book

Index 8

Chapter 8

ညှင်းသွဲ့သာယာသော တယောသံစဉ်‌ကလေးတစ်ခုကြောင့် သူ့မျက်လုံးများ ပွင့်ဟလျက် နိုးထလာရသည်။ အိပ်ရာ၏ ခေါင်းရင်းဘေးရှိ ကျွန်းသားစားပွဲလေးပေါ်မှ တယောသံလေးထွက်ပေါ်ရင်း တုန်ခါနေသည့် သူ၏ လက်ကိုင်ဖုန်းလေးကို ကောက်ယူလိုက်သည်။ ဖုန်း၏ မျက်နှာပြင်တွင် မှိုင်း ဆိုသည့် နာမည်လေးတစ်ခုကို သူ တွေ့မြင်လိုက်ရသည်။


“ဟဲလို…မှိုင်း”


လှုပ်ရှားအသက်ဝင်လာသည့် သူ၏ အသိစိတ်များထဲသို့ ပထမဦးစွာ ဝင်ရောက်လာခဲ့သူသည် မှိုင်းဖြစ်နေသည်မှာ သူ့အတွက် အထူးအဆန်း မဟုတ်ပါ။ မှိုင်းကို စတင်‌စွဲလန်းခဲ့ရသည့် ညလေးတစ်ညမှ စ၍ မှိုင်းသည် သူ့၏ အချိန်များအားလုံးကို စိုးမိုးထားနိုင်သူ ဖြစ်သည်။ 


“မောနင်း မောင်…၊ နိုးပြီလား”


မောင် ဆိုသည့် ခေါ်သံလေးသည် တယောသံလေးကဲ့သို့ ပျစ်ချွဲချိုမြိန်စွာ သူ့နှလုံးသားသွေးများအတွင်းသို့‌ ပျော်ဝင်စီးဆင်းသွားသည်။ မောင် ဆိုသည့် ခေါ်သံလေးတစ်ခုနဲ့တင် သူ့မနက်ခင်းလေးသည် ပြီးပြည့်စုံစွာ လှပအသက်ဝင်သွားရပြီ။


“မှိုင်း…မှိုင်း…အာ့…ကယ်ပါဦး”


အသံလေးကို အစ်ကာ သူ ပြောလိုက်သည်။ 


“မောင်…ဘာဖြစ်တာလဲ…ဘာဖြစ်တာလဲဟင်”


ရုတ်တရက် ထူးဆန်းစွာ ပြောင်းလဲသွားသည့် သူ့အသံကြောင့် မှိုင်းတစ်ယောက် လန့်သွားပုံရသည်။


“မှိုင်းရဲ့ မောင် ဆိုတဲ့ ခေါ်သံလေးကို ကြားပြီး နှလုံးသားလေး ကြွေကျသွားလို့”


“ဟာ…မောင်နော်၊ မကောင်းဘူး။ မှိုင်းက ဘာများဖြစ်သွားတာလဲလို့၊ စိတ်ပူသွားတာ”


သူ စနောက်သည်ကို တကယ်မှတ်ထင်ပြီး လန့်သွားသည့် မှိုင်း ပုံစံကို မြင်ယောင်ရင်း သူ အူမြူးသွားကာ ရယ်မောလိုက်သည်။ မှိုင်းတစ်ယောက်သည်တော့ တစ်ဖက်မှာ သူ့ရယ်သံကို နားထောင်ရင်း မျက်စောင်းလှလှလေးတစ်ခု ထိုးနေပါလိမ့်မည်။


“မောင်…ထတော့ကွာ။ မှိုင်းတို့ မနက်စာ အတူတူစားရ‌အောင်လေ။ မှိုင်းကို လာခေါ်လှည့်”


“ဟုတ်ပါပြီဗျာ။ မောင် ရေချိုးပြီး ထွက်လာခဲ့မယ်နော်”


အပြန်အလှန် အနမ်းများပေးရင်း ဖုန်းချလိုက်ကြသည်။ သူ ရေချိုးပြီးနောက် အချောဆုံးဖြစ်‌အောင် အစွမ်းကုန် ပြင်ဆင်ပြီးနောက်တွင် အိမ်မှ ထွက်လာခဲ့လိုက်သည်။ 


မှိုင်းတို့၏ ခြံဝန်းရှေ့ရောက်ချိန်တွင် ဘယ်အချိန်ကတည်းက စောင့်နေမှန်းမသိသည့် မှိုင်းသည် တိုက်လေးထဲမှ လှပစွာ ထွက်လာခဲ့သည်။ သူ ကားထဲမှ ထွက်ကာ မှိုင်းကို ကားတံခါးဖွင့်ပေးလိုက်ရင်း ကြိုဆိုလိုက်သည်။ မှိုင်းသည် သူ့ကို လှပစွာ ပြုံးပြရင်း ကားအတွင်းသို့ ခေါင်းလေးငုံ့ဝင်ရင်း ထိုင်လိုက်သည်။ မှိုင်း၏ လည်တိုင်လေးများမှ ထွက်ပေါ်လာသည့် သင်းပျံ့ပျံ့‌ ရေမွှေးနံ့များကို သူ့နှလုံးသားထဲထိရောက်အောင် ရှိုက်သွင်းပစ်လိုက်သည်။


“မောင်တို့ ဘယ်သွားကြမလဲ ကိုယ်တော်မှိုင်းလေး” 


ကိုယ်တော်မှိုင်း ဟု ချစ်စနိုးခေါ်လိုက်သည်ကို မှိုင်းတစ်ယောက် သဘောကျကာ မျက်လုံးညိုညိုလေးများ လင်းလက်သွားသည်အထိ ရယ်မောတော့သည်။


“အဟမ်း…ငါ ကိုယ်တော်မှိုင်း… ကာဖီတော်သောက်ရင်း ကိတ်မုန့်တော် သုံးဆောင်ချင်သကွဲ့။ ၃၅ လမ်းပေါ်က 35 Corner ကာဖီဆိုင်တော်ကို မောင်းစေသတည်း…”


လက်ကလေး တမမနှင့် ဘုရင်တစ်ပါး၏ လေသံမျိုး လုပ်ကာ ပြောလာသည့် မှိုင်းသည် ချစ်စဖွယ်အတိပါပင်။ သည်လိုကျပြန်တော့လည်း မှိုင်းသည် ကလေးလေးတစ်ယောက်လို အသည်းယားစရာလေးပင်ဖြစ်သည်။


“အမိန့်တော်မြတ်အတိုင်းပါ ဖုရား”


သူတို့နှစ်ဦး ပြိုင်တူရယ်မောလိုက်ကြသည်။ 


ကော်ဖီဆိုင်လေးကို ရောက်တော့ သူက ကားပေါ်မှ အရင်ဆင်းကာ ဆိုင်တံခါးလေးကို တွန်းဖွင့်ထားလိုက်ရင်း မှိုင်းကို ဝင်‌စေသည်။ အလုံပိတ် မှန်ကောင်တာများနှင့် ခင်းကျင်းပြသထားသည့် စားချင်စဖွယ် ပေါင်မုန့်၊ ကိတ်မုန့်တို့ကို ပတ်ကြည့်ကြသည့်အခါ စားပွဲထိုးဝန်ထမ်းကောင်မလေးများမှာ ဗန်းအဖြူလေးများကို ကိုင်ဆောင်လျက် သူတို့နောက် တကောက်ကောက် လိုက်ကြရင်း ဝန်ဆောင်မှုပေးကြသည်။


“ကြက်သားမျှင်ပေါင်မုန့် တစ်လုံး”


မှိုင်းက ကောင်တာတစ်ခုကို လက်ညှိုးထိုး ညွှန်ပြရင်း သူတို့နှင့် မလှမ်းမကမ်းမှာ ဗန်းအဖြူလေးကိုင်လျက် ရပ်နေသည့် ဝန်ထမ်းကောင်မလေးကို ချိုသာစွာ မှာကြားလိုက်သည်။ 


“ကျွန်တော်လဲ အဲ့ဒါပဲ ယူမယ်”


သူ့အမှာကြောင့် မှိုင်းသည် မုန့်များကို ငုံ့ကြည့်နေရာမှ သူ့ကို ဆက်ခနဲလှည့်ကြည့်ကာ နှုတ်ခမ်းလေးကို ရွဲ့ပြလေသည်။ စားပွဲထိုးမလေးသည် မှန်ကောင်တာထဲမှ ကြက်သားမျှင်ပေါင်မုန့် နှစ်လုံးကို ညှပ်လေးတစ်ခုနှင့် အသာအယာညှပ်ယူကာ ဗန်းအဖြူလေးပေါ် တင်လိုက်သည်။


“ကြက်ဥလိပ်ဆန်းဒွစ်ရှ် တစ်ခုရော ထည့်ပေးပါနော်”


“ကျွန်တော့်ကို ရောပဲ”


မှိုင်းသည် သူ့ကို နောက်ပြန်လှည့်ကြည့်ရင်း မျက်လုံးပြူးကာ အံကြိတ်ပြလေသည်။


“ဘာလို့ သူများမှာတာတွေပဲ လိုက်မှာရတယ် မသိဘူး...ဟွန့်”


နှုတ်ခမ်းလေးများကို ထော်စူကာ သူ့ကို ရန်တွေ့သည့် မှိုင်း၏ မျက်နှာလေးသည် ကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်လျက်ရှိသည်။ ထော်ထားသည့် မှိုင်း၏ နှုတ်ခမ်းလေးများကို ကြည့်ရင်း သူ မှိုင်းကို နမ်းပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။ ကော်ဖီဆိုင်ထဲရောက်နေ၍သာ သူ့စိတ်ကို ထိန်းချုပ်ထားလိုက်ရသည်။ 


“မုန့်ကတော့ ဒါပဲနော် အစ်မ၊ သောက်စရာကိုတော့ Cappuccino ပူပူလေးတစ်ခွက်ပေးပါခင်ဗျ။ အော်...မေ့လို့ နှစ်ခွက်”


မှိုင်းက စားပွဲထိုးကောင်မလေးကို ကြည့်ရင်း ပြောနေရာမှ သူ့ဘက်သို့ လှည့်ကြည့်ရင်း...


“မှာလိုက်ပြီနော်...။ မဟုတ်လဲ ကျွန်တော်ရောပဲလို့ ပြောမှာမလား။ ပင်ပန်းနေမှာစိုးလို့ မှိုင်းပဲ မှာပေးလိုက်တယ်”


...ဟုဆိုကာ လျှာလေး တစ်လစ်ထုတ်ကာ သူ့ကို ပြောင်ပြသည်။ စားပွဲထိုးကောင်မလေးသည် ခါးလေးကို အသာအယာညွတ်ရင်း ပြုံးစိစိနှင့် လှည့်ထွက်သွားသည်။ မှိုင်း၏ ပြောင်ချော်ချော် မျက်နှာလေးကို သူ စိုက်ကြည့်နေရင်း အသည်း‌တွေ ယားလာခဲ့သည်။ 


“မှိုင်း...မောင် သိပ်အူယားလာ‌ရင် ဆွဲနမ်းပစ်မှာနော်”


မှိုင်းသည် သူ့စကားကို မကြားချင်ယောင်ဆောင်ကာ တစ်ဖက်သို့ လှည့်သွားရင်း စားပွဲလွတ်ကို ရှာဖွေနေသည်။ 


“လာ...မောင်၊ မှိုင်းတို့ ဟိုခုံလေးမှာ သွားထိုင်ရအောင်”


မှိုင်း ညွှန်ပြနေသည့် စားပွဲလေးကို သူ လှမ်းကြည့်လိုက်သည်။ စုံတွဲများအတွက် ရည်ရွယ်ထားပုံရသည့် စားပွဲဝိုင်းကလေး၏ တစ်ဖက်တစ်ချက်တွင် သံကြေးရောင်ထိုင်ခုံလေးနှစ်လုံးသာ နေရာချထား၏။ စားပွဲဝိုင်းကလေးပေါ်တွင်တော့ (7) ဆိုသည့် သတ္တုနံပါတ်ပြား‌ကလေးတစ်ခုကို တင်ထားသည်။ သူတို့ စားပွဲဝိုင်းလေးဆီသို့ လျှောက်သွားလိုက်ကာ ထိုင်ခုံလေးတစ်လုံးကို ဆွဲယူလိုက်ပြီး မှိုင်းကို အရင်ထိုင်စေသည်။ ပြီးမှ ကျန်တစ်ခုံတွင် သူ ထိုင်လိုက်သည်။


“မှိုင်း ဘာလို့ ဒီထိုင်ခုံလေးကို ရွေးလဲ မောင် သိလား”


“ဟင့်အင်း…မှိုင်း၊ မောင် မသိဘူး”


“မနေ့က ဘာနေ့လဲ”


“မနေ့က…ကြာသပတေးနေ့”


သူ့အဖြေကြောင့် မှိုင်းသည် မျက်လုံးလေးများကို မှေးစင်းထားလိုက်ပြီး မျက်မှောင်ကြုတ်ပြလေသည်။ တကယ်တော့ မှိုင်းလိုချင်သည့် အဖြေကို သူ သိနေလျက်နှင့် တမင် လွှဲဖြေလိုက်ခြင်း ဖြစ်ပါ၏။ 


“မောင်နော်…၊ မှိုင်း စိတ်မကောက်ချင်ဘူး။ ဖြေ…မနေ့က ဘာနေ့လဲ”


မှိုင်း၏ စကားကို သူ သဘောကျစွာ ရယ်ရတော့သည်။


“မကောက်လိုက်ပါနဲ့ ၊ သခင်ကိုယ်တော်မှိုင်းလေးရယ်။ မနေ့က မောင်တို့ ချစ်သူတွေ စဖြစ်ကြတဲ့နေ့ပါ ခင်ဗျာ”


အဖြေကို သိရဲ့သားနဲ့ တလွဲဖြေသည့် သူ့ကို မှိုင်းက ချစ်စဖွယ် မျက်စောင်းလေးတစ်ချက် ထိုးလိုက်သည်။


“အင်း…ဟုတ်တယ်။ မှိုင်းတို့ ချစ်သူတွေ ဖြစ်ကြတဲ့နေ့။ ပြီးတော့ (၇)ရက်နေ့။ (၇)ဆိုတာ လက်ကီးဂဏန်းလေ။ အဲ့ဒါကြောင့် မနေ့က ရက်ကို သေချာရွေးပြီးတော့ မောင့်ဆီ လာတောင်းပန်ခဲ့တာ။ အဲ့ဒါကြောင့်ပဲ ကံကောင်းပြီး မောင်နဲ့မှိုင်း အဆင်ပြေသွားခဲ့တာလို့ ‌မှိုင်း ယုံကြည်တယ်”


မှိုင်းသည် ကိန်းဂဏန်းများ၏ စွမ်းအင်အပေါ် ယုံကြည်သူဖြစ်မှန်းတော့ သူ မသိခဲ့ပါ။ အပြင်ပိုင်းကြည့်လျှင် ရင့်ကျက်၍ လူကြီးဆန်သော မှိုင်းသည် တကယ်တမ်းတွင်တော့ ကလေးငယ်တစ်ယောက်ကဲ့သို့ အလွန်ချစ်မြတ်နိုးဖို့ကောင်းသည့် ကောင်လေးတစ်ယောက်ဖြစ်မှန်း မှိုင်းနှင့် နီးစပ်လာချိန်တွင် သူ သိရှိနားလည်လိုက်ရသည်။


“ဒီထိုင်ခုံကိုလည်း နံပါတ် (၇)ဖြစ်နေလို့ ရွေးလိုက်တာပေါ့လေ”


“ဒါပေါ့ မောင်ရဲ့။ မှိုင်းတို့ကို ကံကောင်းခြင်းတွေပဲ ယူဆောင်လာပေးမယ့် နံပါတ် (၇)လေး။ တစ်နေ့မှာ မှိုင်းတို့ လက်ထပ်ကြမယ်ဆိုရင် အဲ့တစ်နေ့ဟာ (၇)ရက်နေ့ပဲ ဖြစ်ရမယ်” 

လက်ထပ်ကြမယ် ဆိုသည့် မှိုင်း၏ စကားလေးကို ကြားပြီး သူ့ရင်တွေ အတိုင်းအဆမဲ့ လှုပ်ရှားသွားရသည်။ 


“အခု‌တော့ မောင့်ကို လက်ထပ်ဖို့အထိ စိတ်ကူးထားပြီပေါ့လေ။ အရင်ကတော့ မချစ်ဘူးဆိုပြီး ရက်ရက်စက်စက် ပြောခဲ့တာ ဘယ်သူပါလိမ့်”


သူ့စကား၏ အဆုံးတွင် ပြုံးယောင်ယောင် ကော့ညွတ်နေသည့် မှိုင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများသည် ပျော့‌ခွေနွမ်းလျသွားသည်။ 


“မောင်ရယ်၊ မှိုင်းကို ခွင့်လွှတ်ပါနော်။ တကယ်တော့ မှိုင်း မောင့်ကို ချစ်နေမိတာကြာပါပြီ။ မှိုင်းနဲ့ မောင့်ကို ကိုခေတ် မိတ်ဆက်ပေးတဲ့ ပထမဆုံးနေ့ကတည်းက မောင့်အပေါ် စိတ်လှုပ်ရှားခဲ့မိတာပါ။ ဒါပေမယ့်…မောင်ရယ်၊ မှိုင်းရဲ့ အတိတ်ဆိုးတွေကြောင့် လူတစ်ယောက်ကို ချစ်မိမှာ မှိုင်း သိပ်ကြောက်တယ်။ ဒါကြောင့်ပဲ မောင့်ကို ချစ်မိသွားတဲ့ နှလုံးသားကို ချိုးနှိမ်မေ့ဖျောက်ထားပြီး မောင့်ကို မချစ်ချင်ယောင်ဆောင်နေခဲ့မိတာ။ မောင့်အပေါ် သူစိမ်းဆန်ဆန် ဆက်ဆံခဲ့မိတာပါ”


မှိုင်း၏ မျက်ဝန်းများသည် အခိုးအငွေ့တစ်မျိုးဖြင့် နူးညံ့ညင်သာလျက် ရှိသည်။ ရီဝေရွှန်းစားနေသည့် မှိုင်း၏ မျက်ဝန်းတစ်စုံတွင် အချစ်ဆိုသည့်အရာကို သိသာထင်ရှားစွာ တွေ့မြင်နိုင်လေသည်။


“အချစ်ဆိုတာ စပရိန်တစ်ခုလိုပဲနော် မောင်။ ဖိနှိပ်ထားလေလေ ရုန်းကန်လေလေပဲ။ နောက်ဆုံးမှာတော့ မှိုင်း နှလုံးသားကို မှိုင်း အရှုံးပေးလိုက်ရတယ်။ တစ်နည်းအားဖြင့် မောင့်အချစ်မှာ မှိုင်း ကျရှုံးသွားတယ်ပေါ့ မောင်ရယ်။ မောင့်ကို ရက်စက်ခဲ့ရတဲ့ အတိတ်နေ့ရက်တွေအတွက်တော့ မှိုင်း တောင်းပန်ပါတယ်။ မှိုင်းကို ခွင့်လွှတ်ပါ‌ မောင်” 


“မောင်က မှိုင်း မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်ပြီးသားပါ ကလေးရယ်” 


သူ့စကားအဆုံးတွင် အလှဆုံးအပြုံးပန်းလေးတစ်ပွင့်သည် မှိုင်း၏ နှုတ်ခမ်းများထက်တွင် ပွင့်လေသည်။ မှိုင်း၏ အနီးအနားလေးမှ မထွက်ခွာသွားလို့သည့် စိတ်ဆန္ဒများသည် သူ့ရင်တွင်း၌ တဖွားဖွား ပေါ်ပေါက်လာရသည်။


“မောင် ဒီနေ့ ရုံးပြေးရမလားဟင် မှိုင်း”


“ဘာလို့လဲ မောင်ရဲ့”


“မှိုင်း အနားလေးမှာ တနေကုန် ရှိနေချင်လို့”


မှိုင်းသည် ရွှန်းလဲ့မှိုင်းရီနေသည့် မျက်ဝန်းများဖြင့် ပြုံးလေသည်။


“မောင့် သဘောလေ”


ဤသို့ဖြင့် သူ ရုံးမတတ်ဖြစ်ပါ။ စစ်ကိုင်းဘက်သို့ သွားကာ အဆူဆူသော ဘုရားများကို ဖူးမြော်ရင်း သူမြတ်နိုးရသည့် မှိုင်းနှင့် နေဝင်သည်အထိ အချိန်များကို ကုန်လွန်စေခဲ့သည်။ 

သူတို့၏ ပူပူနွနွေး ချစ်သူဖြစ်ကာစ နေ့ရက်လေးများသည် သာယာကြည်နူးဖွယ်ရာပင် ဖြစ်သည်။ မနက်မိုးလင်းတိုင်းမှာ မှိုင်းက သူ့ကို ဖုန်းဆက်နှိုးပြီး မနက်စာအတူစားဖို့ ဆုံကြသည်။ ညဘက်များတွင် ခေတ်၏ ဘားမှာ ထိုင်ကာ မှိုင်း၏ အချစ်တေးသံချိုချိုလေးများကို နားဆင်ရင်း အချိန်များကို ကုန်လွန်စေသည်။ မှိုင်း သီချင်းဆိုပြီးသည့်နောက်တွင် မှိုင်းကို အိမ်ပြန်လိုက်ပို့ရင်း သူတို့၏ တစ်ရက်တာသည် ချိုမြိန်သာယာစွာ ပြီးဆုံးသွားသည်။ သည်လိုနှင့် သူတို့နှစ်ဦး၏ ချစ်သူသက်တမ်း တစ်လပြည့်သည့်နေ့သည် ဆောင်းအဝင် လတစ်လ၏ (၇)ရက်နေ့တွင် ကျရောက်လာခဲ့သည်။ 


ထိုနေ့၏ ညနေခင်းလေးသည် လေနုအေးက‌လေးများ ဖြည်းညှင်းစွာ တိုက်ခတ်လျက် လှုပ်ရှားအသက်ဝင်လျက်ရှိသည်။ ညနေ (၅)နာရီခွဲခန့်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးတွင် ‌အ‌အေးဓာတ်လေးများ နေရာယူပြီးဖြစ်သည်။ မှိုင်းနှင့် သူသည် မန္တလေးမြို့ကို အပေါ်စီးမှ မြင်ရသော တောင်တစ်တောင်၏ အမြင့်တစ်နေရာတွင် ရှိနေကြပါသည်။ တောင်ကမ်းပါးယံတစ်ခု၏ ဘောင်ပေါ်တွင် ဘေးချင်းကပ်ထိုင်ရင်း မန္တလေး၏ အလှအပများကို သူတို့ ခံစားနေခဲ့ကြ၏။ သူတို့၏ မျက်နှာမူရာတွင်တော့ မိုးသားတိမ်တိုက်များကြားသို့ တိုးဝင်ပျောက်ကွယ်တော့မည့် နေလုံးကြီးသည် ရောင်ဝါများ ထွန်းဖြာလျက် လှပစွာ ဖြစ်တည်လျက်နေသည်။


“မှိုင်း…ရေတံခွန်တောင်ပေါ်ကို ရောက်ဖူးလားဟင်”


“ဟင့်အင်း မောင်၊ ဒါ ပထမဆုံးပဲ”


“မောင် ငယ်ငယ်က ဒီတောင်ပေါ်က တောရကျောင်းမှာ သင်္ကန်းစည်းဖူးတယ်လေ။ အဲ့တုန်းကတော့ ဒီနေရာလေးကို ခဏခဏရောက်ဖြစ်တယ်”


မှိုင်းသည် ရေတံခွန်တောင်ပေါ်မှ နေဝင်ချိန်ရှုခင်းကို ပန်းချီကားတစ်ချပ်သဖွယ် ကြည့်နေခဲ့သည်။ 


“မောင်က နေဝင်ချိန် ရှုခင်းတွေကို ကြည့်ရတာ သိပ်ကြိုက်တာ မှိုင်းရဲ့။ မန္တလေးမှာဆို ကိုယ်အကြိုက်ဆုံး နေဝင်ချိန်ရှုခင်း ကြည့်တဲ့နေရာ (၃)ခုရှိတယ်။ ပထမတစ်ခုက မန္တလေးတောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်း၊ ဒုတိယတစ်ခုက ဧရာဝတီမြစ်ဆိပ်ဘေးကနေ မြင်ရတဲ့ ရှုခင်း၊ နောက်တစ်ခုကတော့ ဒီနေရာလေးပေါ့” 


“သိပ်လှတာပဲနော် မောင်”


“သိပ်လှတဲ့ ရှုခင်းလေးကို ချစ်ရတဲ့သူနဲ့ အတူတူ ခံစားရ‌တာလောက် ကြည်နူးဖို့ကောင်းတာ မရှိတော့ဘူးနော် မှိုင်း”


မှိုင်းသည် ဘေးမှာ ထိုင်နေရင်း သူ့လက်မောင်းလေးပေါ် ခေါင်းလေး မှီတင်ထားလိုက်သည်။ ချိုအီအီ ရနံ့တစ်မျိုးဖြင့် မွှေးပျံ့နေသည့် မှိုင်း၏ ဆံပင်လေးများကို သူ မက်မောစွာ နမ်းရှိုက်လိုက်သည်။ နေလုံးကြီးသည် သူတို့၏ မျက်စိရှေ့မှာတင် မိုးသားတိမ်တိုက်များကြား တရွေ့ရွေ့ တိုးဝင်ကာ ပျောက်ကွယ်နစ်မြုပ်သွားသည်။


“နေဝင်သွားပြီ မောင်”


“နေဝင်သွားတာထက် ပိုလှတဲ့ အခိုက်အတန့်လေးကို မှိုင်း ခံစားချင်လား” 


သူ့စကားကို နားမလည်ဟန်နှင့် မှိုင်းသည် မျက်မှောင်ကြုတ်၍ သူ့ကို ကြည့်သည်။ ကားသော့လေးကို  ကိုင်ထားသည့် သူ့၏ ဘယ်ဘက်လက်ကလေးကို မြှောက်ကာ ကားဘက်သို့ ချိန်ရွယ်လျက် ကားသော့မှ ခလုတ်လေး တစ်ခုကို နှိပ်လိုက်သည်။ တီခနဲ မြည်သံလေးတစ်ချက်နှင့်အတူ ကားအနောက်‌ဖုံးလေးသည် ဖြည်းညှင်းစွာ ပွင့်ဟလာပြီးသည့်နောက်တွင် ပန်းရောင်ဖဲကြိုးလေးနှင့် ချည်နှောင်ထားသည့် အသည်းပုံ မိုးပျံပူဖောင်းလေးများသည် ပြွတ်သိပ်ကြပ်ညပ်စွာ တိုးဝှေ့ရင်း ကားနောက်ခန်းထဲမှ ထွက်လာကြသည်။


“မှိုင်းအတွက် ကိုယ့်ရဲ့ လက်ဆောင်။ မှိုင်းကိုယ်တိုင် သွားကြည့်လိုက်နော်” 


မှိုင်းသည် ကားလေးဆီသို့ ခြေတစ်လှမ်းချင်း လှမ်းသွားလိုက်သည်။ ကားအနောက်ခန်းထဲက ဖဲကြိုးလေးများနှင့် စည်းနှောင်ထားသည့် သူ့လက်ဆောင်လေးကို မြင်လိုက်ရချိန်တွင် မှိုင်း၏ မျက်ဝန်းများသည် လဲ့ခနဲ တောက်ပသွားသည်။


“ဟာ… Acoustic ဂစ်တာလေး”


“ကြိုက်ရဲ့လား မှိုင်း။ အရင်တစ်ခါ ဖွားမြအိမ်မှာ မှိုင်းရဲ့ ဂစ်တာလေး ဟောင်းနေတာကို မြင်ပြီးကတည်းက မောင် ဝယ်ပေးချင်နေခဲ့တာ”


“မောင်ဟာလေ…မှိုင်းရဲ့ လိုအပ်ချက်တွေကို မှိုင်း မပြောရဘဲ သိနေတယ်လား”


“အဲ့သည်လောက်တောင် မှိုင်းကို ချစ်ရလို့ပေါ့” 


မှိုင်း၏ ပါးပြင်ပေါ်သို့ ကြည်နူးမှုမျက်ရည်စလေးများသည် ဖြတ်သန်းစီးဆင်းသွားသည်။ မှိုင်း၏ မျက်ရည်စလေးများကို သူ နူးညံ့ညင်သာစွာ ဖယ်ရှားပေးလိုက်ရင်း သူစွဲလန်းရသည့် ထိုမျက်ဝန်းလေးများကို သူ မြတ်နိုးစွာ နမ်းရှိုက်လိုက်မိသည်။ 


“ကဲ…လာ၊ မောင်တို့ ပြန်ကြစို့နော်။ ဒီည မှိုင်း ဘားမှာ သီချင်းဆိုရဦးမယ်လေ” 


သူတို့‌ တောင်ပေါ်မှ ပြန်ဆင်းလာတော့ နေ့အလင်းရောင်ပင် ကွယ်ပျောက်လျက်ရှိပြီဖြစ်၍ ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်ရီမည်းနက်လျက်ရှိသည်။ ခေတ်၏ ဘားကို သူတို့ ရောက်ချိန်မှာတော့ ခေတ်က သူတို့ကို ဘုကြည့်ကြည့်ရင်း ကြိုဆိုသည်။


“အော်…‌ဆရာတို့ ပေါ်လာသေးတယ်နော်။ ငါက ဒီနေ့ မှိုင်းညှို့ မလာတော့ဘူးလို့ ထင်ပြီး ဆိုင်ပိတ်တော့မလို့ လုပ်နေတာ”


ခေတ်၏ ခပ်ရွဲ့ရွဲ့စကားကို မှိုင်းက သဘောကျကာ ရယ်လေသည်။ သူကတော့ ခေတ်၏ လက်မောင်းလေးဆီသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ 


“ခေတ်ကလဲကွာ။ မှိုင်းလေးက တစ်ခါတစ်လေလေး နောက်ကျတာကို”


ခေတ်ကတော့ ဗညား၏ အပြောကို ခေါင်းတရမ်းရမ်းနှင့် တုံ့ပြန်သည်။ မနိုင်ဘူး ဆိုသည့် သဘောဖြစ်မှန်း သူ သိပါသည်။

 

“ဒါဆို…ဒီတ‌စ်ယောက်ပြီးရင် မှိုင်း ဝင်လိုက်တော့”


“ဟုတ်ကဲ့…ကိုခေတ်။ မောင်…မှိုင်း သွားလိုက်ဦးမယ်”


“အင်း မှိုင်း၊ မောင် အားပေးနေမယ်နော် ကလေးလေး” 


ခေတ်က သူ့ခေါင်းကို တသွင်သွင် ခါရမ်းပြန်သည်။ မှိုင်းကတော့ ပြုံးရွှင်ရယ်မောရင်း စင်အနောက်က အခန်းလေးထဲသို့ ဝင်သွားသည်။ သိပ်မကြာလိုက်ပါ။ ပရိသတ်များ၏ လက်ခုပ်သံများနှင့်အတူ မှိုင်းတစ်ယောက် ဂစ်တာလေးလွယ်ရင်း စင်ပေါ်တက်သွားရသည်။ 


“အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ မှိုင်းညှို့ဆွဲငင် လို့ ခေါ်ပါတယ်” 


မှိုင်းသည် ရိုးရာမပျက် မိတ်ဆက်စကားလေးနှင့် နှုတ်ခွန်းဆက်လိုက်သည်။


“ကျွန်တော့်ကို တစ်ခုလောက်တော့ ကြွားခွင့်ပြုပါ။ အခု ကျွန်တော့်လွယ်ထားတဲ့ ဂစ်တာလေးက ကျွန်တော့်ချစ်သူ လက်ဆောင်ပေးထားတာပါ”


ပရိသတ်၏ ဟေးခနဲ အော်သံများသည် စီညံစွာ ထွက်ပေါ်လာခဲ့သည်။ သူကတော့ မှိုင်းကို ပြုံးရင်း စိုက်ကြည့်နေခဲ့သည်။ 


“ စင်အောက်မှာလည်း ကျွန်တော့် ချစ်သူရှိနေပါတယ်။ ဒီတော့ ကျွန်တော့်ချစ်သူကို ရည်ရွယ်ပြီး သီချင်းတစ်ပုဒ်ဆိုချင်ပါတယ်။ စင်ပေါ်မှာ တစ်ခါမှ မဆိုဖူးတဲ့ အချစ်သီချင်းလေးတစ်ပုဒ်နဲ့ အားလုံးကို ဖျော်ဖြေပေးပါရစေ” 


ဧည့်ပရိသတ်များ၏ အော်ဟစ်အားပေးသံများနှင့် လက်ခုပ်သံများသည် ဂစ်တာသံစဉ်လေးများ လူးလွင့်ထွက်ပေါ်လာချိန်တွင် ပျောက်ကွယ်ရပ်တန့်သွားသည်။ ဂစ်တာလက်ခတ်သံများ ထွက်ပေါ်လာပြီး စက္ကန့်အပိုင်းအခြားလေးတွင် မှိုင်း၏ ချိုရှရှ သီချင်းဆိုသံလေးသည် သံစဉ်များအကြား ဝေ့သီပျံဝဲနေသည့် လိပ်ပြာလေးတစ်ကောင်လို လှပစွာ ဝဲလွင့်မျောပါလာ၏။ 


🎵 လေလိုလွင့်ပါးသော…ညတွေသယ်ဆောင်လာခဲ့သူ… 

လရောင် လွင်ပြင်ကျယ်များအနှံ့…စိတ်အတောင်ဖြန့်ကာ ပျံသန်းမလား… 

တို့ ညလယ်ယံ လိပ်ပြာ… 

အိုး…အိပ်မက်ဆန်လေသော…ဘဝမှာ မင်းနဲ့ အတူတူပေါ့… 

အချစ်ဟာ..ကျွမ်းငွေ့လောင်မြိုက်ခြင်း…အဓိပွာယ်တစ်ခု…🎵 


ကဗျာဆန်ဆန် သီချင်းစာသားများကို ခံစားတေးသီနေသည့် မှိုင်း၏ ဟန်ပန်လေးသည် ဆွဲဆောင်မှု အပြည့်နှင့် ပရိသတ်များ၏ စိတ်အာရုံများကို ညှို့ယူဆွဲ‌ငင်နိုင်စွမ်း ရှိသည်။ လက်ကို လေထဲမှာ မြှောက်၍ ဝှေ့ရမ်းအားပေးသူများ၊ သီချင်းလိုက်ဆိုနေသူများ၊ သံစဉ်နှင့် စည်းချက်ကျကျ လက်ခုပ်လိုက်တီးနေသူများနှင့် စင်အောက်မှ ပရိသတ်များသည် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ 


🎵 ဘယ်အချိန်မှလဲ မင်းနဲ့ မခွဲနိုင်ဘူးကွယ်…ငါ့အသည်းဦး… 

အားလုံးလည်း နားမလည်နိုင်တဲ့…လူနှစ်ယောက်ရဲ့ ဖြစ်တည်မှု… 

လွင်ပြင်ကျယ်ကြီးအဆုံး..ဟိုတစ်ဖက်..ဘာဖြစ်မယ် ကြိုမတွေးဘူး… 

အို…လွတ်မြောက်မသွားချင်ဘူး…ဆက်မျောလွင့်ကြမယ်…ငါနဲ့ မင်းနဲ့ အတူ…🎵 


သီချင်းစာသားများကြောင့်လား သို့မဟုတ် မှိုင်း၏ သီချင်းအပေါ် ခံစားသက်ဝင်မှုကြောင့်လားတော့ မသိ။ သူ့နှလုံးသားလေးသည် တစ်စုံတစ်ခုသော ခံစားမှုနှင့် ကြည်နူးလှုပ်ရှားသွားရသည်။ ကိုယ်က ချစ်ရသူနှင့် ကိုယ့်ကို ချစ်သည့်သူ တစ်ထပ်တည်းကျသော ဘဝလောက် ရင်ခုန်မျောလွင့်ချင်စရာကောင်းတဲ့ ဘဝမျိုး ရှိနိုင်လိမ့်မည် မထင်။ 

ဆက် မျောလွင့်ကြမယ်…ကိုယ်နဲ့ မင်းနဲ့ အတူ….


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်


rate now: