်းဖြင့် အားကောင်းစေပါက သူ့တွင် တိုက်ကွက်အကြီးကြီး ရပေလိမ့်မည်။
ထိုသည်က သူဖန်တီးထားသော အရာ ဖြစ်၏။ မူလတောင်ခွင်းငါးချက် မဟုတ်တော့ပေ။ ထို့ကြောင့် နာမည်ကို အကန့်အသတ်မဲ့လျှပ်စီးမိုးဟု ပြောင်းလဲခြင်းက ပိုသင့်တော်လိမ့်မည်။ လျှပ်စီးလှိုင်းလုံးများက ကောင်းကင်မှ မိုးများ ရွာချလာသည့်အလား တူလှ၍ အကန့်အသတ်မဲ့ လျှပ်စီးမိုး နာမည်နှင့် ကိုက်ညီလှသည်။
မြန်မြန်ဆန်ဆန် ဆေးကြောလိုက်ပြီး မိုဝူကျီက ဤထဲတွင် ဆက်နေရန် ရည်ရွယ်ချက် မရှိတော့ဟန်ဖြင့် အခန်းတံခါးကို ဖွင့်ကာ ထွက်လာလိုက်သည်။
“အစ်ကိုမို …”
ကျင်းလင်ပေးနှင့် ဟွားရွှမ်တို့က သူထွက်လာသည်နှင့် လာနှုတ်ဆက်ကြသည်။ ကျင်းလင်ပေ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်ငြား သူမက ပြန်ကောင်းလာနေလေပြီ။ ဟွားရွှမ် ဤနေရာတွင် ရှိနေခြင်းက သူမက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ပြီးသွားကြောင်း သိနိုင်သည်။
“အစ်ကိုမို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကိုမိုကြောင့်သာ မဟုတ်ရင် ကျွန်မသေတာ ကြာလောက်ပြီ …”
ကျင်းလင်ပေးက မိုဝူကျီကို ကျေးဇူးတင်စကားဆိုရင်း တရိုတသေ ဦးညွှတ်လိုက်လေသည်။ ထိုသည်က မိုဝူကျီသည် သူမကို ကယ်တင်ပေးခဲ့သည့် ဒုတိယအကြိမ်မြောက် ဖြစ်လေသည်။
မိုဝူကျီက ပြုံးရယ်မောရင်း
“ငါတို့တွေက မိတ်ဆွေတွေပဲလေ အဲလို ပြောဖို့ မလိုပါဘူး … ”
“အစ်ကိုမို … အစ်မကြီးနဲ့ တတိယညီမလေးတို့ ပင်လယ်ထဲ သွားပြီးတဲ့နောက်ပိုင်း ကျွန်မ ပင်လယ်မြေပုံကို မှတ်မိသလောက် အကြမ်းဖျင်း ပြန်ဆွဲထားတယ် … ”