book

Index 6

Chapter 6

ဖုန်း၏ နှိုးစက်မြည်သံ တစ်ခုနှင့်အတူ သူ နိုးထလာရသည်။ မျက်လုံးများ ပွင့်သည်နှင့် သူ့ခေါင်းထဲ ဗြုန်းခနဲ ဝင်လာသည့် အသိတချို့ကြောင့် ပြုံးပျော်ကြည်နူးရသည်။ သူ့အချစ်တွေကို မှိုင်းညှို့  အသိအမှတ်ပြု လက်ခံလိုက်ပြီလား ဆိုသည့် အတွေးကြောင့် တစ်ကိုယ်လုံးရှိ သွေးကြောများထဲသို့ စွမ်းအင်အားမာန်များ ဖြတ်သန်းစီးဝင်သွားသလို သူ လန်းဆန်းရွှင်မြူးသွားရသည်။


ကုန်လွန်ခဲ့သောည၏ မိုးရေထဲက အဖြစ်အပျက်တို့ကို သူ့ မျက်လုံးများထဲ ပြန်လည်မြင်ယောင်ရင်း ရင်ခုန်နှုန်းများ မြန်ဆန်လာပြန်သည်။ ‌‌ပိရိတိကျစွာ ပုံကျလှပသည့် မှိုင်းညို့ နှုတ်ခမ်းတစ်စုံ၏ အရသာသည် ဝိုင်ချိုတစ်ခွက်လို ပြင်းရှမူးယစ်စွာ သူ့နှုတ်ခမ်းများထဲတွင် ပျော်ဝင်စီးဆင်းသွားခဲ့သည်။ သူ့ အနမ်းများကို သူမြတ်နိုးရသည့် မှိုင်းညှို့တစ်ယောက် မက်မောစွာ ခံယူနေသည့် အဖြစ်အပျက်မှာ သူ့အတွက် အိပ်မက်တစ်ခုကဲ့သို့ လှိုက်ဖိုဆန်းကြယ်ဖွယ်ရာပါပင်။ ခပ်စိပ်စိပ်ရွာသွန်းနေသည့် မိုးရေစက်များအကြား အသိစိတ်ကင်းမဲ့စွာ ပတ်ဝန်းကျင်ကိုတောင် သတိမပြုမိဘဲ သူတို့ မက်မက်မောမော နမ်းရှိုက်နေခဲ့မိသည်။


ပြက်ခနဲ လျှပ်စီးလက်မှုနှင့်အတူ ဝုန်းခနဲ ထွက်ပေါ်လာသည့် မိုးခြိမ်းသံတစ်ခုသည် သူတို့ကို သတိပေးလိုက်ဟန်ရှိသည်။ သူ့ခံစားချက်များကို ထိန်းချုပ်ဖို့ကောင်းမှန်း အသိစိတ်ဝင်လာချိန်မှာ သူ သိပ်ကို နောက်ကျသွားခဲ့ပြီ။ မှိုင်းညှို့လည်း သူ့လိုပင် ဖြစ်မည်ထင်သည်။ မှိုင်းညှို့ သူ့ရင်ခွင်များထဲမှ ရုတ်တရက် ရုန်းထွက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်မှာ သူ တောင်းပန်စကား ပြောချိန်ပင် မရခဲ့ပါ။


သည်လိုဆိုရင် သူနဲ့ မှိုင်းညှို့ ချစ်သူတွေ ဖြစ်သွားကြပြီလား။


သူ့အနမ်းများကို ကျေနပ်စွာ ခံယူတုံ့ပြန်သည့် မှိုင်းညှို့ကရော သူ့အချစ်တွေကို လက်ခံလိုက်ပြီဟု သူ ယူဆလို့ ရနိုင်မလား။ 


သူ မစဉ်းစားတတ်ပါ။ အိပ်ရာပေါ်တွင် လှဲလျောင်း၍ နဖူးပေါ် လက်တင်းရင်း တိကျသေချာသည့် အဖြေတစ်ခုကို မဆုံးဖြတ်နိုင်ဘဲ သူ တွေးတောတွေဝေနေမိသည်။ သူ့တစ်ဦးတည်းဉာဏ်နှင့် မဆုံးဖြတ်နိုင်တော့သည့် အဆုံးတွင် ‌လက်ထဲမှာ ကိုင်ထားသည့် ဖုန်းလေးထဲက ဖုန်းနံပါတ်တစ်ခုကို သူ ခေါ်လိုက်သည်။


“ဟဲလို…”


တစ်ဖက်မှ ပျင်းရိလေးတွဲစွာ ‌ဖုန်းဖြေသည့် အသံကြောင့် သူ ရယ်ချင်မိသွားသည်။


“ဟေ့ကောင် ခေတ်၊ မထသေးဘူးလား”


“ဗညား…ဘာလဲကွာ၊ အစောကြီးရှိသေးတယ် ငါက ဘာထလုပ်ရမှာလဲ ဒီအချိန်ကြီး”


“မစောတော့ပါဘူး ခေတ်ရာ။ ရှစ်နာရီ ထိုးတော့မယ်ကွ”


“မင်းအတွက် မစောပေမယ့် ငါ့အတွက်စောတယ်။ ငါက ဆယ်နာရီလောက်မှ ထတာ မင်းသိသားနဲ့”


ဟုတ်ပါသည်။ ခေတ်က မနက်ပိုင်းတွေမှာ အလုပ်မရှိ၍ နေမြင့်မှ အိပ်ရာထတတ်သူမှန်း သူ သိ‌နေသော်လည်း မသိကျိုးကျွံပြုကာ ဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။


“သိပါတယ်ကွာ။ ဆောရီး ခေတ်။ ဒါပေမယ့် အရေးတကြီး တိုင်ပင်ချင်လို့ပါ ခေတ်ရာ။ မင်းသိတဲ့အတိုင်းပဲ ငါ့မှာ တိုင်ပင်စရာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာကို”


“ဘာလဲဟ…စောစောစီးစီး။ ဘာတိုင်ပင်မှာမလို့လဲ။ ပြောပါဦး”


ဗညား၏ အရေးတကြီးဆိုသည့် ကိစ္စကို ခေတ်တစ်ယောက် စိတ်ဝင်စားလာဟန် ရှိသည်။ အိပ်ချင်ချင် အသံလေး အနည်းငယ်တော့ လန်းဆန်းလာခဲ့သည်။ ‘တော်တော် စပ်စုတဲ့ ကောင်’ ဟု သူ့စိတ်ထဲကနေ ခေတ်ကို မညှာတမ်း ဝေဖန်လိုက်ရင်း သူ့အတွေးကို သူ သဘောကျစွာ ပြုံးစိစိဖြစ်ရသေးသည်။


“ငါလေ မနေ့ညက မှိုင်းညှို့ကို နမ်းလိုက်မိတယ်”


ပြောနေရင်းနှင့် မနေ့ညက အနမ်းတချို့ကို သူ မြင်ယောင်လာကာ အရှက်ပြေ ပြုံးလိုက်မိသည်။ အခုချိန်ထိ မှိုင်းညှို့၏ နှုတ်ခမ်းချိုများသည် သူ့ခံတွင်းထဲတွင် လတ်ဆတ်စွာ ချိုမြိန်နေသလို သူ ခံစားနေရသေးသည်။


“ဘာ…ဘယ်လို ဘယ်လို”


“ကြားတဲ့ အတိုင်းပဲကွာ။ ရှက်လို့ ထပ်မပြောချင်ဘူး။ အဲ့တာလေ… ငါ နမ်းတာကို မှိုင်းညှို့က….”


“လက်သီးနဲ့ ဆွဲ‌ထိုးလိုက်ရောမလား?”


ခေတ်က သူစိတ်ထင်ရာ ထင်ကြေးပေးပြီး ရယ်မောနေသေးသည်။ သူ့အနမ်းမျာကို မှိုင်းညှို့  လက်ခံခဲ့တာကိုသာ ခေတ်သိလို့ကတော့ အံ့ဩသွားမှာကို မြင်ယောင်ပါသေးသည်။


“ဟေ့ကောင် ခေတ်၊ စကားကို ဖြတ်မပြောနဲ့ကွာ။ ငါပြောတာကို သေချာနားထောင်။ ငါ နမ်းတာကို မှိုင်းညှို့က မငြင်းဘူး။ လက်ခံတယ်ကွ”


“ဘာ…ဘယ်လို ဘယ်လို။ တကယ်ကြီးလား ဗညား”


သူ ခန့်မှန်းထားသည့် အတိုင်းပါပင်။ ခေတ်တစ်ယောက် အံ့ဩသွားပုံရသည်။ ခေတ်၏ စကားသံသည် ပုံမှန်‌ ခေတ်ပြောနေကျ လေသံထက် အနည်းငယ် ကျယ်၍ လာသည်။


“ဟုတ်ပါတယ်ဆို။ အဲ့တာ…မှိုင်းညှို့က ငါ့အချစ်တွေကို လက်ခံလိုက်တဲ့ သဘောလား။ ဟုတ်တယ်မလား ခေတ်”


သူ့စကား အဆုံးမှာ ခေတ်၏ ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ ရယ်သံကိုက သူ့ကို လှောင်ပြောင်သရော်နေသည့် ရယ်သံမျိုး။  ဗညား စိတ်ထဲမှ ‘ဘာလဲဟ’ ဟူ၍ ခေတ်ကို မကျေနပ်စွာ တွေးလိုက်မိသေးသည်။


“ဗညားရာ…၊ ရယ်လိုက်ရတာ။ မင်းကိုမချစ်ဘဲနဲ့ မင်းနမ်းတာကို ခံရလောက်တဲ့အထိ မှိုင်းညှို့ကို ခပ်လွယ်လွယ် အတန်းအစားထဲကများ ထင်နေလား။ မှိုင်းညှို့က သူစိတ်မပါရင် လေတောင် မရှုဘဲ အသက်အောင့်ထားမယ့် လူမျိုး ငတုံးလေး ဗညားရ”


“ဒါဆိုရင်…”


“မင်း အချစ်ကို မှိုင်းညှို့လက်ခံလိုက်တာပေါ့ကွ။ ဒါများ စဉ်းစားနေရသေးတယ်။ ဒါပဲမလား ဟိတ်ကောင်။ မင်းဆရာကြီး ပြန်အိပ်လိုက်ဦးမယ် ငတုံးလေးရေ။ မင်းဘာသာမင်း တစ်ယောက်ထဲ ပီတိတွေဖြာပြီး အီးအီးတွေ ပါနေပေတော့”


ခေတ်က သူ့ကို ခပ်ငေါ့ငေါ့ပြောပြီး ရယ်မောရင်း ဖုန်းချသွားသည်။ သည်လိုဆိုရင် မှိုင်းညှို့  သူ့အချစ်တွေကို လက်ခံလိုက်ပြီပေါ့။ မှိုင်းညှို့နှင့် သူ ချစ်သူတွေ ဖြစ်ခဲ့ပြီ‌ပေါ့။ သည်လိုတွေးမိပြန်တော့ သူ့နှလုံးသားလေး တဒိတ်ဒိတ်မြည်အောင် လှုပ်ခုန်လာပြန်သည်။ 


ချစ်သူတစ်ဦး၏ တစ်နေ့တာ တာဝန်ဝတ္တရားများသည် ဘာများပါလိမ့်။ သူ စိတ်ခုန်လှုပ်ရှားစွာ မှန်းဆကြည့်မိသည်။ ချစ်သူ၏ တစ်နေ့တာကို စိတ်ဝင်တစား မေးမြန်းစုံစမ်းခြင်း၊ တစ်နေ့တာလုံး မကြာခဏ ဖုန်းဆက်၍ ချစ်ရသူကို သတိတရရှိကြောင်း အသိပေးခြင်း၊ ချစ်သူနှင့် ချိန်းတွေ့ဖို့ အချိန်ပေးခြင်း စသည်တို့‌ ပါဝင်မည်ဆိုသည်ကိုတော့ သူ နားလည်လက်ခံထားပါသည်။ သူသည် မှိုင်းညှို့အပေါ် တာဝန်ကျေပွန်သော ချစ်သူတစ်ဦး ဖြစ်စေရမည်။


သူ့လက်ထဲက ဖုန်းလေးကို ဖွင့်ရင်း မှိုင်း ဟုမှတ်ထားသည့် နံပါတ်လေးတစ်ခုကို သူ ဖုန်းခေါ်လိုက်သည်။ မှိုင်းညှို့ ထံသို့ သူ ပထမဦးဆုံးအကြိမ် ဖုန်းခေါ်ခြင်း ဖြစ်ပါသည်။ 


“ဟဲလို...”


တစ်ဖက်မှ နူးညံ့တိုးဖွသည့် ဖုန်းဖြေသံလေးတစ်ခုသည် သူ့နှလုံးသားများအထိ ဖြတ်တိုးစီးဝင်သွားသည်။

 

“မှိုင်း၊ ကိုယ်ပါ”


မှိုင်းသည် သူ့စကားကို ချက်ချင်း မတုံ့ပြန်ဘဲ ခေတ္တမျှ တွေဝေဆိုင်းငံ့နေသေးသည်။ ဖုန်းခေါ်သူ ဘယ်သူလဲဆိုတာကို တွေဝေနေတာမျိုးလား၊ ဒါမှမဟုတ် ဗညား ဖုန်းဆက်မှန်းသိပြီး မနေ့ညက အဖြစ်အပျက်တို့ကို မျက်နှာပူစွာ ပြန်လည်တွေးတောနေတာမျိုးလား ဆိုသည်ကိုတော့ မှိုင်းညှို့သာလျှင် သိနိုင်ပါလိမ့်မည်။


“ဟုတ်ကဲ့...ပြောပါ၊ ကိုဗညား”


ကိုဗညားတဲ့လား။ ဒါဆို ဖုန်းဆက်သူမှာ ဗညားမှန်း မှိုင်းညှို့ သိနေတယ်ပေါ့။ 


“ကိုယ် မှိုင်းနဲ့ ဆုံချင်တယ်။ မနက်စာ စားရင်း တွေ့ကြမလား”


