“အစ်ကိုမို ..”
နောက်ဆုံးတွင် ဟွားရွှမ်က တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိ၍ တခြားသူများကို လက်ကာပြရင်း မြင်းဇက်ကြိုးကို ဆွဲထားလိုက်တော့သည်။
မိုဝူကျီက ညင်ညင်သာသာ ပြောလိုက်သည်
“စိုးရိမ်စရာမလိုဘူး။ ဒီဟာက ပုန်းကွယ်ရေး အစီအရင်တစ်ခုပဲ ဒီနေရာက မဆိုးဘူးပဲ ... ”
“အာ ... မင်းက ဒီဟာကို ပုန်းကွယ်ရေး အစီအရင်မှန်း သိတယ်ပေါ့ ..”
ဝူချောင်က အံ့ဩတကြီး ပြော၍ မိုဝူကျီကို ခြုံငုံကြည့်လိုက်သည်။
ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျီကို ပြိုင်ဖက်အဖြစ် သဘောမထားပေ။ မိုဝူကျီက မည်မျှပင် အားကောင်းစေကာမူ သူ့တွင် ဝိညာဉ်စွမ်းအားများ မရှိသည့်အတွက် သူ့က ကျင့်ကြံသူ မဖြစ်နိုင်ပေ။ မိုဝူကျီက လူသားများကြားတွင် အားအကောင်းဆုံးဖြစ်နေလျှင်ပင် သူ့အတွက် ပုရွက်ဆိတ်ကြီး တစ်ကောင်သာသာ ဖြစ်၏။
မိုဝူကျီက အေးစက်စွာ ပြောလိုက်သည်
“ကျုပ်က ဒီအစီအရင်ကို သိရုံတင်မဟုတ်ဘူး ခင်ဗျားက စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့် မှန်းလည်း သိတယ် ... ”
စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်သည် သေမျိုးများအမြင်တွင် အသာလွန်ဆုံး တည်ရှိမှုမျိုး ဖြစ်သော်လည်း မိုဝူကျီအတွက် မျက်လုံးထဲပင် မထည့်ပေ။ သူက ယွမ်ဒန်အဆင့် ရောက်နေသည့် ကောင်းကင်ဖွေရှာနန်းတော်၏ အတွင်းစည်းတပည့် ဂျူချီဂျန်းကိုပင် သတ်နိုင်ခဲ့လေသည်။ စိတ်ဝိညာဉ်တည်ဆောက်ခြင်း အဆင့် လောက်က သူ့အတွက် ပြဿနာ မဟုတ်ချေ။
သို့သော်လည်း သူက ဦးစွာ မပြုမူသေးသော်လည်း စိတ်စွမ်းအားဖြင့် ဝူချောင်၏ အလင်းတန်းကို သုံးသပ်နေလေသည်။
ထိုအလင်းတန်းသည် သဘာဝစွမ်းအားများသုံးကာ ဖြစ်တည်နေ၍ ကျင့်ကြံသူအများအတွက် များစွာ အကျိုးသက်ရောက်မှု မရှိချေ။ သို့သော်လည်း သေမျိုးများနှင့် ရင်ဆိုင်ပါက လူသတ်လက်နက်ဖြစ်သွားလိမ့်မည်။
ထိုအလင်း၏ သဘာဝစွမ်းအားက အင်မတန်နည်း၍ လက်တစ်ဖက် မြှောက်ရုံဖြင့် ထိုဓားအလင်းကဲ့သို့ အလင်းပေါင်း ရာကျော်ကို ထုတ်လွှင့်နိုင်လေသည်။ အကယ်၍ သူက စိတ်စွမ်းအားကို အလင်းတန်းနှင့် တွဲသုံးလျှင် ထိုဓားအလင်း လမ်းကြောင်းကို လှုံဆော်နိုင်ကာ သတ်ဖြတ်နိုင်စွမ်းမှာလည်း မယှဉ်နိုင်ဖွယ် ဖြစ်သွားလိမ့်မည်။ ဤနေရာတွင် မြင်းစီးသမား ရာကျော်ရှိနေကာ သေချာပေါက် ရာကျော်ရုံမျှလေး မဟုတ်ပေ။ ထိုလက်နက်ဖြင့် သူက ထိုမြင်းစီးသမားများကို ကြောက်စရာမလိုတော့ပေ။
“မင်းက ငါ့ကျင့်ကြံဆင့်ကို မြင်နိုင်တာလား ..”
ဝူချောင်က ရုတ်တရက် နောက်ဆုတ်လိုက်လေသည်။ သူက ထိုအလင်းတန်းဖြင့် မိုဝူကျီ ခြေထောက်ကို ဖြတ်ပစ်ချင်သော်လည်း ယခု ထိုအတွေးကို ဘေးဖယ်ထားလိုက်လေတော့သည်။
မိုဝူကျီက သူသည် စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့် ရောက်နေမှန်း သိသော်လည်း သူ့ရှေ့တွင် ရပ်နေဆဲ ဖြစ်သည်။ ထို့သို့ဆိုလျှင် မိုဝူကျီက ကျင့်ကြံသူ ဖြစ်ရမည်။ သူထက် အဆင့်မြင့်သော ကျင့်ကြံသူ ဖြစ်ရမည်။ ကျင့်ကြံဆင့် မြင့်သည့် ကျင့်ကြံသူတွေအတွက် မိုဝူကျီ ကျင့်ကြံဆင့်ကို မမြင်နိုင်သည်မှာ ပုံမှန် ဖြစ်လေသည်။
မိုဝူကျီက လက်ဖဝါးကို ဖြန့်လိုက်သည့်အခါ အလင်းတန်း ပေါ်လာကာ ဝူချောင်ဆီ ပို့လွှတ်လိုက်တော့သည်။ ထိုသည်က သဘာဝစွမ်းအားများဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် အလင်းတန်းဖြစ်သည်။
“ဟားဟား ..”
မိုဝူကျီ၏ အလင်းတန်းကို အလွယ်တကူ တားဆီးပြီးသည့်နောက်တွင် ဝူချောင်က အေးစက်စွာ လှောင်ပြောင်ရယ်မောလိုက်တော့သည်။
သူက မိုဝူကျီကို စွမ်းဆောင်ရည်ကောင်းသည့် ကျင့်ကြံသူဟု ထင်ကာ ထိတ်လန့်တကြီး ဖြစ်သွားသော်လည်း မိုဝူကျီဆီမှ အလင်းတန်းကို တွေ့လိုက်သောအခါ ထိုသူသည် စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခါစဖြစ်ကာ စွမ်းအားများကိုပင် ကောင်းစွာ မထိန်းချုပ်နိုင်သေးသောသူ ဖြစ်ကြောင်း သိသွားလေသည်။
“ဒီကိုမလာခင် ငါတို့ ဝူချောင်ဝူရွှောင်ပိုင်နက်ကို လာရဲတဲ့သူတွေအကြောင်းမကြားဖူးဘူးလား .. တစ်ယောက်မှ အသက်မရှင်ဘူးကွ .. ”
ဝူချောင်က ပြုံးနေရာမှ ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ပြကာ ပြောလိုက်တော့သည်
“သူ့ကို ဖမ်းထား ... အသက်ရှင်ရတာကို နောင်တရအောင် လုပ်ပေးမယ် ပြီးမှ ငါကိုယ်တိုင်သတ်ပစ်မယ် ... ”
ထိုသို့ပြောပြီး ဝူချောင်က လျှာဖျားလေးဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။ ထိုလူဆယ်ယောက်သည် သူ့မြင်းစီးသမား ၃၆ ယောက်ကို သတ်ခဲ့ရုံသာမက သူတိုက သူ့ဝူချောင်ပိုင်နက်ကိုပင် လာရောက်ကျုးကျော်ရဲကြသေးသည်။ အကယ်၍ သူသာ သူတို့၏ တည်ရှိမှုကို နောင်တမရအောင် လုပ်နိုင်လျှင် သူက ဝူချောင် မဟုတ်တော့ပေ။
ရာကျော်မြင်းစီးသမားတွေက ရှေ့တက်လာကြသည့်အခါ ဟွားရွမ်နှင့် တခြားရှစ်ယောက်တို့သည် သူတို့လက်နက်များ ကိုင်ဆွဲလိုက်ကြသည်။ ကိုးယောက်လုံးတွင် ကြောက်ရွံ့ထိတ်လန့်မှု အမူအယာစိုးစဉ်းမျှ မရှိကြချေ။ သူတို့မျက်နှာတွင် သူတို့သေသည်အထိ တိုက်ခိုက်ကြမည့် ရူးမိုက်မှုပါ မြင်တွေ့နိုင်သေးသည်။
မိုဝူကျီက သူတို့ကို အမှန်ပင် ချီးကျူးမိသွားသည်။ အကြည့်နှင့်တင် ဤတိုက်ပွဲက သူတို့၏ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ထင်ရှားလှသည်။
သို့သော်လည်း မိုဝူကျီက ကိုးယောက်လုံးကို သေသည်အထိ ထားရန် စိတ်ကူးမရှိပေ။ သူက လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီး တစ်ချက်တည်းဖြင့် အလင်းတန်းဆယ်ခုကျော်ကို ပစ်လွှတ်လိုက်လေသည်။
မိုဝူကျီ ကျင့်ကြံဆင့်မှာ လူသားအဆင့်လွန် အဆင့် ၁၂ ပေါ်တွင် မူတည်၍ တည်ဆောက်ထားသော လူသားအဆင့်လွန်ဆုံး ဖြစ်သည့်အတွက် သူ့စွမ်းအားများက ဝူချောင်ထက် အဆများစွာ သာလေသည်။ ပထမဆုံးအကြိမ် အလင်းတန်း ပစ်လွှတ်စဉ်က သူသည် အလင်းတန်းကို အသားမကျသေးသည့်အတွက် ထိုမှ စွမ်းအားများက မတည်မငြိမ် ဖြစ်နေခြင်း ဖြစ်သည်။
အလင်းတန်းများက ပထမလူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသော်လည်း မရပ်တန့်သွားပေ။ ဒုတိယမြင်းစီးသမား ရင်ဘတ်ကိုပါ ဆက်လက် ထိုးဖောက်သွားသည်။
အလင်းတန်း ဆယ်ချက်ဖြင့် သူက လူ ၂၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့သည်။ မိုဝူကျီက မရပ်မနားဘဲ နောက်တစ်ကြိမ် အလင်းတန်း ဆယ်ချက်ကို ထပ်မံ ထုတ်လွှင့်လိုက်တော့သည်။ ဤတစ်ကြိမ်တွင် သူ့အလင်းက ပိုပါး၍ တစ်ခုချင်းစီကို တစ်ယောက်ချင်းစီ သတ်ရန် သေချာထိန်းချုပ်နိုင်လေသည်။
ဒုတိယအကြိမ်တွင် သူက ပို၍ တိုးတက်လာလေသည်။ ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ် ....
မြင်းစီးသမားများက မိုဝူကျီနှင့် အနီးဝန်းကျင်ကို မရောက်ခင် မိုဝူကျီက အလင်းတန်းများကို သေစေနိုင်လောက်သည့် အလင်းများအဖြစ် လေ့ကျင့်ပြီးသွားလေပြီ။
ဝူချောင်ခေါ်လာသည့် ကြေးစားရာကျော်ကို မိုဝူကျီက အလင်းတန်း အကြိမ်ရေ နည်းနည်းနှင့် သတ်ပစ်လိုက်နိုင်သည်။
ဝူချောင်ဝူရွှောင်နေရာကြောင့် အံ့ဩမှင်တက်နေသည့် ဟွားရွှမ်တို့အဖွဲ့ပင် ကြည့်၍ ပို၍ အံ့ဩတကြီး ဖြစ်နေကြသည်။ မိုဝူကျီ ဆက်တိုက် တိုးတက်လာသည်ကို မြင်၍ ဝူချောင်လည်း တုန်လှုပ်တကြီး ဖြစ်လာလေသည်။
အတော်အတန်ကြာသည့်အခါမှ ဝူချောင်က အတွေးပေါက်သွားတော့သည်။ မိုဝူကျီက သူထက် သေချာပေါက် မြင့်သော အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။
ထွက်ပြေးရမယ် ...
ပျောက်ကွယ်ဓားအလင်းနှစ်ချက်က သူ့ခြေထောက်ကို ဖြတ်သွားသည့်အခါမှ ထိုအတွေးသာ ခေါင်းထဲ ပေါ်လာတော့သည်။
ဖူး ....
သွေးနှစ်ပွက် အန်ထုတ်လိုက်ရသည်။ ဝူချောင်က မြေပေါ်တွင် မလှုပ်မယှက် ထိုင်နေလေသည်။ သူ သတိပြုမိသည့်အခါ သူဦးဆောင်လာသော မြင်းစီးသမား ရာကျော်တွင် တစ်ယောက်မှ မတ်တပ်ရပ်လျက် မရှိတော့ချေ။
သူ ဓားပြတိုက်စဉ်မှ စ၍ ဝူချောင်က ထိုသို့ အားငယ်စိတ်ပျက်မှုကို တစ်ခါမှ မခံစားဖူးပေ။ ယနေ့တွင် သူက အမှန်တကယ်ကို စိတ်အားငယ်မိသွားသည်။
ဟွားရွှမ်းနှင့် အခြားသော ရှစ်ယောက်လည်း လုံးဝကို ကြောင်နေကြလေသည်။ သူတို့က မိုဝူကျီနောက်မှ ကျင်းလင်းပေးကို ကယ်တင်လိုသည့်ဇောနှင့် ဖြစ်သော်လည်း သူတိူ့သည် ရလဒ်ကို မည်သို့မသိဘဲ နေမည်နည်း။ မိုဝူကျီက မည်မျှ အံ့အားသင့်စရာကောင်းသည့်လူ ဖြစ်နေပါစေ သူက အင်မော်တယ် ဆရာများဖြစ်သည့် ဝူချောင်နှင့် ဝူရွှောင်တို့နှင့် ရင်မဆိုင်နိုင်လောက်ချေ။
သို့သော် ယခုအချိန်တိုအတွင်း မိုဝူကျီက မြင်းစီးသမားရာကျော်ကို သုတ်သင်ပစ်လိုက်လေ၏။ ထိုမျှတင်မကသေးပေ။ ဝူချောင်ဝူရွှောင်အဖွဲ့၏ ခေါင်းဆောင် ဝူချောင်ပင် မိုဝူကျီကြောင့် မလှုပ်မယှက် ဖြစ်နေလေသည်။ အစတကည်းမှ နာမည်ဆိုးနှင့် ကျော်ကြားလှသော ဝူချောင်က တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။
မကြာခင်တွင် မိုဝူကျီနှင့် လိုက်ပါလာသော ကိုးယောက်လုံးက သူတို့သည် ယနေ့တော့ မသေသေးကြောင်း နားလည်သွားလေသည်။ ထိုကိစ္စက အတော်လေး အံ့အားသင့်စရာကောင်းကာ တကယ်တမ်း မည်သူက အမှန်တကယ် သေချင်လိုမည်နည်း။
မိုဝူကျီက သူ့မြင်းပေါ်မှ ခုန်ဆင်းလာကာ ဝူချောင်ဆီ ဖြေးဖြေးချင်း လျှောက်လှမ်းသွားလိုက်သည်
“အခုလေးတင် မင်းက ငါ့ကို သေဖို့ တောင်းဆိုဖို့ ပြောတယ် .. ဒါပေမဲ့ ငါက ကောင်းကောင်းနေနေတာဆိုတော့ တကယ်ကို သေဖို့ မဖြစ်သေးဘူး ... ”
“စီနီယာ ..”
ဝူချောင်နှုတ်ခမ်းများက တုန်ယင်နေကာ
“ကျုပ် ဝူချောင်က မျက်လုံးပါပါပေမဲ့ ကန်းနေခဲ့တာပါ ... စီနီယာသာ ချမ်းသာပေးမယ်ဆိုရင် စီနီယာကိုကျူပ်ရတနာတွေ အားလုံးကို ပေးပါ့မယ် ... ”
ဟွားရွှမ်က ရှေ့တက်လာပြီး ဝူချောင်ပါးကို ချလိုက်ကာ
“ငါ့စီနီယာအစ်မ ဘယ်မှာလဲ .. ”
ဝူချောင်က ရုတ်တရက် ပါးစပ်ပိတ်သွားလေသည်။ ဟွားရွှမ်က သူ့ပါးချလိုက်သော်လည်း တစ်ခွန်းမျှ ပြန်မပြောပေ။
“ဟွားရွှမ် ရိုက်မနေနဲ့တော့ .. သူက ကျင်းလင်းပေးအသက်နဲ့ သူ့အသက် လဲချင်နေတာ .. လာ အရင်အထဲဝင်ကြစို့ ..”
မိုဝူကျီက ဝူချောင် အပြုအမူများနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်သွားလေသည်။ အပြစ်မဲ့သူတွေကို ပုရွက်ဆိတ်တွေလို လိုက်လံသတ်ဖြတ်နေသည့် ကြေးစားကို လုံးဝလွှတ်ပေးမည် မဟုတ်ပေ။
ဝူချောင်က ကျင့်ကြံသူ ဖြစ်နေ၍ သူ့ခြေထောက်များ ကျိုးနေလျှင်ပင် အန္တရာယ်ရှိသည့် တည်ရှိမှုမျိုး ဖြစ်သည်။ မိုဝူကျီက ရှေ့ထွက်လာကာ ဝူချောင်ခန္ဓာကိုယ်မှ ဝိညာဉ်လမ်းကြောင်းများကို ဖျက်စီးပစ်လိုက်သည်။
မူလက စိတ်ရှိသလောက် ထင်တိုင်းကြဲနေသည့် ဝူချောင်သည် မချိမဆန့် ခံစားရကာ မခံရပ်နိုင်လောက်သည့် နာကျင်မှုကြောင့် မြည်တမ်းနေရသည်။ ယခု သူ အသက်ရှင်နေသည့်အချက်ကို အမှန်တကယ် မုန်းတီးလာမိသည်။ ကံဆိုးလှစွာ သူက မသေနိုင်သလို မေ့လည်း မမေ့သွားပေ။
“မြန်မြန်လာ ...”
မိုဝူကျီက အစီအရင်တာအိုတွင် အသိညာရှိသည်ဟု ယူဆ၍ ရသည်။ ဝူချောင်ခန္ဓာကိုယ်ထဲမှ ဝိညာဉ်လမ်းကြောင်းများကို ဖျက်စီးပြီးနောက် သူက ပတ်ဝန်းကျင်တစ်ဝှက် ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။ တစ်ယောက်ယောက်က ဤနေရာနှင့် နီးကပ်လာခြင်း ဖြစ်ရမည်။ ထိုရိုးရိုးရှင်းရှင်း စကားလုံးများကို ပြောပြီး သူက အရင်ဝင်သွားတော့သည်။
ဟွားရွှမ်နှင့် အခြားလူများက မိုဝူကျီ ဦးဆောင်မှုနောက်သည်ကို ကျင့်သားရနေလေပြီ။ ယခု မိုဝူကျီ ဝင်သွားသည့်အခါ ကိုးယောက်လုံးက တွေဝေမနေဘဲ ကျောက်တုံးနောက်မှ ကမ္ဘာအသစ်ဆီသို့ လိုက်ဝင်သွားကြတော့သည်။
မျှော်လင့်ထားသည့်အတိုင်း ကိုးယောက်လုံး ဤနေရာသို့ ဝင်ပြီးသည့်နောက်တွင် အပြင်သို့ ဦးတည်နေသော လမ်းများက လုံးဝပျောက်သွားလေသည်။
“ဟွားရွှမ် တစ်ချက် သွားကြည့်ချေ .. အဲဒီဝူချောင်ဆီမှာ ဒီနေရာ ထိန်းချပ်နိုင်တဲ့ အစီအရင်အလံ ရှိလိမ့်မယ်။ ရှာတွေ့ရင် မင်းစိတ်ကြိုက် ဝင်လို့၊ ထွက်လို့ ရပြီ ...”
မိုဝူကျီက ဝူချောင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
ဟွားရွှမ်က မိုဝူကျီ စကားများကို မကြားသကဲ့သို့ အဝေးတစ်နေရာကိုသာ စိုက်ကြည့်နေလေသည်။ အဝေးတွင် ဧရာမ လူအုပ်စုလိုက်ကို မြင်နိုင်လေသည်။ အနည်းဆုံး မြင်းစီးသမား ၁၀ ၀၀၀ကျော်ရှိကာ သူတို့ဆီ ဦးတည်လာနေခြင်း ဖြစ်သည်။ ထိုလူအများကြီးဖြင့် မိုဝူကျီက အရည်အချင်းရှိလျှင်ပင် သူတို့အားလုံးကို မသတ်နိုင်လောက်ချေ။
မိုဝူကျီလည်း ထိုအုပ်စုကို မြင်လိုက်သည်။ ထိုမျှ အုပ်စုလိုက်ကြီးက သူတို့၏ ပြင်းထန်လှသည့် ဖိအားများဖြင့် သာမာန်စစ်တပ်တစ်ခုကို စက္ကန့်ပိုင်းလေးအတွင်း ဖြိုလဲနိုင်လိမ့်မည်။
“အစ်ကိုမို ..”
ဟွားရွှမ်လည်ပင်းများပင် ခြောက်သွေ့လာလေသည်။ မကြာခင် သူတို့ဆယ်ယောက်ကို ထိုလူများက ဝိုင်းထားတော့မည်။ ပြင်းထန်လွန်းသည့် ဖိအားများက သူမကို ခံစားစေရသည်။
“အစီအရင်အလံကို သွားရှာချည် ....”
မိုဝူကျီက ပိုပြီး လေးနက်လာလေသည်။ သူက ထိုလူများ ဝန်းရံခံရမည်ကို မကြောက်ပေ။ သူ စိုးထိတ်မိသည့် တစ်ခုတည်းသော အရာကား ဟွားရွှမ်နှင့်အခြားလူများ၏ ဘေးကင်းမှုဖြစ်သည်။
မည်းနက်နေသည့် အစီအရင်အလံက ဝူချောင်ခန္ဓာမှ ထွက်လာကာ မိုဝူကျီလက်ထဲ ကျရောက်သွားလေသည်။
“ခဏနေရင် ငါ အစီအရင်ကို ဖွင့်မယ် .. မင်းတို့ကိုးယောက်လုံး အရင်ထွက်သွားကြ ..”
မိုဝူကျီက အလံကို ကိုင်ထားရင်း ပြောလိုက်သည်။
“အစ်ကိုမို ကျွန်မတို့ အစ်ကိုနောက် လိုက်လာကတည်းက အသက်ရှင်ရက်ထွက်သွားဖို့ ဘယ်တုန်းကမှ တွေးမထားပါဘူး ...”
ဟွားရွှမ်က မိုဝူကျီ အလံ မွမ်းမံသည့်အချိန်ကိုပင် စောင့်မနေဘဲ ကြောက်ရွံ့ခြင်းမရှိ ပြောလိုက်သည်။
ဟွားရွှမ်နောက်မှ ရှစ်ယောက်လုံးမှာ ဘာမှမပြောကြပေမဲ့ သူတို့မျက်လုံးတွင် သူတို့ရည်ရွယ်ချက်က ထင်ရှားနေလေသည်။
မိုဝူကျီက ဘာမှဆက်၍ မပြောတော့ပေ။ သူတို့ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူတို့ရွေးချယ်မှု ဖြစ်၏။ အချိန်ကျရောက်လာသည့်အခါ သူက ထိုကိုးယောက်လုံးကို အကောင်းဆုံးကာကွယ်ပေးရန် ကြိုးစားရုံသာ ဖြစ်သည်။
မြင်းစီးသမားအုပ်စုက ရောက်ရှိလာကာ မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသမီးက သူမ မြင်းဖြင့် မိုဝူကျီဆီ ဖြည်းဖြည်းချင်း ချည်းကပ်လာသည်။ သူမနောက်တွင် မြင်းသမားထောင်ကျော်က လိုက်ပါလာကြသည်။
“ငါ့အစ်ကို ဝူချောင်ကို မင်းသတ်လိုက်တာလား ..”
မီးခိုးရောင်ဝတ်ရုံနှင့် အမျိုးသမီးက မိုဝူကျီနှင့် ဆယ်မီတာအကွာလောက်တွင် ရပ်လိုက်ကာ မိုဝူကျီကို စိုက်ကြည့်လိုက်လေသည်။ သူမက မြေပြင်ပေါ်တွင် လူးလိမ့်နေသော ဝူချောင်ကို မမြင်သကဲ့သို့ အတိအကျပြောရလျှင် ဝူချောင်သည် သူမအတွက် သေလူဖြစ်နေပြီးသား ဖြစ်သည်။
မိုဝူကျီက ပြန်မဖြေဘဲ သူမကို အသေးစိတ်လိုက်ကြည့်လိုက်သည်။ ထိုအမျိုးသမီးက ငယ်ရွယ်ကာ ကြည်လင်လှပသော အစိတ်အပိုင်းတို့ ရှိသည်။ တစ်ချက်တည်းဖြင့် သူမက ဘေးအိမ်မှ ကောင်မလေးနှင့် တူလေသည်။ သူမက အရွယ်အစားကြီးမားသော ဝတ်ရုံကို ဝတ်ဆင်ထားသော်ငြား သူမရုပ်ရည်ကို ရင့်မသွားစေပေ။ အကုန်ခြုံငုံပြောရလျှင် ထိုအရာက သူမကို ပြောမပြာတတ်လောက်သည့် စွဲဆောင်မှုမျိုး ပေးစွမ်းစေသည်။
မိုဝူကျီက သက်ပြင်းသာ ချလိုက်တော့သည်။ ထိုအမျိုးသမီးက အပြစ်မဲ့လူတွေကို သတ်ဖြတ်နေသည့် နှစ်ယောက်ထဲက ဖြစ်လိမ့်မည်မှန်း ထင်မထားပေ။ ထို့အပြင် ဤဝူရွှောင်၏ ကျင့်ကြံဆင့်မှာ သူမအစ်ကိုထက် ပိုမြင့်ဟန် ရသည်။
“အစ်ကိုမို အဲဒီမိန်းမရဲ့ နောက်က လူက အဆိပ်ဆူးပဲ ..”
ဟွားရွှမ်က မိုဝူကျီဘေး လျှောက်လာရင်း တီးတိုးပြောလိုက်သည်။ မိုဝူကျီက ထိုအမျိုးသမီးဘေးတွင် ပိန်ချုံးနေသော အမျိုးသားကို သတိပြုမိလိုက်သည်။ အကယ်၍ မိုဝူကျီသာ ထိုလူကို အာရုံမစိုက်ပါက သူ့တည်ရှိမှုကို သတိပြုမိဖို့ရာ မဖြစ်နိင်ပေ။ သို့သော် အဆိပ်ဆူး၏ တည်ရှိမှုကို ခံစားမိလိုက်သည့်အခိုက်အတန့်တွင် သူက သားရဲရိုင်းတစ်ကောင်ကို ကြည့်နေရသည့်အလား ခံစားမိသည်။