ရှေ့ပြေး :
“ဟားဟား....... ရိုယင်.... နောက်ဆုံးမှာ ငါ သွေးကြောဖွင့်ဆေးကို ငါဖော်ထုတ်နိုင်ခဲ့ပြီ..... ငါ အောင်မြင်သွားပြီ....”
ရှုပ်ပွနေသည့် စမ်းသပ်ခန်းအတွင်းတွင် မိုဝူကျီသည် ကြွေပုလင်းလေးကို လက်ထဲဆုပ်ကိုင်ထားရင်း ရူးသွပ်သွားသကဲ့သို့ ရယ်မောနေခဲ့၏။
“ခွမ်း......”
ဖန်ခွက်သည် မြေပြင်ပေါ်ကျသွားပြီး ဖန်စများက နေရာတိုင်းသို့ လွှင့်စင်သွားလေသည်။ ကြက်သွေးရောင်ဝတ်ဆင်ထားသည့် မိန်းမလှလေးသည် တံခါးပေါက်တွင် ရပ်နေရင်း အူတက်လုမတတ် ရယ်မောနေသည့် မိုဝူကျီကို ကြောင်ကြည့်နေမိသည်။ ခဏကြာပြီးသည့်နောက်တွင် သူမသည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်
“ဝူကျီ... ရှင် အောင်မြင်သွားပြီလား.... အမှန်တကယ် အောင်မြင်သွားတာလား....”
မိုဝူကျီသည် အပေါက်ဝတွင် ရပ်နေသည့် မိန်းမလှလေးကို ငေးကြည့်နေသည်။ သူသည် ရိုယင်က သူ့ဆီ လက်ဖက်ရည်လာပို့မယ်ဆိုတာကို သိ၏။ ဤသတင်း အပိုင်းအစလေးသည် ရှားရိုယင်အား အလွန်အမင်း အံ့သြသင့်စေခဲ့ပြီး သူမလက်ထဲမှ ဖန်ခွက်လည်း ကျကွဲသွားခဲ့သည်။
“ရိုယင်..... ဒီတစ်ခေါက်တော့ လုံးဝအမှားအယွင်း မရှိတော့ဘူး.... ငါကိုယ်တိုင် ပုလင်းတစ်ဝက်ကို သောက်ပြီးပြီ.... ငါ့ရဲ့သွေးကြောတွေ ကျယ်ပြန့်လာပြီး မီးမြိုက်ထားသလို ပူလောင်နေတာကို ရှင်းရှင်းလင်းလင်း ခံစားသိနေတယ်.... အခုက ငါရဲ့ သွေးကြောတွေ ပွင့်နေဆဲပဲရှိသေးတယ်....ဒါပေမဲ့ ငါတို့အောင်မြင်သွားပြီ......”
ကြွေပုလင်းကို ကိုင်ထားသည့် မိုဝူကျီသည် မိန်းကလေးဆီ စိတ်လှုပ်ရှားစွာ လျှောက်လှမ်းသွားလိုက်ပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
“ရိုယင်.... မင်းအတွက်လည်း အရမ်းခက်ခဲခဲ့မှာပဲ..... ဒီနှစ်တွေမှာ ငါဒီအဖြေရဖို့ပဲ အာရုံစိုက်နေခဲ့မိတယ်.....မင်းကို ဂရုမစိုက်မိခဲ့ဘူး..... အဲဒီအစား မင်းကသာ ငါ့ကို ဂရုစိုက်ပေးခဲ့ရတယ်..... ငါတို့လက်ထပ်ကြစို့..... နောက်ကျရင် ငါတို့တွေ ဖြေဆေးကိုထုတ်ရောင်းပြီး ကုမ္ပဏီထောင်ကြမယ်လေ...... ငါတို့ရဲ့ လုပ်ငန်းက ကမ္ဘာအနှံ့ပြန့်သွားမယ်လို့ ငါယုံကြည်တယ်....”
နောက်ဆုံးတွင် မိန်းကလေးက တည်ငြိမ်လာပေမဲ့လည်း တုန်လှုပ်သည့် အသံဖြင့် ပြောလိုက်သည်
“ဆေးဖော်မြူလာရော မှတ်ထားရဲ့လား...”
မိုဝူကျီသည် ခေါင်းညိတ်ပြလိုက်ပြီး
“ရိုယင်.... စိတ်မပူပါနဲ့.... ကွန်ပျူတာထဲမှာ အချက်အလက်အပြည့်အစုံရှိပါတယ်....ဒီမှာ ....ကြည့်ကြည့်....”
မိုဝူကျီသည် စကားဆုံးသည်နှင့် ကွန်ပျူတာရှိရာဆီ လှည့်ထွက်သွားလိုက်လေ၏။
ရုတ်တရက် သူ့နောက်ကျောမှ အေးစက်မှုနှင့်အတူ ပြင်းထန်သော နာကျင်မှုကိုပါ ခံစားလိုက်ရ၏။ သူ့ရင်ဘတ်မှ ထွက်နေသည့် ဓားဖျားထိပ်ကိုမြင်ပြီး သူအားတစ်စုံတစ်ယောက်က နောက်ကျောမှ နှလုံးကိုဖြတ်၍ ဓားနှင့်ထိုးလိုက်ကြောင်း သတိပြုမိလိုက်သည်။
နာကျင်မှုသည် သူ့အား အလွန်အမင်း မူးဝေလာစေပြီး အင်အားများလည်း ပျောက်ဆုံးလာစေသည်။မိုဝူကျီသည် ဖြေးဖြေးချင်း ခေါင်းကိုလှည့်လိုက်ပြီး သတိမကပ်စွာ ဓားကိုကိုင်ထားသည့် လက်ကို ကြည့်လိုက်သည်။ ထိုသည်က ရိုယင်၏ လက်ဖြစ်သည်။ သူ့မျက်လုံးများ ပြူးကျယ်သွားရင်း ရေရွတ်လိုက်သည်
“ရိုယင်....ဘာကြောင့်လဲ.....ဘာကြောင့်များလဲကွာ....”
သူသည် နှစ်များစွာ မြတ်နိုးစွာ ချစ်လာသည့် သူ့ချစ်သူထံမှ နောက်ကျောဓားဖြင့် အထိုးခံရလိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။
“ကျွန်မတောင်းပန်ပါတယ်..... ဝူကျီ.... ကျွန်မတောင်းပန်ပါတယ်.....”
ရှားရိုယင်လက်သည် သူမခန္ဒာတစ်ကိုယ်လုံး တုန်လှုပ်နေသကဲ့သို့ တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ သူမသည် သူမချစ်သူကို သတ်ခဲ့မိပြီ။ သူသည် သူမဆယ်စုနှစ်လောက် ချစ်လာသည့်သူဖြစ်ပြီး သူမအပေါ်တွင်လည်း အဆုံးမရှိသော ချစ်ခြင်းများဖြင့် ချစ်မြတ်နိုးသူဖြစ်၏။
မိုဝူကျီ၏ မျက်လုံးထောင့်မှ မျက်ရည်နှစ်စက်စီးကျလာသည်။ သူ့ခန္ဓာကိုယ်သည် စက္ကန့်နှင့်အမျှ အေးစက်လာသည်ဟု ခံစားမိသည်။ သူသည် ဖြေးဖြေးချင်း အသိစိတ်လွှတ်လာပြီး သူမျက်ခွံများသည်လည်း လေးလံလာကြ၏။ သို့သော်လည်း သူသည် မျက်လုံးများ မပိတ်ချင်သေးပေ။ သူသည် ရှားရိုယင်ကိုသာ ကြည့်နေပြီး ရေရွတ်လိုက်သည်
“မင်းသာ ဖော်မြူလာလိုချင်တယ်ဆိုရင်...... မင်းပြောလိုက်.... ငါပေးမှာပေါ့.... အခုတော့ ဘာကြောင့်လဲကွာ....”
မိုဝူကျီသာ သေဆုံးသွားလျှင် မျက်ရည်များပင် ကျနိုင်မည် မဟုတ်တော့ချေ။ သူမှတ်မိနိုင်သမျှ သူသည် ဘဝတွင် တစ်ခါမျှ မငိုကြွေးဖူးပေ။ သို့သော် ဒီနေ့တွင် သူခံစားရသည့် နာကျင်မှုက နောက်ကျောမှ ဓားချက်မဟုတ်ပေ။ သူချစ်သူ၏ သစ္စာဖောက်မှုကြောင့် ရရှိသည့် နာကျင်မှုက ပိုခံစားရ၏။
ဖြစ်နိုင်သည်က ရှားရိုယင်ကိုယ်တိုင်ပင် သူမသည် မိုဝူကျီနှလုံးသားရှိ သူမနေရာကို သိရှိပုံမပေါ်ပေ။ သူမတောင်းဆိုလျှင်ပင်မိုဝူကျီသည် သူမအတွက် သေပေးရန် ဆန္ဒရှိလေ၏။ သို့သော်လည်း သူမအတွက် အသက်စွန့်ရဲသည်ဖြစ်သော အမျိူးသမီး ရှားရိုယင်သည် ဒီနေ့ကဲ့သို့ အောင်မြင်မှုခံရမည့်နေ့တွင် သူ့အား နောက်ကျောမှ ဓားဖြင့် ထိုးခဲ့၏။
မေးခွန်းသည် ဖြေကြေားခြင်းမရှိစွာ ကြာမြင့်စွာ ကျန်ရှိနေမည့်ပုံပေါ်နေသည်။ ဖြစ်နိုင်သည်က သူ့သေပြီးသည့်နောက်တွင်လည်း အေးအေးချမ်းချမ်း အနားမယူနိုင်ပေ။ သူ့၏ မှေးမှိန်နေသည့် မျက်လုံးများသည် မျက်ရည်နှစ်စက်ချန်ရစ်ရင်း နောက်ဆုံးတွင် လုံးဝပိတ်သွားလေပြီ။
“......”
ရှားရိုယင်သည်လည်း မျက်ရည်များစီးကျလာပြီး မိုဝူကျီ၏ မျက်လုံးထောင့်သို့ စီးကျသွား၍ သူ့မျက်ရည်များကို ဖယ်ရှားလိုက်လေသည်။
-----------------------------------
အခန်း (၁) :အရိုက်အရာကျ မင်းသား
“အာ့.....”
ကျီးတစ်ကောင်၏ စူးစူးရှရှအော်သံကြောင့် မိုဝူကျီသည် နိုးထလာသည်။ သူခေါင်းထောင်လာသည်နှင့် သူ့အပေါ်တွင် ကျီးတစ်ကောင်ပျံသန်းနေသည်ကို မြင်လိုက်ရပြီး စူးစူးဝါးဝါးအော်သံနှင့်အတူ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“ငါ ဘယ်မှာလဲ.....”
မိုဝူကျီသည် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူသည် အသစ်တည်ထားသည့် အုတ်ဂူပေါ်တွင် ထိုင်နေပြီး ကလေး ခုနှစ်ယောက်၊ရှစ်ယောက်လောက် ဝန်းရံကာ သူ့ရှေ့တွင် ဒူးထောက်လျက်ရှိလေ၏။ သူတို့ကြားတွင် သူ့ဘေး၌ အပြာရောင်အပွင့်ဝတ်စုံနှင့်မိန်းမငယ်လေးသည် ဝါးခြင်းတောင်းကို ကိုင်ထားလေသည်။
မိုဝူကျီသည် အခြေအနေကို စိတ်ရှုပ်ထွေးနေဆဲ ဖြစ်နေပြီး မိန်းမငယ်လေးသည် ညင်သာလှသည့် အသံဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်
“ဒီနေ့ အားလုံးတော်တယ်..... ဒါပေမဲ့လည်း အချိုတည်းစရာ မကျန်တော့လို့ ဒီနေ့တော့ ဒီမှာပဲ ရပ်နားကြတာပေါ့.....မနက်ဖြန်မှ ဆက်လာပြီး ကစားကြမယ်....”
“ဒီကစားနည်းတွေက အရင်ဘုရင်မင်းဆက်မှာ ဆော့ကြတာ မဟုတ်ဘူးလား..... ဘာကြောင့် ဒီမြင်ကွင်းက အရမ်းရင်းနှီးနေရတာလဲ....”
မိုဝူကျီသည် ထိတ်လန့်သွားလေသည်။ အကြောင်းရင်းက ဤမြင်ကွင်းသည် ဝတ္ထုထဲတွင် မုရုန်ဖူပါသည့် နောက်ဆုံးမြင်ကွင်းနှင့် အလားတူလေ၏။ မုရုန်ဖူသည် သူ့နိုင်ငံအတွက် လုပ်ခဲ့သည့်ကိစ္စကြောင့် ရူးသွပ်သွားခဲ့လေသည်။ သူ့၏ လှပသည့် ဝမ်းကွဲအစ်မနှင့် သူ့ငယ်ချစ်ဦး ဝမ်ယုယင်တို့သည် သူ့ကိုထားရစ်ကာ တခြားလူနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြ၏။ အဆုံးသတ်တွင် သူ့ဘေးတွင် ကျန်ရှိသည်က အာဘီဟု အမည်ရသည့် အစေခံတစ်ယောက်သာ ကျန်ရှိလေသည်။ ယခုလက်ရှိမြင်ကွင်းသည် မုရုန်ဖူက သူ့နိုင်ငံကို ဆုံးရှုံးပြီးနောက် ရူးသွပ်သွားသည့် မြင်ကွင်းဖြစ်သည်။ အာဘီသည် သူနှင့်ကစားဖို့ရန် ကလေးများကို စုစည်းပေးထားခြင်း ဖြစ်၏။
“ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ....ဘုရင်ကြီးကို နှုတ်ဆက်ပါတယ်..... မနက်ဖြန် မုန့်ချိုများအတွက် ပြန်လာပါ့မယ်....”
ကလေးများသည် အစီအပေါက်မတည့်သည့် စကားများကို ပြောပြီးနောက် မကြာခင် လူစုကွဲသွားလေသည်။
မိုဝူကျီသည် ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြီး သူသည် လူငယ်များနှင့် မိန်းမပျိုလေးများ ဖြတ်လျှောက်သွားသည်ကို သတိထားမိလိုက်သည်။ သူ့မျက်လုံးသည် ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးဆီ ရောက်သွားသည့်အခါ သူမအလှတရားကြောင့် သူ့လက်ရှိအခြေအနေကို လုံးဝမေ့လျော့သည်အထိ စွဲလမ်းသွားလေ၏။
ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးသည် မိုဝူကျီနှင့် အကြည့်ချင်းဆုံသည့်အခါ သူမတွင် စိတ်ရှုပ်ထွေးမှု၊ သနားမှု နှင့် စိတ်ပျက်မှုများ ဖြစ်ပေါ်လာလေသည်။ အခြားအငယ်လေးများနှင့် ဆွဲဆောင်မှုရှိသော အမျိုးသားများနှင့် အမျိုးသမီးများသည် ဖြတ်သွားသည့်အခါ သူ့အကြောင်းပြောရင်း လှောင်ပြောင်သွားကြသည်။
“မဖြစ်နိုင်တာ......”
ရုတ်တရက် မိုဝူကျီသည် ဆိုးရွားလှသည့် ဇာတ်ညွှန်းကို တွေးမိသွားသည်
“ဖြစ်နိုင်တာက ငါသေပြီးတဲ့နောက် မုရုန်ဖူရဲ့ ခန္ဓာထဲ ပြန်လည်မွေးဖွားလာခဲ့တာလား.... ငါတို့ဝိညာဉ်တွေက ဒီကမ္ဘာကိုဖြတ်ပြီး ကူးပြောင်းသွားခဲ့တာလား...”
“ပြီးတော့ ငါ့ဝိညာဉ်က ဘာကြောင့် ကူးပြောင်းလာခဲ့တာလဲ..... အဲဒီအရင်က ဘာတွေလုပ်နေမိခဲ့တာလဲ.....”
ထိုအခိုက်အတန့်တွင် မိုဝူကျီသည် စတင်၍ ခေါင်းကိုက်လာသည်။ သူသည် ဖြေဆေးဖော်ပြီးသည့်နောက်တွင် အဖြစ်အပျက်များကို ပြန်မှတ်မိသွားလေသည်။ သူ့အသက်ပေးချစ်ရသည့် သူ့ချစ်သူသည် သူ့ကို သစ္စာဖောက်သွားခဲ့သည်။ ထိုအတွေးနှင့် မိုဝူကျီ၏ စိတ်ဝိညာဉ်တစ်ခုလုံး ဝမ်းနည်းမှုဖြင့် လွမ်းခြုံသွားလေသည်။
ထိုးကိုက်လာသည့် ခေါင်းသည် သူ့အား ထိုကိစ္စကို ထပ်၍ မစဉ်းစားနိုင်သည်အထိ ဖြစ်စေသည်။ သူ့ခေါင်းထဲသို့ များပြားလှသည့် သတင်းအချက်အလက်များသည် တဟုန်ထိုးစီးဆင်းလာကြသည်။ နှစ်နာရီကြာပြီးသည့်နောက်တွင် မိုဝူကျီသည် ဘာတွေဖြစ်ပျက်နေမှန်း အလုံးစုံနားလည်သွားခဲ့လေ၏။
ယခုသည် ဆောင်မင်းဆက်မဟုတ်တော့ကြောင်း သတိပြုမိလိုက်သည်။ သူသည် မုရုန်ဖူ၏ ခန္ဓာကိုယ်ထဲသာ ပြန်လည်မွေးဖွားလာရုံ မဟုတ်ပေ။
ဤနေရာသည် ကမ္ဘာမြေပင် မဟုတ်ချေ။ လက်ရှိ သူသည် ချန်ယွီပြည်နယ်၏ မြို့တော်ဖြစ်သည့် ယောင်ကျိုးမြို့တွင်ရှိနေတာဖြစ်သည်။ သူသည် မိုရှင်းဟယ်ဟု ခေါ်ပြီး မြောက်ဖက်ပိုင်း ချင်စီရင်စု၏ မင်းသားဖြစ်၏။ သူဖခင်သည် ရှင်းဟန်အင်ပါယာပြီးနောက် သူ့အား မိုရှင်းဟယ်ဟု အမည်ပေးခဲ့ခြင်း ဖြစ်၏။
မိုရှင်းဟယ်သည် ဒီကမ္ဘာသည် မည်မျှကြီးမား၍ ကျယ်ဝန်းကြောင်း မမှတ်မိပေ။ သို့သော် သူသည် ရှင်းဟန်အင်ပါယာသည် အင်ပါယာတစ်ခုသာ မဟုတ်ဘူးဆိုတာ သိ၏။ အင်ပါယာတိုင်းတွင် ပြည်နယ်များ ပြန်ပိုင်းခြားထားပြီး ပြည်နယ်တိုင်းတွင် စီရင်စုအများအပြား ထပ်၍ ပိုင်းခြားထားလေသည်။
မိုရှင်းဟယ်သည် ချင်ယွီပြည်နယ်အောက်ရှိ မြောက်ဖက်ပိုင်း ချင်စီရင်စုမှ ဖြစ်ပြီး ချင်ယွီပြည်နယ်သည် ရှင်းဟန်အင်ပါယာထဲ ပါဝင်လေသည်။
လွန်ခဲ့သည့် ဆယ့်ကိုးနှစ်တုန်းက မိုရှင်းဟယ်၏ အဖိုး မိုထင်းချန်သည် မြောက်ဖက်ပိုင်း ချင်စီရင်စု၏ သခင်ဖြစ်၏။ သူ ချင်ယွီပြည်နယ်ကို ရောက်ရှိပြီးသည့်နောက်တွင် သူသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရလဒ်အနေနှင့် မြောက်ဖက်ပိုင်း ချင်စီရင်စုသည် သခင်အသစ်တင်မြှောက်ရန် လိုအပ်လာလေပြီ။ ထိုသခင်အသစ်သည် ပြည်နယ်သခင်၏ ထောက်ခံချက်ကို ရရှိရန် လိုအပ်လေသည်။
မိုထင်းချန်၏ ရုတ်တရက်ပျောက်ကွယ်သွားမှုကြောင့်သာ မဟုတ်လျှင် မိုထင်းချန်သည် သူ့ကလေးများဆီ နေရာလွဲပြောင်းပေးခဲ့ပြီး ပြည်နယ်အရှင်ဆီ တင်ပြရုံသာဖြစ်၏။ သို့သော်လည်း မိုထင်းချန်သည် ပျောက်ဆုံးသွားပြီး အရိုက်အရာကို အတိအလင်း ကြေညာထားခြင်းမရှိခဲ့ချေ။ ထို့ကြောင့် အရိုက်အရာဆက်ခံသူသည် ကိုယ်တိုင်ထွက်ကာ ပြည်နယ်အရှင်နှင့် အခြားသောစီရင်စုသခင်များ၏ ရှေ့တွင် အရိုက်အရာယူရမည် ဖြစ်သည်။
မိုရှင်းဟယ်မိဘများသည် မိုရှင်းဟယ်ကို အကြောင်းပြချက်နှစ်ခုကြောင့် ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်၏။ ပထမဦးစွာ သူတို့သည် မိုထင်းချန်ကို ရှာဖွေချင်ကြသည်။ ဒုတိယက မိုရှင်းဟယ်၏ ဖခင် မိုဂေါင်ယွမ်သည် အမြဲတမ်း အခြားသခင်များဆီမှ အသိမှတ်ပြုခံချင်ပြီး ဖခင်၏ အရိုက်အရာကို ဆက်ခံချင်လေ၏။
မူလက အရိုက်အရာကို ဆက်ဆံသည်မှာ ရိုးရှင်းသည့် ကိစ္စဖြစ်သည်။ မည်သူကမှ ဤကိစ္စသည် မတူညီသော အတားအဆီး အများအပြားနှင့် ပြည့်နှက်နေမှန်း မသိခဲ့ချေ။ မိုရှင်းဟယ်မိဘများသည် ငွေအမြောက်အမြား အသုံးပြုခဲ့ပြီး ဆယ်စုနှစ်လောက် ရုန်းကန်လှုပ်ရှားခဲ့ရပေမဲ့လည်း သူတို့သည့် အရိုက်အရာကို မဆက်ခံနိုင်ကြသေးချေ။
မိုရှင်းဟယ်မိဘများသည် ဖျားနာမှုကြောင့် သေဆုံးသွားကြပြီး မိုရှင်းဟယ်သည် ဖခင်၏ အရိုက်အရာ တပ်မက်ခြင်း စွဲလမ်းမှုကို ဆက်ခံခဲ့သည်။ မိုရှင်းဟယ်မိဘတွေ သေဆုံးခြင်းသည် မိုမိသားစု၏ ပိုက်ဆံများအားလုံးကို ချွတ်ချုံကျသွားလေ၏။ မိုရှင်းဟယ်သည် နှစ်များစွာကြာသည့်တိုင် အဓိပ္ပါယ်ရှိသည့် ဘယ်အရာကိုမှ မရရှိခဲ့ပေ။ သူသည် မြောက်ဖက်ပိုင်း ချင်စီရင်စုကို ချင်ယွီပြည်နယ်အရှင်မှ သိမ်းယူသည်ကို တွေ့သည့်အခါ မိုရှင်းဟယ်သည် ရူးသွပ်သွားပြီး မိုဝူကျီအဖြစ် နိုးထလာခဲ့၏။
မိုဝူကျီသည် ထိုခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ပြန်စဉ်းစားကြည့်လိုက်သည်။ သူမနာမည်သည် ဝမ်မန်ကျူဖြစ်ပြီး သူမဖခင်သည် မိုရှင်းဟယ်မိဘများနှင့် အလွန်ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြ၏။ မိုရှင်းဟယ်နှင့် ဝမ်မန်ကျုတို့သည်လည်း ငယ်ချစ်ဦးများဖြစ်ပြီး ကတိစကားမရှိကြပေမဲ့လည်း အားလုံးသည် သူတို့အတူတူ ကြီးပြင်းလာမည်ဟု သဘောတူလက်ခံထားကြ၏။
မိုမျိုးနွယ်စုသည် သူတို့၏ အရိုက်အရာဆက်ခံခွင့်ကို ဆုံးရှုူံးသွားသည်မှ စ၍ မိုရှင်းဟယ်မိဘများသေဆုံးမှုနှင့် မိုရှင်းဟယ်အသိစိတ်လွတ်သည့် ကိစ္စများအတူတကွဖြစ်လာသည့်အခါ ဝမ်မျိုးနွယ်စုအနေနှင့် မိုရှင်းဟယ်ကို ဖြေးဖြေးချင်း ဥပေက္ခာပြုလာကြလေသည်။ ဝမ်မန်ကျု ကြီးပြင်းလာသည့်အခါ သူမသည် မိုရှင်းဟယ်နှင့် ဝေးကွာစွာကြီးပြင်းလာပြီး အခြားသော လွမ်းမိုးနိုင်စွမ်းရှိသည့် မိသားစုများမှ မင်းသားများနှင့်သာ အကျွမ်းတဝင်ဖြစ်လာလေသည်။
လက်ဖမိုးပေါ်မှ မျက်ရည်များကို ခံစားမိသည့်အခါ မိုဝူကျီသည် ဒူးပေါ်မှ ခေါင်းကိုမော့ကာ ကြည့်လိုက်သည်။ ဤသည်က ဝမ်းနည်းနေသည့် မိန်းမငယ်လေးဖြစ်ပြီး မျက်နှာတွင် အမာရွတ်ရှိနေလေသည်။
မုရှန်ဖူဘေးတွင် အာဘီသည် သစ္စာရှိစွာ နေခဲ့သကဲ့သို့ ဤမိန်းကလေး ယန်အာသည်လည်း သူ့ဘေးတွင် အလုပ်အကျွေးပြုရင်း နေခဲ့သည့် တစ်ဦးတည်းသော သူဖြစ်၏။ ယန်အာကြောင့်သာ မဟုတ်လျှင် မိုဝူကျီသည် ပြန်လည်မမွေးဖွားနိုင်သလို မူလမိုရှင်းဟယ် သေဆုံးတာ ဘယ်လောက်ကြာမြင့်မှန်းလည်း မည်သူမျှ မသိနိုင်ချေ။
သူမမျက်နှာပေါ်ရှိ အမာရွတ်မှလွဲလျင် ယန်အာသည် အာဟာရချို့တဲ့မှုကို ခံစားနေရသည်၊။ သူမသည် ဖြူဖျော့နေပြီး သူမဆံပင်များသည်လည်း ဝါကျင်နေ၍ မိန်းမငယ်တစ်ဦးတွင် ရှိသင့်သည့် တက်ကြွမှု ပျောက်ဆုံးနေလေသည်။
“ဒါလဲ မဟုတ်သေးပါဘူး....”
မိုဝူကျီသည် တုန်လှုပ်သွားသည်။ မိုမျိုးနွယ်စုသည် တော်တင်မျိုးနွယ်စု၏ အစိတ်အအပိုင်းတစ်ခုအနေနှင့် ရှိနေဆဲဖြစ်ပြီး မိုရှင်းဟယ်၏ ဖခင်သည် အရိုက်အရာ မဆက်ခံနိုင်သည်ဖြစ်စေ.... ဤချမ်းသာပေါကြွယ်ဝသည့် နိုင်ငံတွင် ငတ်ပြတ်မှုကြောင့် မသေဆုံးသင့်ပေ။ ယောင်ကျိုးမြို့ကို စွန့်ခွာပြီး မြောက်ဖက်ပိုင်း ချင်စီရင်စုဆီ မြန်မြန် ပြန်သွားလို့ မရပေဘူးလား..... အပြန်အလှန်အားဖြင့် မိုမျိူးနွယ်စုကို ပေးအပ်ထားသည် ငွေကြေးနှင့် အစောင့်အရှောက်တွေ မရှိပေဘူးလား...
ဤနေရာတွင် သေချာပေါက် မှားယွင်းနေသည့် အရာ ရှိရမည်...
မိုဝူကျီ ကြည့်လိုက်သည့်အခါ ယန်အာသည် မျက်ရည်များကို သုတ်လိုက်ပြီး နီရဲနေသည့် မျက်လုံးဖြင့် ညင်သာနူးညံ့စွာမေးလိုက်သည်
“ဘုရင်ကြီး.... အခုပြန်ကြွတော့မလား....”
မိုဝူကျီသည် ခေါင်းကို ငုံ့လိုက်ရင်း သက်ပြင်းချလိုက်သည်။ ယန်အာကြောင့်သာလျှင် မဟုတ်ပေ..... သူ့လက်ရှိအခြေအနေနှင့် ခန္ဓာကိုယ်သည်လည်း ဆိုးရွားလှ၏။ ထိုသို့ ကလေးဆန်သည့် ကစားနည်းကို ကစားနေစဉ်မှာ ယန်အာသည် ယဉ်ကျေးသိမ်မွေ့နေပြီး သူမသည် အမှန်တကယ် အင်ပါယာထဲရောက်ရှိနေသကဲ့သို့ ခွင့်ပြုချက်ကို တောင်းခံနေသည်။
သို့သော်လည်း မိုဝူကျီသည် မြန်မြန်ဆန်ဆန် ထူထူထောင်ထောင်ဖြစ်လာပြီး သူကိုယ်သူ ထပ်၍ ဒေါသမထွက်နေသင့်ကြောင်း ခံစားမိလိုက်သည်။ သူသည် သူမသေဆုံးသည့်အတွက် ဝမ်းသာသည့် ခံစားချက်၊ သူ့ချစ်သူက သစ္စာဖောက်သွားသည့်အတွက် အသည်းကွဲသည့် ခံစားချက်နှင့် ကမ္ဘာမြေကို မပြန်နိုင်ကြောင်း ဝမ်းနည်းသည့် ခံစားချက်များ ရောပြွန်းနေလေသည်။
ခဏတာကြာပြီးသည့်နောက်တွင် မိုဝူကျီ ဘာမျှ မပြောသည်ကို မြင်ပြီး ယန်အာသည် ဂရုစိုက်၍ နောက်တစ်ခါ ထပ်ပြောလိုက်သည်
“ဘုရင်ကြီး... ကောင်းကင်က တဖြေးဖြေးမှောင်လာ....”
မိုဝူကျီသည် အဝေးမှ နေဝင်နေသည်ကို လှမ်းကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ သူသည် မိုရှင်းဟယ်ကို တွေးရမလား သို့မဟုတ် သူ့၏ ကံတရားကိုသာ တမ်းချင်းချရမလား မသိတော့ပေ။ သူသည် ဖြေးညှင်းစွာ ပြောလိုက်သည်
“ပြန်ကြစို့....”
သူသည် ယန်အာ၏ အံ့သြနေသည့်ပုံစံကိုမြင်ပြီး ထပ်၍ မရှင်းပြခြင်းဘဲ သက်ပြင်းချ၍ ပြောလိုက်သည်
“နန်းတော်ကို ပြန်ကြစို့.....”
ပြောပြီးသည်နှင့် သူသည် သူ့ခြေထောက်ပေါ်မှ မြေမှုန်များကို ဖယ်၍ မတ်တပ်ရပ်ကာ ထွက်သွားချင်လေသည်။ သို့သော်လည်း သူ့ခြေထောက်များသည် ကြာမြင့်စွာ ခြေချိတ်ထိုင်ထားသည့်အတွက် ထုံထိုင်း၍ ကျင်နေလေသည်။ ကံကောင်းစွာပင် ယန်အာသည် လာကူညီခဲ့၏။
ယန်အာ ကူညီပြီးသည်နောက် မိုဝူကျီသည် သူ့စိတ်ထဲရှိ အတွေးများကို ပြန်၍ အစီအစဉ်ချနေလေသည်။
“ဒါက ဘယ်လိုကမ္ဘာမျိုးလဲ...”
နှစ်ယောက်သား မိနစ်အနည်းငယ် တိတ်ဆိတ်စွာ လမ်းလျှောက်ပြီးသည့်နောက်တွင် မိုဝူကျီသည် မိမိဘာသာ ပြန်ရေရွတ်လိုက်သည်။
“ဘုရင်ကြီး..... အခုဘာပြောလိုက်တာလဲ...”
ယန်အာသည် စောစောက မိုဝူကျီပြောသည်ကို သေချာနားမလည်သည့်အတွက် မေးလိုက်သည်။
မိုဝူကျီသည် ခေါင်းကိုခါရင်း
“ယန်အာ.... နောက်ကျ ဘုရင်ကြီးလို့ မခေါ်နဲ့တော့.... နာမည်ပဲခေါ်....”
မိုဝူကျီနှင့် ယန်အာသည် အနာဂတ်တွင် အတူတူရှိနေဦးမည်ဖြစ်သောကြောင့် ရှင်းပြစရာများ ကျန်ရှိနေသေးသည်။
စိတ်အနည်းငယ် လှုပ်ရှားသွားပြီး ယန်အာသည် သူမ၏ တုန်ယင်နေသည့်လက်ဖြင့် ဝါးခြင်းတောင်းကို ကိုင်ထားရင်း အရည်လဲ့နေသည့် မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်၏
“သခင်လေး.... အခုနေလို့ ကောင်းသွားပြီလား....”
မိုဝူကျီသည် တွေဝေသည့် အပြုံးဖြင့် ပြန်ပြောလိုက်သည်
“ငါ လုံးဝပြန်ကောင်းတာတော့ မဟုတ်သေးဘူး.... အားလုံးကိုလည်း မှတ်မိသေးတာ မဟုတ်ဘူး....ဒါပေမဲ့ အရင်ကလို အရူးလိုမျိုး အိမ်မက်မက်မနေတော့ဘူး.....”
မိုဝူကျီသည် လျို့ဝှက်ချက်ကိုသိသွားမှာ စိုးရိမ်နေပြီး သူသည် လုံးဝနေပြန်မကောင်းသေးကြောင်း ပြောထားခြင်းဖြစ်၏။
“အဲဆို.....”
ယန်အာသည် တစ်ခုခုကို ပြောချင်ပေမဲ့လည်း မပြောရဲပေ။
မိုဝူကျီသည် ယန်အာက သူ့အား မနက်ဖြန်တွင် ကလေးများနှင့် ဆော့ကစားဦးမလားဟု မေးချင်နေမှန်း သိလေသည်။ သို့သော် သူမသည် ထိုကစားနည်းများ ဆော့ကစားပြီးသည့်နောက်တွင် အရင်မင်းဆက်၏ မတော်တဆမှုကို သတိပေးလိုက်သလိုဖြစ်ပြီး ပြန်၍ ရူးသွပ်သွားမလား စိုးရိမ်နေလေ၏။
ယန်အာ၏ နောက်ကျောကို ပူတ်ပေးလိုက်ပြီး ပြောလိုက်သည်
“အရင်က အင်ပါယာဘဝမှာ နေထိုင်ခဲ့တာပဲ.... အခု ငြီးငွေ့လာပြီ.... မနက်ဖြန် ဒီကိုမလာဘဲနဲ့.... အဲဒီအစား နက်ဖြန်ကစပြီး ဘဝအသက်မွေးဝမ်းကြောင်းအတွက် စဉ်းစားရအောင်လေ......”
ယန်အာသည် ကိုင်ထားသည့် ဝါးခြင်းတောင်းကို လွတ်ချလိုက်ပြီး ပါးပေါ်သို့ မျက်ရည်မှ စီးကျလာပြီး မြေပြင်ပေါ် ဒူးထောက်ကာ ငိုကြွေးလိုက်လေသည်။ သူမသည် သူမကိုယ်ကို မယုံကြည်နိုင်သေးပေ.....