သည်တစ်ကြိမ်တွင်တော့ သူ၏ တောင်းဆိုမှုကို တွေဝေဆိုင်းငံ့ခြင်း မရှိဘဲ မှိုင်း တုံ့ပြန်ခဲ့ပါသည်။ 


“ကောင်းပြီလေ ကိုဗညား။ ဆုံကြတာပေါ့။ ကျွန်တော် ဘယ်ကိုလာခဲ့ရမလဲ”


အင်း... ဘယ်မှာဆုံရင် ကောင်းမလဲ။ သူ အပြေးအလွှား စဉ်းစားလိုက်ရသည်။ နောက်ဆုံးတော့ မနက်စာကို ကော်ဖီ မပါမဖြစ် သောက်တတ်သည့် သူသည် မှိုင်းညှို့နှင့်ဆုံဖို့ ကော်ဖီဆိုင်တစ်ခုကိုသာ ရွေးချယ်လိုက်သည်။ ကော်ဖီဆိုင်‌ဆိုသည်မှာ ချစ်သူနှစ်ဦးအတွက် ရင်ခုန်ကြည်နူးဖွယ်ရာ အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်သည် မဟုတ်လား။


“၇၃ လမ်းပေါ်က Cafe JJ မှာ ဆုံမယ်လေ မှိုင်း၊ ကိုယ် လာခေါ်ခွင့်ရှိရင် လာခေါ်ပေးပါရစေ”


“ဟင့်အင်း...ကိုဗညား၊ ဆိုင်မှာပဲ ဆုံရအောင်ပါ။ အဲ့ဒါ ကျွန်တော့်အတွက် ပိုသက်တောင့်သက်သာဖြစ်မှာပါ”


ဖြစ်နိုင်လျှင် မှိုင်းကို ကိုယ်တိုင်ကိုယ်ကျ သွားခေါ်ချင်သော်လည်း မှိုင်းက သည်လိုမဖြစ်စေချင်မှတော့ သူ ဆက်၍ မတောင်းဆိုချင်တော့ပါ။ ဘယ်အရာမဆို ကိုယ့်ချစ်သူ စိတ်တိုင်းကျ ဖြစ်စေရမှာပေါ့ မှိုင်းရယ်။


Cafe JJ ကို သူ အရင်ရောက်နှင့်သည်။ မှိုင်း ရောက်တော့မှ အစားအသောက်မှာ‌မည်ဟု သူစိတ်ကူးလိုက်သည်။ သူ ရောက်ပြီး ငါးမိနစ်ခန့်အကြာတွင် မှိုင်း ရောက်လာခဲ့သည်။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ လျှာထိုးဦးထုပ်အနက်လေးကိုသာ ဆောင်းထားသည်။ ဂျင်းဘောင်းဘီရှည်လေး၏ အဖျားများကို ခြေမျက်စိအထက်ထိရောက်အောင် အနည်းငယ်ခေါက်တင်ထားပြီး စိမ်းပြာရောင် တီရှပ်အင်္ကျီလက်တိုလေးကိုလည်း လက်ဖျားလေးများကို မသပ်မရပ် လုံး၍ လက်မောင်းတစ်ဝက်ထိရောက်အောင် ခေါက်တင်ထားသည့် မှိုင်း၏ ပုံစံလေးသည် လူငယ်ဆန်၍ လွတ်လပ်ပေါ့ပါးနေလေသည်။ 


ဆိုင်အဝင်တံခါးလေးကို ဖွင့်ပေး၍ ကြိုဆိုသည့် ဝန်ထမ်းလေးကို တစ်ချက်ပြုံး၍ မှိုင်း နှုတ်ဆက်လိုက်ပုံကို ကြည့်၍ သူ့စိတ်ထဲမှ အမှတ်ပေးလိုက်သည်။ သည်လိုဆိုတော့လည်း မှိုင်းသည် လူမှုရေးမညံ့သည့် ဖော်ရွေပျူငှာတတ်သည့် လူမျိုးပါပဲလား။ ဆိုင်ထဲသို့ ဝင်ဝင်ချင်း မျက်ဝန်းလေးများကို တစ်ချက် ဝေ့ခနဲ ကစားလိုက်ကာ သူ့ကို ရှာဖွေနေသည့် မှိုင်းကို သူ မတ်တပ်ရပ်ရင်း လက်ပြလိုက်သည်။ 


“ Morning... မှိုင်း”


“Morning ပါ ကို‌ဗညား။ ဘာမှာထားလဲ”


မှိုင်း၏ မနက်ခင်း နှုတ်ဆက်သံလေးသည် ချိုလွင်လတ်ဆတ်‌၍ နေသည်။ သို့သော် သူ့အပေါ် သာမန်မိတ်ဆွေ တစ်ဦးထက် မပိုသည့် ရင်းနှီးမှုများကိုသာ သူ ခံစားလိုက်ရလေသည်။ မှိုင်းသည် သူနှင့် မျက်နှာချင်းဆိုင်က ထိုင်ခုံအလွတ်တွင် ဝင်ထိုင်လိုက်ရင်း ‌လျှာထိုးဦးထုပ်လေးကို ချွတ်လိုက်သည်။ နဖူးလေးပေါ်သို့ ဝေ့ခနဲ ကျလာသည့် ဆံပင် ပျော့ပျော့ဖြောင့်ဖြောင့်လေးများကို မှိုင်းက လက်ချောင်းလေးများနှင့် ထိုးစိုက်ကာ အနောက်သို့ လှန်၍ ပင့်တင်လိုက်သည်။ 


“မမှာရသေးဘူး။ မှိုင်းလာမှ မှာမလို့ ကိုယ် စောင့်နေတာ”


“ဪ...မှာစားနှင့်တာတော့ မဟုတ်ဘူး ကိုဗညားရယ်။ စောင့်နေရတာ ကြာပြီလား”


“မကြာသေးဘူး မှိုင်း၊ မနက်စာ လက်ဆုံစားချင်လို့မှ တွေ့ဖို့ ချိန်းလိုက်တာပေါ့ မှိုင်းရဲ့။ တစ်ယောက်ထဲ စားရမယ်ဆို အိမ်မှာပဲ စားလိုက်တော့မှာပေါ့”


“ဒါဆို ကျွန်တော် အရင်မှာမယ်နော်”


မှိုင်းက သူတို့စားပွဲနှင့် မလှမ်းမကမ်းမှာ ရပ်နေသည့် စားပွဲထိုးဝန်ထမ်းလေး၏ ကိုယ်ကို ကိုင်းညွတ်ကာ ပေးလာသည့် Menu စာအုပ်လေးကို လှမ်းယူလိုက်သည်။ မနက်စာ စားဖွယ်ရာအမယ်များကို စာအုပ်လေးကို လှန်လှော၍ ရှာဖွေ‌နေသည်။


“ကျွန်တော့်ကို အမဲဘို့သားခေါက်ဆွဲပြုတ်နဲ့ အမေရိကာနို တစ်ခွက်ပေးပါ ခင်ဗျာ”


“ကျွန်တော့်ကိုလည်း သူမှာသလိုပဲ ပေးပါ”


မှိုင်း၏ အမှာအတိုင်း လိုက်မှာသည့် သူ့စကားသည် ဘာမှ မထူးဆန်းသွားသည့်အတိုင်း မှိုင်း၏ မျက်နှာသည် တည်ငြိမ်လျက်ပင်ရှိသည်။ သူ့ကို တစ်ချက်လေးပင် မော့ကြည့်ဖော်ပင်မရဘဲ Menuစာအုပ်လေးကိုသာ ဟန်မပျက် ငုံ့ဖတ်နေခဲ့သည်။


“ဒါပါပဲနော်...ကျေးဇူးပါ”


Menu စာအုပ်လေးကို စားပွဲထိုးလေးဆီ အသာအယာပြန်ပေးရင်း ပျူငှာစွာ ပြောဆိုဆက်ဆံလိုက်သည့် မှိုင်းသည် ချစ်ခင်နှစ်သက်ဖွယ်ရာပင် ဖြစ်သည်။ တခြားသူများအပေါ် နွေးထွေးချိုသာသည့် မှိုင်းသည် သူ့အပေါ်တွင်တော့ အခုချိန်ထိ အေးစက်စိမ်းကားမြဲပါလားဟု သိလိုက်ရချိန်လောက် စိတ်ထိခိုက်နာကျင်ဖို့ကောင်းသည့် အဖြစ်မျိုး မရှိနိုင်တော့မည် မထင်ပါ။


“ဒီနေ့ မနက်စာကို ကျွန်တော် ဝယ်ကျွေးပါရစေ ကိုဗညား”


မှိုင်း၏ တောင်းဆိုမှုကို သူ ငြင်းဆန်ဖို့ အလုပ်တွင် မှိုင်းက သူ့ကို လက်‌ပြ၍ တားဆီးလိုက်သည်။


“မငြင်းပါနဲ့ ကိုဗညား။ ကျွန်တော့်အပေါ်တင်နေတဲ့ ကိုဗညားရဲ့ ကျေးဇူးတွေကို ဆပ်ခွင့်ပေးပါ”


မှိုင်း၏ သူစိမ်းဆန်သော စကားတစ်ခွန်းကြောင့် သူ့နှလုံးသားသည် ဆစ်ခနဲ ထုံကျင်အေးစက်သွားရသည်။ သူစိမ်းဆန်လိုက်လေခြင်း မှိုင်းရယ်။ ကိုယ့်အပေါ် ဘာလို့ ဒီလောက်တောင် အေးစက်စိမ်းကားရတာလဲ။ ကိုယ်နဲ့ မှိုင်းက အနမ်းချင်းတောင် ဖလှယ်ပြီးကြတဲ့ ချစ်သူတွေ ဖြစ်နေပြီးပြီ မဟုတ်လား။ ကောင်းပြီလေ။ မှိုင်းက သည်လိုပဲဖြစ်စေချင်ရင် သည်လိုပဲ ဖြစ်ရစေမယ်။


“မှိုင်းရဲ့ ကျေးဇူးဆပ်မှုကို ကိုယ် လက်ခံလိုက်ပါ့မယ်။ ဒီလိုဆိုရင် ကိုယ်တို့ကြားမှာ ကျေးဇူးတရားတွေ မရှိတော့ဘူးနော် မှိုင်း”


မှာထားသည့် အစားအသောက်ပန်းကန်များကို စားပွဲထိုးဝန်ထမ်းလေး လာချပေး၍ သူတို့ စကားပြတ်သွားသည်။ ခေါက်ဆွဲပန်းကန်များကို ကုန်စင်အောင် စားသောက်ပြီးချိန်ထိ သူတို့ စကားမပြောဖြစ်တော့ပါ။


“ဒါနဲ့လေ...မှိုင်း၊ ကိုယ့်အပေါ် ဘာလို့ အခုထိ အနေစိမ်းနေရသေးတာလဲ။ ကိုယ် အဲ့ဒါကို နားမလည်နိုင်ဘူး”


“ကျွန်တော်တို့က သာမန် အသိမိတ်ဆွေတွေလောက်တော့ ရင်းနှီးတယ် မဟုတ်လား”


ကော်ဖီခွက်ကို ယူရင်း တစ်ငုံ ငုံ့သောက်လိုက်သည့် မှိုင်း၏ သွင်ပြင်သည် ထူးခြားလေးနက်မှုများ ကင်းမဲ့နေသည်။ သည်လိုဆိုရင် မနေ့ညက ကိစ္စကို မှိုင်းဘယ်လို သဘောထားပါလိမ့်။ သူ သိချင်မိသည်။


“အသိမိတ်ဆွေ ဟုတ်လား မှိုင်း။ အသိမိတ်ဆွေတွေက နမ်းကြသလား မှိုင်း”


မှိုင်း၏ မျက်လုံးများထဲက အရိပ်များကို သူ ဖမ်းယူပုံဖော်ကြည့်ဖို့ ကြိုးစားလိုက်သည်။ မသိမသာ လှုပ်ရှားသွားသော မျက်ဝန်းများသည် မှိုင်းညှို့စွာ တည်ငြိမ်လျက်ရှိသည်။


“မနေ့ညက ကိစ္စကို ကိုဗညား အထင်လွဲနေမယ်မှန်း ကျွန်တော် သိပါတယ်။ ဒါကြောင့်ပဲ ကိုဗညားနဲ့ ဆုံဖို့ လက်ခံလိုက်တာပါ။ နောက်ပြီး ကိုဗညားကို ကျေးဇူးပြန်ဆပ်ဖို့ အတွက်ရောပေါ့”

လာပြန်ပြီ ဒီကျေးဇူး။


ကျေးဇူးဆိုတဲ့ စကားလုံးမပါရင် မပြောတတ်တော့ဘူးလား ဟင်။


မှိုင်းက ပြောလက်စ စကားကို ရပ်ထားလိုက်ကာ ကော်ဖီခွက်ကို ယူရင်း တစ်ငုံသောက်လိုက်ပြန်သည်။ ကော်ဖီအမြှုပ်များ ပေကျံသွားသည့် နှုတ်ခမ်းများသည် မနေ့ညက သူမြတ်နိုးစွာ စုပ်ယူနမ်းရှိုက်ခဲ့သည့် နှုတ်ခမ်းများ မဟုတ်သည့်အတိုင်း နူးညံ့ပျော့ပျောင်းမှုများ ကင်းမဲ့စွာ တင်းစက်မာကျောဟန် အပြည့်အဝ ပေါ်လွင်၍နေသည်။


“တစ်ယောက်နဲ့ တစ်ယောက်နမ်းကြတယ်ဆိုတာ အများသောအားဖြင့် ချစ်သူတွေဖြစ်လို့၊ တစ်ယောက်ကို တစ်ယောက် ချစ်လို့ နမ်းကြတယ်ပေါ့။ ဒါကို ကျွန်တော် လက်ခံပါတယ် ကိုဗညား။ ဒါပေမယ့် မနေ့ညက ကျွန်တော့်ကို နမ်းတဲ့ ကိုဗညားရဲ့ အနမ်းတွေက အချစ်ကြောင့် ဟုတ်မဟုတ်ဆိုတာ ကျွန်တော် မဝေဖန်ချင်ပေမယ့် ကျွန်တော် တုံ့ပြန်ခဲ့တဲ့ အနမ်းတွေကတော့ အချစ်မဟုတ်ဘူး။ အဲ့ဒါ ညစ်ညမ်းတဲ့ ရမ္မက်တွေ၊ မသန့်စင်တဲ့ သွေးသားဆန္ဒတွေပဲ...ကိုဗညား”


ဒါဖြင့်ရင် သူ မနေ့က မက်မက်မောမော နမ်းရှိုက်ခဲ့မိသည့် မှိုင်း၏ အနမ်းတွေက အချစ်တစ်ခုမဟုတ်ဘဲ ရမ္မက်တွေ၊ သွေးသားဆန္ဒတွေတဲ့လား။ ဘုရား...ဘုရား...။ ဘယ်လို အောက်တန်းကျတဲ့ ညစ်ညမ်းမှုမျိုးပါလိမ့်။


“အေးစက်နေတဲ့ မိုးရေတွေကြားထဲက လူနှစ်ယောက်ရဲ့ နီးစပ်မှုဟာ သွေးသားဆန္ဒ‌တွေရဲ့ ဆာလောင်တောင့်တမှုကို လှိုင်းထန်စေခဲ့တယ်။ အဲ့ဒီ ရမ္မက်တွေရဲ့ ပေါက်ကွဲမှုဟာ အနမ်းတွေကို ဖြစ်ပေါ်စေတယ်လို့ ကျွန်တော် ယူဆတယ်။ ဒါဟာ မိုးရေစက်တွေရဲ့ ဖြားယောင်းလှည့်စားမှုလို့ ပြောလို့ရသလို၊ ရမ္မက်ထန်နေတဲ့ လူနှစ်ယောက်ရဲ့ ညှို့ငင်သွေးဆောင်မှုလို့လည်း သတ်မှတ်နိုင်ပါတယ်။ သေချာတာကတော့ အချစ် မဟုတ်ဘူးဆိုတာပဲ ကိုဗညား...”


မှိုင်း၏ စကားများသည် သူ့ဒေါသကို စိန်ခေါ်လျက်ရှိသည်။ ဒေါသကြောင့် သူ့ တစ်ကိုယ်လုံး ပူလောင်တုန်ခါလာသည်။ ဧည့်သည် အတန်အသင့်ရှိသည့် ကော်ဖီဆိုင်တစ်ဆိုင်တွင် ဖြစ်နေ၍သာ မှိုင်း ကံကောင်းသွားသည်။ လူခြေတိတ်သည့် တခြားနေရာတစ်ခုမှာသာ သည်စကားများကို ကြားရပါလျှင် သူ မှိုင်းကို ဆွဲထိုးပစ်မိနိုင်သည့်အထိ သူ့ ဒေါသများသည် ဆူဝေလျက်ရှိသည်။


“ဒီလိုဆိုရင် ကိုယ့်အနမ်းတွေကို ဝေဖန်ကြည့်ပါဦး။ ကိုယ် ခွင့်ပြုတယ်”


သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်း၍ ပြောလိုက်သော်လည်း သူ့စကားသံများသည် သိသာစွာ တုန်ရီတင်းတောင့်နေခဲ့သည်။ မှိုင်းညှို့ကတော့ မှိုင်းညှို့ပီသစွာ သူ့ဒေါသမျက်ဝန်းများကို လျစ်လျူရှုကာ အေးဆေးတည်ငြိမ်၍သာ နေသည်။


“ကျွန်တော် အားမနာတမ်း ဝေဖန်ရရင် ကိုဗညားရဲ့ အနမ်းတွေဟာလည်း အချစ်လို့ ထင်ယောင်မှားစေနိုင်တဲ့ ရမ္မက်တွေပဲလို့ ကျွန်တော် သုံးသပ်မိတယ်။ အချစ်တော့ အချစ်ပေါ့။ ဒါပေမယ့် ရမ္မက်ခိုးတွေ ရောနှောနေတဲ့ ညစ်ညမ်းတဲ့ အချစ်တွေ”


“ဘာ...မင်း စော်ကားလှချည်လား မှိုင်းညှို့ဆွဲငင်”


မှိုင်းညှို့ဆွဲငင်ဟု နာမည်အပြည့်အစုံခေါ်၍ သူ သုံးနှုန်းလိုက်ခြင်းအပေါ် ထွေထွေးထူးထူး ခံစားသွားရပုံ မပေါ်ပါ။ မှိုင်းညှို့သည် ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေဆဲပင်ဖြစ်သည်။ မှိုင်းညှို့၏ စကားများသည် တောက်လောင်နေသည့် မီးစတစ်ခုအပေါ် လောင်စာဆီ လောင်းချလိုက်သလို သူ့ဒေါသများကို ဝုန်းခနဲ ပေါက်ကွဲသွားစေသည်။ အစွမ်းကုန် နာကျင်ပြီးဖြစ်သည့် သူ့နှလုံးသားအပေါ် ထပ်ကာ ထပ်ကာ ထိုးနှက်ချက်များသည် နာကျင်ဒဏ်ရာအသစ်များအပေါ် မခံစားနိုင်တော့လောက်အောင် ထုံနေခဲ့ပြီ။


“မင်းဟာလေ...ချစ်ဖို့ မထိုက်တန်တဲ့ လူမျိုးဆိုတာကို ငါ နောက်ကျမှ သိလိုက်ရပြီ။ အချစ်ကို မယုံကြည်နိုင်တဲ့ မင်းရဲ့ နာကျဉ်းမှုကို ငါ လက်ခံနိုင်တယ်။ အချစ်ကို မခံစားတတ်တော့တဲ့အထိ ဒဏ်ရာရခဲ့တဲ့ မင်း နှလုံးသားကို ငါ နားလည်ကုစားပေးနိုင်တယ်။ ဒါပေမယ့် ငါ့အချစ်တွေကို အထင်သေး စော်ကားဖို့အထိတော့ ငါ ခွင့်ပြုမပေးနိုင်ဘူးကွ။ ဘာလို့လဲ မင်း..သိလား။ ငါ့ အချစ်တွေဟာ ညစ်ညမ်းတဲ့ အတွေးတွေနဲ့ပဲ တိုင်းတာတတ်တဲ့ မင်းနဲ့ မထိုက်တန်လောက်အောင် ဖြူစင်သန့်ရှင်းလို့”


မှိုင်းညှို့၏ မျက်ဝန်းများကို စွဲမြဲစွာ စိုက်ကြည့်နေရင်း ပြောနေသည့် သူ့စကားများကို မှိုင်းညှို့က ငြိမ်သက်စွာပင် လက်ခံနေခဲ့သည်။ မှိုင်းညှို့ မျက်ဝန်းများတွင် သူ၏ စကားများအတွက် နောင်တအရိပ်အခိုးများ မရှိပါ။ ဗညား၏ အချစ်များကို စော်ကားရှုံ့ချမိမှုများအတွက် နာကျင်ခံစားရမှုမျိုးများ မရှိပါ။ ဗညား၏ တန်ပြန်ထိုးနှက်သည့် စကားများအတွက် နာကျင်ခံစားရဟန်လည်း မရှိပါ။


“မင်းကိုလေ ငါ မြတ်မြတ်နိုးနိုး ထွေးပွေ့ချင်ခဲ့တယ်။ ငါ့ အချစ်တွေနဲ့ မင်းကို နွေးထွေးပါစေတော့လို့ စိတ်ရှင်းရှင်းပဲ ငါ ထားခဲ့တယ်။ အတိတ်ဆိုးတွေကြားမှာ နစ်မွန်းနေတဲ့ မင်းကို ငါ့အချစ်တွေနဲ့ ကုစားသက်သာစေဖို့ ငါ အဖြူစင်ဆုံး စိတ်ကူးမိခဲ့တယ်။ မင်းကို ချစ်မိတဲ့ ငါ့အချစ်တွေထဲမှာ မင်းပြောတဲ့ ညစ်ညမ်းတဲ့ ရမ္မက်တွေ မပါဘူး မှိုင်းညှို့ဆွဲငင်။ ဒါဟာ ငါ့ရဲ့ သစ္စာပဲ။ ဒါတွေကို မင်း ယုံကြည်လက်ခံအောင် ငါ မကြိုးစားချင်တော့ဘူး။ မင်းဟာ ငါ့အချစ်နဲ့ မထိုက်တန်ဘူး။ ငါ့ချစ်သူဖြစ်ဖို့ မတန်ဘူး။ ဒီနေ့က စပြီး ငါ မင်းဆီ လုံးဝ မဆက်သွယ်တော့ဘူး။ ဒါ မင်းကို ပေးတဲ့ ငါ့ ပြစ်ဒဏ်ပဲ”


သူ ထိုနေရာမှာ ထ,ထွက်လာခဲ့သည်။ တည်ငြိမ်ယောင်ဆောင်ထားသည့် သူခြေလှမ်းများသည် အနည်းငယ်တော့ ဟန်ချက်ပျက်နေပါလိမ့်မည်။ မှိုင်းညှို့သည် ထထွက်သွားသည့် သူ့ကို ဆွဲတားဖို့ မကြိုးစားခဲ့ပါ။ သူ ထားရစ်ခဲ့သည့်အတိုင်း မှိုင်းညှို့သည် ထိုနေရာမှာပင် ငြိမ်သက်စွာ ကျန်ရစ်နေခဲ့တော့သည်။


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်



rate now: