book

Index 9

Chapter 9

မန္တလေးအလွန် ပြင်ဦးလွင်သို့ စတတ်ပါပြီဆိုကတည်းက အေးမြသော လေထု၏ အထိ‌‌အတွေ့ကို သူတို့ ခံစားလိုက်ကြရသည်။ တစ်ချိန်က မှိုင်း၏ အေးစက်စိမ်းကားမှုကြောင့် အအေးဓာတ်ကို ကြောက်ရွံ့ခဲ့သော သူသည် အခုတော့ အေးမြမှုများကို ပြန်လည်ခံစားနိုင်သည်အထိ အနာကျက်ခဲ့ပြီ။ ဆိုင်ကယ် အနောက်မှာထိုင်လျက် သူ့ ခါးလေးကို ခပ်ဖွဖွ သိုင်းဖက်ထားသည့် မှိုင်း၏ လက်ကလေးများကို သူ့ လက်တစ်ဖက်နှင့် ဆုပ်ကိုင်ကာ အသာအယာ ညှစ်ဖျစ်လိုက်သည်။ ကလေးတစ်ယောက်၏ လက်များကဲ့သို့ နုဖတ်သွယ်ပျောင်းနေသည့် မှိုင်း လက်ချောင်းကလေးများ၏ အထိအတွေ့သည်ပင် သူ့ရင်ကို လှုပ်ခတ်သွားစေနိုင်သည်။ 


“မှိုင်း…အေးနေပြီလားဟင်” 


“မအေးပါဘူး မောင်ရဲ့။ လေက မောင်နဲ့ ကွယ်နေတာပဲကို။ မောင်သာ အေးနေမယ်ထင်တယ်” 


မှိုင်းသည် သူ့ကျောပြင်ပေါ်သို့ ပါးအပ်ကာ မှီခိုလိုက်သည်။ အနွေးထည်တစ်ထပ် ဝတ်ထားသည့်တိုင်အောင် မှိုင်း ပါးပြင်လေး၏ နွေးထွေးနူးညံ့မှုကို သူ ခံစားသိရှိနိုင်သည်။ 


“မောင်က မှိုင်းကို ကာကွယ်ပေးထားနိုင်ရင်ကို ကျေနပ်ပါပြီ မှိုင်းရဲ့။ မောင် မချမ်းပါဘူး။ မှိုင်းဖက်ထားပေးလို့ နွေးနေတာပဲ” 


မှိုင်း ညင်သာစွာ ပြုံးလိုက်မှန်း သူ့ကျောပြင်၏ အထိအတွေ့မှတဆင့် သူ သိလိုက်သည်။ 


“‌ဒါမှန်းသိ မောင့်စကားနားထောင်ပြီး ကားနဲ့ပဲ လာပါတယ် မောင်ရယ်” 


“ဆိုင်ကယ်စီးရတာလည်း အဆင်ပြေပါတယ် မှိုင်းရဲ့။ မှိုင်နဲ့ မောင် အသားချင်းထိပြီး စီးနေရတဲ့ အရသာကို မောင် တကယ်ကြိုက်တယ်။ အရင်က မောင်တစ်ယောက်တည်း ပြင်ဦးလွင် တက်ဖြစ်ရင်လဲ ဆိုင်ကယ်နဲ့ပဲ တက်ဖြစ်တာများတယ်” 


တောင်တက်လမ်းများကို ကွေ့ကာဝိုက်ကာနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းတက်ရင်း ဘေးဘက်မှ ရှုခင်းများကို သူ တစ်ချက်လှမ်းကြည့်လိုက်သည်။ ‌ဟိုးဝေးဝေးတွင် ကျန်ရစ်ခဲ့သည့် မန္တလေးမြို့ကို မှိုင်းမှုန်အုပ်ဆိုင်းနေသည့် မြူခိုးများအကြားမှ ထိုးဖောက်ကာ မြင်လိုက်ရ၏။ 


“မှိုင်း…ဟိုမှာကြည့်စမ်း…” 


မှိုင်းက သူ ပြရာဘက်သို့ လှည့်ကြည့်လိုက်သည်။ 


“ဟုတ်ပါရဲ့…၊ လှလိုက်တာ မောင်ရယ်။ ပြင်ဦးလွင်ရဲ့ တောင်တက်လမ်းပေါ်ကနေ မြင်ရတဲ့ မန္တလေးမြင်ကွင်းကတော့ ဘယ်နှစ်ခါကြည့်ကြည့် မရိုးနိုင်အောင်ပဲနော် မောင်” 


သူတို့၏ ဆိုင်ကယ်လေးသည် မြူခိုးငွေ့ငွေ့များအကြား ထိုးခွင်းဖြတ်သန်းကာ တရိပ်ရိပ် ရွေ့လျားနေသည်။ အဆင်းလမ်းနှင့် အတက်လမ်းကို ပိုင်းခြားထားသည့် လမ်းလယ်မှ မြင့်မားထိုးထောင်နေသည့် ယူကလစ်ပင်များသည်ပင် သူနှစ်သက်ရသည့် ပြင်ဦးလွင်၏ အလှတရားများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ယူကလစ်ပင်ကြီးများသည် သူတို့၏ မြင်ကွင်းများထဲမှ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ကျော်သွားပြီးနောက်တွင် သူတို့၏ ဆိုင်ကယ်လေးသည် ပြင်စာရွာသို့ ရောက်လာခဲ့သည်။ 


“မောင်တို့ ခဏ နားဦးမလား မှိုင်း” 


မှိုင်း၏ ဖြေသံ ထွက်မလာခဲ့။ မှိုင်း အိပ်များပျော်နေတာလား။ 


“မှိုင်း…” 


သူ အနည်းငယ် အသံမြှင့်လိုက်ကာ မှိုင်းကို ထပ်ခေါ်ကြည့်သည်။ မှိုင်း ငြိမ်သက်တိတ်ဆိတ်လျက်သာ။ 


“မှိုင်း…ငိုက်နေတာလား” 


သူ့ကို ဖက်သိုင်းထားသည့် မှိုင်း၏ လက်ကလေးကို ကိုင်လှုပ်လိုက်တော့မှ မှိုင်းဆီမှ အသံထွက်လာခဲ့၏။ 


“ဟင်…မောင်၊ ဘာပြောလိုက်တာလဲ” 


“မှိုင်း... ပင်ပန်းနေပြီလား၊ မောင်တို့ နားကြဦးမလားလို့” 


“ဘာဖြစ်လို့လဲ မောင်၊ မောင် ပင်ပန်းလို့လား” 


“မဟုတ်ပါဘူး မှိုင်းရဲ့၊ မှိုင်း ပင်ပန်းနေမှာစိုးလို့” 


“မှိုင်းက အနောက်က ထိုင်လိုက်တာပဲ မောင်…မပင်ပန်းပါဘူး” 


“အဲ့ဒါဆိုရင်လည်း ဖွားမြအိမ်အထိ မောင်းတော့မယ်နော်။ အဲ့ကျမှ နားကြတာပေါ့” 


မှိုင်းသည် အသာအယာ ခေါင်းညိတ်ပြ၏။ 


“မှိုင်း…ခုနက အိပ်ငိုက်နေတာလား။ မောင် မေးနေတာ ချက်ချင်းလည်း ပြန်မဖြေဘူး” 


“မဟုတ်ပါဘူး မောင်ရဲ့။ မှိုင်း အတွေးတွေ လွန်နေလို့ပါ” 


“ဘာတွေ တွေးနေတာလဲဟင် ကလေး၊ မောင် သိခွင့်ရှိမလား” 


“ဘာမှ မဟုတ်ပါဘူး မောင်ရယ်။ ဟိုတွေး‌သည်တွေးပေါ့” 


နှီးဘုရားအဝင် မြို့ရှောင်လမ်းသို့အရောက်တွင် ဆိုင်ကယ်လေးကို ညာဘက်သို့ ချိုးကွေ့ဝင်လိုက်သည်။ မြို့ရှောင်လမ်းတစ်လျှောက်တွင် တောနေကြာခေါ် နေကြာရိုင်းပန်းများသည် မျက်စိဆုံး ဝါထိန်စွာ ပွင့်နေကြ၏။ 


“လှလိုက်တာ မောင်ရယ်၊ နေကြာရိုင်းတွေတောင် ပွင့်ကြပြီနော်” 


“ပွင့်ပြီပေါ့ မှိုင်းရဲ့။ တောနေကြာတွေက ဒီရာသီပွင့်တာပဲလေ။ နိုဝင်ဘာကနေ ဖေဖော်ဝါရီအထိ ပွင့်တယ် မှိုင်းရဲ့” 


“နေကြာရိုင်းအကြောင်း ဘာတွေ သိသေးလဲဟင် မောင်…” 


“နေကြာရိုင်းတွေရဲ့ ဇာတိက Mexico လေ။ အဲ့ဒါကြောင့်ပဲ Mexican Sunflower လို့လည်း လူသိများတယ်။ သူက ပိတောက်တွေလိုပဲ တစ်နှစ်တစ်ခါ ပွင့်တယ် မှိုင်းရဲ့။ သူ့ရာသီကုန်ပြီဆိုရင်တော့ ပန်းလေးတွေ သေသွားကြတယ်။ ရာသီကုန်ချိန်ရောက်လို့ ကြွေသွားပြီးတဲ့နောက်မှာ အစေ့ကနေ အပင်ပြန်ပေါက်နိုင်တဲ့ သိပ်အကြမ်းခံတဲ့ ပန်းလေးတွေပေါ့” 


