ဖွားခနဲ ကျလာသည့် ရေမှုန်စက်လေးများ၏ အောက်သို့ တိုးဝင်လိုက်သည်။ မျက်နှာလေးကို မော့ထားလိုက်ကာ ရေစက်အပိုင်းအစလေးများ၏ ညင်သာသော အထိအတွေ့ကို သူ ခံယူလိုက်သည်။ လေးထောင့်ပုံစံ ရေပန်းလေး၏ ရေထွက်ပေါက်လေးများကို တိုးဝှေ့ရင်း သူ့မျက်နှာပြင်ဆီသို့ သက်ဆင်းကျရောက်လာသည့် ရေမှုန်ရေမွှားလေးများ၏ အထိအတွေ့သည် အရင်နေ့များထက် ပို၍ အေးစက်နေသလို သူ ခံစားလိုက်ရသည်။
ရေစက်များကဲ့သို့ သူ့အပေါ် အေးစက်လွန်းသည့် မှိုင်းညှို့ဆွဲငင်၏ ပုံသဏ္ဍာန်များသည် သူ့အတွေးများထဲသို့ ဗြုန်းခနဲ ဝင်ရောက်လာချိန်တွင် ရေပန်းခလုတ်လေးကို သူ ဒေါသတကြီး ပိတ်ချလိုက်သည်။ ဟင့်အင်း…။ သူ့အပေါ် အေးစက်သည့် အရာမှန်သမျှကို အခုချိန်တွင် သူ လက်မခံနိုင်ပါ။ ရေပန်းခလုတ်လေးကို ရေပူဘက်သို့ တွန်းရွှေ့လိုက်ရင်း ပြန်ဖွင့်လိုက်သည်။ ခပ်နွေးနွေး ရေစက်များ သူ့အပေါ် ကျရောက်လာချိန်တွင် စိတ်ကျေနပ်မှုရသွားသည်။
ရေကို အချိန်ဆွဲ၍ စိမ်ချိုးတတ်ခြင်းသည် စိတ်ညစ်နေချိန်တိုင်းတွင် သူ လုပ်လေ့လုပ်ထရှိသည့် အကျင့်တစ်ခုဖြစ်သည်။ သူ့စိတ်တွေ နေသာထိုင်သာရှိသလို ခံစားရချိန်တွင် ရေခလုတ်ကို ပိတ်လိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ဘယ်အချိန်ကတည်းက မြည်နေသည် မသိသည့် ဖုန်းအဝင် မြည်သံလေးသည် ရေချိုးခန်းထဲမှ တပတ်လေးပတ်ရင်း ထွက်လာသည့်သူ့ကို စောင့်မျှော်ကြိုဆိုလျက်ရှိသည်။
ဖုန်းမြည်သံအဖြစ် တပ်ဆင်အသုံးပြုထားသည့် ဖြိုးပြည့်စုံ၏ လရိပ် သီချင်းသံလေးကြောင့် သူ့နှလုံးသားသည် အေးစက်ထုံကျင်သွားရပြန်သည်။ သူ့ ဖုန်းလေး၏ ဖုန်းအဝင် သီချင်းမြည်သံလေးကြောင့် မှိုင်းညှို့ဆွဲငင်ဆိုသည့် ကောင်လေးကို သူ ပထမဆုံးအကြိမ် တွေ့မြင်ပြီး စွဲလမ်းခဲ့ရသည့် ညတစ်ညကို ရုပ်ရှင်တစ်ခု၏ ဇာတ်ဝင်ခန်းများလို သူ ပြန်လည်မြင်ယောင်လာသည်။ လရိပ် သီချင်းလေး၏ စာသားများကို ဆွဲဆွဲငင်ငင် သီဆိုနေသည့် မှိုင်းညှို့၏ ပုံရိပ်များသည် သူ့မြင်ကွင်းများထဲတွင် စွဲမြဲစွာ ရေးထိုးထားသည့် ဆေးမှင်ကြောင်အရုပ်များလို ထင်ရှားစွာ ပေါ်ပေါက်လာပြန်သည်။ ရေစိုနေသည့် ဆံပင်လေးများကို ခါရမ်းလိုက်ကာ သူ့အတွေးထဲမှာ စိုးမိုးလှုပ်ရှားနေသည့် မှိုင်းညှို့ကို သူ မေ့ဖျောက်ပစ်လိုက်သည်။ ဖုန်းအဝင် မြည်သံကို ပြောင်းပစ်မှပါလေဟု သူ ဆုံးဖြတ်လိုက်ရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင်တော့ ခေတ် ဆိုသည့် နာမည်လေးသည် ဖုန်းအကိုင်ကို မျှော်လင့်စောင့်စားနေပုံ ရသည်။
“Hello…ခေတ်”
“ဟိတ်ကောင် ဗညား…၊ မင်းကလဲကွာ ဖုန်းခေါ်နေတာ ကြာလှပြီ။ ဘာလုပ်နေလို့ အခုမှ ကိုင်တာလဲ?”
ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည့် ခေတ်၏ အသံလေးသည် ထုံးစံအတိုင်း လန်းဆန်းမြူးကြွနေလေသည်။ လက်ခုပ်သံများ၊ စကားသံများနှင့် သီချင်းသံများကိုလည်း ဆူညံစွာ ကြားနေခဲ့ရသည်။
“ငါ ရေချိုးနေလို့ပါ ခေတ်ရဲ့။ ဘာကိစ္စရှိလို့လဲ”
“အံမယ်…၊ မသိချင်ယောင်ဆောင်နေတယ်ပေါ့လေ။ မင်းပဲ မနက်က ပြောတော့ မင်းနဲ့မှိုင်းညှို့ ချစ်သူတွေ ဖြစ်နေပြီဆို။ အဲ့တာ ငါ စီစဉ်သူလုပ်ပေးခဲ့တာတွေကြောင့်လဲ ပါတယ်နော်။ကျေးဇူးမမေ့နဲ့။ ဒါနဲ့ မင်း ဒီည ဘား မလာတော့ဘူးလား။ မင်းရဲ့ မှိုင်းညှို့ ခဏနေရင် ဆိုတော့မှာကွ”
ခေတ် ဘာမှ မသိသေးဘူး ထင်ပါရဲ့။ အင်းလေ…၊ သူကလွဲလို့ ခေတ်ကို သူတို့အကြောင်းကို ပြောပြမည့်သူမှ မရှိတာ။ မှိုင်းညှို့ထံမှတဆင့် သူတို့နှစ်ယောက်၏ ဖြစ်စဉ်များကို ခေတ် သိခွင့်ရမည့် အဖြစ်သည် ကမ္ဘာပေါ်တွင် မဖြစ်နိုင်ဆုံးသော အကြောင်းအရာများထဲတွင် ထိပ်ဆုံးမှ ပါဝင်လိမ့်မည်ထင်သည်။
“မင်း ပြောသလိုပဲ ငါလဲ မှိုင်းညှို့နဲ့ ချစ်သူတွေဖြစ်ခဲ့ပြီလို့ ထင်ခဲ့တာပဲ ခေတ်ရဲ့။ ငါတို့တွေ နမ်းတဲ့အထိ ဖြစ်ခဲ့ကြတာကိုး။ ဒါပေမယ့် မှိုင်းညှို့အတွက် အနမ်းဆိုတာက အချစ်ကြောင့် ဖြစ်လာတာမဟုတ်ဘဲ သွေးသားရမ္မက်တွေရဲ့ သင်္ကေတတဲ့လေ။ ငါ့အနမ်းတွေကိုလည်း အချစ်အယောင်ဆောင်ထားတဲ့ ရမ္မက်ထန်တွေတဲ့”
မှိုင်းညှို့၏ စကားများကို ပြန်လည် ပြောပြရင်း သူ့နှလုံးသားလေး တဆစ်ဆစ် နာကျင်ကွဲအက်လာပြန်သည်။ မြတ်နိုးဖြူစင်စွာ ချစ်မိသည့် အချစ်ကို ညစ်ညမ်းအောက်ကျတဲ့ ရမ္မက်တွေပါလို့ စွပ်စွဲစော်ကားခံရသည့် အဖြစ်ထက် စိတ်ထိခိုက်နာကျင်ဖို့ကောင်းသည့် အဖြစ်မျိုး ရှိနိုင်ပါဦးမလား။ မှိုင်းညှို့၏ စကားများကို နာကြည်းစွာ ပြန်လည်ကြားယောင်းရင်း အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။
“ဖြစ်မှ ဖြစ်ရလေ ဗညားရယ်။ မင်း အဆင်ပြေရဲ့လား”
ဗညား၏ အသံအတိမ်အနက်ကို နားထောင်ကြည့်ရုံနှင့် သူ့ရင်ဘတ်ထဲမှ ဒဏ်ရာ၏ နာကျင်မှု အတိုင်းအဆကို ခေတ် ရိပ်စားမိနိုင်ပါသည်။
“အမှန်အတိုင်း ပြောရရင် အဆင်မပြေဘူးပေါ့ကွာ။ ငါ့ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်တည်လာတဲ့ အချစ်ကိုမှ စော်ကားခံရလေခြင်းဆိုတဲ့ အသိက ငါ့အချစ်ကို နောင်တရစေတယ်”
“ဒီလိုဆိုရင် မှိုင်းညှို့ကို မင်း ဆက်ချစ်ဖို့ မကြိုးစားတော့ဘူးလား၊ မှိုင်းညှို့ကို စိတ်နာနာနဲ့ မုန်းလိုက်တော့မှာလား ဗညား”
ခေတ်၏ စကားအဆုံးတွင် သူ ခါးသက်စွာ ရယ်ပစ်လိုက်သည်။ သူ့ရယ်သံများသည် ခြောက်သွေ့အသက်မဲ့နေခဲ့မှန်း ခေတ် လွယ်ကူစွာ သဘောပေါက်နိုင်ပါလိမ့်မည်။
“အချစ်ဆိုတာ ဦးနှောက်ရဲ့ ဖြစ်တည်မှုကို လှလှပပ ခြွေဖျက်ဝါးမြိုတတ်တဲ့ စွမ်းအင်တစ်မျိုး ခေတ်ရ။ ငါ့အပေါ် ဒီလောက်အထင်သေးပြီး အေးစက်လွန်းတဲ့ မှိုင်းကို ငါ မမုန်းဘူး။ ငါ့ အသည်းထိ နင့်အောင် ချစ်မိပြီးခဲ့ပြီလေကွာ။ ငါ ဘယ်လို မုန်းလို့ ရနိုင်မှာလဲ။ ဒါပေမယ့်... ငါ့အချစ်ကို မှိုင်း ယုံကြည်လာအောင် မကြိုးစားတော့ဘူး ခေတ်။ ငါ ဒီလောက်တော့ ပြတ်သားသင့်တယ် ထင်တာပဲ”
တစ်ဖက်မှ ခေတ်၏ သက်ပြင်းဖွဖွချသံကို သူ ကြားလိုက်ရသည်။ ခေတ်လည်း သူ့အတွက်နဲ့ စိတ်ရှုပ်ထွေးရပြီ ထင်ပါရဲ့လေ။
“ခေတ်...၊ ငါ့အတွက်နဲ့ စိတ်မညစ်ပါနဲ့ သူငယ်ချင်းရာ။ နောက်ပြီး...ငါတို့ကိစ္စကို မင်းအနေနဲ့ မသိချင်ယောင်သာ ဆောင်နေလိုက်။ မှိုင်းကိုလည်း ငါနဲ့ ပတ်သတ်တဲ့ ဘာအကြောင်းကိုမှ သွားမပြောနဲ့နော် ခေတ်။ ငါ တောင်းဆိုတာပါ”
“အေးပါ ဗညားရာ။ မင်း အချစ်ရေး အဆင်ပြေပါစေလို့ ဆုတောင်းပေးရုံကလွဲလို့ ငါ ဘာမှ လုပ်မပေးနိုင်တဲ့အတွက် အားနာမိတယ်”
“မဟုတ်တာ ခေတ်ရယ်။ မင်းရဲ့ ကူညီမှုတွေကြောင့်ပဲ ငါ မှိုင်းညှို့နဲ့ လွယ်လွယ်ကူကူ ရင်းနှီးခဲ့ရတာပါ။ ဒီထက်ပိုပြီး ဖြစ်မလာတာကတော့ ငါ့ရဲ့ ကံပေါ့ကွာ”
တစ်ဖက်မှ ခေတ်၏ အသံလေး တိတ်ဆိတ်သွားချိန်တွင် လက်ခုပ်သံများနှင့် အော်ဟစ်အားပေးသံများသည် ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့သည်။ ဆူညံသံများ၏ အဆုံးတွင် ငြိမ့်ညောင်းသာယာဖွယ် ဂစ်တာသံစဉ်လေးများနှင့်အတူ သူ မြတ်နိုးစွာ စွဲလန်းရသည့် သီချင်းဆိုသံလေးတစ်ခုသည် လှပချိုလွင်စွာ ထွက်ပေါ်လာခဲ့သည်ကို ဖုန်းစပီကာမှတဆင့် သဲကွဲစွာ သူ ကြားနေခဲ့ရသည်။
မင်းမရှိတဲ့ ညတွေ ကိုယ်တစ်ယောက်တည်း သူရယ်
လွမ်းရက်များလည်းကွယ် ကြာရှည်လွန်းခဲ့ပါတယ်...
မျှော်ကာမှိုင်ငေးဆဲ အမြန်ပြေးတွေ့လိုက်ချင်…
တိမ်လွှာပြင်တွေ ကျော်လွှားမယ်…
အချိန်တန်ရင်… အလွမ်းစိတ်ပို…
မှိုင်းညှို့ သီဆိုနေသည့် သီချင်းစာသားများကို သူ နားထောင်မိနေခဲ့သည်။ သီချင်းစာသားများသည် ချစ်ရသူ တစ်ဦးကို လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေသည့် သူတစ်ဦး၏ ခံစားချက်များကို ရေးဖွဲ့ထားသည့် အချစ်သီချင်းတစ်ပုဒ်ဖြစ်သည်။ အချစ်ကို အယုံအကြည်မရှိစွာ မခံစားတတ်သူတစ်ဦးသည် အချစ်သီချင်းလေးများကို လှပကြည်နူးဖွယ်ရာ ခံစားသီဆိုတတ်သည်မှာ ဘယ်လောက်တောင် ထူးခြားဆန်းကြယ်တဲ့ ဖြစ်စဉ်မျိုးလဲ။
မှိုင်းညှို့ ဒီသီချင်းကို ရွေးချယ်သီဆိုရသည့် ရည်ရွယ်ချက်ကို သူ သိချင်မိသည်။ အကယ်၍ သီချင်းလေးထဲကအတိုင်း တစ်စုံတစ်ဦးကို လွမ်းဆွတ်နေခဲ့ခြင်းဖြစ်ပါလျှင် မှိုင်းညှို့ တမ်းတနေသူသည် သူ ဖြစ်နေမလား။ သူ့အချစ်ကို စော်ကားခဲ့သည့် မှိုင်းညှို့ကို နာကျည်းစွာ လက်လွှတ်လိုက်ရန် ဆုံးဖြတ်မိသည့် တစ်ချိန်တည်းမှာပင် မှိုင်းညှို့ တမ်းတလွမ်းဆွတ်နေသူမှာ သူ ဖြစ်နေမလားဟု ရူးသွပ်စွာ မျှော်လင့်နေမိသည့် သူ့ကိုယ်သူ သတိပြုမိချိန်တွင် ရှက်ရွံ့စွာ နာကျင်သွားရသည်။ သူ သည့်ထက်ပိုပြီး မရူးမိုက်သင့်ပါ။
“ခေတ်၊ ငါ ဖုန်းချသင့်ပြီ”
အလိုက်သိစွာ စကားမပြောဘဲ ဖုန်းကိုင်ပေးထားသည့် ခေတ်ကို နှုတ်ဆက်စကားပြောကာ ဖုန်းချပစ်လိုက်သည်။ ထို့နောက် မွေ့ရာပေါ် မှောက်လျက် ပစ်လှဲလိုက်ပြီး ခေါင်းအုံးလေးထဲတွင် သူ့မျက်နှာကို ကွယ်အပ်ရင်း ငိုကြွေးလိုက်မိသည်။
မင်းကြောင့်ကျတဲ့ ကိုယ့်မျက်ရည်တွေ မင်းကို မြင်စေချင်လိုက်တာ မှိုင်းရယ်။ ကိုယ့်မျက်ရည်တွေဟာ သွေးသားရမ္မက်တွေနဲ့ သက်ဆိုင်စရာအကြောင်း လုံးဝမရှိဘူးဆိုတာ မင်း လက်ခံနိုင်ကောင်းပါရဲ့လေ။
. . .
. . .
. . .
သက်ပြင်းရှည်တစ်ချက်ကို ဆွဲချရင်း ထိုင်နေသည့် ဘီးတပ်ဆိုဖာခုံပေါ် ခေါင်းလှန် မှီချလိုက်သည်။ သူ့ အလုပ်စားပွဲပေါ်မှာ ရှိသည့် စာရင်းစာအုပ်များနှင့် အစီရင်ခံစာ အပုံလိုက်ကြီးကို သူ စစ်ဆေးပြီးစီးသွားချိန်မှာတော့ သူ့ကိုယ်မှာ အားအင်မကျန်တော့သလို နွမ်းနယ်သွားသည်။ နံရံတွင် ချိတ်ဆွဲထားသည့် နာရီကြီးကို ထိုင်ခုံပေါ် ထိုင်နေရာမှ တစ်ချက် မော့ကြည့်လိုက်သည်။ ညနေ လေးနာရီခွဲ။ မကြာခင် သူ့ရုံးမှ ဝန်ထမ်းများ ရုံးဆင်းချိန်ပင် ရောက်တော့မည်။
အရင်ကဆိုရင် အလုပ်စားပွဲပေါ်ထိုင်လိုက်ပါပြီဆိုသည့် မနက်ခင်း ရုံးတတ်ချိန် စကတည်းက ညနေ ရုံးဆင်းချိန်ကို သူ နာရီတကြည့်ကြည့်နှင့် မျှော်နေတတ်သည်။ အခုများတော့ ရုံးဆင်းချိန်များကို သူ မုန်းတတ်ခဲ့ပြီ။ ရုံးဆင်းပြီးနောက်ပိုင်း ညနေခင်း အချိန်များကို ဘယ်လိုဖြုန်းရမလဲဆိုတာကို မသိတော့သည့် သူ့အတွက် ရုံးဆင်းပြီးနောက် နာရီများသည် အဓိပ္ပာယ်ကင်းမဲ့ခဲ့ရပြီ။
အလုပ်စားပွဲပေါ်တွင် တင်ထားသည့် ခေါက်ပြက္ခဒိန်လေးကို သူ ဆွဲယူပြီး နေ့ရက်တစ်ချို့ကို တွက်ချက်ကြည့်လိုက်သည်။ ဒီနေ့နဲ့ဆို မှိုင်းညှို့ဆီ သူ မသွားတော့တာ တစ်ပတ်တိတိတောင် ကြာခဲ့ပြီ။ ထိုတစ်ပတ်အတွင်း မှိုင်းညှို့ကို သတိမရမိအောင် ကြိုးစားနေရင်းပင် လွမ်းဆွတ်ရသည်။ အလုပ်ထဲကို စိတ်နှစ်ထားရင်းနှင့်ပင် သူ့စိတ်တွေ မှိုင်းညှို့ရှိရာဆီ ပျံ့လွင့်သွားပြန်သည်။ နက်ရှိုင်းစွာ မြတ်နိုးမိသည့် ချစ်ရသူတစ်ဦးကို လွမ်းဆွတ်တမ်းတမိသည့် နှလုံးသားအား ချိုးနှိမ်မေ့ဖျောက်ထားရသည့် ဒုက္ခလောက် ပင်ပန်းနာကျင်ရသည့် အဖြစ်မျိုး ရှိနိုင်တော့မည်မထင်ပါ။
🎵 မဖြစ်နိုင်တာတွေပဲ တောင့်တရင်းလေ
မင်းစေတနာတွေလည်း ချစ်နတ်သက်ကြွေ 🎵
ဖုန်းမြည်သံလေးသည် တိတ်ဆိတ်နေသည့် သူ့ရုံးခန်းကို အသက်သွင်းပေးလိုက်သလို ရှိသည်။ ပြောင်းပစ်လိုက်မည်ဟု ဆုံးဖြတ်ပြီးမှ မပြောင်းလိုက်နိုင်ခဲ့သည့် ဖုန်းမြည်သံလေးသည် သူ့ကို လှောင်ပြောင်နေသလို ခံစားလိုက်ရသည်။ သူ့ကိုယ်သူ မလုံမလဲဖြစ်စွာ ခေါင်းလေးတစ်ချက် ခါရမ်းလိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ဟဲလို…မေမေ”
“သား…ရုံးမဆင်းသေးဘူလား”
“ဟုတ် မေမေ၊ ဘာလို့လဲ”
“အိမ်မှာ ဧည့်သည်ရောက်နေလို့ သားရဲ့။ သား…ပြန်လာခဲ့လိုက်တော့”
မေမေက ပြောစရာရှိတာပြောပြီး ဖုန်းချသွားသည်။ မေမေသည် ဖုန်းပြောတိုင်း သည်လိုပဲဖြစ်သည်။ တစ်ဖက်မှ စကားပြန်ကို မစောင့်တတ်သည့် မေမေသည် သူပြောချင်သည့် စကား ပြောပြီးတာနဲ့ ဖုန်းချချသွားတတ်သည်။ မေမေပြောသည့် ဧည့်သည်ဆိုတာ ဘယ်သူပါလိမ့်။ သူ့ဧည့်သည်လား။ မေမေတို့ရဲ့ ဧည့်သည်လား။
သူ အိမ်ပြန်ရောက်တော့ ခြံဝန်းထဲမှာ ဂိုထောင်ထဲ မသွင်းရသေးသည့် ဖေဖေ၏ အနက်ရောင် Chevrolet ကားတစ်စီးအပြင် မည်သည့် ယာဉ်တစ်စီးမှ ရှိမနေခဲ့ပါ။ မေမေပြောသည့် ဧည့်သည်များ ပြန်သွားပြီလား။ သူ့ကားလေးကို ဖေဖေ့ကားအနောက်မှာ ရပ်ထားလိုက်ပြီး အိမ်ထဲသို့ ဝင်သွားလိုက်သည်။
အိမ်တံခါးမကြီးကို ဆွဲဖွင့်လိုက်တော့ ဖေဖေနှင့် မေမေက ဧည့်ခန်းထဲမှာ ထိုင်စကားပြောရင်း ရယ်မောနေကြသည်။ မေမေပြောသည့် ဧည့်သည်ဆိုသူက သူ့ကို နောက်ကျောပေးပြီး ထိုင်နေသည်။ ဧည့်သည်၏ ကျောပြင်သည် သူနှင့် မစိမ်းကားသည့် အငွေ့အသက်များနှင့် သူ့ကို ကြိုဆိုနေခဲ့၏။ ထိုကျောပြင်ကို တွေတွေစိုက်ကြည့်နေရင်း သူ့စိတ်များ လှုပ်ရှားလာရသည်။
“ဟော…သား ပြန်လာပြီ”
မေမေက ဧည့်သည်ဆိုသူကို မေးငေါ့ပြရင်း သူ ပြန်လာပြီဖြစ်ကြောင်းကို သတင်းပေးလိုက်သည်။ သို့သော် ဧည့်သည်ဆိုသူသည် သူ့ကို လှည့်မကြည့်ဘဲ ခေါင်းကို အသာအယာ ငုံ့နေလိုက်သည်။
“ဒီမှာ…သားရေ…၊ မှိုင်းညှို့က သူ့အဆောင်မှာ ကြေးအိုးချက်စားလို့ ဖေဖေတို့အတွက် လာပို့ပေးတာ”
ထိုကျောပြင်သည် မှိုင်းညှို့ ဖြစ်မှန်း ဖေဖေ့စကားကြောင့် သူ လက်ခံလိုက်ရသည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာအမူအယာများ မပျက်ယွင်းနေစေရန် သူ သတိပြုရင်း ဖေဖေတို့ကို ပြုံးပြလိုက်သည်။
“သား…ပင်ပန်းလာလို့ ရေချိုးလိုက်ဦးမယ်။ မေမေတို့ပဲ ဧည့်သည်ကို ဧည့်ခံထားလိုက်နော်”
“ဟဲ့…အော်…ဒီကလေးကတော့လေ၊ မှိုင်းညှို့ကို အားနာစရာ”
“ရပါတယ်…အန်တီ၊ အလုပ်က ပင်ပန်းလာလို့ ဖြစ်မှာပါ”
မေမေတို့၏ စကားသံများကို သူ လျစ်လျူရှုကာ အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ မှိုင်းညှို့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဖြစ်အောင် သူ့စိတ်ကိုသူ ကြိုးစားထိန်းချုပ်လိုက်ရသည်။
သူ ရေချိုးပြီး အောက်ထပ်သို့ ပြန်ဆင်းလာချိန်အထိ မှိုင်းညှို့သည် ဧည့်ခန်းထဲမှာပင် ဖေဖေတို့နှင့် စကားလက်ဆုံကျနေကြသည်။ သည်တစ်ခါတော့ သူ ရှောင်ဖို့ မကောင်းတော့ပါ။ မေမေတို့ စကားဝိုင်းတွင် သူ ဝင်ထိုင်လိုက်ရတော့သည်။ သူ မှိုင်းညှို့ကို မသိမသာလေး ကြည့်လိုက်သည်။ မှိုင်းညှို့ကတော့ သူ့ကို ကြည့်မနေခဲ့ပါ။ ဖေဖေနှင့် မေမေ့ကို တစ်လှည့်စီကြည့်နေရင်း စကားတွေ ပြောနေခဲ့သည်။
“သားလဲ ရေချိုးပြီးပြီဆိုတော့ မေမေတို့ ကြေးအိုးသောက်ရအောင်လေ။ သား မှိုင်းညှို့ရော ညစာ မစားရသေးရင် တစ်ခါတည်း စားသွားပါလား”
“ဟောဗျာ… အလှူ လက်ဖက်နဲ့ အလှူရှင်ကို မျက်နှာပြန်လုပ်နေသလို ဖြစ်နေပြီ”
မေမေက ဖေဖေ့ စကားကို သဘောကျစွာ ရယ်မောတော့သည်။ မှိုင်းညှို့လည်း ဖေဖေတို့နှင့်အတူ လိုက်ပါရယ်မောနေခဲ့သည်။ တွေ့ရခဲသည့် မှိုင်းညှို့၏ ရယ်မောနေသည့် မျက်နှာလေးကို သူ ငေးခနဲ စိုက်ကြည့်နေပြီးမှ သတိပြန်ဝင်လာကာ အကြည့်လွှဲနေလိုက်သည်။
သူတို့ ညစာစားပြီးတော့ ည ခုနစ်နာရီပင် ထိုးနေခဲ့ပြီ။ ကြေးအိုးသောက်ပြီး မေမေက ကော်ဖီဖျော်ကာ မှိုင်းညှို့ကို ဧည့်ဝတ်ပြုနေသေးသည်။
“ကော်ဖီက အဆင်ပြေရဲ့လား မှိုင်းညှို့”
“ဟုတ်ကဲ့…၊ အဆင်ပြေတယ်ဆိုတာထက် ပိုတာပေါ့ အန်တီ”
မှိုင်းညှို့က မေမေ့အမေးကို ပေါ့ပါးသွက်လက်စွာ ပြန်ဖြေလိုက်သည်။ သည်လိုကျပြန်တော့လည်း မှိုင်းညှို့သည် ချစ်ခင်နှစ်သက်ဖွယ်ရာပင်။
“အန်တီက ကော်ဖီသိပ်မဖျော်တတ်ဘူးရယ်။ အန်တီတို့ ကော်ဖီသောက်ချင်ရင် ဗညားက ဖျော်ပေးနေကျလေ။ သူက ကော်ဖီဖျော်တဲ့နေရာမှာတော့ အန်တီ့ထက် ပိုတော်တယ်”
မှိုင်းညှို့က မေမေ့စကားကို လက်ခံသည့် သဘောမျိုးနှင့် ပြုံးနေရင်း ခေါင်းလေးတစ်ချက် ညိတ်ပြလိုက်သည်။
“ဗညား…မှိုင်းညှို့ကို အပြန်လိုက်ပို့ပေးလိုက်နော်။ အလာတုန်းက ဂျိုင့်ကြီးနဲ့ ဆိုတော့ သူ့သူငယ်ချင်းကို လိုက်ပို့ခိုင်းတာမလို့ ဆိုင်ကယ်မပါဘူး”
မှိုင်းညှို့ကို လိုက်ပို့ပေးရမယ်တဲ့လား။ သူ့စိတ်ထဲ လှိုက်ခနဲ ဝမ်းသာပျော်ရွှင်သွားမိသည်ကိုတော့ သူ ဝန်ခံပါသည်။ သို့သော် သူ့မျက်နှာကို ခပ်တည်တည်အနေအထားဖြစ်အောင် ဟန်ဆောင်ထိန်းချုပ်ထားလိုက်သည်။
“ရပါတယ် အန်တီ…၊ သား ဆိုင်ကယ်တက္ကစီနဲ့ ပြန်လိုက်ပါ့မယ်”
“ဘယ်ဟုတ်ပါ့မလဲကွ။ အိမ်မှာ ကားတွေလဲရှိနေပြီး လူတွေလဲ အားနေတာကို။ ပြန်လိုက်ပို့ပေးရမှာပေါ့ သားရဲ့။ ဘာမှ အပန်းကြီးတာ မဟုတ်ဘူး။ အားနာမနေနဲ့”
ဖေဖေ့၏ စကားကိုတော့ မှိုင်းညှို့ ထပ်မံ မငြင်းဆန်တော့ပါ။
အိမ်ပြန်လိုက်ပို့သည့် တစ်လမ်းလုံးတွင် မှိုင်းညှို့ သူ့ကို စကားတစ်ခွန်းမှ မဆိုသည့်အပြင် သူ့ဘက် တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေရင်း ငြိမ်သက်စွာ ပါလာခဲ့သည်။
“ကျွန်တော့်ကို အချိန်ပေးနိုင်မလား ကိုဗညား”
မှိုင်းညှို့နေသည့် ရပ်ကွက်အနားသို့ ရောက်ခါနီးမှ သူ့ကို ရည်ရွယ်သည့် မှိုင်းညှို့ စကားသံကို မယုံကြည်နိုင်ဖွယ်ရာ ကြားလိုက်ရသည်။
“ဘာလုပ်ဖို့လဲ”
“စကား အေးအေးဆေးဆေးပြောချင်လို့ပေါ့”
သူ့ရင်ထဲ ထိတ်ခနဲ လှုပ်ရှားသွားသည်မှအပ တည်ငြိမ်နေသယောင် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်နိုင်သည်။ သူ ကားကို ပြန်ကွေ့လိုက်ကာ ကျုံးအရှေ့ဘက်သို့ ဦးတည်၍ မောင်းနှင်လာလိုက်သည်။ ကျုံးအရှေ့ဘက်ခြမ်း၏ လူမရှိသည့် ထိုင်ခုံအလွတ်တစ်ခုသို့ အရောက်တွင် သူ ကားလေးကို ရပ်လိုက်သည်။ အခုချိန်ထိ မှိုင်းစကားများကို နာခံလိုက်လျောနေတတ်သည့် သူ့နှလုံးသားကိုသူ မအံ့ဩတော့ပါ။
“ကျွန်တော့်ကို စိတ်ဆိုးနေသေးတာလား”
ထိုင်ခုံလေးတွင် ထိုင်နေရင်း သူ့ကို မကြည့်ဘဲ ကျုံးရေပြင်ကိုသာ စိုက်ငေးနေရင်း စကားဆိုလာသည့် မှိုင်းညှို့သည် အေးဆေးတည်ငြိမ်လျက်ပင်ဖြစ်သည်။
“စိတ်မဆိုးပါဘူး။ စိတ်နာတာ”
သူ့စကားကြောင့် မှိုင်းညှို့ သူ့ကို ရုတ်တရက် လှည့်ကြည့်သည်။ မှိုင်းညှို့၏ မျက်ဝန်းများသည် ရီဝေညှို့မှိုင်းလျက်ပင် သူ့စိတ်နှလုံးသားများကို ဆွဲငင်ညှို့ယူလျက်ရှိသည်။ မှိုင်းညှို့ မျက်ဝန်းများ၏ ဆွဲဆောင်ညှို့ငင်မှုများကြားမှ သူ ကြောက်လန့်တကြား ရှောင်လွှဲရုန်းထွက်လိုက်သည်။
“ဒါဖြင့်… ကျွန်တော့်ကို မချစ်နိုင်တော့ဘူးပေါ့”
“ဒါက ကိုယ့်ကိစ္စပါ”
သူ့လေသံကို ခပ်မာမာအနေအထားဖြစ်အောင် သူ တမင် ပြောဆိုလိုက်သည်။
“မှိုင်း…တောင်းပန်ရင်ရော အချိန်မီနိုင်ဦးမလား”
မှိုင်းညှို့၏ စကားသံများသည် သူ မယုံကြည်နိုင်လောက်အောင် နူးညံ့ပျော့ပြောင်းလျက်ရှိသည်။ ကိုယ်ဆိုတဲ့ကောင်က မှိုင်း မတောင်းပန်ခင်ကတည်းက ခွင့်လွှတ်နေပြီးသားဆိုတာ မှိုင်းသိဖို့ ကောင်းပါရဲ့ မှိုင်းရယ်။
“မင်း ကိုယ့်ကို အတိုင်းထက်အလွန် စော်ကားပြီးပြီပဲ မှိုင်း။ အခုမှ…”
သူ့စကားမဆုံးမီ မှိုင်းသည် သူ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ သူ့ခါးလေးကို သိုင်းဖက်ထားတော့၏။ မထင်မှတ်ထားသည့် မှိုင်း၏ အပြုအမူများကြောင့် သူ့စိတ်များ လှုပ်လှုပ်ရှားရှား ဖြစ်လာရသည်။
“မှိုင်း တောင်းပန်ပါတယ်…မောင်။ မောင့်အချစ်တွေကို စော်ကားမိတဲ့ မှိုင်းကို ခွင့်လွှတ်ပေးပါ မောင်ရယ်။ မှိုင်း မောင့်ကို သိပ်ချစ်နေမိပြီ”
‘မောင်’ တဲ့လား မှိုင်းရယ်။ သူ့ကို ‘မောင်’ ဟု ယုယကြင်နာစွာ သုံးနှုန်းလိုက်သည့် မှိုင်း၏ တောင်းပန်တိုးလျှိုးသည့် စကားလေးကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် သူသည် ဝမ်းနည်းမှုနှင့် နာကျင်မှုကို တစ်ပြိုင်နက်တည်း အဆမတန် ခံစားလိုက်ရတော့သည်။
#ခက်ဆစ်
#တိမ်တွေနေတဲ့အရပ်