“ကျင်းလင်ပေးက ဘယ်မှာလဲ ..”
မိုဝူကျီက ထိုအမျိုးသမီး မေးခွန်းကို မဖြေဘဲ ကျင်းလင်ပေး အကြောင်းကို ပြန်မေးလိုက်သည်။
“ခေါ်လာခဲ့ကြ..”
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသမီးက ပြောပြီးနောက် လက်ဟန်ပြလိုက်သည်။
နောက်မှ လက်ဝါးကပ်တိုင်တစ်ခုကို ယူလာကာ ထိုပေါ်တွင် သွေးသံရဲရဲ အမျိုးသမီးတစ်ဦးကို သံများဖြင့် စိုက်ထားလေသည်။ သူမ လက်၊ ခြေများကို သံများဖြင့် သီးခြားစီဆီ ခွဲထား၍ "大" ထိုသို့ စကားလုံး ဖြစ်ပေါ်နေလေသည်။
ထိုသူက ကျင်းလင်ပေး ဖြစ်နေ၍ မိုဝူကျီ အကြည့်များက အေးစက်လာလေသည်။ ကျင်းလင်ပေးကို မြေပုံအကြောင်း မေးမြန်းရန်အတွက် နည်းလမ်းပေါင်းစုံကို သုံးထားဟန် ရသည်။ သို့သော် လက်ဝါးကပ်တိုင်ပေါ်တွင် သံဖြင့် ရိုက်ထားလိမ့်မည်ဟု ထင်မထားပေ။
“စိတ်ပူမနေပါနဲ့ သူမက အသက်ရှိပါသေးတယ်။ သူမလည်ပင်းက သံက သူမလည်ချောင်းနဲ့ နည်းနည်းလေး လွတ်နေပါသေးတယ်။ ဒါပေါ့ သူမကို ကြိုးနဲ့ ချိတ်ထားတာလေ .. တစ်ခု ပြောပြရဦးမယ် .. ငါတို့ဝူချောင်ဝူရွှောင်က လူတိုင်း ဝင်ချင်တိုင်း ဝင်လို့ရတာ မဟုတ်ဘူး … ငါ့သားတို့ သူ့ကို အရှင်ဖမ်းခဲ့ကြ … ”
အမျိုးသမီးက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
“ဒုတိယအစ်မ ..”
ဟွားရွှမ်က ရှိက်ကြီးတငင် ငိုကြွေးလိုက်လေသည်။ ထို့နောက် သူမ နောက်မှ လူရှစ်ယောက်က ရှေ့တက်လာလေသည်။
မိုဝူကျီက အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့ဒေါသကို ချိုးနှိမ်ထားကာ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်
“ဟွားရွမ် .. တိုက်ကွက်ပုံဖော်လိုက် ငါတို့တွေ သတ်နိုင်သလောက် များများ သတ်ကြမယ်… စိတ်မထိန်းနိုင်ဘဲ ရှေ့တက်သွားရင် ချက်ချင်းလက်ငင်း အသားစဖြစ်သွားလိမ့်မယ် … ”
သူတို့ဆယ်ယောက်ရှေ့တွင် ရှိနေသည်က ရန်သူ ၁၀ ၀၀၀ကျော်ဖြစ်သည်။ ထို့ကြောင့် အသင့်တော်ဆုံးနည်းလမ်းသည် သူတို့ဆီ မြှားများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်း ဖြစ်သည်။ ထိုသို့လုပ်လျှင်ပင် မိုဝူကျီအတွက် သူ့ကိုယ်သူ ကာကွယ်ဖို့ရာ ခက်ခဲပေလိမ့်မည်။ ဝူရွှောင်ဟု ခေါ်သော အမျိုးသမီးက သူတို့ကို အသက်ရှင်လျက် ဖမ်းချင်သည့်အတွက် သူမသည် အလွန်စိတ်ကြီးဝင်နေလေသည်။
လူ ၁၀ ၀၀၀ကျော်သည် များပြားသော အရေအတွက်ဖြစ်သော်လည်း လူဆယ်ယောက်ကို ဖမ်းဖို့ရာအတွက် ရာဂဏန်းလောက်သာ ကောင်းကောင်းလုပ်နိုင်ကြလေသည်။
“ကောင်းပါပြီ ..”
ဟွားရွှမ်လည်း တည်ငြိမ်နေလေသည်။ သူမက ရန်သူရှေ့သို့ သွေးပူပြီး ပြေးဝင်သွားပါက သေမည်ဖြစ်ကြောင်း သေချာသိသည်။ မိုဝူကျီ ပြောသည်က မှန်ကန်ပေ၏။ သူတို့ တိုက်ကွက်ပုံစံထုတ်ပြီးတော့ တိုက်ခိုက်မှသာ ရန်သူအရေအတွက်များများကို သတ်နိုင်ကြလိမ့်မည်။
“သတ်ကြစမ်း ..”
မြင်းစီးသမားအုပ်စုက ချီတက်လာကြလေသည်။ သူတို့၏ အငွေ့အသက်များက သာမာန်လူကို တုန်လှုပ်စေကာ တိုက်ခိုက်ရေး စိတ်ဓာတ်နှင့် သတ္တိကို ပျောက်ဆုံးစေနိုင်သည်။
ဟွားရွှမ်တို့ အုပ်စုက သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားသည့်အတွက် သူတို့က ရန်သူ ၁၀ ၀၀၀ကျော်နှင့် ရင်ဆိုင်ရသောအခါ သူတို့ခြေထောက်များသာ အနည်းငယ် တုန်ယင်နေလေသည်။ ဟွားရွှမ်က မိုဝူကျီသည် ဤတိုက်ပွဲကို သူတို့ဘက် အရေးသာအောင် ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု အပြည့်အဝ မယုံကြည်ထားပေ။ ရာဂဏန်းလောက်က သတ်ရလွယ်ကူသော်လည်း ထောင်ဂဏန်းကား တူညီသော ကိစ္စရပ် မဟုတ်ပေ။ မြင်းစီးသမား ၁၀ ၀၀၀ကျော်က သူတို့ဆီ အတူတူ ချီတက်လာခြင်းကား အမှန်ပင် ကြောက်စရာကောင်းလှလေသည်။
အသက်ပြင်းပြင်းရှုလိုက်ပြီး မိုဝူကျီက လက်ကို မြှောက်လိုက်သည်။ သူတို့က ပုံရိပ်တစ်ခုပြီး တစ်ခု ဝေဝေဝါးဝါး ပြောင်းလဲသွားတော့သည်။ သူ့ချီသွေးကြော ၁၀၁ ခုလုံးကို နှိုးဆွလိုက်ပြီး အလင်းတန်းတွေ တစ်ခုပြီး တစ်ခုပေါ်လာလေသည်။
ထိုအလင်းတန်းများက ဖြစ်ပေါ်လာသည်နှင့် တန်းထွက်သွားတော့သည်။ သာမာန်ကျင့်ကြံသူတွေအတွက် မိုဝူကျီ၏ အလင်းတန်းများက အများဆုံး ဝတ်ရုံအပေါ်လွှာကို ပြဲစေရုံလောက်သာ ရှိမည်။ သို့သော် သေမျိုးများအတွက် အလင်းတန်း တစ်ခုချင်းစီက သေမိန့်နှင့် ဆင်တူလေသည်။
“ဝှီး .. ဝှီး ..”
သွေးများက ဆက်တိုက် ပန်းထွက်လာလေသည်။
ထိုမြင်းစီးသမားများကို မိုဝူကျီ၏ အလင်းတန်းများက ဂျုံများကို ဖြတ်နေသည့်အလား အပိုင်းပိုင်း ဖြတ်သွားတော့သည်။ အစပိုင်းတွင် သူ့အလင်းနံရံက အလွှာများမရှိသေးပေ။ သို့သော် နောက်ဆုံးတွင် အလွှာများ ဖြစ်ပေါ်လာလေသည်။ မြင်းစီးသမားများက မည်သို့ပင် ရှေ့တက်လာပါစေ သူတို့က လျှပ်စီးပင်လယ်ကို မဖြတ်သန်းနိုင်ကြပေ။
အကယ်၍ တခြားသော လူသားအဆင့်လွန်ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် သူက ထိုသို့လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ များစွာသော အလင်းတန်းများကို ဆက်တိုက်ပစ်လွှတ်ဖို့ရာ မိုဝူကျီက တခြားသူများ နားမလည်နိုင်သည့် ချီသွေးကြော ၁၀၁ ခုကို မှီခိုအားထားကာ လုပ်ဆောင်နေရသည်။ ထိုကြားတွင် သဘာဝစွမ်းအားသိုလှောင်ရေး လမ်းကြောင်း နှစ်ခုလည်း ပါဝင်သည်။
စူးရှသည့် သွေးနံ့ဆိုးဆိုးက လေထဲ ပြန့်နှံ့လာလေသည်။ မည်မျှပင် ရက်စက်စေကာမူ မြင်းစီးသမားများက အသက်များကို အလွယ်တကူ နှုတ်ယူနေသော ထိုအလင်းနံရံနှင့် ပတ်သတ်ပြီးတော့ ဘာမှ မလုပ်ဆောင်နိုင်ကြချေ။ မြင်းစီးသမားအုပ်စုက အရေးမလှ ရှုံးနိမ့်နေပြီး တချို့က နောက်ပင်ပြန်ဆုတ်ချင်နေကြသည်။
သို့သော် မိုဝူကျီ၏ အလင်းနံရံက ရွေ့လျားနိုင်သည့်အတွက် သူတို့ ရှေ့တိုးသည်ဖြစ်စေ၊ နောက်ဆုတ်သည် ဖြစ်စေ ကိစ္စမရှိပေ။ သူတို့ ရှေ့တက်လာသရွေ့ သေမင်းက စောင့်ကြိုနေမှာ ဖြစ်သည်။
ခဏတာ မှင်တက်သွားပြီးနောက် ဝူရွှောင်က အကြောင်းအရာကို သေချာနားလည်သွားတော့သည်။ မိုဝူကျီ စွမ်းအားက သူမ မှန်းဆထားသည်ထက် ပိုနေ၍ သူသည် သေချာပေါက် မြေကမ္ဘာအဆင့် ကျင့်ကြံသူသာ ဖြစ်ရမည်။ သူမက စွမ်းအားကြီးသော်လည်း မြေကမ္ဘာအဆင့် ကျင့်ကြံသူနှင့်တော့ မယှဉ်နိုင်ချေ။
“မြှားတွေ ပစ်လိုက်တော့ .. အားလုံး မြှားတွေ ပစ်ကြ ..”
ဝူရွှောင်က မိုဝူကျီကို အရှင်ဖမ်းလို့ မရနိုင်မှန်းသိသည်နှင့် ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။
“ဘမ်း ..”
လျှပ်စီးအားက သူမ ရင်ဘတ်ကို ဖောက်ထွင်းသွားသောကြောင့် မြင်းပေါ်မှ ပြုတ်ကျသွားတော့သည်။ သူမ၏ သံချပ်ကာကြောင့် အသက်ချမ်းသာရာ ရသွားလေသည်။ သို့သော် မိုဝူကျီက သူမထက် များစွာအားကောင်းသည့်အတွက် သံချပ်ကာနှင့်ပင် သူမက ဒဏ်ရာအပြင်းအထန် ရသွားလေသည်။
ဒဏ်ရာ အပြင်းအထန်ရသွားသော်ငြား သူမက မြှားများကို ဆက်လက် ပစ်ဖို့သာ ကမူးရူးထိုး အော်ဟစ်နေဆဲ ဖြစ်သည်။
သူတို့ကြောင့် အရေးမလှ ဖြစ်နေသည့် မြင်းစီးသမားများက ဝူရွှောင်မြင်းပေါ်က ပြုတ်ကျသွားသည်နှင့် လူစုကွဲသွားတော့သည်။ မြင်းစီးသမား အများစုက နောက်ဆုတ်သွားကြသော်လည်း များပြားစွာသော မြှားများက မိုဝူကျီဆီ ပျံသန်းလာနေဆဲ ဖြစ်သည်။
မိုဝူကျီအကြည့်များက လေးနက်လာပြီး ဓားရှည်ကို မြှောက်လိုက်တော့သည်။ ဓားရှည်တွင် ပုံရိပ်များစွာ ဖြစ်ပေါ်လာပြီး သောင်းချီနေသော မြှားများကို ပိတ်ဆို့ထားလိုက်နိုင်သည်။ သို့သော်လည်း မိုဝူကျီက ဓားသမား မဟုတ်သည့်အတွက် သူ့သိသည့် တစ်ခုတည်းသော ဓားကျင့်စဉ်မှာ ပျောက်ကွယ်ဓားသာ ဖြစ်၏။ ဤဓားကျင့်စဉ်က လိုအပ်ချက်များလွန်းသည့်အတွက် သူ့ဘေးပတ်လည်ကို မကာကွယ်နိုင်ပေ။
သူ့အနောက်ညာဘက်မှ မြင်းနှစ်ကောင် လဲကျသံကို ကြားလိုက်ရ၍ အနည်းဆုံး သူ့လူနှစ်ယောက် ဒဏ်ရာရသွားကြောင်း သိလိုက်သည်။
မြှားပျံများက အရေအတွက် တိုးပွားလာနေပြီး တရစပ် ကျရောက်လာနေသည်။ ထိုသို့ဆိုလျှင် ကြာကြာထိန်းထားနိုင်မည် မဟုတ်ပေ။ ထိုနှုန်းဖြင့် သူက အဆင်ပြေသော်လည်း ဟွားရွှမ်နှင့်အခြားသူများက သေချာပေါက် သေသွားလိမ့်မည်။
ကောင်းကင်တခွင် နောက်ထပ် လျှပ်စီးအလင်းများ ဖြစ်ပေါ်လာလေသည်။ ဤတစ်ကြိမ်တွင် ဝူရွှောင်၏ မြင်းကျောပေါ်သို့ ကျရောက်သွားလေသည်။ ဝူရွှောင်က ဝူချောင်ထက် အားကောင်းသော်လည်း သူမက စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်သာ ရှိသေး၏။
“ဘမ်း ..”
ပေါက်ကွဲသံများ ဖြစ်ပေါ်လာလေသည်။ ဤတစ်ကြိမ်တွင် ဝူရွှောင်နှင့် သူမ မြင်းတို့က သွေးများကြား အငွေ့ပျံသွားကာ မြှားများဆက်တိုက် ပစ်လွှတ်ခိုင်းနေသည့် အသံပင် ရပ်တန့်သွားတော့သည်။ သူမ အသက်ကား မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီးကြောင့် ပါသွားလေပြီ။
ဝူရွှောင် သေဆုံးမှုကြောင့် မြင်းစီးသမားတွေကြား ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာလေသည်။ သူတို့က နေရာအနှံ့သို့ ပြေးလွှားနေကြပြီး ထွက်ပြေးဖို့ မလွှတ်မြောက်နိုင်မှန်း သိသော တချို့လူများက အရှုံးပေး၍ မိုဝူကျီဆီ ခွင့်လွှတ်ပေးဖို့ရာ တောင်းခံနေကြလေသည်။ ကောင်းကင်တခွင်မှ မြှားများလည်း ပျောက်ဆုံးသွားတော့သည်။
ထိုမှသာ မိုဝူကျီက သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်တော့သည်။ သူက သူ့ကိုယ်သူ သက်ပြင်းချမိလိုက်သည်။ အားအကောင်းဆုံး ကြေးစားများက ကြေးစားများသာ ဖြစ်နေဆဲ ဖြစ်သည်။
ပိန်ပါးပါး အမျိုးသားက သတိတကြီး ထား၍ နောက်ဆုတ်နေလေသည်။ ထိုသူက ဟွားရွှမ် ပြောဖူးသည့် အဆိပ်ဆူးဖြစ်လေ၏။ သူက အရှုပ်အထွေးကြားမှ လွတ်မြောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် သူ ခြေလှမ်းအနည်းငယ်သာ ဆုတ်ရသေးစဉ် ဓားအရှိန်အဟုန် နှစ်ချက်က သူ့ခြေထောက်ဆီ ဖြတ်သွားလေသည်။
ထိုအရာကို မြင်ပြီး မိုဝူကျီပင် ပါးစပ်ဟောင်းလောင်း ဖြစ်သွားကာ ဟွားရွှမ်ကို မေးလိုက်သည်
“သူတို့တွေကို မင်းပဲ တာဝန်ယူလိုက် ပြီးတော့ ကလန်ကဆန်လုပ်တဲ့သူတွေ သတ်ပစ်လိုက်။ ငါ ကျင်းလင်ပေးကို သွားကြည့်လိုက်ဦးမယ် .. ”
မိုဝူကျီက မြင်းပေါ်မှ ပြုတ်ကျထားသော လူနှစ်ယောက် နောက်တစ်ဖန် မတ်တပ်ရပ်လာသည့်အခါ သေချာကြည့်လိုက်လေသည်။ သူတို့ဒဏ်ရာများက အရမ်းမဆိုးရွားလှပေ။ ထို့ကြောင့် သူက ဆေးလုံး မတိုက်တော့ပေ။
အစုံလိုက်အပြုံလိုက် လူသတ်မှု ရပ်ဆိုင်းလိုက်သည်မှာ သူက ထိုမြင်းစီးကြေးစားများ အားလုံးကို မသတ်ချင်၍ မဟုတ်ပေ။ သို့သော် သူတို့ကား ရည်ရွယ်ချက်မရှိဘဲ အများစုမှာ ခိုင်းသည့်အတိုင်း လုပ်နေကြသူများ ဖြစ်ကြသည်။ သို့သော် မိုဝူကျီက ဆက်ပြီးတော့ သတ်မနေချင်ပေ။ ထိုသို့သော တစ်ဖက်သတ် သတ်ဖြတ်ခြင်းက သူ့အနာဂတ်ကျင့်ကြံခြင်းအတွက် အကျိုးမရှိပေ။ ထိုမြင်းစီးသမားများက မည်မျှပင် ရက်စက်စေကာမူ သူတို့ထဲတွင် အပြစ်မဲ့သူများလည်း ပါနိုင်သေးသည်။
“….” ဟွားရွှမ်က ခေါင်းအေးအေးထားကာ တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်
“ကောင်းပါပြီ .. ”
အင်မော်တယ် ဆရာတစ်ယောက် မည်မျှ အားကောင်းကြောင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ရာ တစ်ချိန်တည်းတွင် အစ်မကြီးနှင့် တတိယအစ်မတို့က ပင်လယ်ထဲရှိ အင်မော်တယ်တည်နေရာကို သွားချင်ကြသည့် အကြောင်းအရင်းကို နားလည်သွားလေသည်။
အကယ်၍ သူမသာ အင်မော်တယ် ဆရာများက ဤမျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိပါက သူမ အစ်မကြီးနှင့်အတူ လိုက်သွားလိမ့်မည်။
အစ်မကြီးက လူတစ်ယောက်တွင် ဘဝ ရည်မှန်းချက် ရှိသင့်ကြောင်း ပြောပြဖူးလေသည်။ ထိုသို့ဆိုလျှင် သူမ ရည်မှန်းချက် က မည်သည့်အရာ ဖြစ်မည်နည်း။
ဟွားရွှမ်က သူမရှေ့တွင် ဒူးထောက်နေသည့် များပြားစွာသော လူများနှင့် ပြေးထွက်သွားသော မြင်းစီးသမားတချို့ကို ကြည့်ကာ ရုတ်တရက် အော်လိုက်တော့သည်
“သိမ်မွေ့အမဲလိုက်သုံးဖော်အလံကို လွင့်ထူလိုက် … ငါတို့တွေ ဒုတိယအစ်မအတွက် လက်စားချေကြမယ် … ”
“ဒုတိယအစ်မအတွက် လက်စားချေမယ် ..”
ဟွားရွှမ်နောက်မှ လူရှစ်ယောက်က အော်ကာ မြင်းစီးသမားတွေဆီ သူမနှင့်အတူ ချီတက်သွားတော့သည်။
မိုဝူကျီ၏ ကြောက်မက်ဖွယ် သတ်ဖြတ်မှုကို ကြုံတွေ့ပြီး အားအကောင်းဆုံး ကြေစားပင် တိုက်ဖို့ရာ မဝံ့ရဲတော့ချေ။ ထပ်၍ အရေးကြီးသည်က ဝူချောင်နှင့်ဝူရွှောင်ပါ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ အင်မော်တယ်ဆရာများနှင့် ရင်ဆိုင်သည့်အခါ သူတို့အား ပုရွက်ဆိတ်များဟုပင် ယူဆ၍ မရချေ။
ဟွားရွှမ်သည် မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်သွားသည်ကို မြင်၍ မိုဝူကျီက သူမကို ထပ်မပြောတော့ပေ။ ကျင်းလင်ပေး ဘေးသို့သာ လျှောက်သွားလိုက်တော့သည်။
သူမသည် သေခြင်း၊ ရှင်ခြင်း စည်းအပေါ် ကျရောက်နေလေပြီ။ သူမခန္ဓာကိုယ်ပေါ်က အဝတ်များက အသားနှင့် ကပ်နေပြီး သွေးညစ်ညစ်များ ပေကျံနေသည်ကို မြင်နေရသည်။ သူမကို လက်ဝါးကပ်တိုင်တွင် တွယ်ထားရန် သတ္တုချောင်း ဆယ်ချောင်းမက သုံးထားလေသည်။ မိုဝူကျီသာ ကျင့်ကြံသူ မဟုတ်ပါက သူမ၏ အားနည်းလှသည့် နှလုံးခုန်သံကို သတိပြုမိမည် မဟုတ်ပေ။
ချက်ချင်းဆိုသလို ကျင်းလင်ပေး ပါးစပ်ထဲ ဆေးနှစ်လုံး ထည့်ပေးလိုက်သည်။ ထို့နောက် သူမ ခန္ဓာကိုယ်မှ သံများကို ဖယ်ရှားပေးလိုက်သည်။
သို့သော် မိုဝူကျီက ကျင်းလင်ပေးကို မကယ်တင်နိုင်တော့ကြောင်း သိလိုက်ရ၏။
မိုဝူကျီတွင် စိတ်စွမ်းအား ရှိသည့်အပြင် မြေကမ္ဘာအဆင့် ဆေးလုံးဆရာလည်း ဖြစ်နေသေးသည်။ သူ့လေ့လာချက်များအရ သူက ကျင်းလင်ပေး၏ အသက်ဝိညာဉ်က လွင့်ပါးနေပြီ ဖြစ်ကြောင်း ခံစားမိသည်။ ထိုသည်က သူမသည် သေခါနီးအခြေအနေတွင် ဖြစ်နေကြောင်းဆိုလိုလေသည်။
ဘယ်ဆေးလုံးက အသက်ဝိညာဉ်ကို ပြန်လည် ဖြစ်ပေါ်စေမည်နည်း …
ဟုတ်သား .. သူ့တွင် အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းရှိသေးသည်။
အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းသည် အဆင့်ရှစ် ရတနာပန်း ဖြစ်ပြီး သာမာန် အဆင့်ကိုး ဆေးပင်များထက် ပို၍ ဈေးကြီးလေသည်။ အကယ်၍ တခြားကျင့်ကြံသူ ဆိုလျှင် ကျင်းလင်ပေးလို သေမျိုးအတွက် အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းကို ထုတ်သုံးမည် မဟုတ်လောက်ပေ။
သို့သော်လည်း မိုဝူကျီက အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းကို တွန့်ဆုတ်နေခြင်းမရှိ ထုတ်ယူလိုက်သည်။ ပွင့်လွှာတစ်ချပ်ကို ကျင်းလင်ပေး ပါးစပ်ထဲ တိုက်ကျွေးလိုက်တော့သည်။ သူမလျှာပေါ် ရောက်သွားသည်နှင့် အရည်ပျော်သွားကာ သူမခန္ဓာကိုယ်ထဲ စီးဆင်းသွားလေသည်။
မိုဝူကျီက ဒုတိယပွင့်လွှာချပ်ကို ခွာတော့မည့်ဆဲဆဲတွင် ကျင်းလင်ပေး၏ ငြီးငြူသံကို ကြားလိုက်ရသည် 'အစ်မကြီး .. တတိယညီမလေး မြန်မြန် ထွက်ပြေးကြ ..'
မိုဝူကျီ စိတ်ထဲ ဝမ်းမြောက်သွားကာ သူ့စိတ်စွမ်းအားဖြင့် ကျင်းလင်ပေးကို စမ်းကြည့်လိုက်သည်။ သူမအတွက် နောက်ဆုံးအခြေအနေ မဟုတ်တော့ဘဲ သူမ အသက်ဝိညာဉ်လည်း ဖြည်းဖြည်းချင်းစီ ပြန်လည် စုစည်းလာသည့် လက္ခဏာကို တွေ့လိုက်ရသည်။
အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းကို နောက်ထပ် သုံးစရာ မလိုတော့ပေ။ ထို့ကြောင့် မိုဝူကျီက ဂရုတစိုက် သိမ်းထားလိုက်သည်။ သူက အဆုံးမဲ့ ဝိညာဉ်တာရှည်ခံပန်းသည် အဖိုးတန်မှန်း သိသော်လည်း မည်မျှအဖိုးတန်လဲတော့ သေချာမသိပေ။ ပွင့်လွှာတစ်ချပ်က ကျင်းလင်ပေးကို ကယ်တင်နိုင်သည့်အတွက် မိုဝူကျီသည် ဤဆေးပင်၏ တန်ဖိုးကို နားလည်သဘောပေါက်သွားလေသည်။
ကျင်းလင်ပေးက အမှန်ပင် ဒေါ်လေးဆယ့်တစ်၏ အဖိုးတန်မိတ်ဆွေ တစ်ယောက် ဖြစ်သည်။ သေခြင်းနှင့် ကြုံတွေ့နေရသော်လည်း သူမက ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်ကို ကယ်တင်ချင်၍ ဖြစ်သည်။ သူက လူကောင်းကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။
အဆင့်လေး ဆေးလုံးနှစ်လုံးကို ကျင်းလင်ပေးအား တိုက်လိုက်သည်။ မိုဝူကျီသည် သူမအသက်က အန္တရာယ်မရှိတော့ကြောင်း သေချာသွားလေ၏။ ကျန်ရှိသည်က အားပြန်ဖြည့်ရုံသာ ဖြစ်လေသည်။
ကျင်းလင်ပေးကို ကယ်တင်ပြီးနောက် မိုဝူကျီက ဟွားရွှမ်သည် အချိန်တိုအတွင်း အခြေအနေများအားလုံးကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ကြောင်း တွေ့လိုက်ရသည်။ မြင်းသမား ထောင်ချီက သူမ ရှေ့ရပ်ကာ သူမစကားကို စောင့်နေကြသည်။
မိုဝူကျီက မြင်သောအခါ ထိုသည်က သေရေး၊ရှင်ရေး အခြေအနေမှန်း သိလိုက်သည်။ အကယ်၍ ဟွားရွှမ်က ထိုမြင်းစီးသမားများကို အမိန့်ပေးနိုင်စွမ်း မရှိလျှင် နောင်တွင် အရှုပ်အရှင်း မဖြစ်လာစေရန် အားလုံးကို သတ်ပစ်လိုက်တာ ပိုကောင်းလေသည်။ သူက ဟွားရွှမ် မည်သို့ လုပ်ဆောင်မည်ကို မြင်တွေ့ချင်မိသည်။