book

Index 2

အခန်း (၂) : အသက်ရှင်နေထိုင်ဖို့ရန် ခက်ခဲလှသည်

  • Author : Kilulayuu
  • Genres : Adventure, Science, Action, Xianxia
  • Original Author : Goose Five - 鹅是老五


    မိုဝူကျီသည် ယန်အာကို မတ်တပ်ရန်ဖို့ရန် မကူညီပေးခဲ့ချေ။ သူသည် မိုရှင်းဟယ် ရူးသွပ်ပြီးသွားသည့်နောက်တွင် ယန်အာဖြတ်သန်းခဲ့ရသည့် များပြားလှသည့် ဆင်းရဲဒုက္ခများနှင့် ဖိအားများကို ခံစားနိုင်သည်။ ဤအခိုက်အတန့်တွင် သူသည် အဝေးမှာရှိသော အဆောက်ဦးမြင့်များ၏ အရိပ်များကိုသာ ကြည့်နေရင်း တိတ်တဆိတ် လက်သီးဆုပ်မိလိုက်သည်

    “အောက်ခြေမှ ပြန်စတင်ရလျှင်ပင်.... ဘာမှားနေမှာလဲ....”

    ဒီကမ္ဘာတွင် ဘုရင်စနစ်ကိုကျင့်သုံးကြပေမဲ့လည်း သိပ္ပံပညာနှင့် နည်းပညာအဆင့်တန်းသည် ကမ္ဘာမြေနှင့် တူညီလှပေ၏။ အများသုံးပို့ဆောင်ရေးစနစ်များနှင့် လျှပ်စစ်ပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများလည်း ရှိသည်။ သူအသက်မရှင်နိုင်မှာကို အဘယ်ကြောင့် ကြောက်ရွံနေရမည်နည်း.......

    “ယန်အာ..... အရင် ပြန်ကြစို့.....”

    မိုဝူကျီသည် အဆောက်ဦးများကို ကြည့်ရင်းဖြင့် ပြောလိုက်ပြီး စိတ်နဲ့ကိုယ်နဲ့မကပ်သည့် ယန်အာကို ဆွဲထူလိုက်သည်။

    သူသည် ကမ္ဘာတွင် ပြန်လည်မွေးဖွားလာလျှင်ပင် သူသည် မြောက်ဖက်ပိုင်း ချင်စီရင်စုကို ပြန်သိမ်းယူဖို့ရန် မလုပ်ဆောင်နိုင်လောက်ချေ။

    သူသည် ဘုရင်အဖြစ် အိမ်မက်ထားရန် မဖြစ်နိုင်ကောင်း မဖြစ်နိုင်သော်လည်း မိုဝူကျီသည် ဒီနေရာတွင် တစ်နေရာစာ ခြေကုပ်မိလိမ့်မည်ဟု ယုံကြည်ချက်ရှိလေ၏။ ထို့အပြင် သူသည် အရင်အတိတ်တွင် ထိပ်တန်း ဇီဝဗေဒနှင့် ရုက္ခဗေဒပညာရှင် ဖြစ်၏။ သူသည် အပင်များမှ အဆီအနှစ်များမှ ထုတ်ယူ၍ အမျိုးမျိုးရောနှောကာ ချီသွေးကြောများကို ကျယ်ပြန့်လာစေနိုင်မည့် ဆေးကို တီထွင်နိုင်ခဲ့သည်။ ထိုအရာသည် သူ့ချစ်သူက သူ့အပေါ်တွင် သစ္စာဖောက်ခြင်း ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူသည် ဤနေရာတွင် ပြန်လည်မွေးဖွားလာရခြင်း ဖြစ်၏။

    သူသည် သူ့ဖြေဆေး၏ တန်ဖိုးကို သေချာ မသတ်မှတ်ရသေးချေ။ မကြာခဏဆိုသလို တရုတ်တိုင်းရင်းဆေးများတွင် ညွှန်းဆိုလေ့ရှိကြပေမဲ့ ချီသွေးကြောများတည်နေရာသည် မှုန်ဝါးဝါးနေရာတွင် ရှိလေ့ရှိသည်။ တကယ့်လက်တွေ့တွင် လူဘယ်လောက်များများက ချီသွေးကြောများတည်ရှိကြောင်းကို သုတေသနစာတမ်းများဖြင့် သက်သေပြပြီးကြပြီလဲ.....

    သို့သော် မည်သူ စိတ်ကူးယဉ်နိုင်မည်နည်း.....ချီသွေးကြောများသည် သူတို့အား ခံစားနိုင်သည်အထိ ကျယ်ပြန့်လာခဲ့လျှင် ဘယ်လိုဖြစ်လာမှာလဲ..... ဘယ်လောက်ထိ စွမ်းအားကြီးမားလာမှာလဲ.... အိုလံပစ်ပြိုင်ပွဲတွင် မာရသွန်အဝေးပြေး သို့မဟုတ် ဝိတ်မခြင်း စသည့် ကစားနည်းများတွင် ပါဝင်ပါက အနိုင်ရနိုင်ခြေရှိ၏။

    သူမမျှော်လင့်ထားသည့် တစ်ခုတည်းသောအရာသည် သူတစ်ဘဝလုံးချစ်မြတ်နိုးလာရသည့် သူ့ချစ်သူသည် သူ့ကို သစ္စာဖောက်သွားခြင်း ဖြစ်၏။ ယခုအချိန်အထိ သူသည် သူမအဘယ်ကြောင့် ပြုလုပ်လဲဆိုတာ နားမလည်‌ချေ။ သူအောင်မြင်သည့် အခိုက်အတန့်တွင် နောက်ကျောဓားဖြင့် ထိုးခဲ့၏။

    “ဟုတ်ကဲ့.....သခင်.....”

    ယန်အာသည် နောက်ဆုံးတွင် တည်ငြိမ်သွားပြီး သူမမျက်လုံးတွင် အလင်းရောင်မှိန်မှိန်လေး ရှိနေလေ၏။

    မိုဝူကျီသည် အကူညီကင်းမဲ့စွာ ပြောလိုက်သည်

    “ယန်အာ.... ငါက သခင်လေးနှင့် တူနေသေးလို့လား..... အခုကစပြီးတော့ နာမည်ပဲခေါ်တော့.... အတိတ်က အတိတ်မှာ ကျန်ရစ်ခဲ့ပြီ....ဒီနေ့ကစပြီး အသစ်ကို စတင်မယ်.... ငါ့နာမည်က မိုရှင်းဟယ်မဟုတ်တော့ဘူး..... မိုဝူကျီပဲ....”

    “ဟုတ်ကဲ့ပါ....သခင်လေး...”

    ယန်အာသည် အမြန်အဆန် တုံ့ပြန်လိုက်၏။

    မိုဝူကျီသည် သူမကို ထပ်၍ မဖြောင့်ဖြတော့ပေ..... တချို့သော အလေ့အကျင့်များသည် ပြောင်းလဲရန် အလွန်ခက်ခဲလှ၏

    “ကောင်းကင်တောင် မှောင်မည်းလာပြီ....ပြန်ကြစို့.... မနက်ဖြန် ငါလည်း အလုပ်သွားရှာမယ်...”

    မိုဝူကျီသည် အိမ်မပြန်သော်လည်း သူ့တွင် စဉ်းစားထားသည့်ကိစ္စများရှိ၏။ သူ့မိဘ၏ သေဆုံးခြင်းနှင့် သူတို့မိသားစု ကြွယ်ဝမှု ကုန်ခမ်းသွားခြင်းနှင့်အတူ မိုမိသားစုသည်လည်း ငွေကြေးကျပ်တည်းသွားလေသည်။ ထို့နောက် မိုရှင်းဟယ်သည် ရူးသွပ်သွားလေ၏။ အလုပ် လုပ်သည့်အပြင် ယန်အာသည် မိုရှင်းဟယ်နှင့် အရူးကစားနည်းများကိုလည်း ဆော့ကစားပေးရသည်။ သူတို့အသက်ရှင်နေခြင်းသည် ဆိုးရွားလှခြင်း မဟုတ်ပေ။

    “သခင်လေး....သခင်လေးက အလုပ်လုပ်စရာမလိုပါဘူး.... အခုကစပြီး နေ့တိုင်းအပြင်မထွက်လာရင် ရပါပြီ..... ကျွန်မ နောက်အလုပ်တစ်ခုထပ်ရှာပါ့မယ်.... အဲလိုဆို လုံလောက်မှာပါ.....”

    မိုဝူကျီ၏ အလုပ်ရှာမည့်အကြောင်း ကြားသည်နှင့် ယန်အာသည် အလောတကြီး တားလိုက်၏။

    မိုဝူကျီသည် ယန်အာ၏ အရောင်လွှင့်ပြယ်နေသည့် အဝတ်အစားနှင့် ဝါကျစ်ကျစ်ဆံပင်တွင် ထိုးထားသည့် ရိုးရှင်းသည့်ဆံထိုးကို ကြည့်ပြီး ဘာမှထပ်မပြောတော့ပေ။ တချို့သောအရာများသည် စကားဖြင့် ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ သူ မသေဆုံးခင် အချိန်အထိ မိုရှင်းဟယ်သည် ယန်အာဖြတ်သန်းခဲ့ရသည့် အခက်အခဲများကို နားမလည်ခဲ့ပေ။

    ယောင်ကျိုးမြို့တွင် မြို့ဂိတ်ပေါက်နှင့် နံရံများရှိသော်လည်း အစောင့်များတစ်ယောက်မှ မရှိချေ။ နေ့ဖြစ်စေ ညဖြစ်စေ အားလုံးသည် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်၏။

    တခြားနည်းဖြင့်ဆိုရလျှင် ယောင်ကျိုးမြို့၏ မြို့ဂိတ်ပေါက်နှင့် နံရံများသည် စစ်ပွဲအတွက် အကာအကွယ်တစ်ခုအစား အဆောင်အယောင်တစ်ခုသာ ဖြစ်နေလေ၏။

မိုရှင်းဟယ်သည် သူ့နိုင်ငံကို ပြန်လည်ထိန်းသိမ်းရန် ဆုံးဖြတ်ထားပြီး ယောင်ကျိုးမြို့၏ လုပ်ငန်းတာဝန်များကို ဂရုမစိုက်ပေ။ မိုဝူကျီသည် ယောင်ကျိုးမြို့သည် အလွန်အလုပ်ရှုပ်လှသည်ဖြစ်ကြောင်း မိုရှင်းဟယ်မှတ်ဉာဏ်ထဲမှ ပြန်သတိရလိုက်၏။

    ယန်အာနောက်မှ မြို့ထဲလိုက်သွားပြီးနောက်တွင် မိုဝူကျီသည် ယောင်ကျိုးမြို့၏ ဆူညံရှုပ်ထွေးလှသည့် အခြေအနေကို မြင်တွေ့လိုက်ရသည်။ ကျယ်ဝန်းသည့် လမ်းမထက်တွင် သိပ်သည်းလှသည့် လူများဖြင့် ပြည့်နှက်နေပြီး လမ်းတစ်ဖက်တစ်ချက်တွင် ဆိုင်များဖြင့် တောက်ပစွာ ထိန်လင်းနေလေသည်။ မိုဝူကျီသည် ဤနေရာသည် ကမ္ဘာမြေမှ မြို့တော်လားဟု သံသယဝင်မိ၏။

    လူနေထူထပ်သည့်ဧရိယာသည် မိုဝူကျီနေထိုင်ရန် တတ်နိုင်သည့် နေရာမဟုတ်ပေ။ အလုပ်ရှုပ်နေကြသည့် ဈေးဆိုင်များကို ဖြတ်ကျော်လာပြီး တစ်နာရီလောက် လမ်းလျှောက်ပြီးသည့်နောက်တွင် သူတို့သည် ဖရိုးဖရဲလူနေရပ်ကွက်အတွင်းသို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် အလင်းရောင်များပင် မှိန်၍ ဖျော့တော့နေလေ၏။

    မိုဝူကျီသည် သူတို့နေထိုင်သည့်နေရာကွက်လပ်လေးကို အဝေးမှ မြင်တွေ့နိုင်၏။ ဌားရမ်းခသည် အလကားနီးပါးဖြစ်နေသော်လည်း သူတို့အနေနှင့် မတတ်နိုင်သေးချေ။     အိမ်ရှင်၏ သနားမှုကြောင့်သာမဟုတ်လျှင် သူတို့သည် အိပ်စက်ဖို့ရန်ပင် နေရာမရှိလောက်ချေ။

    “အိုဟိုး... ဘုရင်ကြီး ပြန်လာပြီပဲ..... ငါတို့ သူ့အတွက် လမ်းရှင်းပေးရမယ်....”

    မိုဝူကျီ၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည့် အသံသည်ထွက်ပေါ်လာခဲ့၏။

    “ဟူဖေး.... ရှင်ထွက်သွားတော့....”

    မိုဝူကျီနောက် ခြေတစ်လှမ်းစာအကွာတွင် ရပ်နေသည့် ယန်အာသည် ဒေါသထွက်နေသာ ကျားသစ်ပေါက်လေးကဲ့သို့ ရုတ်တရက် ရှေ့ထွက်ပေါ်လာပြီး မိုဝူကျီကို သူမနောက်သို့ တွန်းပို့လိုက်၏။

    အလင်းရောင်မှိန်မှိန်အောက်တွင် မိုဝူကျီသည် ခေါင်းလိမ်းဆီအများကြီးလိမ်းထားသည့် လူငယ်ကို တွေ့လိုက်သည်။ သူသည် မိုဝူကျီအတွက် လမ်းဖယ်ပေးမည်ဟု ပြောသောလည်း သူကိုယ်တိုင်သည် လမ်းလယ်ခေါင်တွင် ရပ်နေပြီး ထိုသို့ လုပ်ဆောင်ပေးမည် မဟုတ်ကြောင်း သိသာနေ၏။

    “ယန်အာလေး... အစ်ကိုကြီးဟူက ဝက်သားကို မင်းအတွက် သီးသန့်ယူလာပေးတာ....မင်း ဒီလိုလုပ်တာက အစ်ကိုကြီးကို ဝမ်းနည်းစေတယ်....”

    ဟူဖေးသည် သူ့လက်မှ ကြာရွက်ကို ဖြေလိုက်ရင်း ပြောလိုက်သည်။

    မိုဝူကျီ၏ အစာအိမ်သည် အလိုက်ကန်းဆိုးမသိစွာ ကျယ်ကျယ်လောင်လောင် မြည်လာခဲ့သည်။ မူလက ဟူဖေးကို ထွက်သွားချင်စေသည့် ယန်အာသည် ကြာရွက်အထုပ်ကို တွေဝေစွာကြည့်လိုက်၏။

    “ဒါကပိုမကောင်းဘူးလား... မင်းနဲ့ အစ်ကိုကြီးက သူစိမ်းတွေမှ မဟုတ်တာ....”

    ဟူဖေးသည် ယန်အာပခုံးကို လက်တင်၍ ဖက်ရန် ရှေ့တိုးလားရင်း ပြောလိုက်၏။ ယန်အာမျက်နှာတွင် အမာရွတ်ရှိနေပြီး ခန္ဓာကိုယ်သည် အာဟာရချို့တဲ့မှုကြောင့် မဖွံ့ဖြိုးသေးသော်လည်း သူမတွင် လှပသည့် မျက်နှာအစိတ်အပိုင်းများ ရှိလေ၏။

    ယန်အာမျက်လုံးသည် တွေဝေသည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။ သူမတစ်ယောက်တည်းသာဆိုလျှင် သူမသည် ဟူဖေးနှင့် ပတ်သတ်မည် မဟုတ်ပေ။ သို့သော် ဒီနေ့တွင် သခင်လေးသည် တနေကုန်ဘာမှမစားရသေးသည့်အပြင် သူ့အစာအိမ်သည်လည်း မြည်တမ်းနေလေသည်။ ထို့အပြင် အိမ်တွင်လည်း ဆန်ပင်မရှိတော့ချေ။ ပြန်ရောက်သည့်အခါ သူမဘာလုပ်နိုင်မည်နည်း....

    မိုဝူကျီသည် ယန်အာတွေးနေသည်များကို မသိချေ။ သူသည် ဟူဖေးလက်က ယန်အာပခုံးပေါ်ရောက်မည်ကို စောင့်မနေဘဲ ခြေထောက်ဖြင့် ကန်လွတ်လိုက်သည်။

    ဟူဖေးသည် မိုဝူကျီ ထိုသို့တုန့်ပြန်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ မိုဝူကျီသည် သူ့ရင်ဘတ်တည့်တည့်ကို ကန်လွတ်လိုက်၏။

    မိုဝူကျီသည် သံမဏိအတုံးကို ကန်လိုက်သည်ဟု ခံစားလိုက်ရပြီး တွန်းကန်အားကြောင့် တော်တော်များများ နောက်ဆုတ်သွားခဲ့ရ၏။

    “သခင်လေး... အဆင်ပြေရဲ့လား....”

    ယန်အာသည် မိုဝူကျီကို ကူရန် အလျှင်အမြန် ပြေးသွားလိုက်၏။

    မိုဝူကျီသည် ခြေတစ်လှမ်းသာနောက်ဆုတ်သွားသည့် ဟူဖေးကိုကြည့်လိုက်ပြီး မအံ့သြဘဲ မနေိုင်ချေ။ သူ့လက်ရှိခန္ဓာကိုယ်သည် အလွန်အားနည်းနေသော်လည်း ဟူဖေးကိုပင် မကန်ထုတ်နိုင်ချေ။ ဟူဖေးက သိုင်းသမားများလား....

    “မင်းက သေချင်နေတာပဲ....”

    ဟူဖေးသည် ဘုရင်ဖြစ်ရန်သာ စိတ်ကူးယဉ်နေသော အားနည်းသည့် မိုရှင်းဟယ်သည် သူ့ကို ဆန့်ကျင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ဒေါသူပုန်ထလာပြီး ခါးမှ ဓားမြှောင်ကိုထုတ်ကာ မိုဝူကျီသည် ပြေးဝင်လာလေသည်။

    လမ်းသွားလမ်းလာများသည် ဟူဖေးက မိုဝူကျီထံ ပြေးဝင်သွားသည်ကို မြင်သော်လည်း တစ်ယောက်မှ အကူအညီပေးခြင်း မရှိပေ။ စကားတစ်ခွန်းပင် မပြောခဲ့ပေ။

    “ဟူဖေး... မြန်မြန် ရပ်လိုက်ပါ.... အခုနေ့လည် မြင်သာထင်သာအချိန်မှာ ရှင် လူသတ်ရဲတယ်လား....”

    ယန်အာ၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူမသည် ညရောက်နေသည်ကိုပင် သတိမပြုမိပေ။

    “ဟဟ... ဒီအရူးကို ဖယ်ရှားပစ်ချင်တာ ကြာလှပြီ......ဒီနေ့ ဒီအရူးကိုယ်တိုင် ငါ့ကို အရင် ဆန့်ကျင်တာ..... သူ့ကိုသတ်ရင်တောင်.... အများဆုံး ဒဏ်ကြေးဆောင်ရရုံလောက်ပဲ..... ယန်အာ.... ငါက ဒါကို မင်းအတွက် လုပ်ပေးနေတာ.... မင်းသာ ငါ့နောက်လိုက်ရင် မင်းမှာ စားဖို့ ဝတ်ဖို့ ဘာမှပူစရာမလိုဘူး....”

    ကြည့်ရသည်မှာ ဟူဖေးသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။

    ယန်အာသည် ပို၍ စိုးရိမ်လာလေသည်။ သူမခန္ဓာကိုယ်ဖြင့် မိုဝူကျီကို ကာကွယ်ရန်မှအပ တခြားနည်းလမ်းမရှိတော့ချေ။

    ထိုအခိုက်အတန့်တွင် မိုဝူကျိသည် လုံးဝတည်ငြိမ်နေလေ၏။ ချင်ယွီပြည်နယ်တွင် ထိုသို့ဥပဒေရှိကြောင်း သူမှတ်ထားသည်များမှ သိ၏။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ...... တစ်ယောက်ယောက်က မင်းကို ရန်စပြီး မင်းက အရင်ဆုံးသတ်နိုင်ခဲ့မယ်ဆိုလျှင် မင်းအနေဖြင့် ဒဏ်ကြေးအနည်းငယ်ပေးဆောင်ရန်သာ လိုအပ်လေသည်။

    နောင်တရရန် နောက်ကျလွန်းနေပေမဲ့လည်း မိုဝူကျီသည် ယန်အာကို ဘေးသို့ ဆွဲခေါ်လိုက်သည်။ သူသည် ဟူဖေးကို တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်

    “ဟူဖေး..... မင်း ငါဆံချည်မျှင် တစ်ပင်ကို ထိရဲထိကြည့် မင်း ဆိုးရွားစွာ သေဆုံးရလိမ့်မယ်.....”



rate now:

1 Reviews
  • reader watt pu 16.10.2021, 18:25 3

    .

    reply