“ဪ…အချိန်တန်ရင် ကြွေလွင့်သွားသတဲ့လား မောင်ရယ်။ သူတို့လေးတွေ ကြွေ‌လွင့်သွားတဲ့ အချိန်ကျရင် နောက်ထပ် ပြန်ပေါက်မယ့် အချိန်ကို မျှော်နေရတော့မှာပေါ့နော်” 


ပြင်ဦးလွင်တွင် နေကြာရိုင်းပန်းများ ပွင့်ကြပြီဆိုလျှင် အလှဓာတ်ပုံရိုက်၍ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများသို့ တင်ခြင်းတွင် ဝါသနာထုံသူတို့ကို မြို့ရှောင်လမ်းတစ်လျှောက် နေရာအနှံ့အပြားတွင် တွေ့ရသည်။ တော်တော်များများမှာတော့ သူတို့လို လူငယ်များဖြစ်သည်။ 


“မှိုင်း…ဓာတ်ပုံရိုက်ဦးမလား” 


“ဟင့်အင်း…မောင်။ မှိုင်း ဓာတ်ပုံရိုက်ရတာ ဝါသနာမပါမှန်း မောင် သိသားနဲ့။ မှိုင်းကတော့ ဒီလို သဘာဝအလျောက် လှနေတဲ့ ရှုခင်းမျိုးတွေဆို ဒီအတိုင်းလေး အလှကြည့်နေရတာကိုပဲ ကြိုက်တယ်။ ဟိုမှာကြည့် မောင်… ပန်းတွေကို ချိုးနေကြတာ တွေ့လား” 


မှိုင်းက သူ့ခါးလေးကို ဖက်ထားသည့် လက်ကိုဖြုတ်ကာ လမ်းတစ်ဖက်မှ ပန်းချိုးနေကြသည့် လူငယ်များကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ 


“သူတို့ စိတ်ကြိုက်ဓာတ်ပုံရိုက်ပြီးသွားရင် သူတို့ ချိုးထားတဲ့ ပန်းလေးတွေကို တယုတယနဲ့ ယူသွားမယ်ထင်လား။ မြေပေါ်ပစ်ချပြီး နင်းခြေသွားကြမှာ သိလား။ သူ့ဟာသူ အပင်လေးပေါ်မှာ သဘာဝအတိုင်း လှနေတာလေးကို ရိုက်ကြပါတော့လား။ မှိုင်းကတော့ ပန်းလေးတွေကို အလှလေးပဲ ထိုင်ကြည့်နေချင်တယ်။ ပန်းဆိုတာ သူ့အပင်ပေါ်မှာသူ စံမြန်းဖူးပွင့်နေမှ တင့်တယ်လှပတော့မှာပေါ့ မောင်ရဲ့” 


မှိုင်း၏ လူကြီးဆန်ဆန်အတွေးများကို သူ သဘောကျစွာ ပြုံးလိုက်မိသည်။ လမ်းဘေးဝဲယာတစ်လျှောက်က နေကြာရိုင်းပန်းများကို ငေးကြည့်လိုက် အရှေ့ကို ပြန်ကြည့်လိုက်နှင့် သူ့ခေါင်းလေး ချာချာလည်နေ၏။ သူတို့နှင့် ခပ်လှမ်းလှမ်း လမ်းကွေ့တစ်ခု၏ လမ်းလည်ခေါင်မှ ဆိုင်ကယ်လေးကို ကွေ့ကာ လမ်းကူးရန်ကြိုးစားနေသည့် စုံတွဲတစ်တွဲကို သူ တွေ့လိုက်ရသည်။ ထိုဆိုင်ကယ်ရှေ့မှ ကောင်လေးသည် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီး အနောက်သို့ လက်ဝဲရစ် ကွေ့၍ လမ်းကူးလိုက်သည်။ ထိုစဉ် တစ်ဖက်လမ်းကြောမှ ကားတစ်စီးသည် အရှိန်အဟုန်ပြင်းစွာ ရုတ်တရက် ထွက်ချလာသည်။ သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ သွားပြီ။ ဆိုင်ကယ်နှင့် ကား တိုက်ကြတော့မည်။ 


“ဟာ...ဟာ...တိုက်ပြီ” 


ကြောက်မက်ဖွယ်ရာ ဝုန်းခနဲ အော်မြည်သံကြီးကို သူတို့ကြားလိုက်ရသည်။ ယာဉ်တိုက်သံကြီးကြောင့် မှိုင်း လန့်ဖြန့်ကာ သူ့ကျောကို မှီနေရာမှ ကိုယ်ကို ဆတ်ခနဲ မတ်ထိုင်လိုက်ရင်း အသံကြားရာသို့ ခေါင်းပြူကြည့်လိုက်၏။ ကား၏ အရှိန်အဟုန်နှင့် ပြေးဆောင့်ခံလိုက်ရသည့် ဆိုင်ကယ်လေးသည် ကတ္တရာလမ်းမကြီးပေါ် တရွတ်ဆွဲ၍ လွင့်စဉ်သွားသည်။ ဆိုင်ကယ်ပေါ်မှ ကောင်လေးနှင့်ကောင်မလေးသည်လည်း တစ်ယောက်တစ်နေရာစီ လူးလိမ့်လွင့်ထွက်သွားသည်။ 


“မှိုင်း...ကိုယ်တို့ သွားကူရအောင်” 


ဆိုင်ကယ်လေးကို ဘေးကပ်ရပ်လိုက်ကာ လမ်းမပေါ်တွင် မထနိုင်ဘဲ လူးလှိမ့်နေသည့် ကောင်လေးနှင့်ကောင်မလေးတို့ဆီ ပြေး၍ ထူပေးလိုက်သည်။ အနီးတဝိုက်မှာ ရှိသည့် ဓာတ်ပုံရိုက်နေသူများကလည်း ပြေးလာကြပြီး ဆိုင်ကယ်ကို ထူမပေးကာ လမ်းဘေးနားသို့ တွန်း၍ ရပ်ပေးထားလိုက်သည်။ ကားသမားကတော့ ဆင်းကြည့်ဖော်ပင်မရဘဲ မောင်းပြေးသွားခဲ့၏။ 


“အစ်ကို ဘာဖြစ်သွားသေးလဲ။ ရရဲ့လား” 


ဗညား ကောင်လေးကို ထူရင်း ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ဒူးခေါင်းနားမှာ ပွန်းကာ ပေါက်ပြဲသွားပြီး သွေးများထွက်နေသည်ကလွဲ၍ ဘာမှဖြစ်ပုံမပေါ်။ 


“ခြေထောက်ပဲ နာသွားတယ်ဗျာ” 


“ကားသမားကတော့ မောင်းပြေးသွားတယ်ဗျာ။ ယဉ်ကျေးမှု မရှိလိုက်တာ” 


“ရပါတယ်ဗျာ…၊ ကျွန်တော့်အမှားပါ” 


ထိုစဉ် မှိုင်းက ကောင်မလေးကို ဆွဲထူရင်း သူတို့အနီးအနားသို့ရောက်လာသည်။ 


“ချစ်လေး...ဘာဖြစ်သွားသေးလဲ” 


“လက်တွေ၊ ခြေတွေ ပွန်းကုန်ပြီ...ကိုကို” 


ကောင်မလေးသည် ပြောရင်းနှင့် မျက်ရည်များ ဝဲလာခဲ့ကာ အသံဖျားလေးများ တုန်ရီခါဝင်သွားသည်။ 


“တော်ပါသေးရဲ့ဗျာ...၊ အစ်ကိုတို့နှစ်ယောက်လုံး ဆိုင်ကယ်ဦးထုပ်ပါလို့။ မဟုတ်ရင် မတွေးဝံ့စရာဘဲ” 


“အေးဗျာ...၊ ကျွန်တော်လဲ လမ်းကွေ့ဆိုတော့ တစ်ဖက်ယာဉ်ကြောကို မမြင်ဘဲ ရှင်းတယ်မှတ်ပြီး ကူးလိုက်တာ။ ကားစက်သံကိုလည်း မကြားမိဘူးလေ။ ကံကောင်းလို့ပေါ့ဗျာ” 


ကောင်လေးက ကောင်မလေး၏ ဒဏ်ရာများကို နှုတ်ခမ်းလေးနှင့် တဖူးဖူးမှုတ်ပေးရင်း ပြောသည်။ ကောင်မလေး၏ မျက်နှာသည်တော့ ငိုမဲ့မဲ့နှင့် ပြိုတော့မည့်မိုးလို မှိုင်းမှုန်လျက်ရှိ၏။ 

“အဆင်ပြေရဲ့လား အစ်ကို၊ ဆိုင်ကယ်မောင်းလို့ ဖြစ်ပါ့မလား။ ကျွန်တော်တို့ ဘာကူညီရမလဲ” 


“ရပါတယ်ဗျာ...၊ ကျွန်တော် ထိန်းမောင်းသွားလိုက်ပါ့မယ်” 


“ကျွန်တော်တို့ အဖွားအိမ်က ဟိုရှေ့နားမှာတင်ပဲ အစ်ကို။ အိမ်လိုက်ခဲ့ပါလား။ ဆေးထည့်‌ရအောင်လေ” 


“ရပါတယ်ဗျာ။ တကယ်အဆင်ပြေပါတယ်။ ကျေးဇူးပါနော်” 


ကောင်လေးက အားနာဟန်နှင့် မှိုင်း၏ ကမ်းလှမ်းချက်ကို ငြင်းဆန်သည်။ ကောင်လေးတို့စုံတွဲ ဆိုင်ကယ်ပေါ်တက်ကာ သူတို့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ မောင်းထွက်သွားတော့မှ သူတို့လည်း ခရီးဆက်ခဲ့ကြ၏။ 


“သနားပါတယ်နော်...မောင်။ တော်တော်နာမှာပဲ” 


“အင်းပေါ့ မှိုင်းရဲ့။ ရာသီဥတုက အေးတော့ ပိုဆိုးတယ်။ အနာရင်းပြီး ကိုက်မှာစိုးရတယ်” 


“အင်း...ဟုတ်ပါ့။ မှိုင်းတောင် တော်တော်လန့်သွားတာ။ သူတို့ဆို ဘယ်လောက်တောင် ကြောက်သွားမလဲ မသိဘူး” 


“ဟုတ်ပါ့ မှိုင်းရယ်။ တကယ်လို့လေ မောင်တို့သာ အဲ့လို ကြုံရင် ဘယ်လိုလုပ်ကြမလဲ” 


မှိုင်းကို စလို‌သည့် သဘောနှင့် သူ မေးလိုက်သည်။ မှိုင်းက သူ့နောက်ကျောကို လက်သီးလေးဆုပ်ကာ ခပ်ဖွဖွ ထုနှက်တော့လေ၏။ 


“ဖွဟဲ့ ဖွဟဲ့၊ လွဲပါစေ ဖယ်ပါစေ။ မောင်နော်...၊ ပါးစပ်စီးမယ် ဘာမှတ်လဲ။ လမ်းခရီးသွားနေတာလေ၊ မပြောကောင်းဘူး မောင်ရဲ့”

 

“မောင်တို့သာလေ အဲ့လိုမျိုးကြုံရင် မောင်ကတော့ မောင်သိပ်ချစ်တဲ့ မှိုင်းကို မောင့်အသက်နဲ့ လဲပြီး ကာကွယ်မှာ သိလား။ မှိုင်း ယုံလား” 


“ဟာကွာ...မောင်။ နိမိတ်မကောင်းတာတွေ မပြောရဘူးလို့” 


မှိုင်း အသံ ခပ်မာမာလေးဖြစ်လာ၍ သူ ဆက်မပြောဖြစ်တော့ပါ။ ဆိုင်ကယ်ကို (၁၀)မိနစ်ခန့် ဆက်မောင်းအပြီးတွင် ဖွားမြ၏ အိမ်သို့ သူတို့ရောက်သည်။ သူတို့ဆိုင်ကယ်လေး ဖွားမြ၏ အိမ်ရှေ့ရောက်တော့ ဖွားမြကိုယ်တိုင် ခြံတံခါးထွက်ဖွင့်ပေး၍ ကြိုဆိုလေ၏။ 


“လာကြ...၊ ဖွားမြက မျှော်နေတာ ကြာပြီ။ ဘာစားခဲ့ကြလဲ လမ်းမှာ” 


ဖွားမြသည် အသက် (၆၀)အရွယ် အဖွားအိုတစ်ဦးနှင့် မတူအောင် လန်းဆန်းသွက်လက်လျက်ရှိသည်။ 


“ဘာမှ မစားခဲ့ဘူးလေ။ ဖွားမြ လက်ရာစားချင်လို့ ဗိုက်အဆာခံပြီး ဒီထိ မောင်းလာကြတာ” 


မှိုင်းက ဆိုင်ကယ်ပေါ်မှဆင်းကာ ဖွားမြ၏ ခါးလေးကို ပြေးဖတ်ရင်း ကလေးတစ်ယောက်လို ချွဲနွဲ့လိုက်သည်။ 


“အမယ်လေးတော်၊ ဟုတ်ပါပြီ။ ဖွားမြကလဲ မြေးတို့ လာမယ်ဆိုလို့ ရှမ်းခေါက်ဆွဲချက်ထားပါတယ်တော်” 


ဖွားမြသည် မှိုင်း၏ ပခုံးလေးကို မမီ့တမီဖက်ကာ အိမ်ထဲသို့ ခေါ်သွားပုံမှာ မသိလျှင် မြေးအဖွားအရင်းတွေလို့တောင် ထင်ရသည်။ သူကတော့ ဧည့်သည် သူစိမ်းပေါ့လေ။ သူ့အဖြစ်ကို သူတွေးကာ ရယ်လိုက်မိသည်။ မိသားစု၏ မေတ္တာ ငတ်ခဲ့ရသူ မှိုင်းကို ဖွားမြနှင့် ရင်းနှီးချစ်ခင်သည်ကိုတော့ သူ ကျေနပ်ကြည်နူးစွာ လိုလားနှစ်ခြိုက်ရပါသည်။ 


“နေ့လည်စာ ဘာချက်ထားလဲ ဖွားမြ” 


“ငါးကချင်ချက် ချက်ထားတယ်တော်။ ပဲပင်ပေါက်နဲ့ ပဲပြားဟင်းရည် ချက်ထားတယ်တော်။ ပြီးတော့ စားခါနီးမှ ကြက်ခြေထောက်လေး သုပ်ဖို့ အဆင်သင့်လုပ်ထားပါတယ်တော်။ အော်…မေ့လို့။ မြေးဗညား မန္တလေးကနေ ဝယ်လာပေးတဲ့ ဘာလချောင်ကြော်လေးလည်း ရှိတယ်” 


“ဟား…ဖွားမြအိမ်မှာပဲ နေခဲ့တော့မယ်။ မန္တလေး ပြန်မလိုက်တော့ဘူး” 


သူတို့အားလုံး ရယ်မောလိုက်ကြသည်။ 


“ငါ့မြေးမှိုင်းသာ နေချင်လို့ကတော့ ဖွားမြက ခေါ်ထားပြီးသားပါတော်။ ဘယ်အချိန်ပဲဖြစ်ဖြစ် လာသာလာခဲ့” 


တစ်နေ့လုံး ဖွားမြနှင့် မှိုင်း စကားတွေ တပြောပြောနှင့် ရယ်မောနေခဲ့ကြသည်မှာ ညမိုးချုပ်သည့်အထိ။ ဖေဖေ ပေးထားသည့် နာမည်နှင့် တကယ်ပင်လိုက်ဖက်သည့် ဧည့်ကြိုက်ခင် ဖွားမြဖြစ်၏။ 


“ဟယ်…ခုနစ်နာရီတောင် ထိုးတော့မယ်။ ဖွားမြ ဘုရားဝတ်ပြုတော့မယ်နော်။ မြေးတို့လည်း ‌အိပ်ရာဝင်ကြတော့။ မနက်စောစောထပြန်ကြမှာမလား” 


“ဟုတ်တယ် ဖွား၊ အဲ့မယ်လေ ကိုဗညား၊ မနက်ဖြန် အစည်းအဝေးရှိလို့တဲ့။ ပြန်ရမှာ။ မှိုင်းက မပြန်ချင်သေးဘူးရယ်။ ဖွားမြနဲ့ နေချင်သေးတယ်” 


“အဲ့ဒါဆိုလည်း နေခဲ့တော်။ ဗညားတစ်ယောက်ထဲ ပြန်ပေ့စေ” 


“အဲ…၊ အဲ့လိုကျတော့လည်း မဖြစ်ဘူးလေ ဖွားရဲ့။ ကိုဗညား အပြန်ကျ တစ်ယောက်ထဲဖြစ်နေမှာပေါ့” 


မှိုင်းက ခေါင်းလေးကုပ်ရင်း ရယ်ကျဲကျဲနှင့် ပြောတော့ ဖွားမြက ချစ်စဖွယ် မျက်စောင်းလေးတစ်ချက်ထိုးကာ ရယ်မောတော့သည်။ 


ည (၇)နာရီထိုးတော့ ဖွားမြသည် ဘုရားဝတ်ပြုရန် ဘုရားခန်းထဲသို့ ဝင်သွားသည်။ သည်တော့မှ သူတို့လည်း သူတို့အတွက်ပြင်ဆင်ပေးထားသည့် အခန်း‌လေးထဲသို့ ဝင်လာလိုက်သည်။ မှိုင်းနှင့် နှစ်ယောက်တည်း တစ်မိုးအောက်မှာ အိပ်စက်ရမည်ဆိုသည့် အသိသည် သူ့နှလုံးသားကို အဆမတန် လှုပ်ရှားရင်ခုန်စေသည်။ 


"မှိုင်း... ရေချိုးတော့မလား"


ကုတင်ခြေရင်း ထောင့်စွန်းလေးတွင် ထိုင်နေသည့် မှိုင်းကို သူ မေးလိုက်သည်။ သို့ရာတွင် မှိုင်းထံမှ အဖြေ ထွက်မလာခဲ့။


"မှိုင်း..."


သူ မှိုင်းကို ထပ်ကာ ခေါ်လိုက်သော်လည်း မှိုင်းသည် စိတ်နှင့်ကိုယ်နှင့် မကပ်သူတစ်ဦးလို ငေးငိုင်တွေဝေစွာသာ မလှုပ်မယှက်ထိုင်နေခဲ့သည်။


"မှိုင်း...ဘာ‌‌တွေငိုင်‌နေတာလဲကွာ"


မှိုင်း ပခုံးလေးကို လှုပ်လိုက်တော့မှ မှိုင်းသည် အသိစိတ်ဝင်လာသူတစ်ဦးလို ကြောင်အမ်းစွာ သူ့ကို ကြည့်သည်။


"‌မောင်...ဘာ‌ပြောလိုက်တာလဲဟင်"


"ရေချိုးတော့မလားလို့ မေးနေတာလေ မှိုင်းရဲ့။ အခုတ‌လော မှိုင်းကို သတိထားမိနေတာကြာပြီ။ မှိုင်း စိတ်ညစ်စရာတွေများ ရှိနေသလားဟင်။ မှိုင်းကို ကြည့်ရတာ ငေးငိုင်နေသလားလို့"


"အယ်..မဟုတ်တာ‌ မောင်ရယ်။ မှိုင်းမှာ ဘာစိတ်ညစ်စရာရှိမှာတဲ့လဲ။ ပြောတော့မယ် ပေါက်ကရ။ မှိုင်း နည်းနည်းပင်ပန်းသွားလို့ ဖြစ်မှာပါ"


"အဲဲ့ဒါဆိုလဲ ပြီးရော။ မှိုင်း ခဏ အိပ်ရာပေါ် လှဲနေလိုက်။ မောင် အရင်ရေချိုးလိုက်မယ်နော်" 


သူ ရေချိုးပြီးသည့်နောက်တွင် မှိုင်းက တဘတ်လေးနှစ်ထည် ယူသွားကာ ရေချိုးခန်းအတွင်း ဝင်သွားသည်။ နာရီဝက်ခန့်အကြာတွင် တဘတ်လေးတစ်ထည်ကို ကိုယ်အောက်ပိုင်းမှာ ပတ်ပြီး ကျန်တစ်ထည်ကို လည်ပင်းပေါ်မှ ခွတင်၍ ရင်ဘတ်တို့ကို ဖုံးအုပ်ထားသည်။ 


ရေချိုးသန့်စင်ပြီးသည့် မှိုင်း၏ အသားအရည်လေးသည် ဝင်းမွတ်တောက်ပြောင်၍ နေသည်။ ရေသီးရေစလေးများ တွဲခိုနေသည့် မှိုင်း၏ ကိုယ်လုံးလေးကို တစ်ချက်ကြည့်ရင်း သူ့စိတ်များ မယိုးမယွဖြစ်လာရသည်မို့ အကြည့်လွှဲနေလိုက်၏။ မှိုင်းကလည်း သူ့ဘက်ကို မကြည့်ဘဲ ဟိုတစ်ဖက်ကိုကြည့်နေခဲ့သည်။ မှိုင်းလည်း ရှက်နေသည် ထင်ပါရဲ့။ 


ညဝတ်အင်္ကျီလေးကို ဝတ်ပြီးချိန်မှာတော့ မှိုင်းသည် ဘယ်လိုပုံစံနှင့်မဆို သူ့နှလုံးသားကို အဆွဲဆောင်နိုင်ဆုံး တစ်ဦးတည်းသော ကောင်လေးတစ်ဦးအဖြစ် သူ နားလည်လက်ခံလိုက်‌ရသည်။ မှိုင်းသည် သူ့ကို ပြုံးစစဖြင့်ကြည့်ကာ သူ လှဲလျောင်းနေသည့် အိပ်ရာဘေးသို့ ဝင်လှဲ‌၏။ 


“မှိုင်း…မောင့်ရင်ခွင်ထဲ လာချင်လား” 


မှိုင်းသည် ရှက်ပြုံးလေးဖြင့် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ မှိုင်း၏ နဖူးထိပ်မှ ရေစိုနေသည့် ဆံစများကို လက်ချောင်းလေးများဖြင့် အသာအယာ ခါရင်း သုတ်ပေးလိုက်သည်။ လည်တိုင်လေးများမှ မှိုင်း၏ ကိုယ်သင်းနံ့လေးများသည် သူ့စိတ်ကို ဆွဲဆောင်ညှို့ယူလျက်ရှိသည်။ မှိုင်း၏ လက်ချောင်းလေးများကြားသို့ သူ့လက်ချောင်းများ ထိုးထည့်ပြီး ဆုပ်ကိုင်လိုက်ကာ နမ်းရှုံ့လိုက်သည်။ 


“မွှေးလိုက်တာ မှိုင်းရယ်” 


မှိုင်း၏ နှုတ်ခမ်းစွန်းလေးများသည် တုန်ရီလှုပ်ရှားလျက်ရှိသည်။ မှိုင်း စိတ်လှုပ်ရှားနေတာလား။ 


သူ သတိထားမိလိုက်စဉ်မှာပင် မှိုင်း၏ ရင်ခုန်သံ အစွန်းအစများကို သူ သိရှိခံစားရလိုက်၏။ သူ့ကို စွဲမြဲစွာ စိုက်ကြည့်နေသည့် မှိုင်း၏ မျက်ဝန်းလေးများသည် သူ့ကို မြွေတစ်ကောင်လို ညှို့ယူဆွဲငင်နေသည်။ 


မှိုင်း နှုတ်ခမ်းလေးများ၏ အရသာများကို သူ မက်မောစွာ တမ်းတသွားမိချိန်တွင် သူသည် မှိုင်း နှုတ်ခမ်းများဆီသို့ ဦးတည်လျက် ‌နီးကပ်လာသည်။ သူတို့ မျက်နှာနှစ်ခု ထိကပ်တော့မတတ် နီးစပ်သွားချိန်တွင် မှိုင်း၏ မျက်လွှာလေးများသည် ဖြေးညှင်းညင်သာစွာ ပိတ်မှိတ်သွားသည်။ 


တင်းတင်းစေ့ပိတ်ထားသည့် မှိုင်း၏ နှုတ်ခမ်းလွှာလေးများအကြား သူ့လျှာဖျားလေး တရစ်ရစ် တိုးဝင်သွားချိန်တွင် မှိုင်း၏ နှုတ်ခမ်းလေးများသည် ဖြေးညှင်းစွာ ဟပွင့်သွား၏။ မှိုင်း၏ ခံတွင်းအတွင်းမှ နွေးထွေးနူးညံ့သည့် လျှာလေးနှင့် နယ်ကျွံဝင်လာသည့် သူ့ လျှာဖျားလေး ထိတွေ့ရစ်နှောင်မိချိန်တွင် သူ့သွေးကြောများသည် ရုန်းကြွတင်းဖောင်းလာသည်။ 


နှင်းဆီပွင့်ဖက်များကဲ့သို့ နီဆွေးနူးညံ့သည့် မှိုင်း၏ နှုတ်ခမ်းများကို သူ မက်စက်စွာ တရစပ် စုပ်ယူနမ်းရှိုက်နေမိရင်း မှိုင်း၏ လက်ချောင်းများကို ဆုပ်ကိုင်ထားသည့် သူ့လက်များသည် သူ သတိမထားလိုက်မိချိန်တွင် မှိုင်း ညဝတ်အင်္ကျီ ကြယ်သီးများကို ဖြုတ်နေမိခဲ့သည်။ သူ၏ အနမ်းများသည်လည်း အရှိန်အဟုန် ပြင်းထန်လာခဲ့၏။ 


လူနှစ်ယောက်ရဲ့ နီးစပ်မှုဟာ သွေးသားဆန္ဒ‌တွေရဲ့ ဆာလောင်တောင့်တမှုကို လှိုင်းထန်စေခဲ့တယ်...


ရမ္မက်တွေရဲ့ ပေါက်ကွဲမှုဟာ အနမ်းတွေကို ဖြစ်ပေါ်စေတယ်...


ညစ်ညမ်းတဲ့ ရမ္မက်တွေ၊ မသန့်စင်တဲ့ သွေးသားဆန္ဒတွေ… 


မှိုင်းပြောခဲ့သည့် တစ်ချိန်က စကားများသည် သူ့အကြားအာရုံများထဲသို့ ရုတ်တရက် ဝင်ရောက်ကြားယောင်မိချိန်တွင် သူ့အနမ်းများကို ဗြုန်းခနဲ ရပ်တန့်လိုက်မိသည်။ မှိုင်း၏ ရင်သားလေးများဆီသို့ ဦးတည်နေသည့် သူ့လက်များသည် လေထဲတွင် ရပ်တန့်သွားကာ သူနှင့် နီးကပ်နေသည့် မှိုင်း၏ ကိုယ်လုံးလေးကို ဝုန်းခနဲ ကြမ်းတမ်းစွာ တွန်းဖယ်လိုက်မိသည်။ သူ့အသိစိတ်တွေ လွတ်သွားသည့် တဒင်္ဂအတွင်းက သူ့ ရမ္မက်ခိုးများကို သူ မြင်ယောင်လာရင်း သူ့ကိုယ်သူ ရှက်ရွံ့သွား၏။ 


“မှိုင်း…၊ မောင်…မောင် တောင်းပန်ပါတယ်။ မောင့် စိတ်တွေ…မောင့် စိတ်တွေ…” 


မှိုင်း မျက်ဝန်းမျာကို သူ ရင်မဆိုင်ရဲ၍ မျက်နှာလွှဲထားလိုက်၏။ 


“မောင်ရယ်…၊ မှိုင်းစကားတွေဟာ မောင့်ကို အခုထိ ခြောက်လှန့်နေဆဲပါလား…” 


မှိုင်း၏ မျက်ဝန်းများထဲမှ မျက်ရည်စများသည် ပါးပြင်များပေါ်သို့ ဖြုတ်ခနဲ ကြွေကျပြိုဆင်းသွားတော့သည်။ 


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်


rate now: